အသက်တစ်ရှိုက်သုံးပါးသန့်စင်ခြင်းနှင့် အချိန်နှင့်နေရာလွတ် ဓားသူတော်စင် ပေါ်ထွက်လာခြင်း
Vol. 3 Ch. 35
“လွန်လှချည်လား.. ဒါက တကယ့်ကို လွန်လွန်းတယ်...” ဟွမ်ဟောင်၏ နဖူးထက်မှ ရွှေရောင်ဦးချိုများ ထွက်ပေါ်လာပြီး နက်နဲသော တရားအလင်းတန်းများ ဖြာထွက်လျက် ရှိသည်။ သူ၏ မျက်ဝန်းများသည် သွေးရောင်လွှမ်းနေပြီး လည်ပင်းမှ အကြောများမှာလည်း ဖောင်းကားနေကာ အရေပြားများမှာ တစ်လက်မချင်း ကွဲအက်လျက် မူလရုပ်သွင် ပေါ်ထွက်တော့မည့်အလား ရှိနေ၏။
မိမိ၏ လျို့ဝှက်ချက် အရှက်တရားကို လူအများရှေ့၌ အရှက်ခွဲခံလိုက်ရခြင်းသည် ပါရမီရှင် လူငယ် တစ်ဦးအတွက် အလွန်တရာ ကြီးမားသော အရှက်တရားပင် ဖြစ်သည်။ ဤအရှက်တရားကို သွေးဖြင့်သာ ဆေးကြောရမည် ဖြစ်ချေသည်။
“တိုက်ချင်တာလား၊ လာခဲ့လေ။” ချင်းဖုန်းဟော်သည်လည်း တိုက်ခိုက်လိုစိတ်များ ပြင်းထန်လျက် ရှိ၏။
မုန့်ချင်းသည် စင်စစ်အားဖြင့် မုန့်ချင်ကျိုး ဖြစ်သည်ကို သိရှိပြီးနောက် ချင်းဖုန်းဟော်သည် ထိုသူကို အကြွင်းမဲ့ ယုံကြည်နေတော့သည်။ ပညာရှိကြီးက ဟွမ်ဟောင်တွင် “ဟိုဟာ” မရှိဟု ဆိုလျှင် အမှန်တကယ်ပင် ရှိလိမ့်မည် မဟုတ်ပေ။
အခြားသော ပါရမီရှင် လူငယ်များသည်လည်း ဟွမ်ဟောင်ကို ထူးဆန်းစွာနှင့် အထင်သေးသော အကြည့်များဖြင့် ကြည့်နေကြ၏။
“ပစ္စည်း မရှိဘဲနဲ့ လက်ထပ်ခွင့် တောင်းရဲသေးတယ်ပေါ့” စွန်းပိုင်ရှန်းက ပွင့်လင်းစွာ လှောင်ပြောင်၏။
တွမ့်ဝူချိုကမူ မျက်လုံးတစ်ချက် လှုပ်သွားပြီး ဆိုသည်။ “တာအိုဆရာဟွမ်... ခင်ဗျားက တကယ်ပဲ သူရဲကောင်းပါပဲ။ ကျင့်ကြံခြင်းလမ်းစဉ်ကို ခိုင်ခိုင်မာမာ လျှောက်လှမ်းဖို့အတွက် အရင်းအမြစ်ကိုပါ ဖြတ်တောက်လိုက်တာပဲ။ ခင်ဗျားက တကယ်ပဲ သူရဲကောင်းလို့ ခေါ်ထိုက်ပါတယ်...”
