အကုန်လာမလား၊ တစ်ယောက်ချင်း လာမလား
Vol. 3 Ch. 36
ခန်းမဆောင်အတွင်းရှိ လူအပေါင်းမှာ မှင်သက်သွားကြပြီး ရွှေပလ္လင်ခန်းမအတွင်းရှိ အရာရှိများမှာလည်း လည်ပင်းညှစ်ခံထားရသည့် ဘဲများကဲ့သို့ တိတ်ဆိတ်သွားကြသည်။ မြို့တော်တစ်ခုလုံးလည်း အုတ်အော် သောင်းနင်း ဖြစ်သွားတော့၏။ လူပေါင်းများစွာ၏ အကြည့်တို့သည် ဝတ်စုံနက်နှင့် ဓားသမား လူငယ်ထံသို့သာ စုပြုံရောက်ရှိနေကြသည်။
မဟာကျင်းသည် သိုင်းပညာကို အလေးထားသည့်တိုင်းပြည် ဖြစ်သည့်အလျောက် အရာရှိများမှစ၍ သာမန်အရပ်သားများအထိ ကျင့်ကြံခြင်းလောကကို နားလည်ကြ၏။ ဝတ်စုံနက်နှင့် လူငယ်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါနှင့် နေရာလွတ်ကို တုန်ခါစေသည့် အချိန်နှင့် နေရာလွတ် ဓားအသိတို့သည် သူ၏ အစွမ်းထက်မှုကို သက်သေပြနေသကဲ့သို့ ရှိသည်။
“ရုပ်ရည်ကို အားကိုးပြီးတော့ ရာထူးတက်လာတယ်လို့ ကောလာဟလ ထွက်နေတဲ့ ဝန်ကြီးမုန့်က တကယ်တော့ ပင်လယ်ဖုံးလွှမ်းမိုးနယ်ပယ်က ဓားကျင့်ကြံသူကို သင်ကြားပေးနိုင်တာလား...”
“ငါတို့ သူ့ကို အထင်သေးမိပြီ။ ဧကရီရဲ့ မျက်နှာသာပေးမှုကို ရထားတဲ့သူက ဘယ်လိုလုပ် သာမန်လူ ဖြစ်နိုင်မှာလဲ...”
“အချိန်နှင့် နေရာလွတ် ဓားအသိတဲ့... ဒါဆို ဒီလူက လေညင်းတောင်ကုန်းမှာ ဧကရီကို ဒဏ်ရာရစေခဲ့တဲ့ အမည်မဲ့ ဓားသူတော်စင်ပေါ့။”
“သေချာတယ်... သူပဲ ဖြစ်ရမယ်။ လောကမှာ နာမည်ကြီးနေတဲ့ အမည်မဲ့ ဓားသူတော်စင်က တကယ်တော့ ဝန်ကြီးမုန့်ရဲ့ ဒုတိယတပည့် ဖြစ်နေတာပဲ။”
မြို့တော်အတွင်းရှိ လူများမှာ ရူးသွပ်မတတ် စိတ်လှုပ်ရှားသွားကြ၏။ ဓားကျင့်ကြံသူ ရာပေါင်းများစွာ ကောင်းကင်သို့ ပျံတက်လျက် သူတို့၏ သက်စောင့်ဓားများဖြင့် ဝတ်စုံနက်လူငယ်အတွက် လမ်းခင်း ပေးကြတော့သည်။ ဓားသူတော်စင်ဟူသော ဘွဲ့ထူးကို ရရှိရန်မှာ ခွန်အားရှိရုံမျှဖြင့် မလုံလောက်ဘဲ ဓားသိုင်းပညာ၌ အလွန်နက်နဲသော နားလည်မှု ရှိရန်လည်း လိုအပ်လှသည်။
ရွှေပလ္လင်ခန်းမအတွင်း၌မူ အရာရှိများမှာ အံ့အားသင့်လျက် ရှိနေကြသည်။ သူတို့သည် ကျင့်ကြံရသူများ ဖြစ်သည့်အလျောက် ရောက်ရှိလာသူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို သာမန် လူများထက် ပို၍ ခံစားနိုင်ကြ၏။ ထိုသူသည် ပင်လယ်ဖုံးလွှမ်း နယ်ပယ်၌သာ ရှိသေးသော်လည်း ပေးစွမ်းသည့် ဖိအားမှာမူ ချင်းဖုန်းဟော်နှင့် မခြားနားလှပေ။
“ဓားသူတော်စင်” တွမ့်ဝူချို၏ ရုပ်ဆိုးသော မျက်နှာမှာ တည်ကြည်သွားပြီး ပြဿနာတက်ပြီဖြစ်ကြောင်း ရိပ်မိလိုက်၏။ ဝမ်ထန်၏ အပြုံးများမှာလည်း ခဲသွားတော့သည်။
“သာမန်လူတစ်ယောက်က ဓားသူတော်စင်ကို သင်ကြားပေးနိုင်တယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ...”
