ငါတို့အားလုံး ဝန်ကြီးမုန့်ကို အထင်လွဲခဲ့ကြတာပဲ
Vol. 3 Ch. 39
ဝတ်စုံနက်နှင့် ဓားသူတော်စင် ချန်ယွမ်က ရွှေရောင်သွေးများ စိုရွှဲနေသော သုံးပေအရှည်ရှိ ဓားကို ကိုင်ဆောင်လျက် စစ်သူကြီးစင်မြင့်ထက်မှ ဆင်းသက်လာ၏။ သူ၏ အကြည့်တို့သည် အေးစက်နေပြီး ကျန်ရှိနေသော ပါရမီရှင် (၆)ဦးဘက်သို့ ဓားဖြင့် ညွှန်ပြလိုက်သည်။
“နောက်ထပ် ဘယ်သူလာမလဲ...”
ချက်ချင်းပင် ထောင်ပေါင်းများစွာသော ပရိသတ်ကြီးမှာ တိတ်ဆိတ်သွားပြီး မျက်နှာများ ဖြူဖျော့ သွားကြ၏။ ဟွမ်ဟောင်၏ ရှုံးနိမ့်မှုမှာ ရုတ်တရက် ဆန်လွန်းလှသည်။ တစ်ခဏချင်းအတွင်းမှာပင် ရွှေရောင်ပုရွက်ဆိတ်ကြီးမှာ သေဆုံးသွားခဲ့ရပြီ မဟုတ်ပါလား။
ပါရမီရှင် ခြောက်ဦးမှာလည်း ဆွံ့အလျက် ရှိနေကြ၏။
“အချိန်နဲ့နေရာလွတ် ဓားအသိကို ကျွမ်းကျင်ပိုင်နိုင်ပြီး နတ်ဘုရားအဆင့် ဓားအသိစိတ်ရဲ့ တံခါးဝကို ရောက်နေပြီ... မဟုတ်ဘူး၊ ဒါက နတ်ဘုရားအဆင့် ဓားအသိပဲ...”
ကျန့်ဝမ်ထျန်၏ နှုတ်ခမ်းများမှာ သွေးဆုတ်သွားပြီး ခြေလှမ်းအနည်းငယ် ယိုင်သွား၏။ သူ၏ ဓားသိုင်း မာနတို့မှာ ရိုက်ချိုးခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ကြောက်ရွံ့စိတ်များ ဝင်ရောက်လာတော့သည်။
ဝမ်ထန်၏ မျက်နှာမှာလည်း မည်းမှောင်သွား၏။
“အသက် ၂၀ အရွယ် ဓားသူတော်စင် တစ်ယောက်က ဒီလို အဆင့်မျိုး ရောက်နေပြီဆိုတော့... ဒီကောင်က အမိဝမ်းထဲကတည်းက စပြီး ကျင့်ကြံခဲ့တာလား...”
အသက် ၂၀အရွယ် ပင်လယ်ဖုံးလွှမ်းနယ်ပယ် ဓားသူတော်စင် ဆိုသည်မှာ ကျင့်ကြံသူလောက၏ သတ်မှတ်ချက်အရ ကလေး အရွယ်သာ ရှိသေးသည်ဟု ဆိုရမည်။ သို့သော် ချန်ယွမ်၏ စွမ်းရည်မှာမူ သာမန်မဟုတ်ကြောင်း လက်တွေ့ပြသခဲ့လေပြီ။
“မင်းလို မိစ္ဆာမျိုးကို သာမန်လူတစ်ယောက်က သင်ပေးနိုင်တယ်ဆိုတာ ငါ မယုံဘူး...”
ဝမ်ထန်က အံကြိတ်ကာ ပြောလိုက်သည်။
နန်းတွင်းအရာရှိများလည်း တီးတိုး ဆွေးနွေးနေကြသည်။
“ဝန်ကြီးမုန့်မှာ ကျင့်စဉ်မှ မရှိတာ။ သူက ဘယ်လိုလုပ် သင်ပေးနိုင်မှာလဲ...”
“သူက တခြားလူကို အကူအညီတောင်းပြီး တပည့်အဖြစ် ဟန်ဆောင်ခိုင်းတာများလား။”
“ဧကရီကိုတောင် မြှူဆွယ်နိုင်တဲ့သူပဲ... ဘာမဆို လုပ်နိုင်မှာပေါ့။”
ထိုအချိန်တွင် ချင်းဖုန်းဟော်သည် ရယ်မောလျက် ရှေ့သို့ ထွက်လာ၏။
“ဝမ်ထန်... မင်း ဝန်ကြီးမုန့်ကို လျှော့တွက်နေတာပဲ.. သူ့မှာ ကျင့်စဉ်မရှိပေမဲ့ ကျင့်ကြံခြင်းလောက အကြောင်း၊ နတ်ဘုရား စွမ်းအားတွေအကြောင်းနဲ့ လောကရဲ့ လျို့ဝှက်ချက်တွေကို သူ ကောင်းကောင်း နားလည်တယ်...”
