အဟက်..အကုန်လုံး အမှိုက်တွေပဲ
Vol. 3 Ch. 31
တစ်ရက်ကြာပြီးနောက်။
မဟာကျင်း၏ ပထမဆုံးသော ဧကရီ ချင်းလျူလီ၏ မွေးနေ့ပွဲကို သတ်မှတ်ထားသည့်အတိုင်း ကျင်းပ၏။ တိုင်းပြည်တစ်ဝန်း အရင်းအမြစ်များ ခွဲဝေပေးရာ မဟာကျင်း ပြည်သူတိုင်းသည် ကျင့်စဉ်များနှင့် အရင်းအမြစ်များမှအစ အစားအစာနှင့် အဝတ်အထည်များအထိ အသီးသီး ရရှိကြ၏။ တစ်တိုင်းပြည်လုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး သာယာဝပြောသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။
ထို့ပြင် ဧကရီက မွေးနေ့အခမ်းအနားအတွင်း နတ်ဘုရားမြှုပ်နှံရာ တောင်တန်းတိုက်ပွဲနှင့် ပတ်သက်သူများမှလွဲ၍ ကျန်ကွပ်မျက်မှု အားလုံးကို ရွှေ့ဆိုင်းရန်နှင့် စစ်ပွဲအားလုံးကို ရပ်တန့်ရန် အမိန့် ထုတ်ပြန်ခဲ့သည်။ နယ်ခြားစောင့် စစ်သည်များကို မိသားစုထံ ပြန်လည် အလည်အပတ်သွားခွင့်ပြုပြီး တာဝန်ထမ်းဆောင်ဆဲ စစ်သည်အားလုံးမှာလည်း လစာများကို ကြိုတင်ရရှိကြသည်။
အိမ်နီးချင်းတိုင်းပြည်များမှ သံတမန်များက မိုးပျံသင်္ဘောများ သို့မဟုတ် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့် ဧရာမ သားရဲကြီးများကို စီးနင်းကာ ရောက်ရှိလာကြပြီး ဧကရီ၏ မွေးနေ့ကို ဂုဏ်ပြုရန် မြို့တော်အထက်တွင် ဝဲပျံနေကြ၏။ သို့သော် ဧကရီ၏ တစ်ဦးတည်းသော ကြင်ရာတော် မုန့်ချင်ကျိုး ကိုယ်တိုင်မှာမူ ဖျားနာသည်ဟု အကြောင်းပြကာ မတက်ရောက်နိုင်ခဲ့ပေ။ ၎င်းက မရိုးသားသော ရည်ရွယ်ချက်များဖြင့် ရောက်လာကြသည့် အိမ်နီးချင်းနိုင်ငံများမှ သံတမန်များစွာကို စိတ်ပျက် သွားစေသည်။ ကျင့်စဉ်မရှိဘဲ မသန်စွမ်းဖြစ်နေသည်ဟု ကောလာဟလထွက်နေသည့် မုန့်ချင်ကျိုးက ဧကရီ၏နှလုံးသားကို မည်သို့သိမ်းပိုက်နိုင်သည်ကို မည်သူက မမြင်ချင်ဘဲ နေမည်နည်း။
မြို့တော်၊ ဧကရာဇ်နန်းတော်၊ ရွှေပလ္လင်ခန်းမ။
ယနေ့တွင် ဧကရီသည် နဂါးကိုးကောင်နှင့် ဇာမဏီကိုးကောင် ပါရှိသည့် ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဝတ်ရုံရှည်ကြီးမှာ မီးလျှံလှေကားထစ် တစ်ခုသဖွယ် ကြမ်းပြင်ပေါ်တွင် တရွတ်တိုက် ပါလာသည်။ ရှည်လျားဖြောင့်စင်းပြီး ဖြူဝင်းသော ခြေတံများက ပလ္လင်ပေါ်သို့ အေးအေးလူလူ တက်လှမ်းသွား၏။ သူက လှည့်၍ ကျော့ရှင်းစွာ ထိုင်လိုက်သည်။ တုန်းဖန်လျူလီ၏ အေးစက်လှပသော ဇာမဏီမျက်ဝန်းများက အောက်တွင် ဒူးထောက်နေကြသည့် စစ်ဘက်၊ နယ်ဘက် အရာရှိများနှင့် အလယ်တွင် ဒူးထောက်နေသော သံတမန်အဖွဲ့ကို ဝေ့ကြည့်လိုက်သည်။ သူ၏ နီရဲသော နှုတ်ခမ်းလွှာတို့က အနည်းငယ် ပွင့်ဟလာပြီး မိန့်ကြားလိုက်သည်။ “ထကြ...”
