အခန်း (၂၀၄)
Vol. 21 Ch. 204
ကျုံးရှန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ငရဲအငွေ့အသက်များစတင် ထွက်ပေါ်လာသည်။ သူသည် ဝိညာဉ်အတွင်း၌ အမြစ်တွယ်နေသော မူလနတ်ဘုရားသန္ဓေသားမှတစ်ဆင့် ရှီးရွှယ်ငရဲကမ္ဘာအတွင်းရှိ ပြင်းထန်လှသော ငရဲချီများကို သူ၏ ကိုယ်တွင်းသို့ ပို့လွှတ်လိုက်ခြင်းဖြစ်၏။ ယခုအခါတွင်မူ သူ၏ အတွင်းပိုင်းမှသည် အပြင်ဘက် ရုပ်ခန္ဓာအထိ မည်သို့သော နည်းလမ်းနှင့်ပင် ကြည့်ရှုစစ်ဆေးပါစေ စစ်မှန်သော ငရဲမိစ္ဆာအဖြစ်သို့ လုံးဝဥဿုံ ပြောင်းလဲသွားသည်။ ဤသည်ကား မူလနတ်ဘုရားသန္ဓေသား၏ ထူးကဲဆန်းကြယ်လှသော စွမ်းရည်တစ်ခုပင် ဖြစ်သည်။
ကျုံးရှန်သည် ငရဲဘုံရှိ ဆိတ်ချိုမိစ္ဆာများ၏ ပုံစံအတိုင်း သူ၏ ရုပ်သွင်ကို အသေးစိတ် ပြန်လည်ညှိယူလိုက်၏။ သူသည် မိစ္ဆာသွေးကြော အတုများနှင့် မိစ္ဆာစွမ်းရည် အတုများကို ဖန်တီးလိုက်ကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း သူတော်စင်အဆင့် ၁သို့ လျှော့ချလိုက်၏။
ထို့နောက်တွင် သူသည် ဘေး၌ ရပ်နေသော ရှီမင်ကို ကြည့်ကာ မေးလိုက်၏။
''ဘယ်လိုလဲ... ငါ့ရဲ့ အသွင်ပြောင်းလဲမှုမှာ ဟာကွက်တစ်ခုခု ရှိသေးလား...''
ရှီမင်သည် ကျုံးရှန်၏ မေးခွန်းကို ကြားသောအခါ သူ၏ နတ်ဘုရားအာရုံကို အသုံးပြု၍ ကျုံးရှန်၏ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် အခါခါ စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် လေးစားစွာဖြင့် ပြန်ဖြေကြားလိုက်သည်။
''သခင်က တကယ်ကို တန်ခိုးစွမ်းအား ကြီးမားလှပါတယ်... ဒီဆိတ်ချိုမိစ္ဆာပုံစံက တကယ့်အစစ်အတိုင်းပါပဲ... ကိုယ်တွင်းက ငရဲစွမ်းအားတွေရော သွေးကြောဖွဲ့စည်းပုံတွေရောက လုံးဝကို အတူတူပါပဲ...''
ယခုအခါ ရှီမင်သည် မိစ္ဆာနတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူ၏ စွမ်းအားသည် ယခင်ကထက် များစွာ သန်မာလာပြီဖြစ်သည်။ အကယ်၍ ရှီမင်ကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်ပင် ကျုံးရှန်၏ အသွင်အစစ်အမှန်ကို မခွဲခြားနိုင်ပါက ချောက်နက်မိစ္ဆာအရှင်သခင်ကဲ့သို့သော ရှေးဟောင်းမိစ္ဆာအိုကြီးများနှင့် တိုက်ရိုက် မရင်ဆိုင်ရသရွေ့ မည်သည့်ပြဿနာမျှ ရှိနိုင်မည် မဟုတ်ချေ။
ကျုံးရှန်သည် ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်ပြီးနောက် လက်ကို ဆန့်တန်းကာ အနက်ရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။ ထိုတံဆိပ်ပြားပေါ်တွင် ရှေးဟောင်းငရဲစာလုံးများဖြင့် ကောင်းကင်တက်လှမ်းခြင်း ဟု ရေးထိုးထားကာ ရှေးကျပြီး ခန့်ညားလှသော အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ ဤကောင်းကင်တက်လှမ်းခြင်းတံဆိပ်ပြားကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို ကျုံးရှန်ကိုယ်တိုင်ပင် မသိပေ။
သို့သော်လည်း ဒုတိယအဆင့် နတ်ဘုရားကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိကြောင်း သူကိုယ်တိုင် စမ်းသပ်ထားပြီး ဖြစ်သည်။
''အခုကစပြီး ငါ့ကို သခင်လို့ မခေါ်နဲ့တော့... ငါက မင်းရဲ့ ကိုယ်ရံတော် ယန်ရှောင်မိုပဲ... မင်းက ရှီမင်သခင်လေးဖြစ်ပြီး... ဒီတံဆိပ်ပြားကို ကိုင်ဆောင်သူ... ငါပြောတာ နားလည်လား...''