ဟွမ်ဟောင် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပလ္လင်ထက်မှ ဝတ်စုံနီနှင့် ဧကရီကို တစ်ချက်ကြည့်ကာ အတွင်း စိတ်ဒေါသကို ထိန်းချုပ်လိုက်၏။ ဤနေရာ၌ ပြဿနာရှာခြင်းမှာ ပညာရှိရာ မရောက်ပေ။ ဤအရှက်တရားအားလုံးအတွက် မုန့်ချင်းကိုသာ အပြစ်ပုံချရမည် ဖြစ်သည်။
“မွေးနေ့ပြိုင်ပွဲမှာ ပါဝင်ရဲလား၊ မင်းကို ငါ သင်ခန်းစာ ပေးရမယ်။” ဟွမ်ဟောင်က မုန့်ချင်ကျိုးကို အငြိုးအတေး အပြည့်ဖြင့် စိုက်ကြည့်ကာ ဆို၏။
ပါရမီရှင် (၇)ဦးလုံးသည် ဧကရီကို လှောင်ပြောင်သရော်သော အမူအရာဖြင့် ကြည့်နေကြ၏။
“မင်းက တွန့်ဆုတ်နေတာတော့ မဟုတ်ပါဘူးနော်” စွန်းပိုင်ရှန်းက ရယ်မောလျက် ဆို၏။
ဝမ်ထန်ကလည်း ပြောလိုက်သည်။ “အရှင်မ... နန်းတွင်းအရာရှိတွေနဲ့ စစ်သူကြီးချင်းတို့ကလည်း ဝန်ကြီးမုန့်ကို ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်ဖို့ တောင်းဆိုထားကြတယ် မဟုတ်လား...”
ချင်းဖုန်းဟော်မှာမူ ချွေးစေးများ ထွက်လာပြီး အလျင်အမြန် ငြင်းဆိုရတော့သည်။ “ဒါ...ဒါက ကျွန်တော့်ရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။”
တုန်းဖန်လျူလီသည် ချင်းဖုန်းဟော်ကို အေးစက်စွာ ကြည့်လျက် မေး၏။ “ဒါဆို မင်းက ဘာကို ဆိုလိုတာလဲ...”
“ကျွန်တော်...”
ချင်းဖုန်းဟော် စကားမဆက်နိုင်တော့ဘဲ ကျန်းစန်းဟိုင်ကို အကူအညီတောင်းသော အကြည့်ဖြင့် ကြည့်လိုက်၏။
“သူငယ်ချင်း... ငါ့ကို အမြန် ကယ်ပါဦး။”
ပညာရှိကြီးကို လက်လွှတ်မခံနိုင်ပေ။ ဤသူသည် မဟာကျင်းအင်ပါယာ ထွန်းကားရေးအတွက် အလွန် အရေးကြီးသည့် ပုဂ္ဂိုလ် ဖြစ်၏။
ကျန်းစန်းဟိုင် ချောင်းတစ်ချက် ဟန့်လိုက်ပြီး လျှောက်တင်၏။ “အရှင်မ... ကျင့်စဉ်မရှိတဲ့ ဝန်ကြီးမုန့်ကို တိုက်ခိုက်ရေးမှာ ယှဉ်ပြိုင်ခိုင်းတာက မတရားဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်။ စာပေပြိုင်ပွဲနဲ့ပဲ အနိုင်အရှုံး ဆုံးဖြတ်ရင် မကောင်းဘူးလား...”
ချင်းဖုန်းဟော်က ဝမ်းသာအားရဖြင့် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်.. ဒါ ကျွန်တော် ပြောချင်တဲ့ အဓိပ္ပာယ်ပါပဲ...”
ရန်သူများ ဝိုင်းရံနေချိန်နှင့် နတ်ဘုရားမြှုပ်နှံရာ တောင်တန်းတွင် ပုန်ကန်သူများကို နှိမ်နင်းစဉ်ကပင် ချင်းဖုန်းဟော်သည် ဤမျှ မတုန်လှုပ်ခဲ့ဖူးပေ။ ယခုမူ သူက အလွန်အမင်း ထိတ်လန့်လျက် ရှိနေသည်။
မုန့်ချင်ကျိုးမှာမူ ချင်းဖုန်းဟော်၏ အမူအရာကို ကြည့်ကာ အံ့အားသင့်နေ၏။ မူလစာအုပ်ထဲတွင် ချင်းဖုန်းဟော်သည် ဒေါသကြီးပြီး နိုင်ငံရေးကိုသာ ဦးစားပေးသူ ဖြစ်သော်လည်း ယခုမူ အဘိုးကြီး တစ်ဦးနှင့် ပို၍ တူနေသည်။
တုန်းဖန်လျူလီသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး ဆို၏။ “ခွင့်ပြုတယ်...”