ခန်းမအတွင်း လှည့်ပတ်ကြည့်သော်လည်း မုန့်ချင်ကျိုးကို မတွေ့ရသဖြင့် ချင်းလျူလီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
ဒီကောင် အခုထိ အိပ်နေတုန်းလား။ ငါ့မွေးနေ့ပွဲကိုတောင် မလာရဲဘူးပေါ့။ အင်းလေ။ သူက အပျင်းထူတဲ့ မုန့်ချင်ကျိုးပဲဥစ္စာ။
တုန်းဖန်လျူလီမှလွဲ၍ သူသည် ဧကရီ သို့မဟုတ် ချင်းလျူလီကို ဂရုမစိုက်ပေ။ မုန့်ချင်ကျိုးကို တွေးမိသောအခါ တုန်းဖန်လျူလီ၏ စိတ်အခြေအနေမှာ အကြောင်းပြချက်မရှိဘဲ ကောင်းမွန်လာခဲ့သည်။ စစ်ဘက်၊ နယ်ဘက် အရာရှိများကလည်း ဝန်ကြီးမုန့် မရှိသည်ကို သတိထားမိသော်လည်း မည်သူမျှ မမေးမြန်းရဲကြပေ။ အားလုံးက မမြင်ချင်ယောင်ဆောင်နေကြသည်။ နန်းတွင်းတွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် မြေခွေးအိုကြီး အချို့ကမူ အချင်းချင်း အကြည့်ချင်းဖလှယ်ကာ ဝန်ကြီးမုန့်မှာ အင်အားကုန်ခမ်းနေပြီဟု ကောက်ချက်ချလိုက်ကြ၏။ ဧကရီ၏ ချစ်သူအနေဖြင့် မွေးနေ့ပွဲနေ့တွင် အိပ်ရာထဲ လဲနေရသည်မှာ အဖြေက ရှင်းနေသည် မဟုတ်ပါလား။
နားလည်ပါတယ်... နားလည်ပါတယ်...
ဧကရီ၏ ကိုယ်ရံတော် စုချင်ချိုးသည် ရိုးရှင်းသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ပလ္လင်ဘေးတွင် ရပ်နေရင်း ပြောလိုက်သည်။ “တိုင်းပြည်အသီးသီးမှ သံတမန်များ အရှင်မကို ဂါရဝပြုဖို့ အရှေ့ကို ထွက်ခဲ့ကြပါ...”
“မဟာကျင်း ဧကရီကို ဂါရဝပြုပါတယ်...”