ဝမ်ထန်က မယုံကြည်နိုင်စွာ ရေရွတ်မိ၏။
ပါရမီရှင် လူငယ်ထိပ်သီးများ ဆိုသည်မှာ သူတို့၏ နယ်ပယ်အတွင်း ပြိုင်ဘက်ကင်းများ ဖြစ်ကြသော်လည်း ယခု ရောက်ရှိလာသူမှာမူ သူတို့ထက် မနိမ့်ပါးကြောင်း သိသာလှသည်။ အထူးသဖြင့် ဓားသိုင်းကျောင်းဆောင်မှ ကျန့်ဝမ်ထျန်းမှာ ပါးစပ်အဟောင်းသား ဖြစ်လျက် ငေးမှိုင်နေတော့သည်။
“အချိန်နဲ့နေရာလွတ်ဓားအသိ... ဒါက ဓားအရှင်သခင်တောင် နားမလည်နိုင်တဲ့ အမြင့်ဆုံး အတတ်ပဲ။ ဒီလူက...”
ကျန့်ဝမ်ထျန်း၏ တာအိုစိတ်ဓာတ်မှာ တုန်လှုပ်သွားပြီး စိတ်ထဲ၌ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
“ငါ မယုံဘူး...”
ကျန့်ဝမ်ထျန်းသည် မျက်လုံးကို မှိတ်လိုက်ပြီးနောက် လူတစ်ဦး၏ အရိုးသက်တမ်းကို ကြည့်ရှုနိုင်သည့် စွမ်းအားကို အသုံးပြု၍ ဝတ်စုံနက်လူငယ်ကို စိုက်ကြည့်လိုက်သည်။
“မင်း အသက် ၂၀ပဲ ရှိသေးတယ်ဆိုတာ ငါ မယုံဘူး...”
ခေတ္တမျှ ကြာပြီးနောက် ကျန့်ဝမ်ထျန်း၏ မျက်နှာမှာ ဖြူလျော့သွားပြီး ပါးစပ်မှ သွေးစအချို့ ထွက်လာတော့သည်။
“တကယ်... တကယ် အသက် ၂၀ပဲ ရှိသေးတာလား”
သူက နာကျင်စွာ ရေရွတ်၏။
“ဒီလို မိစ္ဆာမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ...”
ကျန့်ဝမ်ထျန်း၏ မာန်မာနတို့မှာ ဖုန်မှုန့်ကဲ့သို့ ကြေမွသွားရချေပြီ။ သူသည် အသက် ၅၃နှစ် ရှိနေပြီ ဖြစ်သော်လည်း အမြင့်ဆုံး ဓားသိုင်းပညာ၏ အနားသို့ပင် မကပ်နိုင်သေးချေ။
စုချင်ချိုးက မုန့်ချင်ကျိုးကို အားကျကြည်ညိုစွာ ကြည့်လျက် ဧကရီကို တိုးတိုးလေး လျှောက်တင်၏။
“အရှင်မ... ကြင်ရာတော်က တကယ်ကို အစွမ်းထက်တာပဲ၊ စကားတစ်ခွန်းတည်းနဲ့ ဓားသူတော်စင်ကို ခေါ်လိုက်နိုင်တယ်။ လေညင်းတောင်ကုန်းမှာ အရှင်မကို ဒဏ်ရာရစေခဲ့တဲ့သူက ကြင်ရာတော်ရဲ့ တပည့် ဖြစ်နေတာပဲ...”
တုန်းဖန်လျူလီမှာမူ စုချင်ချိုးကို ဘာမှမပြောဘဲ ကြည့်နေမိသည်။
ငါသာ သဘောထားကြီးတဲ့သူ မဟုတ်ရင်... နင့်ရဲ့ ဒီစကားတွေကြောင့်တင် အချက် ၆၀ အရိုက်ခံရပြီး တင်ပါးတွေ ကွဲနေလောက်ပြီ...
သူက စိတ်ထဲမှ တွေးနေမိ၏။ သို့သော် သူလည်း မုန့်ချင်ကျိုးကို စိုက်ကြည့်ရင်း ရေရွတ်မိသည်။
ငါ့ရဲ့ ကြင်ရာတော်ကတော့ ပိုပိုပြီး ထူးခြားလာတာပဲ...
