← Chapters

သားလေး ဝမ်ထန်က ဧကရာဇ်တစ်ပါးရဲ့ အရှိန်အဝါမျိုး ရှိတာပဲ

Vol. 3 Ch. 40

သားလေး ဝမ်ထန်က ဧကရာဇ်တစ်ပါးရဲ့ အရှိန်အဝါမျိုး ရှိတာပဲ

Vol. 3 Ch. 40

ချင်းဖုန်းဟော် - “...”

“မင်းရဲ့ဆရာ နာမည်ဂုကို ငါက ဆယ်ပေးနေတာတောင် တပည့်ဖြစ်တဲ့ မင်းက မကျေနပ်သေးဘူးလား...”

မုန့်ချင်ကျိုးတစ်ယောက် ဒေါသထွက်လွန်း၍ အခိုးအငွေ့များပင် ထွက်လာတော့မည့်အတိုင်း ရှိနေ၏။

ဒီငတုံးကတော့... ဒါကိုများ ကျုပ်ကို ကူညီတယ်လို့ ခေါ်သလား။ ခင်ဗျား ကျုပ်ကို ဒုက္ခပေးနေတာဗျ...

တောအုပ်ထဲမှာ အမြင့်ဆုံးထွက်နေတဲ့ သစ်ပင်က လေဒဏ်ကို အရင်ဆုံး ခံရတယ်ဆိုတဲ့ သဘောတရားကို နားမလည်ဘူးလာ။ ဇာတ်ပို့တွေ ဘာလို့ အသေမြန်လဲ သိလား။ ဘာလို့လဲဆိုတော့ အရမ်း ထူးချွန် နေလို့လေ။ ပြီးတော့ စွမ်းအားလွန်နေတဲ့ ဇာတ်လိုက်က ခေါင်းကို နင်းပြီး နာမည်ကြီးအောင် လုပ်ရမှာမို့လို့ပဲ...

“အဟမ်း... ကျုပ်ကတော့ အဲဒီလို ကြီးကျယ်တဲ့ ကိစ္စတွေ လုပ်ခဲ့တာ မမှတ်မိပါဘူး။ ခင်ဗျား မှားနေပြီ ထင်တယ်...” မုန့်ချင်ကျိုးက ချောင်းတစ်ချက်ဟန့်ပြီး ပြောလိုက်သည်။

“ကျုပ်က နေ့တိုင်း ခွေးနဲ့လမ်းလျှောက်ထွက်တယ်၊ ပန်းပင်ရေလောင်းတယ်၊ လက်ဖက်ရည် သောက်တယ်။ ဘယ်အချိန်မှာများ ဓားပြတွေကို နှိမ်နင်းပြီး ကျောက်ယွီဟွမ်ကို ဉာဏ်ကစားရမှာလဲ...”

“ပြီးတော့ ကျုပ်က သာမန်အရပ်သားပါ၊ ကျင့်ကြံခြင်းအကြောင်း ဘာမှ နားမလည်ပါဘူး။ ကျုပ်က တစ်ယောက်ယောက်ကို ကျင့်စဉ်အောင်မြင်အောင် ကူညီပေးတယ်ဆိုတာ ယုတ္တိမရှိတဲ့ စကားတွေပါ...”

မုန့်ချင်ကျိုးသည် လက်ခါယမ်းကာ အရာအားလုံးကို ငြင်းဆိုလိုက်သည်။ သူက အလွန် ယုံကြည်မှုရှိစွာ ပြောဆိုနေပြီး အပြစ်ရှိသည့် အရိပ်အယောင်မျှ မတွေ့ရပေ။ ဤအရာများသည် အခြေအမြစ်မရှိသော စွပ်စွဲချက်များ ဖြစ်သောကြောင့် သူ ဝန်ခံစရာ အကြောင်းမရှိပေ။

ချင်းဖုန်းဟော်ကမူ လျို့ဝှက်နက်နဲသော အပြုံးဖြင့် ပြုံးကာ ဆိုလိုက်သည်။ “ဝန်ကြီးမုန့်... နှိမ့်ချနေစရာ မလိုပါဘူး။ ဝန်ကြီးချုပ်ရော ကျွန်တော်ပါ ခင်ဗျားအတွက် အာမခံပေးနေတာပဲ။ မှားစရာ အကြောင်း ရှိမလား...”

