အခြေခံတောင် မသင်ဖူးတဲ့ လူပြိန်းနဲ့ စကားမပြောချင်ဘူး၊ မင်းပြောတာ နားထောင်ဖို့ မတန်ဘူး
Vol. 3 Ch. 38
ဓားအလင်းတန်းသည် မြို့တော်၏ ညကောင်းကင်ယံကို လင်းထိန်သွားစေရာ ကြယ်နှင့် လတို့ပင် မှေးမှိန်သွားရသည်။
တစ်ခဏချင်းအတွင်းမှာပင် စည်ကားလှသော မြို့တော်ကြီးသည် နေ့ခင်းဘက်ကဲ့သို့ လင်းသွားပြီး သန်းနှင့်ချီသော လူများမှာ နန်းတော်ဘက်သို့ အံ့ဩတကြီး မော့ကြည့်နေကြတော့သည်။
တဖြည်းဖြည်းနှင့် လူအချို့က တစ်ခုခု မူမမှန်သည်ကို သတိပြုမိပြီး ထိတ်လန့်တကြား အော်ဟစ်ကြ၏။
“ကောင်းကင်နဲ့ မြေကြီးက ကွဲအက်သွားပြီ...”
ညကောင်းကင်ယံတစ်ခုလုံးသည် လနှင့် ကြယ်ပါမကျန် လွင့်စင်သွားသကဲ့သို့ ရှိနေပြီး ကောင်းကင်နှင့် မြေပြင်ကြားတွင် နက်ရှိုင်းလှသော ကွဲအက်ကြောင်းကြီး တစ်ခု ပေါ်ထွက်လာသည်။
ကောင်းကင်ကြီး ပျောက်ကွယ်သွားလေပြီ။
၎င်းသည် ထာဝရကို ပိုင်းဖြတ်လိုက်သကဲ့သို့ ရှိနေသဖြင့် လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်နေကြရသည်။
စစ်သူကြီးစင်မြင့်အတွင်းရှိ ကမ္ဘာငယ်လေးအတွင်း၌မူ...
ဓားအလင်းတန်းက ကမ္ဘာငယ်လေး၏ အတားအဆီးများကို ဖောက်ထွက်ကာ ရှည်လျားနက်ရှိုင်းသော အက်ကြောင်းကြီးကို ဖန်တီးလိုက်၏။
“အချိန်နဲ့နေရာလွတ် ဓားအသိရဲ့ နေရာလွတ်အပိုင်းက တကယ်ကို နက်နဲတာပဲ။ ချန်ယွမ်ရဲ့ ကျင့်စဉ်က ငါတို့ ထင်ထားတာထက် အများကြီး ပိုမြင့်မားတယ်...” ကျန်းစန်းဟိုင်က လက်နောက်ပစ်လျက် မှတ်ချက်ပေး၏။
“ချန်ယွမ်က တကယ်ပဲ ကောင်းကင်နဲ့ မြေကြီးကို ဓားတစ်ချက်တည်းနဲ့ ခွဲနိုင်တာလား.. ဒါက ပင်လယ်ဖုံးလွှမ်း နယ်ပယ် ကျင့်ကြံသူတစ်ယောက် လုပ်နိုင်တဲ့အရာလား...” တစ်ဦးက မေးသည်။
နံနက်ခင်းအလင်းနယ်ပယ် အစောပိုင်းသာ ရှိသော ကျန်းစန်းဟိုင်က တည်ငြိမ်စွာပင် ပြန်ဖြေ၏။ “မဟုတ်ဘူး... ချန်ယွမ်ရဲ့ ဓားက ကောင်းကင်ကို တကယ် ခွဲလိုက်တာ မဟုတ်ဘူး။ ဒီဒေသရဲ့ နေနရာလွတ် နိယာမတွေကို ဖြတ်တောက်လိုက်တာပဲ...”