ပါရမီရှင် (၇)ဦးသည် မျက်မှောင်ကြုတ်သွားကြသော်လည်း တခြားနည်းလမ်း မရှိတော့ပေ။ ဝမ်ထန်ကမူ သရော်လိုက်သည်။ “ကျွန်တော်က ကဗျာမကျွမ်းကျင်ဘူး၊ ကျင့်ကြံတာနဲ့ သတ်ဖြတ်တာပဲ သိတယ်။ ပညာရှိတစ်ယောက်နဲ့ စာပေယှဉ်ပြိုင်တာကလည်း မတရားတာပါပဲ...”
ချင်းဖုန်းဟော်သည် ဧကရီ၏ မျက်နှာသာပေးမှုကို ပြန်လည်ရရှိရန် ရှေ့သို့ ထွက်လာသည်။ “ဝန်ကြီးမုန့်ကိုယ်စား ကျွန်တော်မျိုး ယှဉ်ပြိုင်ပေးပါမယ်။”
အားလုံးက ချင်းဖုန်းဟော်၏ အပြောင်းအလဲကို ကြည့်ကာ အံ့အားသင့်နေကြ၏။ မုန့်ချင်းကို သတ်မည်ဟု ကြုံးဝါးခဲ့သော ချင်းဖုန်းဟော်က ယခုမူ ထိုသူ့ကို အသေအလဲ ကာကွယ်ပေးနေသည် မဟုတ်ပါလော။
ဟွမ်ဟောင်သည် ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။ “မုန့်ချင်း၊ မင်း ငါ့အတိတ်ကို ဘယ်လိုသိလဲ ငါမသိပေမဲ့... ထုတ်ပြောရဲမှတော့ ငါ့ဒေါသကို ရင်ဆိုင်ဖို့ ပြင်ထားပေဦး.. ဘယ်အချိန်အထိ ပုန်းနေမှာလဲ။ သတ္တိရှိရင် ထွက်လာပြီး တိုက်စမ်း...”
မုန့်ချင်ကျိုးက သူ၏ တုတ်ကောက်ဖြင့် မြေပြင်ကို အသာအယာ ပုတ်လိုက်ရာ နေရာလွတ် တုန်ခါသွားပြီး မြေထု၏ တုန်ခါမှုက တိတ်ဆိတ်သော မိုးကြိုးသံနှင့်အတူ ပဲ့တင်ထပ်သွားသည်။
“ခင်ဗျားတို့ တိုက်ချင်တယ်ဆိုရင် ကျုပ် ဖြည့်ဆည်းပေးပါ့မယ်...”
“ကျုပ်မှာ တိုက်ခိုက်တာကို ဝါသနာပါတဲ့ တပည့်တစ်ယောက် ရှိတယ်။ သူက အသက်(၂၀)ကျော်ပဲ ရှိသေးတဲ့ ပင်လယ်ဖုံးလွှမ်းနယ်ပယ် နှောင်းပိုင်းက ဓားကျင့်ကြံသူ တစ်ဦးပါ...”
“တကယ်လို့ ခင်ဗျားတို့ထဲက တစ်ယောက်ယောက် သူ့ဓားချက် (၁၀)ချက်ကို ခံနိုင်ရင် ကျုပ်ရဲ့ လည်ပင်းကို အသာလေး အလှီးခံပါ့မယ်။”
ထိုအချိန်မှာပင် မုန့်ချင်ကျိုးက “အသက်တစ်ရှိုက်သုံးပါးသန့်စင်ခြင်း” ဟူသော နတ်ဘုရားအဆင့် စွမ်းအားကို တိတ်တဆိတ် အသုံးပြုလိုက်၏။
ဝိညာဉ်ခွဲ... ထွက်ပေါ်လာစေ။
မုန့်ချင်ကျိုး နူးညံ့စွာ ပြုံးလိုက်ပြီး မေးသည်။ “ဘယ်လိုလဲ... တိုက်ရဲလား။”
ဟွမ်ဟောင် ချက်ချင်းပင် သဘောတူလိုက်၏။ အခြားသော ပါရမီရှင်များမှာလည်း သူတို့ကိုယ်သူတို့ ယုံကြည်မှု အပြည့် ရှိနေကြသည်။
နန်းတွင်းအရာရှိများမှာမူ ဝန်ကြီးမုန့်၏ စကားကို ယုံကြည်ရန် ခက်ခဲနေကြ၏။ ကျင့်စဉ် မရှိသော လူတစ်ယောက်က ပင်လယ်ဖုံးလွှမ်းနယ်ပယ် တပည့်ကို သင်ကြားပေးနိုင်သည်ဟု ဆိုခြင်းမှာ မဖြစ်နိုင်ဟု သူတို့ ထင်မြင်နေကြသည်။
စုချင်ချိုးသည်လည်း စိုးရိမ်တကြီးဖြင့် တိုးတိုးလေး လျှောက်တင်၏။ “အရှင်မ... သူ့မှာ ပင်လယ်ဖုံးလွှမ်း နယ်ပယ် တပည့် မရှိပါဘူး။ ကျွန်မတို့ကပဲ သွားပြီး ဟန်ဆောင်ရမလား...”