ဧကရီရဲ့ ကြင်ရာတော်... တစ်နေ့ကျရင် မင်း ငါ့ကို ကျေးဇူးတင်ရလိမ့်မယ်။ အဲဒီကျရင် မင်း ဘယ်လောက်တောင် တော်သလဲ။ မဟာကျင်းကို အကျပ်အတည်းတွေကနေ ဘယ်လို ကယ်တင်ခဲ့သလဲ ဆိုတာ သဘောပေါက်လာမှာပါ...

“xxxတဲ့မှ...”

မုန့်ချင်ကျိုး စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး တစ်စုံတစ်ယောက်ကို ထိုးကြိတ်ချင်စိတ်များ ပေါက်လာသည်။

ထိုစဉ် ဓားသူတော်စင်ချန်ယွမ်က ဝင်ပြောလိုက်၏။

“ခင်ဗျားကို လူကြီးမို့လို့ လေးစားသမှုနဲ့ ယဉ်ယဉ်ကျေးကျေး ပြောနေတာနော်။ နောက်တစ်ခါ ထပ်ပြီး အခြေအမြစ်မရှိတဲ့ စကားတွေနဲ့ ကျွန်တော့်ဆရာကို စွပ်စွဲမယ်ဆိုရင်တော့ ဓားနဲ့ စကားပြောရလိမ့်မယ်။”

နန်းတွင်း၌ ရာထူးတူနေကြ၍သာ မုန့်ချင်ကျိုး ဓားဖြင့် မခုတ်ဘဲ သည်းခံနေခြင်းဖြစ်၏။

ထိုအဘိုးကြီးက သက်သက်မဲ့ကို သူ့ကို ဒုက္ခပေးချင်သည်မှာ သေချာသည်။

ချန်ယွမ်က ကျန်းစန်းဟိုင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ပြီးတော့ ခင်ဗျား... တိုင်းပြည်ရဲ့ ဦးနှောက်ဖြစ်တဲ့ ဝန်ကြီးချုပ်ကြီးက ချင်းဖုန်းဟော်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဘာလို့ ထောက်ခံ နေရတာလဲ...”

ကျန်းစန်းဟိုင်က မျက်လုံးများကို ကျဉ်းမြောင်းကာ ချန်ယွမ်ကို အချိန်အတော်ကြာ စေ့စေ့ကြည့်ပြီးမှ ပြန်ပြောသည်။

“မင်းဆရာက ဒီကိစ္စတွေ မလုပ်ခဲ့ဘူးဆိုတာ မင်းက ဘာလို့ ဒီလောက် သေချာနေရတာလဲ...”

“မင်း နောက်ဆုံး ပေါ်လာတာက လွန်ခဲ့တဲ့ နှစ်ရက်က လေညင်းတောင်ကုန်းမှာ။ အဲဒီမတိုင်ခင်က မင်းက ဝန်ကြီးမုန့်ရဲ့ ဘေးမှာ မရှိခဲ့ဘူး။ မဟုတ်ရင် လူတွေ သတိထားမိမှာပေါ့...”

ထိုစကားကို ကြားရသောအခါ မုန့်ချင်ကျိုးမှာ လန့်ဖျပ်သွားပြီး အလျင်အမြန် ဖြတ်ပြောလိုက်၏။

“ဟေး... ဟေး... ငါ့တပည့်က အဘက်ဘက်က တော်ပေမဲ့ နည်းနည်း ခေါင်းမာတယ်။ ဆရာဖြစ်တဲ့သူ ဘာပြောပြော ယုံတာပဲ။ သူ့ကို အပြစ်မတင်ကြပါနဲ့...”