ကျုံးရှန်သည် စကားအဆုံးတွင် တံဆိပ်ပြားကို ရှီမင်၏ လက်ထဲသို့ ပစ်ပေးလိုက်သည်။
ရှီမင်သည် တံဆိပ်ပြားကို အလျင်အမြန် ဖမ်းယူလိုက်ကာ ဦးညွှတ်၍ ပြန်လည်ဖြေကြားလိုက်၏။
''သခင်... စိတ်ချပါ... ကျွန်တော် နားလည်ပါတယ်...''
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် ငရဲမဟာကမ္ဘာကြီး၏ ဗဟိုချက်တွင် တည်ရှိသည်။ ထိုနေရာကို ကိုးထပ်ငရဲဘုံဟုလည်း ခေါ်ဆိုကြ၏။ ကိုးထပ်ငရဲဘုံသည် အထပ်သို့တက်လေ နယ်မြေအကျယ်အဝန်းကျဉ်းမြောင်းသွားလေဖြစ်သော်လည်း ဖိအားသည် တစ်ထပ်တက်သွားတိုင်း ပိုမို ပြင်းထန်လာလေဖြစ်သည်။
ထိုအထပ်အားလုံးကို မြေပြင်မှသည် ကောင်းကင်အထိ ထောက်တိုင်ကြီးတစ်ခုက ထောက်ပံ့ပေးထားသည်။
ရှီမင်သည် သူ၏ သခင် ကောင်းကင်တက်လှမ်းမျှော်စင် သို့ သွားလိုသည်ကို နားလည်သဖြင့် ချက်ချင်းပင် သူ၏ အမူအရာကို ပြောင်းလဲလိုက်၏။ သူသည် ယခင်ကကဲ့သို့ ဖြူဖျော့သော မျက်နှာနှင့် မောက်မာရိုင်းစိုင်းသော အပြုအမူများရှိသည့် ငရဲဘုံအရှင်သခင်လေး၏ ပုံစံသို့ ပြန်လည်ကူးပြောင်းသွားလေသည်။
''ယန်ရှောင်မို... ဘယ်မှာလဲ... ငါနဲ့အတူ ကိုးထပ်ငရဲဘုံကို လိုက်ခဲ့စမ်း...''
ရှီမင်သည် လေသံကို ခပ်ပြတ်ပြတ်နှင့် မောက်မာစွာ ပြောဆိုလိုက်လျှင် ကျုံးရှန်သည်လည်း ယန်ရှောင်မိုအဖြစ် ပီပြင်စွာ သရုပ်ဆောင်လိုက်ကာ အနက်ရောင် ခရင်းခွကို လက်တွင် ကိုင်စွဲလျက် ရှီမင်၏ နောက်မှ ကပ်၍ လိုက်ပါသွားလေ၏။
ကိုးထပ်ငရဲဘုံသည် ငရဲမဟာကမ္ဘာကြီး၏ အလယ်ဗဟိုတွင် တည်ရှိသော်လည်း ယခု သူတို့ရှိနေသော နေရာသည်ကား ငရဲနယ်စပ်ဒေသ ဖြစ်ပေသည်။ မျှော်စင်တက်လိုသော ငရဲဘုံ ကျင့်ကြံသူ အများစုသည် လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းကပင် ကိုးထပ်ငရဲဘုံ သို့ ကြိုတင် ရောက်ရှိနေကြပြီ ဖြစ်၏။
ယခုမှ တစ်လအတွင်း ကိုးထပ်ငရဲဘုံ သို့ ရောက်အောင် သွားရမည်ဆိုလျှင် မင်ယွိ ၏ စွမ်းရည်သက်သက်ဖြင့် မဖြစ်နိုင်ပေ။