သံတမန်များက အလျင်အမြန် ဦးညွှတ်နှုတ်ဆက်ကြ၏။
မဟာကျင်း၏ ဂုဏ်သိက္ခာမှာ မကြာသေးမီနှစ်များအတွင်း ဧကရီ၏ စွမ်းဆောင်ရည်ကြောင့် တိုးတက် လာခဲ့သည်။ ဧကရီက ရက်စက်ကြမ်းကြုတ်သူအဖြစ် ကျော်ကြားပြီး စစ်ကို စစ်ဖြင့် တုံ့ပြန်လေ့ရှိသည်။ မဟာကျင်းစစ်တပ်သည် တိုက်ခိုက်ရန် ချီတက်နေလျှင်တပ်ဖြစ်သည်။
စစ်ရန်ပုံငွေ မလောက်ဘူးလား၊ နိုင်ငံတစ်ခုကို တိုက်ခိုက်ပြီး ဘဏ္ဍာတိုက်ကို သိမ်းပိုက်လိုက်။ စစ်သည် အင်အား လျော့နည်းနေလား၊ လက်နက်ချလာတဲ့ စစ်သည်တွေကို စုဆောင်းပြီး စစ်မြေပြင်ကို ပို့လိုက်။ နယ်မြေ ကျဉ်းလွန်းနေလာ၊ တစ်ကမ္ဘာလုံးကို စည်းလုံးစေသည့်တိုင်အောင် ဆက်လက်ချဲ့ထွင်လိုက်။ အလိုလို မြေနေရာ လုံလောက်သွားလိမ့်မယ်။
ဤကဲ့သို့ အာဏာရှိပြီး ရည်မှန်းချက်ကြီးသော သူရဲကောင်းတစ်ဦးကို မည်သူက အထင်သေးရဲမည်နည်း။
“ယုံနိုင်ငံ သံတမန်က ဧကရီ၏အမိန့်တော်အရ အဆင့်မြင့် ကောင်းကင်ဘုံ ဝိညာဉ်ရတနာ (၁၀)ခုနှင့် ပထမအဆင့် သားရဲ တစ်သောင်းကို ဆက်သပါတယ်။ မွေးနေ့ကို ဂုဏ်ပြုပါတယ်...”
“လင်ထော်နိုင်ငံ သံတမန်က မြို့သုံးမြို့နှင့် ဝိညာဉ်အင်အားအိုင်တစ်ခုကို ပေးအပ်ပါတယ်။ မွေးနေ့ကို ဂုဏ်ပြုပါတယ်...”
“ဝမ်ရှီးနိုင်ငံ သံတမန်က စပါးစိုက်ဧက တစ်သောင်းနှင့် မြေကမ္ဘာအဆင့် ချပ်ဝတ်တန်ဆာ သုံးထောင်ကို ဆက်သပါတယ်။ မွေးနေ့ကို ဂုဏ်ပြုပါတယ်...”
ခန်းမအတွင်း ဂုဏ်ပြုစကားများ အဆက်မပြတ် ထွက်ပေါ်နေသည်။ မဟာကျင်း အရာရှိများကမူ ဤအိမ်နီးချင်း တိုင်းပြည်ငယ်လေးများကို အထင်သေးကြပြီး ဧကရီကိုယ်တိုင်ပင် လက်ဆောင်များကို ဂရုမစိုက်ပေ။ သို့သော် ထိုအချိန်တွင် မြို့တော်အထက်ရှိ နေရောင်ခြည်မှာ ရုတ်တရက် ကွယ်ပျောက်သွားပြီး ကမ္ဘာကြီး မှောင်မိုက်သွားသည်။ လူများ ကောင်းကင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြ၏။
မြို့တော်တစ်ဝှမ်းမှ အစွမ်းထက် ကျင့်ကြံသူများစွာမှာ မြေပြင်မှ ထိုးတက်လာသော ကြယ်တံခွန်များပမာ ကောင်းကင်သို့ ပျံတက်သွားကြပြီး အပေါ်သို့ မော့ကြည့်လိုက်ကြသည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့် ဧရာမ သားရဲကြီးတစ်ကောင်က တိမ်တိုက်များကို တိုးဝှေ့ကာ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လိပ်ခေါင်းကြီးကို ပြသလိုက်သည်။ ၎င်း၏ ဦးခေါင်းတစ်ခုတည်းပင် မြို့တစ်မြို့စာခန့် ရှိသည်။ ခန္ဓာကိုယ်မှာ အဆုံးအစမရှိဘဲ ဟင်းလင်းပြင်ထဲတွင် ဖုံးကွယ်ထားကာ လည်ပင်းတဝိုက်တွင် ဟင်းလင်းပြင် အပိုင်းအစများ ဝန်းရံထားသည်။
“ဒါ... ဒါက ပင်လယ်နှိမ်နင်းရေး လိပ်ကြီးပဲ... ရှေးဟောင်း သားရဲဘုရင် သွေးမျိုးဆက် ပါတယ်လို့ မှတ်တမ်းတင်ထားတာ၊ ဒီမျိုးနွယ်စုက မျိုးသုဉ်းသွားပြီ မဟုတ်ဘူးလား...”