ထို့နောက် မုန့်ချင်ကျိုးက “ချန်ယွမ်၊ ပါးစပ်ပိတ်ထားစမ်း” ဟု အော်ဟစ်လိုက်၏။ ချန်ယွမ်က မကျေနပ်သောဟန်ဖြင့် နှာခေါင်းရှုံ့ကာ ဓားကို ပြန်သိမ်းပြီး တိတ်ဆိတ်သွားတော့သည်။

ဤပြဇာတ်လေးသည် အလျင်စလို ပြီးဆုံးသွားသော်လည်း မဟာကျင်း၏ မဏ္ဍိုင်ကြီးနှစ်ခုဖြစ်သော ချင်းဖုန်းဟော်နှင့် ကျန်းစန်းဟိုင်တို့ကြောင့် ဝန်ကြီးမုန့်၏ မသိမသာ ဆောင်ရွက်ခဲ့သော ကြီးကျယ်သည့် လုပ်ရပ်များကို လူတိုင်း သိရှိသွားကြပြီ ဖြစ်သည်။

ဝန်ကြီးမုန့်ကမူ ထိုဂုဏ်ပုဒ်များကို လက်မခံဘဲ အကြိမ်ကြိမ် ငြင်းဆန်နေသဖြင့် ပို၍ပင် ပညာရှိဆန်သော ပုံရိပ်ကို ပေါ်လွင်စေတော့သည်။ တစ်ခဏချင်းအတွင်းမှာပင် နန်းတွင်းအရာရှိများ၏ အကြည့်တို့သည် ပြောင်းလဲသွားပြီး မုန့်ချင်ကျိုးကို ကြည့်သည့်အခါ လေးစားကြည်ညိုမှုများ နက်ရှိုင်းစွာ ပါဝင်နေကြ၏။

“ဝန်ကြီးမုန့်က တကယ်ကို သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတာပဲ။ အရင်က ခင်ဗျားကို ဝေဖန်ခဲ့မိတဲ့အတွက် ကျွန်တော် အရမ်း ရှက်မိပါတယ်...”

အဆင့်မြင့် အရာရှိကြီးတစ်ဦးက ဦးညွှတ်လိုက်သည်။

“ကျွန်တော့်ရဲ့ အရင်က လုပ်ရပ်တွေအတွက် တောင်းပန်တာကို လက်ခံပေးပါ၊ ခင်ဗျားရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို လေးစားကြောင်း ပြောကြားပါရစေ...”

မုန့်ချင်ကျိုးက ထိုအရာရှိကို ဆွဲထူရန် ပြင်လိုက်စဉ်မှာပင် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာ၏။

“ဝန်ကြီးမုန့်ကို ဂါရဝပြုပါတယ်...”

“ဝန်ကြီးမုန့်ကို ဂါရဝပြုပါတယ်...”

“ဝန်ကြီးမုန့်ကို ဂါရဝပြုပါတယ်...”

နန်းတွင်းတစ်ခုလုံးရှိ စစ်ဘက်၊ အရပ်ဘက် အရာရှိများ အားလုံးသည် တညီတညွတ်တည်း ဦးညွှတ် ဂါရဝပြုလိုက်ကြ၏။ ဤမြင်ကွင်းသည် အလွန် ခမ်းနားကြီးကျယ်လှသဖြင့် စောင့်ကြည့်နေကြသော အခြား အဖွဲ့အစည်းများပင် တိတ်ဆိတ်သွားကြရသည်။

မုန့်ချင်ကျိုးသည် သူ၏ ခိုးနားထောင်ခြင်း စွမ်းရည်ကို အသုံးပြုလိုက်ရာ မြင့်မြတ်သော နယ်မြေတစ်ခုမှ ခေါင်းဆောင်တစ်ဦးက ဘေးမှ အကြီးအကဲကို ပြောနေသည်ကို ကြားလိုက်ရ၏။

“မှတ်တမ်းတင်ထားလိုက်။ မုန့်ချင်းရဲ့ အန္တရာယ်အဆင့်ကို ချင်းဖုန်းဟော်နဲ့ ကျန်းစန်းဟိုင်တို့ အဆင့်အထိ တိုးမြှင့်သတ်မှတ်လိုက်! သူ့ကို အဓိကထား စောင့်ကြည့်ရမယ်...”

ထို့ပြင် ပညာရှိစာရင်း ပြုစုသူတစ်ဦးကလည်း သူ၏ လက်အောက်ငယ်သားများကို အမိန့်ပေးနေသည်။

“ပညာရှိစာရင်းကို မွမ်းမံလိုက်။ မုန့်ချင်ကို အဆင့်(၁၁) နေရာမှာ ထားလိုက်၊ မဟာကျင်း နန်းရင်းဝန် ကျန်းစန်းဟိုင်ရဲ့ အနောက်ကပ်ထား...”