တားမြစ်နယ်မြေမှ ဧည့်သည်တစ်ယောက်က ချန်ယွမ်ဓားသူတော်စင်ကို စိုက်ကြည်ပြီး တကိုယ်တည်း ရေရွတ်လိုက်သည်။ “ဒီလူ ဘယ်က ရောက်လာတာလဲ။ အသက်၂၀အရွယ် ဓားသူတော်စင်၊ အချိန်သာ ပေးမယ်ဆိုရင် နံနက်ခင်းအလင်းနယ်ပင်ကို မရောက်ဘူးလို့ မပြောနိုင်ဘူး...”
ရွှေပလ္လင်ခန်းမအတွင်းရှိ ဧကရီ တုန်းဖန်လျူလီသည်လည်း မတ်တတ်ထရပ်ကာ ကောင်းကင်ယံမှ မြင်ကွင်းကို စိုက်ကြည့်နေသည်။
“ချင်ယွမ်ဓားသူတော်စင်ရဲ့ ဓားအသိက အချိန်နိယာမ အပေါ်မှာပဲ အဓိက အခြေခံထားတာလို့ ထင်ခဲ့တာ။ အခုတော့ သူ့ဓားက အချိန်နဲ့နေရာလွတ် နှစ်ခုလုံးရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့ပုံပဲ...”
တုန်းဖန်လျူလီက ခန်းမအတွင်းရှိ မျက်မမြင်တုတ်ကောက်ကို အားပြုထားသည့် ချောမောသော လူငယ်လေး မုန့်ချင်ကျိုးကို ကြည့်ရင်း တွေးနေမိသည်။
ဒီလိုမျိုး ငါနဲ့ ယှဉ်နိုင်လောက်အောင် ထူးခြားတဲ့ ပါရမီ၊ ရှင် သူ့ကို ဘယ်လို ပျိုးထောင်ပေးခဲ့တာလဲ။ ဧကန္တ...
တုန်းဖန်လျူလီ၏ ဇာမဏီမျက်လုံးများ ကျဉ်းမြောင်းသွားပြီး နှလုံးသားက မတည်ငြိမ် ဖြစ်သွား၏။
ရှင်က တကယ်ပဲ ပညာရှိ တစ်ယောက်လား...
အရင်က မုန့်ချင်ကျိုး ဘာပဲလုပ်လုပ် သူ လုံးဝ မယုံကြည်ခဲ့ပေ။
နန်းတွင်းမှတ်တမ်းများအရ ပညာရှိ ဆိုသည်မှာ ကောင်းကင်တာအို၏ လူဝင်စားဖြစ်ပြီး လူအများကို အသိပညာများ၊ သင်ကြားမှုများ ဖြန့်ကျက်ပေးရသည်။
ပညာရှိက ကျင့်စဉ်ရှိရန် မလိုသော်လည်း သူ၏ အပြုအမူတိုင်းမှာ ကောင်းကင်တာအို၏ နိယာမများ ပါဝင်နေတတ်သည်။ မည်သူက ကောင်းကင်တာအို၏ ရိုက်ချက်ကို ခံနိုင်မည်နည်း။
ပညာရှိ ကွယ်လွန်ပြီးနောက် နောက်ထပ် ပညာရှိတစ်ဦး ထပ်မံ ပေါ်ထွက်လာရန် မဖြစ်နိုင်ဟု သူ သိထားခဲ့သော်လည်း ယခုတွင်မူ...
ဟွမ်ဟောင်က သူဆင့်ခေါ်ထားသော နတ်ဘုရားသတ္တဝါ လေးပါး အပိုင်းပိုင်းအ ဖြစ်သွားသည်ကို ကြည့်ကာ မျက်လုံးပြူးနေ၏။
“နတ်ဘုရားသတ္တဝါ လေးပါးက တစ်ခေတ်တစ်ခါက လောကကို စိုးမိုးခဲ့တာ မှန်ပါတယ်။ သူတို့ရဲ့ အနှစ်သာရ တစ်ပိုင်းတစ်စကို ဆင့်ခေါ်တာတောင် ခင်ဗျားအတွက် ပြိုင်ဘက်ကင်း လမ်းကြောင်းတစ်ခု ခင်းပေးနိုင်ဖို့ လုံလောက်တယ်။ ဒါပေမဲ့ မင်းကတော့ ပုရွက်ဆိတ်တစ်ကောင်ပဲ။ ပုရွက်ဆိတ်က ဘယ်လိုလုပ် နတ်ဘုရားတွေကို ဆင့်ခေါ်နိုင်မှာလဲ...”