“ပင်လယ်ဖုံးလွှမ်းနယ်ပယ် မိစ္ဆာကြီးပဲ၊ ကြောက်စရာကောင်းလိုက်တဲ့ အရှိန်အဝါ...”
“ကြည့်စမ်း၊ လိပ်ကြီးရဲ့ ခေါင်းပေါ်မှာ လူတစ်ယောက် ရှိနေတယ်၊ ပင်လယ်ဖုံးလွှမ်းနယ်ပယ် မိစ္ဆာဘုရင်ကို စီးနင်းပြီး ဒီလောက် ခမ်းနားနေတာ ဘယ်သူများလဲ...”
“ပင်လယ်နှိမ်နင်းရေး လိပ်ကြီးက မာနကြီးပြီး ကြမ်းတမ်းတဲ့ သဘာဝရှိတယ်။ တကယ့် အစွမ်းအစသာ မရှိရင် သူ့ခေါင်းပေါ်မှာ ရပ်ခွင့်ပေးမှာ မဟုတ်ဘူး...”
ကောင်းကင်သို့ ပျံတက်သွားသော ကျင့်ကြံသူ အများအပြားမှာ လိပ်ကြီး၏ ထွက်သက်ကြောင့် မိုးစက်များပမာ ပြန်လည်လွင့်စဉ် ကျကုန်သည်။ ထိုစဉ် ပင်လယ်ဖုံးလွှမ်းနယ်ပယ် မိစ္ဆာဘုရင် လိပ်ကြီး၏ ဦးခေါင်းပေါ်တွင် ဝတ်စုံနက်ဝတ် လူငယ်တစ်ဦးက ဖျော့တော့စွာ ပြုံးလျက် ရပ်နေသည်။
“မလန့်ကြပါနဲ့၊ မလန့်ကြပါနဲ့... ကျွန်တော်က မဟာချန် တိုင်းပြည်ရဲ့ စစ်ရေးဝန်ကြီး ဝမ်ထန်ပါ။ မဟာကျင်း ဧကရီ မွေးနေ့ပွဲ ကျင်းပနေတယ်ဆိုလို့ ဂုဏ်ပြုဖို့ လာခဲ့တာပါ...”
သူ စကားပြောလိုက်သည်နှင့် ဒေါသထွက်နေသော အရာရှိများ ငြိမ်ကျသွားပြီး တိုက်ခိုက်ရန် ပြင်နေသူများလည်း ရပ်တန့်သွားကြသည်။ မဟာချန် တိုင်းပြည်သည်လည်း အလွန်အင်အားကြီးသော တိုင်းပြည်တစ်ခု ဖြစ်သည်။ အချို့ ကဏ္ဍများတွင် မဟာကျင်းအင်ပါယာထက်ပင် သာလွန်သော်လည်း နှစ်နိုင်ငံမှာ ဝေးကွာလွန်းသဖြင့် နှစ်ပေါင်းများစွာ ပဋိပက္ခမရှိခဲ့ပေ။
“မဟာချန်တိုင်းပြည်ရဲ့ ဘုရင်က သက်တမ်းမကုန်ခင်လေးမှာပဲ နံနက်ခင်းအလင်းနယ်ပယ်တစ်ပိုင်းကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်လို့ ပြောကြတယ်...”