ချင်းဖုန်းဟော်သည် မုန့်ချင်သည် မုန့်ချင်ကျိုး ဖြစ်ကြောင်း သိပြီးကတည်းက သဘောထား ပြောင်းလဲ၍ သွားခဲ့ပြီ ဖြစ်သည်။ ပညာရှိ တစ်ယောက်အနေဖြင့် ထူးခြားသော အရည်အချင်းများ ရှိနေခြင်းမှာ အဆန်း မဟုတ်ပေ။
“ဟွန်း... ရုပ်ရည်ကို အားကိုးပြီး တက်လာတဲ့ လူယောက်ျားတစ်ယောက်မှာ ဘာစွမ်းရည် ရှိမှာမို့လို့လဲ...”
ဝမ်ထန်က လှောင်ပြောင်၏။
ချင်းဖုန်းဟော်က လျို့ဝှက်နက်နဲသော အပြုံးဖြင့် ပြုံးလိုက်ပြီး စကားစလိုက်တော့သည်။ ဤမြင်ကွင်းကို ကြည့်ရင်း ကျန်းစန်းဟိုင်၏ ရင်ထဲတွင် စိုးရိမ်စိတ်များ ဝင်ရောက်လာသော်လည်း တားချိန်မရတော့ပေ။
“မင်းတို့ မသိကြပါဘူး... ဝန်ကြီးမုန့်က အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို နားလည်ပြီး အချိန်မြစ်ကို စီးမိုးကြည့်ရှုနိုင်သူပဲ...”
“မကြာသေးခင်က မဟာကျင်းမှာ ဓားပြတွေ ပေါ်လာတုန်းက ဝန်ကြီးမုန့်ရဲ့ အကြံဉာဏ်ကြောင့် အမြန် နှိမ်နင်းနိုင်ခဲ့တယ်။ အနောက်မြောက် ရှုဒေသက ကျောက်ယွီဟွမ်ရဲ့ ပုန်ကန်မှုကိုလည်း ဝန်ကြီးမုန့်က ကြိုသိပြီး အစီအစဉ်တွေ အားလုံးကို ဖော်ထုတ်နိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ကျောက်ယွီဟွမ် စေလွှတ်လိုက်တဲ့ လုပ်ကြံသူတွေကိုလည်း ဝန်ကြီးမုန့်နဲ့ ချန်ယွမ်တို့က အချိန်မီ ရှင်းလင်းနိုင်ခဲ့တယ်...”
“ဝန်ကြီးမုန့်က နန်းရင်းဝန်ကို လုပ်ကြံမှုကနေ ကယ်တင်ခဲ့သလို ဧကရီရဲ့ ရောဂါကိုလည်း ကုသပေးခဲ့တယ်။ ပြီးတော့ ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ကို စကားနည်းနည်းလေး ပြောရုံနဲ့ တိမ်တက်နယ်ပယ်ကို ရောက်အောင် ကူညီပေးခဲ့သေးတယ်...”
ချင်းဖုန်းဟော်က ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်၏။
“ကဲ... ပြောစမ်းပါဦး၊ ဝန်ကြီးမုန့်က ဓားသူတော်စင် ချန်ယွမ်ရဲ့ ဆရာဖြစ်ဖို့ အရည်အချင်း မရှိဘူးလား။”
ထိုစကားများအဆုံးတွင် လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ ဖြစ်သွားသည်။ နန်းတွင်း အရာရှိများ၏ တီးတိုးပြောဆိုသံများလည်း ရပ်တန့်သွားကြသည်။
“စစ်သူကြီးချင်းက သဘောထား ခိုင်မာသူတစ်ယောက်လေ။ ဝန်ကြီးမုန့်သာ တကယ် အရည်အချင်း မရှိရင် သူက ဘယ်တော့မှ အခုလို ထောက်ခံမှာ မဟုတ်ဘူး။ ဒါဆို... မဟာကျင်းကို နောက်ကွယ်ကနေ ကာကွယ်လမ်းပြပေးနေတာ ဝန်ကြီးမုန့်ပေါ့...”
“ငါတို့ ဝန်ကြီးမုန့်ကို အထင်လွဲခဲ့ကြတာပဲ... ငါတို့ သေသင့်တယ်။”
“ဧကရီက ဘာလို့ ဝန်ကြီးမုန့်ကို ဒီလောက် ကာကွယ်ပေးနေလဲဆိုတာ အခုမှ နားလည်တော့တယ်။ ဒီလို ကုသိုလ်မျိုးတွေနဲ့ဆိုရင် ဒုဝန်ကြီးရာထူးတောင် နည်းလွန်းနေပါသေးတယ်...”