ချန်ယွမ်၏ဓားက ထက်သလို သူ့လျှာကလည်း ထက်၏။ နတ်ဘုရား သတ္တဝါ လေးပါးကို တစ်ချက်တည်း ဖျက်ဆီးပစ်ပြီးနောက် စကားနှင့် တိုက်ခိုက်ကာ ဟွမ်ဟောင်၏ တာအိုနှလုံးသားကို တိုက်ခိုက်သည်။
“ငါက ရွှေရောင်ပုရွက်ဆိတ် မျိုးနွယ်စုပဲ.. ငါတို့က ရှေးခေတ်တုန်းက နဂါးတွေနဲ့တောင် တိုက်ခိုက်ခဲ့တာ၊ ငါ့ရဲ့ ဆင့်ခေါ်မှုကို ခံရတာ သူတို့အတွက် ဂုဏ်ယူစရာပဲ...” ဟွမ်ဟောင်က ထိတ်လန့်ပြီး ဒေါသထွက် သွားသော်လည်း တာအိုနှလုံးသားက တည်ငြိမ်နေခဲ့သည်။
ထိုသို့ပြောပြီးနောက်...
ဇွတ်...
ချက်ချင်းပင် ဟွမ်ဟောင်သည် လူသားပုံသဏ္ဌာန်ကို စွန့်ပယ်ကာ ခန္ဓာကိုယ်ကြီးမှာ မီတာများစွာ မြင့်မားလာပြီး တစ်ကိုယ်လုံး ရွှေရောင်တောက်နေသည့် ထိတ်လန့်ဖွယ်ရာ ရွှေရောင်ပုရွက်ဆိတ်ကြီး အဖြစ် ပြောင်းလဲသွားတော့သည်။
လှုပ်ရှားမှုတိုင်းက နေရာလွတ်ကို တုန်ခါသွားစေပြီး သူ၏ တိုက်ပွဲစွမ်းအား တဟုန်ထိုး တက်သွားကာ ပရိသတ်အများအပြားကို ပင့်သက်ရှိုက်လိုက်မိစေသည်။
ကောင်းကင်ရွှေရောင်ပုရွက်ဆိတ်...
“ထပ်တိုက်မယ်...”
ဟွမ်ဟောင်က ဟိန်းဟောက်ကာ ချန်ယွမ်၏ ရှေ့သို့ ဖျတ်ခနဲ ရောက်ရှိလာပြီး လက်သီးဖြင့် ထိုးနှက်လိုက်၏။
ချင်းဖုန်းဟော်မှာ ရင်တမထိတ်ထိတ်ဖြင့် ကြည့်နေမိပြီး အချိန်မရွေး ဝင်ပါရန် အသင့် ဖြစ်နေသည်။
ချန်ယွမ်၏ ဘေးကင်းရေးက ဒုတိယက ဖြစ်သည်။ သူက ဧကရီ ကြင်ရာတော်ကို ထိခိုက်စေ၍ လုံးဝ မဖြစ်ပေ။
ယခင်က မုန့်ချင်ကျိုး အလောင်းအစား တစ်ခု လုပ်ခဲ့သည်။ ချန်ယွမ်ရှုံးလျှင် သူသေမည် ဖြစ်သည်။
“ရွှေရောင်ပုရွက်ဆိတ်တွေက သူတို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ ပြိုင်ဘက်ကင်းတယ်လို့ သိကြတယ်။ သူတို့ရဲ့ ပင်လယ်ဖုံးလွှမ်းနယ်ပယ် ခန္ဓာက လရောင်ထွန်းလင်းနယ်ပယ် လူသားကျင့်ကြံသူတွေကို သတ်ပစ်နိုင်တယ်...” ချင်းဖုန်းဟော်က တကိုယ်တည်း ရေရွတ်လိုက်သည်။
အနီးအနားမှ ဓားကိုင်ရင်း ရပ်နေသော လင်းလုက နားရွက်များ တွန့်သွားပြီး အံ့အားသင့်သွား၏။
တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီးက ဟွမ်ဟောင်ကို ဒီလောက်တောင် မြင့်မြင့်မှန်းထားတာလား။