“နံနက်ခင်းအလင်းနယ်ပယ်တစ်ပိုင်းဆိုတာ မဟာကျင်းရဲ့ စစ်သူကြီးနဲ့ ညီမျှတာပဲ၊ လျှော့တွက်လို့ မရဘူး...”
“မင်းမှားနေပြီ။ မဟာချန်မှာ အဲဒီအဆင့် ရှိသူက တစ်ယောက်တည်း မဟုတ်ဘူး။ အရင်ဘုရင်ဟောင်း နှစ်ပါးကလည်း အဲဒီအဆင့်ကို ရောက်နေပြီးတော့ တစ်နေရာမှာ တိတ်တဆိတ် ကျင့်ကြံနေကြတယ်လို့ ကောလာဟလတွေ ရှိတယ်...”
“ဟာ... နံနက်ခင်းအလင်းနယ်ပယ်တစ်ပိုင်း ပညာရှင် သုံးယောက်တောင်လား၊ ဒါဆို မဟာကျင်းတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး...” သံတမန်များက အံ့သြတကြီး တီးတိုး ပြောဆိုနေကြသည်။
လိပ်ကြီး၏ ခေါင်းပေါ်တွင် ရပ်နေသော ဝမ်ထန်၏ အကြည့်က နေရာလွတ်ကို ဖောက်ထွင်းကာ ပလ္လင်ပေါ်ရှိ တုန်းဖန်လျူလီထံသို့ တိုက်ရိုက် ကျရောက်လာသည်။ ထို့နောက် သူက လက်ကိုဝှေ့ယမ်းကာ ကျယ်လောင်စွာ ပြောလိုက်သည်။
“မဟာချန်ကလည်း ရက်ရောတဲ့ လက်ဆောင်တွေ ပြင်ဆင်လာပါတယ်။ လက်ခံပေးပါ အရှင်မ။ ရှေးဟောင်း နတ်ဘုရား တားမြစ်အခင်းအကျင်း တစ်ခု၊ တစ်ဝက်တစ်ပျက် နတ်ဘုရားအဆင့် ရှေးဟောင်း လှံရှည် တစ်ခု၊ တောင်ရွှေ့နယ်ပယ် အထွတ်အထိပ် သားရဲ ၃၃ကောင်၊ ပြီးတော့... ကောင်းကင်နဲ့မြေကြီး သက်စောင့်ရည်တစ်ပုလင်း...”
ဝိညာဉ်စွမ်းအင်များ ပါဝင်နေသော ဝမ်ထန်၏ အသံသည် မြို့တော်တစ်ဝှမ်း ဟိန်းထွက်သွားသည်။ မြို့တော်တစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် ဆူညံပွက်လောရိုက်သွားသည်။
“ရူးနေပြီလား… မဟာချန်က ဘာလုပ်နေတာလဲ၊ မွေးနေ့ပွဲလေး တစ်ခုတည်းအတွက် ဘာလို့ ဒီလောက် ရက်ရောတဲ့ လက်ဆောင်တွေ ပေးရတာလဲ။ ဒီလက်ဆောင်တွေထဲက တစ်ခုလောက်ဆိုရင်တောင် ကမ္ဘာပေါ်မှာ ရှားပါးရတနာ ဖြစ်နေတာကို ဒီအတိုင်း ပေးလိုက်တာလား... ကောင်းကင်နှင့် မြေကြီး သက်စောင့်ရည်တဲ့...”
ကျန်းစန်းဟိုင် ရေရွတ်လိုက်ပြီး ကောင်းကင်ပေါ်မှ ဝမ်ထန်ကို လှမ်းကြည့်ကာ လျစ်လျူရှုသော လေသံဖြင့် ဆိုသည်။
“မဟာချန်က ဘာတွေ ကြံစည်နေတာလဲ...”