သို့နှင့် ကျုံးရှန်သည် လက်ကို ဝှေ့ယမ်းလိုက်ကာ သူတို့နှစ်ဦးသည် အနက်ရောင် အလင်းတန်းနှစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကိုးထပ်ငရဲဘုံဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလိုက်ကြသည်။ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှသဖြင့် တစ်မိနစ်လျှင် ငရဲဘုံကမ္ဘာငယ် တစ်ခုကို ဖြတ်ကျော်နိုင်သည်အထိ ဖြစ်သွားပြီး သုံးရက်အတွင်းပင် ကိုးထပ်ငရဲဘုံ သို့ ရောက်ရှိသွားကြသည်။
ကျုံးရှန်သည် ဗဟုသုတ ကြွယ်ဝသူဖြစ်သော်လည်း ကိုးထပ်ငရဲဘုံ၏ ခန့်ညားထည်ဝါလှသော ပုံရိပ်ကို မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်သွားရလေသည်။ ယင်းသည် ကုန်းမြေကြီးတစ်ခုလုံးကို မျှော်စင်ကြီးတစ်ခုအဖြစ် ထုဆစ်ထားသကဲ့သို့ပင် ဖြစ်သည်။ အထပ်ကိုးထပ်စလုံးတွင် တစ်ထပ်စီတိုင်း၌ ထူးခြားသော ဖန်ဆင်းမှုများ ရှိနေကြ၏။
''ကောင်းကင်တက်လှမ်းခြင်းမျှော်စင်က ကိုးထပ်မြောက် အထပ်မှာ ရှိတာပါ... အဲဒီ ကိုးထပ်မြောက် ကုန်းမြေတိုက်ကိုတော့ ရှေးဟောင်းငရဲဘုံ ခေါင်းဆောင်ကြီးသုံးဦးထဲက တစ်ဦးဖြစ်တဲ့ ယမမင်း က ထိန်းချုပ်ထားပါတယ်... အဲဒီနေရာက အင်အားအကြီးဆုံးအဖွဲ့အစည်းကတော့ ယမမင်းမိစ္ဆာနန်းတော်ပါပဲ...''
''ကိုးထပ်မြောက်ကို ရောက်ဖို့ဆိုရင် ပထမအထပ်ကနေစပြီး ကောင်းကင်ထောက်တိုင်ကြီးအတိုင်း တစ်ထပ်ချင်းစီ တက်သွားရမှာပါ... အထပ်တိုင်းမှာ ထောက်တိုင်ကြီးရဲ့ပတ်ပတ်လည်ကို မြို့တစ်မြို့စီဝန်းရံတည်ဆောက်ထားပြီးတော့ အဲဒီမြို့တွေကို ငရဲက မတူညီတဲ့ မျိုးနွယ်စုတွေက ထိန်းချုပ်ထားပါတယ်...''
ရှီမင်သည် ပတ်ဝန်းကျင်၌ မည်သူမျှ မရှိသည်ကို အခွင့်ကောင်းယူကာ ကျုံးရှန်ကို အသေးစိတ် ရှင်းပြလိုက်သည်။
ကျုံးရှန်သည် ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်၏။
''ကောင်းပြီ... သခင်လေး... ငါတို့ ပထမထပ်က မြို့ကို သွားကြည့်ကြရအောင်...''