“ဒါဆို ချန်ယွမ်က အန္တရာယ် မရှိနေဘူးလား...” လင်းလုက စိုးရိမ်လျက် မေးလိုက်သည်။
ချင်းဖုန်းဟော် ခေါင်းညိတ်လိုက်ပြီး တစ်ခုခု ပြောတော့မည့်အချိန်တွင် သနားစရာကောင်းသော အော်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။
လူတိုင်းက ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
ချန်ယွမ်သည် ဓားကို အသာအယာ ဝှေ့ယမ်းလိုက်ရာ လေပြေပင် မတိုက်သော်လည်း ဟွမ်ဟောင်၏ လက်မောင်းကြီးမှာ ရုတ်တရက် ဖောင်းကားလာပြီး ပေါက်ကွဲထွက်သွားတော့သည်။
သွေး၊ အသားနှင့် အရိုးများမှာ လေထဲ၌ လွင့်စင်သွားပြီး တစ်ခုနှင့်တစ်ခု ဝေးကွာသွားကြသည်။
“ဒါ... ဒါက ဘယ်လို အစွမ်းလဲ... ငါ့လက်မောင်းက ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။ ငါတို့ ရွှေရောင် ပုရွက်ဆိတ်တွေရဲ့ ခန္ဓာကိုယ်က မွေးကတည်းက မြင့်မြတ်တာ။ ဘယ်လိုလုပ်ပြီးတော့...”
ဟွမ်ဟောင်က နာကျင်စွာ အော်ဟစ်၏။
ချန်ယွမ်ကမူ ဓားကို အေးအေးလူလူ ဓားအိမ်ထဲ ပြန်ထည့်ရင်း ဆိုသည်။ “ဒါက နေရာလွတ် ဓားအသိပဲ။”
“ဒီလောကမှာ နေရာလွတ်ဆိုတာ နေရာတိုင်းမှာ ရှိတယ်။ ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာလည်း ရှိတာပဲ။ ကျွန်တော့်ရဲ့ ဓားအသိက ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေကြား၊ သွေးကြောလေးတွေကြားမှာရှိတဲ့ သေးငယ်တဲ့ နေ၇ာလွတ်လေးတွေကို ချဲ့ပစ်လိုက်တာပဲ။ အဲဒီတော့ ခင်ဗျားရဲ့ ခန္ဓာကိုယ်က ဒါကို မခံနိုင်ဘဲ ပေါက်ကွဲထွက်သွားတာပေါ့...”
ချန်ယွမ်က သက်ပြင်းတစ်ချက်ချကာ ဆက်ပြော၏။ “ကျုပ်ကလည်း အားနေတာပဲ.. အခြေခံတောင် မအောင်ဖူးတဲ့ လူပြိန်းကို ဒါတွေ ရှင်းပြနေမိတယ်...”
အတိုချုပ်ပြောရလျှင် မုန့်ချင်ကျိုး၏ ဓားအသိက ခန္ဓာကိုယ်အတွင်းရှိ အမှုန်အမွှားများ အကြားမှ နေရာလွတ်များကို ချဲ့ပစ်လိုက်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဆဲလ်များ အကြားမှ ကွက်လပ်များပင်။ ဆံချည်မျှင်သွေးကြောများကဲ့သို့ နေရာသေးသေးလေးများကို လက်မောင်းတစ်ခုအထိ ကြီးလိုက်မည် ဆိုလျှင် ခန္ဓာကိုယ်က လိုက်လျောညီထွေနိုင်တော့မည် မဟုတ်ပေ။
“အချိန်နဲ့နေရာလွတ် ဓားအသိရဲ့ ဆန်းကြယ်မှုတွေက ဒါတွေတင် မကဘူး...”