ဝန်ကြီးတစ်ပါးကလည်း အာမေဋိတ် ပြုလိုက်သည်။
“သက်စောင့်ရည်က တန်ဖိုးဖြတ်မရဘူး၊ သက်တမ်းကို ရှည်စေနိုင်တယ်။ မဟာချန်ရဲ့ ဘုရင်သုံးပါးက အသက်ရှင်ဖို့ ဒီရတနာကို အားထားနေရတာ။ ဒါကို ဘယ်လိုလုပ်ပြီးတော့ ဒီလောက် လွယ်လွယ် ပေးလိုက်ရတာလဲ...”
သို့သော် ပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရီ တုန်းဖန်လျူလီ၏ မျက်ဝန်းများမှာ အေးစက်နေပြီး အဝေးမှ ဝမ်ထန်ကို စိုက်ကြည့်လိုက်သည်။ ဝမ်ထန် တစ်ချက် ညည်းတွားလိုက်ပြီး သူ့မျက်လုံးများမှ သွေးများ စီးကျလာသည်။
“အုပ်ချုပ်သူတစ်ယောက်ကို တည့်တည့် စိုက်မကြည့်ရဘူးဆိုတဲ့ မူကို မင်း နားမလည်ဘူးလား...”
တုန်းဖန်လျူလီက အေးစက်စွာ ပြောလိုက်သည်။
“နောက်တစ်ခါ ထပ်ပြီး ရဲရဲတင်းတင်း ကြည့်ရင် ငါ အလွတ်မပေးဘူး...”
ဝမ်ထန်က မျက်လုံးမှ သွေးများကို သုတ်လိုက်ပြီး မျက်နှာထားမပျက်ဘဲ အနည်းငယ် ဦးညွှတ်လိုက်သည်။
“ဧကရီ့အမိန့်တော်ကို နာခံပါ့မယ်...”
တုန်းဖန်လျူလီက လက်ကာပြလိုက်ရာ သူ၏ အသံသည် ရွှေပလ္လင်ခန်းမအတွင်း ပဲ့တင်ထပ်သွားသည်။
“လက်ဆောင်တွေကို လက်ခံပြီး ခန်းမထဲ ဝင်ခဲ့။ ပြီးတော့ မင်းရဲ့ လိပ်ကို ခေါင်းပြန်သွင်းခိုင်းလိုက်၊ ငါ့ပြည်သူတွေ လန့်ကုန်လိမ့်မယ်...”
မကြာမီ ရှုပ်ထွေးမှုများ ငြိမ်သက်သွားသည်။ ပင်လယ်နှိမ်နင်းရေး လိပ်ကြီးသည် ဧရာမ ဦးခေါင်းကြီးကို လေဟာနယ်ထဲသို့ ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဝမ်ထန်က မြို့တော်ထဲ ဆင်းသက်ကာ ရွှေပလ္လင်ခန်းမသို့ ဝင်ရောက်လာသည်။ ခန်းမအတွင်း၌ ဝမ်ထန်သည် လက်ကို နောက်ပစ်ကာ ပြုံးလျက် တည်ငြိမ်စွာ ပြောလိုက်သည်။
“ဧကရီအနေနဲ့ မဟာချန်ရဲ့ စေတနာကို မြင်တွေ့ပြီးပြီလို့ ယုံကြည်ပါတယ်။ ကျွန်တော် ဒီကို လာတာက ဂုဏ်ပြုဖို့ သက်သက်တင် မဟုတ်ပါဘူး...”