ရှီမင်သည်လည်း အချိန်ဆွဲမနေတော့ဘဲ ပထမအထပ်ရှိ ကုန်းမြေအတွင်းသို့ စတင် ဝင်ရောက်လိုက်သည်။
ပထမအထပ်သည်ကား အကျယ်အဝန်းအားဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ တစ်ဝက်ခန့်မျှ ရှိပေသည်။ သို့သော် ကျန်ရှိသော အထပ်ရှစ်ထပ်၏ အကျယ်အဝန်းနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ထက် များစွာ ပိုကြီးမားပေလိမ့်မည်။
ရှီမင်သည် ယခင်က ဤပထမအထပ်သို့ ရောက်ဖူးသည့်အတွက် သူသည် မြို့တော်တည်ရှိရာ အလယ်ဗဟိုသို့ ဦးတည်ပျံသန်းသွားလိုက်သည်။ လမ်းခရီးတစ်လျှောက်တွင် မြို့ကြီးများစွာကို ကျော်ဖြတ်ခဲ့သော်လည်း သူတို့သည် မည်သည့်နေရာ၌မျှ ရပ်နားခြင်း မရှိကြချေ။
ကျုံးရှန်သည် သူ၏ နတ်ဘုရားအာရုံကို အသုံးပြု၍ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်သောအခါ ဤပထမအထပ်၌ မတူညီသော မိစ္ဆာမျိုးနွယ်စုပေါင်းစုံ စုဝေးနေကြသည်ကို တွေ့ရှိလိုက်ရသည်။
ထိုမိစ္ဆာအများစုသည် ကျင့်ကြံခြင်းအဆင့် နိမ့်ကျပြီး အချို့သည် နိယာမနယ်ပယ်သို့ စတင် ဝင်ရောက်ခါစ သရဲငယ် အဆင့်များသာ ဖြစ်ကာ အချို့မှာမူ ဝိညာဉ်ဖြူ များ ဖြစ်ကြသည်။ ဝိညာဉ်ဖြူ ဆိုသည်မှာ ငရဲဘုံရှိ သာမန်လူတန်းစားများ ဖြစ်ပြီး အနိမ့်ဆုံးအဆင့် ဝိညာဉ်မိစ္ဆာများ ဖြစ်ကြ၏။
တစ်ခါတစ်ရံတွင် ကျုံးရှန် ၏ အာရုံခံနိုင်စွမ်းသည် နိယာမနယ်ပယ် ၁၈ ဆင့် မဟာတာအိုရွှေအမြုတေ အဆင့်ရှိသော မိစ္ဆာငယ်များကိုလည်း ရှာဖွေတွေ့ရှိလိုက်သည်။ ထိုမိစ္ဆာငယ်များသည် ဤပထမအထပ်၌ အာဏာရှိသူများအဖြစ် ဟိတ်ဟန်ထုတ်နေကြပေသည်။ ကိုးထပ်ငရဲဘုံ၏ အထပ်တိုင်းတွင် အဓိကရှိနေသော အင်အားစုများမှာ ကွဲပြားကြဟန် တူပေသည်။
သူတို့သည် ခရီးတစ်ဝက်ခန့် ပျံသန်းပြီးသောအခါတွင် ထောက်တိုင်ကြီး၏ အောက်ခြေ၌ တည်ရှိသော ပန်းရောင် မြို့ရိုးကြီးကို လှမ်းမြင်လိုက်ရသည်။ မြို့တော်ကြီးသည် အလွန်ပင် ကြီးမားကျယ်ပြန့်လှ၏။
မြို့တော်၏ ပတ်ပတ်လည်တွင် ပေပေါင်း သောင်းချီ၍ မြင့်မားသော ပန်းရောင်မြို့ရိုးများကို တည်ဆောက်ထားရာ ကြည့်ရသည်မှာ အလွန်ပင် ထူးဆန်းနေသည်။ ထို့ပြင် မြို့တော်တစ်ခုလုံးကိုလည်း ပန်းရောင်အကာအကွယ်အစီရင်ကြီးတစ်ခုဖြင့် လွှမ်းခြုံထားပြီး မြို့တော်၏ အပေါ်ယံတွင် ပန်းရောင်မြူခိုးများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။
ကျုံးရှန်သည် ယန်ရှောင်မိုအဖြစ် ပီပြင်စွာ သရုပ်ဆောင်ကာ ရှီမင်၏ အရှိန်ကို ပိုမိုမြန်ဆန်လာစေရန် သူ၏ စွမ်းအားကို တိတ်တဆိတ်အသုံးပြုပေးလိုက်၏။ မကြာမီမှာပင် သူတို့နှစ်ဦးသည် မြို့အဝင်တံခါး တစ်ခု၏ အပြင်ဘက်တွင် ဆင်းသက်လိုက်ကြသည်။