ချန်ယွမ်က ရယ်လိုက်သည်။ “အခု ကျုပ် ခင်ဗျားကို တစ်ခုချင်း စမ်းသပ်ပြမယ်...”
ဟွမ်ဟောင်၏ မျက်လုံးများ ကျုံ့သွားပြီး မသိသောအရာအပေါ် ကြောက်စိတ်များက စိတ်ကို လွှမ်းမိုးသွား၏။
သူက ချန်ယွမ်ဓားသူတော်စင် ပြောနေသည့်အရာကို နားမလည်နိုင်ပေ။ မသိသောအရာက ကြောက်စရာ အကောင်းဆုံးပင်။
“ငါ ဆက်ပြီး မတိုက်ချင်တော့ဘူး...” ဟွမ်ဟောင်က အညံ့ခံရန်အတွက် ပါးစပ်ဟရန် ပြင်လိုက်သည်။
သူ့ပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့် ဟွမ်ဟောင်က စကားမပြောနိုင်တော့ကြောင်း တွေ့လိုက်ရသည်။ သူ့ပါးစပ်ကို ထိကြည့်လိုက်ရာ...
မရှိတော့ပေ။
၎င်းက အလင်းအမှုန်အဖြစ် ပြောင်းလဲပြီး လွင့်စင်သွားခဲ့သည်။
“သက်ရှိအားလုံးကို ဒြပ်နဲ့ လုပ်ထားတာ။ ကျုပ်ရဲ့ နေရာလွတ် ဓားအသိက ဒြပ်ကို လွတ်လပ်အောင် လုပ်ပေးနိုင်တယ်။” ချန်ယွမ်ဓားသူတော်စင်က ပြောလိုက်သည်။
အညံ့ခံချင်နေတာလား။
စိတ်မကောင်းပါဘူး... နောက်ကျသွားပြီ...
ဟွမ်ဟောင်၏မျက်လုံးမှ မျက်ရည်တစ်စက် ကျလာ၏။ ထိုအခိုက်အတန့်တွင် သူ နားလည်သွားခဲ့လေပြီ။
ဝတ်ရုံနက်နှင့် မျက်နှာဖုံး ဝတ်ထားသော လူငယ်လေးက သူ ယှဉ်နိုင်သောသူ မဟုတ်ပေ။ ထိုသူက လုံးဝကို မိစ္ဆာတစ်ကောင်ပင်။
“ခင်ဗျားက စဉ်းစားတတ်သေးတာပဲ။ မဟုတ်သေးဘူး...” ချင်ယွမ်ဓားသူတော်စင်က တိုးတိုးလေး ရေရွတ်ပြီး ဟွမ်ဟောင်ကို လက်ညှိုးဖြင့် ထိုးလိုက်သည်။
ဓားအသိစိတ်င ဟွမ်ဟောင်၏ ဦးနှောက် တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးပစ်လိုက်၏။ တစ်ချိန်က ပါရမီရှင်ဟု ကျော်ကြားခဲ့သော ဟွမ်ဟောင်က ယခုမူ သွားရည်တမြောက်မြောက်နှင့် ရူးကြောင်ကြောင် ရယ်မောနေသည့် အရူးတစ်ယောက် ဖြစ်သွားရချေပြီ။
“ငါ့ကို... အမြန်... သတ်ပေးပါ...” ဟွမ်ဟောင်က နောက်ဆုံး ကျန်ရှိသော အသိစိတ်ဖြင့် တောင်းပန်ရှာသည်။
လူငယ်အုပ်စိုးရှင် တစ်ယောက်အနေဖြင့် သူ့တွင် မာနရှိသည်။
အရှက်ကွဲခံမည့်အစား သေလိုက်သည်က ပိုကောင်း၏။
“အင်းလေ... ကျုပ်လို ချောမောပြီး ကြင်နာတတ်တဲ့သူက ခင်ဗျားရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့...”