တုန်းဖန်လျူလီ ဘာမှမဆိုဘဲ အသံလှိုင်းဖြင့် ပြန်ပြောသည်။ “မြို့တော်ကောင်းကင်ကို အရင်ဆုံး ကြည့်လိုက်ဦး...”
စုချင်ချိုးက ခန်းမအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏ အမူအရာ တောင့်တင်းသွားတော့သည်။ မြို့တော်၏ ကြည်လင်သော ကောင်းကင်ယံ၌ ရှည်လျားသော ဓားပေါင်းသောင်းချီ၍ ပြောင်းပြန် ချိတ်ဆွဲလျက် နန်းတော်ဆီသို့ လမ်းတစ်ခုသဖွယ် ဖြစ်ပေါ်နေ၏။
မျက်နှာဖုံးစွပ်ထားသော ဝတ်စုံနက်နှင့် လူငယ်တစ်ဦးက ထိုဓားလမ်းတစ်လျှောက် တစ်လှမ်းချင်း လျှောက်လှမ်းလာနေ၏။ ထိုသူ၏ အသံမှာ ခန့်ညားလှသည်။
“ကျွန်တော်က ဝန်ကြီးမုန့်ရဲ့ ဒုတိယတပည့် ချန်ယွမ်ပါ။ ပင်လယ်ဖုံးလွှမ်းနယ်ပယ် နှောင်းပိုင်းက ဓားကျင့်ကြံသူ တစ်ဦပေါ့...”
ပြောပြီးသည်နှင့် ထိုလူငယ်က လက်ကို ဝှေ့ယမ်းလိုက်ရာ အချိန်နှင့်နေရာလွတ် ဓားအသိတစ်ခု ဖြစ်ပေါ်လာပြီး ဧကရီထံသို့ အသာအယာ ပို့လွှတ်လိုက်သည်။ ဆံပင်မျှင်ကဲ့သို့ သေးသွယ်သော ထိုဓားအသိစိတ်သည် ဧကရီ၏ လက်ဖဝါးပေါ်သို့ နူးညံ့စွာ ကျရောက်သွား၏။
“မွေးနေ့မှာ ကျန်းမာပါစေ ဧကရီအရှင်မ။ အဆင့်မြင့် နတ်ဘုရားအဆင့် ဓားကျင့်စဉ် နိယာမတစ်ခုကို အရှင်မအတွက် လက်ဆောင်အဖြစ် ဆက်သပါတယ်...” ထိုလူငယ်က ဆိုသည်။
ဧကရီသည် လက်ဖဝါးပေါ်ရှိ ဓားအသိကို ကြည့်ကာ လေညင်းတောင်ကုန်းပေါ်၌ သူ ဒဏ်ရာရခဲ့စဉ်က အခြေအနေကို သတိရသွား၏။
ထိုနေ့က မုန့်ချင်ကျိုးသည်လည်း ထိုနေရာ၌ ရှိနေခဲ့သည် မဟုတ်ပါလား။
ဒါက မင်းရဲ့ ရည်ရွယ်ချက်လား...
တုန်းဖန်လျူလီက အောက်တွင်ရှိသော မုန့်ချင်ကျိုးကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လျက် တွေးတော၍ နေတော့သည်။