သူ စကားမဆုံးမီမှာပင်။ ဓားအသိစိတ်တစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး နေမင်းကြီးကို နှစ်ခြမ်းခွဲလိုက်သကဲ့သို့ ဖြစ်ကာ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို နှောင့်ယှက်လိုက်သည်။ ပေတစ်ရာ ရှည်လျားသော ရှေးဟောင်း ကြေးဝါဓားကြီးတစ်လက် ကောင်းကင်တွင် ပေါ်လာပြီး ဆံပင်ဖြူနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ကျယ်လောင်စွာ ပြောလိုက်သည်။
“ဓားတားမြစ်နယ်မြေမှ လာရောက်ပါတယ်။ ကျုပ်က တားမြစ်နယ်မြေ သခင်ကြီးရဲ့ ကိုယ်ပိုင်တပည့် ကျန့်ဝမ်ထျန်းပါ။ ဧကရီကို ဂုဏ်ပြုဖို့အတွက် နံနက်ခင်းအလင်းနယ်ပယ် ဓားကျင့်ကြံသူတစ်ဦး ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ကို ဆက်သပါတယ်...”
ပဲ့တင်သံ မဆုံးမီ နောက်ထပ် ဆူညံသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ကမ္ဘာ့အဆုံးမှ ကျယ်ပြန့်သော သွေးအရှိန်အဝါတစ်ခု မြို့တော်သို့ ပျံ့နှံ့လာပြီး အသံတစ်ခု ထွက်ပေါ်လာသည်။
“သွေးပင်လယ် တိုင်းပြည်ရဲ့ တတိယမင်းသား မိုဝူယီက ဧကရီကို ဂုဏ်ပြုဖို့ ပင်လယ်ဖုံးလွှမ်းနယ်ပယ် အစောပိုင်း သွေးရုပ်သေးရုပ် ၁၀ရုပ် ဆက်သပါတယ်...”
တစ်မိနစ်ခန့်အကြာတွင် ဆံပင်ရှည် ဖရိုဖရဲနှင့် အပေါ်ပိုင်းဗလာကျင်းထားသော လူငယ်တစ်ဦး မြို့တော် အထက်သို့ ရောက်လာပြီး ကျယ်ပြန့်သော သွေးအရှိန်အဝါက မွန်းကျပ်စေသည်။ ဒါတင် မကသေးပေ။ မဟာချန်မှ စစ်ရေးဝန်ကြီး ဝမ်ထန် ရောက်ရှိလာခြင်းသည် ကွင်းဆက်တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေ သကဲ့သို့ပင်။ မြို့တော်၏ အရပ်လေးမျက်နှာမှ နောက်ထပ် ပါရမီရှင် လူငယ်လေးဦး တစ်ပြိုင်နက်တည်း ဆင်းသက်လာကြသည်။
အားလုံးက အင်အားကြီးတိုင်းပြည်များ သို့မဟုတ် အဓိက အင်အားစုကြီးများမှ ဖြစ်ကြသည်။ နောက်မှ ရောက်လာသော ပါရမီရှင် လေးဦးသည်လည်း တားမြစ်နယ်မြေမှ ဓားကျင့်ကြံသူနှင့် သွေးပင်လယ် တိုင်းပြည်မှ တတိယမင်းသားတို့ထက် မလျော့နည်းသော ကြောက်မက်ဖွယ် အရှိန်အဝါများ ရှိကြသည်။
“အော့လိုင်တိုင်းပြည်က စစ်သူကြီး စွန်းပိုင်ရှန့် ဆက်သပါတယ်...”
“ဝူယာထျန်ဂိုဏ်းမှ အကြီးအကဲချုပ် တွမ့်ဝူချို ဆက်သပါတယ်...”
“ဝိညာဉ်ငါးပါး မျိုးနွယ်စုမှ တတိယခေါင်းဆောင် ဟွမ်ဟောင် ဆက်သပါတယ်...”
တစ်ခဏအတွင်း မြို့တော်၏ ကောင်းကင်ယံသည် အစွမ်းထက်သော အရှိန်အဝါများဖြင့် ပြည့်သွားပြီး အင်အားစု အသီးသီးမှ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာကြသည်။
ပါရမီရှင် လူငယ် (၇)ဦး...