ဝင်ပေါက်ပေါင်း တစ်ထောင်ခန့် ဖွင့်လှစ်ထားသော်လည်းဝင်ပေါက်တိုင်းတွင် မိစ္ဆာများဖြင့် ပြည့်ကျပ်နေသည်။ ထိုမိစ္ဆာအများစုမှာ ကျင့်ကြံခြင်း နိမ့်ပါးကြပြီး ထူးဆန်းသောရုပ်သွင်အမျိုးမျိုး ရှိကြသည်။ သူတို့သည် ဝင်ပေါက်တိုင်းတွင် ပြည့်ကျပ်နေအောင် စုဝေးနေကြသဖြင့် အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။
''သခင်လေး... ဒီမှာ တန်းစီနေရင် ဘယ်တော့မှပြီးမလဲ မသိဘူး... အရှေ့ကို တန်းသွားလိုက်ရင် မကောင်းဘူးလား''
ကျုံးရှန်သည် ကိုယ်ရံတော်တစ်ယောက်ကဲ့သို့ပင် အလိုက်တသိ အကြံပြုလိုက်၏။
တစ်ပြိုင်နက်တည်းမှာပင် သူသည် သူ၏ ကိုယ်တွင်းရှိ သူတော်စင်အဆင့် မိစ္ဆာအရှိန်အဝါကို လုံးဝ ထုတ်ဖော်လိုက်ရာ မြို့ထဲသို့ ဝင်ရန် တန်းစီနေကြသော မိစ္ဆာငယ်များသည် ထိုပြင်းထန်လှသော အရှိန်အဝါကြောင့် တုန်လှုပ်ချောက်ချားသွားကြပြီး အချို့မှာ မတ်တတ်ပင် မရပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြိုလဲကျသွားကြတော့သည်။
''မိစ္ဆာအရှင်သခင်ကြီးပါ့လား...''
ရှီမင်သည် ကျုံးရှန်၏ စိတ်ကူးကို ချက်ချင်းပင် နားလည်လိုက်သည်။ ငရဲဘုံသည် စည်းမဲ့ကမ်းမဲ့ဖြစ်ပြီး အင်အားကြီးသူကသာ အုပ်စိုးသည့် ကမ္ဘာ ဖြစ်သည်။ ကိုးထပ်ငရဲဘုံကို မိစ္ဆာအရှင်သခင်ကြီးများက စည်းကမ်းတကျဖြစ်အောင် ထိန်းချုပ်ထားသည်ဟု ဆိုသော်လည်း ဤပထမအထပ်၌မူ ရှီမင်ကဲ့သို့သော နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်အတွက်တန်းစီစရာမလိုဘဲ စိတ်ကြိုက် သွားလာနိုင်ပေသည်။
ရှီမင်သည် မျက်လုံးများကို မှေးလိုက်ကာ သူ၏ ပြင်းထန်လှသော အရှိန်အဝါကို တမင်တကာ ထုတ်ဖော်လိုက်၏။
''မင်းပြောတာမှန်တယ်...''
မိစ္ဆာနတ်ဘုရားတစ်ပါး၏ အရှိန်အဝါ ထွက်ပေါ်လာသောအခါ အခြေအနေသည် လုံးဝ ပြောင်းလဲသွားတော့သည်။
နတ်ဘုရားအရှိန်အဝါသည် ပတ်ဝန်းကျင် မိုင်ပေါင်း ရာချီအထိ ပျံ့နှံ့သွားကာ တန်းစီနေသော မိစ္ဆာများကို လေပြင်းတိုက်သကဲ့သို့ လွင့်စင်သွားစေသည်။ အနီးအနားရှိ မိစ္ဆာငယ်အချို့သည် ထိုအရှိန်အဝါကို မခံနိုင်ဘဲ ခန္ဓာကိုယ်များ ပေါက်ကွဲကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားကြရလေသည်။ ဤသည်မှာ ရှီမင်၏ စွမ်းအားအနည်းငယ်ကိုထုတ်လွှတ်လိုက်ခြင်းသာဖြစ်သည်။ သို့မဟုတ်ပါက မိုင်ပေါင်း သန်းချီ၍ ပျက်စီးသွားနိုင်သည်။
ထိုစဉ်မှာပင် မြို့အဝင်တံခါးမကြီးဆီမှ နူးညံ့သော်လည်း အေးစက်သည့် မိန်းကလေးတစ်ယောက်၏ အော်ဟစ်သံ ထွက်ပေါ်လာ၏။
''ဘယ်သူကများ ပထမထပ် မိန်းရှင်းမြို့တော် မှာ ရိုင်းစိုင်းရဲတာလဲ"