“ငါတို့ကို အချစ်ဆုံးလူ တစ်ယောက်ကို ငါတို့က စော်ကားမိခဲ့ကြပြီ။ သစ္စာဖောက်လို့ ထင်ခဲ့ပေမဲ့ တကယ်တော့ သစ္စာအရှိဆုံးလူ ဖြစ်နေတာပဲ။ ဝန်ကြီးမုန့်... ကျွန်တော်တို့ကို ခွင့်လွှတ်ပါ။”
“ဝန်ကြီးမုန့်က ဘာလို့ ဘယ်တော့မှ မရှင်းပြခဲ့တာလဲ… နိုင်ငံနဲ့ လူမျိုးအတွက် မမောမပန်း လုပ်ဆောင် ပေးနေပေမဲ့ ပြည်သူတွေရဲ့ အထင်အမြင်သေးမှုကို ခံပြီးတော့ အမှောင်ထဲမှာ တစ်ယောက်တည်း လျှောက်လှမ်းနေခဲ့တာ... ဝန်ကြီးမုန့်ရဲ့ စိတ်ဓာတ်က တကယ်ကို လေးစားစရာပါပဲ။”
“ငါတို့က တိရစ္ဆာန်ထက်တောင် ဆိုးနေပြီ။ လူလို့ ခေါ်ဖို့တောင် မထိုက်တန်တော့ဘူး။”
“ဝန်ကြီးမုန့်အတွက် ဘုရားကျောင်း ဆောက်ပြီး နေ့တိုင်း ဆုတောင်းပေးမယ်...”
နန်းတွင်းအရာရှိများနှင့် ပြည်သူများမှာ မျက်ရည်များ ဝဲလျက် နောင်တရနေကြ၏။ ဝန်ကြီးမုန့်၏ ဂုဏ်သတင်းသည် တစ်ခဏအတွင်း ပြောင်းလဲသွားတော့သည်။
အချို့က မယုံကြည်နိုင်သေးဘဲ ကျန်းစန်းဟိုင်ကို မေးမြန်းကြသည်။
“နန်းရင်းဝန်... စစ်သူကြီးချင်း ပြောတာတွေက အမှန်ပဲလား...”
ကျန်းစန်းဟိုင်မှာ ခေါင်းကိုက်သွားရ၏။ သူ ချင်းဖုန်းဟော်ကို မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။
ဒီအဘိုးကြီးကတော့ ပါးစပ်ဖွာလိုက်တာ...
သူ ထိုသို့ တွေးနေမိသော်လည်း ငြင်းဆို၍ မရတော့ပေ။ ငြင်းဆိုလိုက်လျှင် ဧကရီ၏ ကြင်ရာတော် ဂုဏ်သိက္ခာ ကျဆင်းသွားပေလိမ့်မည်။
ကျန်းစန်းဟိုင်သည် သက်ပြင်းချကာ ခေါင်းညိတ်လိုက်၏။
“ချင်းဖုန်းဟော် ပြောတာ မမှားပါဘူး... အားလုံး အမှန်တွေချည်းပဲ။”
“ဟေး...”
ဝန်ကြီးချုပ်ကြီးကပါ ဝန်ခံလိုက်ပြီ ဖြစ်သောကြောင့် အားလုံး အတည်ပြုလိုက်ကြတော့သည်။ မဟာကျင်းအတွက် အမှောင်ထဲတွင် တစ်ကိုယ်တည်း လမ်းပြပေးနေသူမှာ ဝန်ကြီးမုန့်ပင် ဖြစ်တော့သည်။
ချင်းဖုန်းဟော်သည် ခါးထောက်လျက် ဝမ်ထန်ကို မျက်ခုံးပင့်ပြလိုက်၏။ သူသည် မုန့်ချင်ကျိုး၏ ဂုဏ်သိက္ခာကို ပြန်ဆယ်ပေးနိုင်ခဲ့ပြီဟု ယူဆကာ ကျေနပ်နေသည်။
သို့သော်... တိတ်ဆိတ်စွာ နားထောင်နေသော မုန့်ချင်ကျိုးမှာမူ ကြောင်အလျက် ရှိနေ၏။
ဟမ်...
ငါက အဲဒီလောက်တောင် တော်တာလား… ငါ အဲဒီလောက် တော်နေရင်တောင် ဘာလို့ ငါ့ဘာသာငါ နောက်ဆုံးမှ သိရတာလဲ...
မုန့်ချင်ကျိုးက လောကကြီး၏ မုန်းတီးမှုများကို ခံစားလိုက်ရသကဲ့သို့ ဖြစ်သွား၏။
အဘိုးကြီးချင်း... ကျုပ် ခင်ဗျားကို ဘာလုပ်မိလို့လဲ။ အရင်တုန်းကလည်း ကျုပ်ကို လူတွေ မုန်းအောင် လုပ်တယ်။ အခုလည်း ငါ့ကို မီးမောင်းထိုးပြပြန်ပြီ...
“အဘိုးကြီးချင်း.. ကျုပ် ခင်ဗျားကို စိန်ခေါ်တယ်...”
ချန်ယွမ် ရုတ်တရက် လှည့်ကာ ချင်းဖုန်းဟော်ကို ဓားဖြင့် ညွှန်ပြလိုက်၏။ သူ၏ စကားသံများတွင် ပင်လယ်ကိုပင် လောင်ကျွမ်းစေနိုင်သော ဒေါသများ ပါဝင်နေသည်။
Xxxတဲ့မှ... ခင်ဗျားက ကျုပ်ကို အေးအေးဆေးဆေး နေခွင့်မပေးမှတော့ ကျုပ် ခင်ဗျားကို အရင်ဆုံး ခုတ်ပိုင်းပစ်မယ်...