ချန်ယွမ်က ဓားဖြင့် တစ်ချက် ထိုးနှက်လိုက်ရာ အရိုးခေါင်းကို ဖောက်သွားပြီး အဝါနှင့် အဖြူများ စီးကျလာခဲ့သည်။
နယ်ပယ်အတူတူပင် ပြိုင်ဘက်ကင်းဟု ကျော်ကြားသော ရွှေရောင်ပုရွက်ဆိတ်က ထိုကဲ့သို့ပင် လဲကျ သေဆုံးသွားပြီး မျက်နှာပေါ်၌ မသေခင် စိတ်သက်သာရာရသော အပြုံးတစ်ခု ကျန်ရစ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင်...
ရွှေပလ္လင်ခန်းမအတွင်းရှိ ဧကရီတုန်းဖန်လျူလီသည် ရှေ့သို့ ကိုင်းလျက် ချန်ယွမ်ကို စိုက်ကြည့်ကာ စုချင်ချိုးကို မေး၏။
“ဒီချန်ယွမ်ဆိုတဲ့လူက တစ်နေရာရာမှာ ရင်းနှီးနေသလိုပဲလို့ နင် မထင်ဘူးလား...”
“သူ့ရဲ့ စကားပြောပုံ၊ သူသုံးတဲ့ ဆန်းကြယ်တဲ့ စကားလုံးတွေနဲ့ သူ့ရဲ့ တည်ငြိမ်တဲ့ အမူအရာတွေက...”
စုချင်ချိုးက မျက်တောင်လေး ခတ်ကာ ဧကရီကို ခိုးကြည့်လိုက်မိသည်။
အရှင်မရယ်... ဘယ်တော့မှ အိမ်ထောင်မပြုဘူး၊ ယောက်ျားတွေနဲ့ မပတ်သက်ဘူးလို့ ကြွေးကြော် ခဲ့ပြီးတော့ အခုကျမှ ယောက်ျားတစ်ယောက် အကြောင်းကို အခုလောက်အထိ အသေးစိတ် သိနေရတာလား...
အရှင်မတော့ သွားပြီ...
အချစ်နွံထဲ နစ်နေပြီ...
“ဖြေလေ...” တုန်းဖန်လျူလီက မျက်လုံးကို စုချင်ချိုးထံ လှည့်လိုက်ပြီး အချိန်အတော်ကြာ မတုံ့ပြန်ဘဲ မိမိကို ခိုးခိုးကြည့်နေသည့်အတွက် သိချင်စိတ်ဖြင့် မေးလိုက်သည်။
စုချင်ချိုးက အလျင်အမြန်ပင် ပြန်ဖြေသည်။ “အဟမ်း... ကျွန်မလည်း အဲဒီလိုပဲ ထင်ပါတယ်။ ကြင်ရာတော်က သူ့ကို ငယ်ငယ်ကတည်းက သင်ပေးခဲ့တာဆိုတော့ အကျင့်စရိုက်တွေ တူနေတာ ဖြစ်မှာပါ...”
တုန်းဖန်လျူလီကမူ အတွေးနက်နေပြီး တိုးတိုးလေး ရေရွတ်မိသည်။ “အဲဒီလိုလား...”
“သူတို့က လူတစ်ယောက်တည်း ဖြစ်နေသလိုပဲ...”
စုချင်ချိုးက မေးလိုက်သည်။ “ဘာလို့ အရှင်မ အဲဒီလို ထင်တာလဲ။ ဒါပေမဲ့ ကြင်ရာတော်မှာ ကျင့်စဉ်မှ မရှိတာ။ အရှင်မကိုယ်တိုင်လည်း အကြိမ်ကြိမ် စမ်းသပ်ခဲ့တာပဲ မဟုတ်လား။ မဟုတ်ရင် သူ့ကို ကြင်ရာတော် လုပ်ခဲ့မှာ မဟုတ်ဘူးလေ။”
တုန်းဖန်လျူလီ ဘာမှ ပြန်မပြောနိုင်တော့ပေ။
မမေးနဲ့။ ဒါက မိန်းမသားတွေရဲ့ အလိုလိုသိစိတ်ပဲ...