အသက်အကြီးဆုံးမှာ ငါးဆယ်မကျော်၊ အငယ်ဆုံးမှာ သုံးဆယ်သာ ရှိသေးသည်။ ကျင့်ကြံသူများအတွက် အသက် (၁၀၀)အောက် ဆိုသည်မှာ လူငယ်ဟု သတ်မှတ်သည်။ သူတို့အားလုံးက ထူးကဲသော ပါရမီရှင်များ ဖြစ်ကြပြီး အားလုံးမှာ ပင်လယ်ဖုံးလွှမ်းနယ်ပယ်သို့ ရောက်ရှိနေကြသည်။ သူတို့က ပါရမီရှင်များဟု သတ်မှတ်ခံရသည်မှာ ယုံမှားဖွယ် မရှိပေ။
မြို့တော်၊ ချင်းအိမ်တော်။
မုန့်ချင်ကျိုးက ထိုဆူညံသံများကို ကြားရသောအခါ ကုလားထိုင်ပေါ်တွင် အေးအေးလူလူ လှဲလျောင်းရင်း လက်ဖက်ရည် သောက်နေသည်။ သူက လက်ဖက်ခြောက်များကို မထီမဲ့မြင် ထွေးထုတ်လိုက်ပြီး ပြောလိုက်သည်။
“အဟက်... အကုန်လုံးက အမှိုက်တွေပဲ...”
“ငါ့ဇာတိမှာဆို အသက်၅၀ အရွယ်တွေက မြေးချီနေရပြီ။ ဘာပါရမီရှင် လူငယ်တွေလဲ...”
ထိုလူများ ဘာလိုချင်နေသည်ကို သူ အတိအကျ သိသည်။ သူတို့အားလုံး ဧကရီ ချင်းလျူလီကို မျက်စိကျနေကြခြင်း ဖြစ်သည်။ သူက လှပရုံသာမက ပါရမီလည်းရှိကာ အသက်၂၀ အရွယ်ဖြင့် လရောင်ထွန်းလင်းနယ်ပယ်သို့ ရောက်ရှိနေသူ ဖြစ်သည်။ မကြာသေးမီက သူသည် တားမြစ်နယ်မြေကို နှိမ်နင်းရန် အမိန့်တော် ထုတ်ပြန်ခဲ့ပြီး အချို့က သူ နံနက်ခင်းအလင်းနယ်ပယ် တံခါးဝကို ထိတွေ့နေပြီဟုပင် ပြောဆိုကြသည်။ အရေးအကြီးဆုံးမှာ ချင်းလျူလီက အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းပင်။ လက်ထပ်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်မှာ သေချာသည်။ အကယ်၍ သူကို လက်ထပ်နိုင်ပါက ယနေ့ပေးလိုက်သော လက်ဆောင်များသည် နောင်တွင် အဆပေါင်းများစွာ ပြန်လည်ရရှိမည် ဖြစ်သည်။
“ဧကရီကို လက်ထပ်ချင်တယ် ဟုတ်လား။ အိမ်မက်ပဲ မက်နေလိုက်တော့။ စာအုပ်ထဲမှာ အတိအလင်း ရေးထားတာက ဧကရီဟာ ကြွားဝါတဲ့ကောင်တွေကို အမုန်းဆုံးပဲတဲ့။ အခုတော့ မင်းတို့ တစ်ယောက်ပြီး တစ်ယောက် မြို့တော်ကို ဖိနှိပ်ပြီးတော့ ပြည်သူတွေကို ကြောက်လန့်တကြား တံခါးပိတ်အောင် လုပ်နေကြတာကိုး။ ငါလောင်းရဲတယ်။ ဧကရီက အခုချိန် မင်းတို့အားလုံးကို သတ်ချင်နေလောက်ပြီ။ ဟားဟားဟား...”
မုန့်ချင်ကျိုးက ဇာတ်လမ်းကို ပြန်တွေးကာ ပွဲကြည့်ပရိသတ်အဖြစ် သဘောကျ ရယ်မောနေတော့သည်။