ထိုအချိန်တွင် ဝတ်စုံနက်နှင့် ဓားသူတော်စင်သည် ရွှေပလ္လင်ခန်းမအတွင်းသို့ ဝင်ရောက်လာ၏။
“ကျွန်တော့်နာမည်က ချန်ယွမ်ပါ။ ငယ်ငယ်ကတည်းက အိမ်ကနေ ထွက်လာခဲ့ပြီး ဆရာမုန့်နဲ့ တွေ့ဆုံခဲ့ရလို့သာ အခုလို အခြေအနေကို ရောက်ရှိခဲ့တာပါ။ ဆရာ့ရဲ့ ကျေးဇူးက ကျွန်တော့်အတွက်တော့ ပြန်လည်မွေးဖွားပေးတာနဲ့ အတူတူပါပဲ...”
ချန်ယွမ်သည် အရာရှိများကြားမှ လျှောက်လှမ်းလာရင်း သူ၏အသံမှာ မြို့တော် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။
“အခုတော့... တစ်ယောက်ယောက်က ဆရာမုန့်ကို အနိုင်ကျင့်နေတယ်လို့ ကြားတယ်။ ဒါကို ကျွန်တော် လုံးဝ သည်းမခံနိုင်ဘူး...”
ပြောပြီးသည်နှင့် ချန်ယွမ်ထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာ၏။ သူ၏ ပတ်ဝန်းကျင်ရှိ အရောင်အသွေးများမှာ မှေးမှိန်သွားပြီး အချိန်စီးဆင်းမှုမှာလည်း နှေးကွေး သွားတော့သည်။ သူက မုန့်ချင်ကျိုး၏ ရှေ့၌ ဒူးထောက်ကာ ဂါရဝပြုလိုက်၏။
“တပည့် နောက်ကျသွားပါတယ် ဆရာ… ကျွန်တော့်ကို အပြစ်ပေးပါ...”
မုန့်ချင်ကျိုးက သာယာစွာ ရယ်မောလိုက်ပြီး ပြောသည်။ “မနောက်ကျပါဘူး။ တစ်ယောက်ယောက်က တိုက်ချင်ခိုက်ချင်စိတ် ဖြစ်နေလို့ မင်းကို ခေါ်လိုက်တာပါ...”
ချန်ယွမ် ခေါင်းညိတ်လိုက်ပြီး ဧကရီကိုလည်း အသိအမှတ်ပြုကာ နှုတ်ဆက်လိုက်၏။ ထို့နောက် သူက ပါရမီရှင် လူငယ်(၇)ဦးဘက်သို့ ဖြည်းညှင်းစွာ လှည့်လိုက်တော့သည်။
“အားလုံး ပြိုင်တူလာမလား၊ ဒါမှမဟုတ် တစ်ယောက်ချင်း လာမလား...”
ချန်ယွမ်က ဓားကို ကိုင်လျက် မေးလိုက်၏။
ချင်းဖုန်းဟော်ကမူ ဝမ်းသာအားရဖြင့် မေးလိုက်သည်။
“အဲဒါက ဘာကွာလို့လဲ...”
သူသည် ဤဓားသူတော်စင်ကို မဟာကျင်းအတွက် စည်းရုံးရန် စိတ်အားထက်သန်နေပြီဖြစ်သည်။
ချန်ယွမ်က အေးစက်စွာ ပြုံးလိုက်ပြီးဆို၏။
“ကွာတာပေါ့... တကယ်လို့ အားလုံး ပြိုင်တူ လာမယ်ဆိုရင်တော့ ကျွန်တော်က ဓားတစ်ချက်တည်းနဲ့ အကုန်လုံးကို လဲကျအောင် လုပ်မှာမို့လို့ ခင်ဗျားတို့ အရှက်ကွဲပြီး အသက်ရှင်ဖို့တောင် ခက်ခဲသွားလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လူများတဲ့အခါ ကျွန်တော် လက်မနှေးနိုင်လို့ပဲ...”
“တကယ်လို့ တစ်ယောက်ချင်း လာမယ်ဆိုရင်တော့ တစ်ယောက်ချင်းစီကို ကျွန်တော် လဲကျအောင် လုပ်ပေးမယ်။ အရှက်ကွဲတာ နည်းပေမဲ့ ခံစားရတဲ့ ဒဏ်ရာကတော့ ပိုပြီး နာကျင်လိမ့်မယ်...”