လုပ်ကြံရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးကလည်း လေးနက်စွာ ပြောကြားနေ၏။

“ဆုကြေးကို ပြင်လိုက်။ မုန့်ချင်းရဲ့ ခေါင်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်၊ ထိပ်တန်း ကောင်းကင်ဘုံ ရတနာ ၅ ခုနဲ့ ကောင်းကင်အဆင့် နတ်ဘုရားစွမ်းအား တစ်ခု ပေးမယ်...”

မုန့်ချင်ကျိုး သက်ပြင်းချကာ နဖူးကို ပွတ်လိုက်မိ၏။

ငါကတော့ ချန်ယွမ်ကို သုံးပြီး လူတွေရဲ့ အာရုံကို လွှဲမလို့ပါပဲ။ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ...

ချန်ယွမ်အတွက်ကတော့ ကိစ္စမရှိပေ။ သူ ပျောက်ကွယ်သွားပြီး နောက်တစ်ယောက်အဖြစ် ပြန်ပေါ်လာ၍ ရသည်။ အသက်တစ်ရှိုက် သုံးပါးသန့်စင်ခြင်း ပညာရပ်သည် အလွန် အသုံးဝင်လှပြီး ရုပ်ရည်နှင့် အရှိန်အဝါကို စိတ်ကြိုက် ပြောင်းလဲနိုင်သည်။ မျက်နှာပြောင်းပြီး ဆောင်းဦးတောင်တန်းဓားသူတော်စင် ဟူ၍ နာမည်ပြောင်းလိုက်လျှင် ဘယ်သူမှ မှတ်မိတော့မည် မဟုတ်ပေ။

သို့သော် မုန့်ချင်းဆိုသော နာမည်ကမူ ဧကရီ ချင်းလျူလီ ပေးထားသော နာမည်ဖြစ်ပြီး လူများစွာ သိထားကြ၏။ ဒီနေ့ပြီးလျှင် မဟာကျင်း တစ်နိုင်ငံလုံးက မုန့်ချင်းကို သိသွားကြတော့မည်။

ဒီလို စိတ်ကူးယဉ်ကမ္ဘာမှာ အနိမ့်ဆုံး နေတာက အကောင်းဆုံးပဲ။ မုန့်ချင်းဆိုတဲ့ ကောင်ကို သေအောင် လုပ်ဖို့ နည်းလမ်း ရှာရမယ်...

မုန့်ချင်ကျိုး တွေးနေမိ၏။

ကျန်ရှိနေသော ပါရမီရှင် (၆)ဦး၏ မျက်နှာများမှာ မည်းမှောင်နေကြသည်။ ယခု အခြေအနေအရ မုန့်ချင်းနှင့် ချန်ယွမ်တို့၏ ဆရာတပည့် ဆက်ဆံရေးမှာ ငြင်း၍ မရတော့ပေ။

“ပြဇာတ်က ပြီးပြီဆိုတော့ ကျွန်တော်လည်း အလျင်လိုနေတယ်။ ခင်ဗျားတို့ အားလုံး တစ်ပြိုင်တည်း လာကြပါလား...”

ချန်ယွမ်က ဓားအိမ်ကို ပုတ်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။

“မြန်မြန် ဆုံးဖြတ်ကြစ။ ကျွန်တော် စိတ်မကြည်ဘူး။ ခင်ဗျားတို့လို ပါရမီရှင်ဆိုတဲ့ ကောင်တွေက ဒေါသပြေအောင် ကူညီပေးနိုင်မလား ကြည့်ရသေးတာပေါ့။ စိတ်ကျေနပ်ရင် ခင်ဗျားတို့ကို မြန်မြန် ဇာတ်သိမ်းပေးမယ်...”

စကားပြောနေရင်း ချန်ယွမ်က ရွှေပလ္လင်ခန်းမဘက်သို့ လှည့်ကာ ကျယ်လောင်စွာ လျှောက်တင်လိုက်၏။

“အရှင်မ... တကယ်လို့ ဒီလူတွေကို ကျွန်တော် သတ်လိုက်ရင် အကျိုးဆက်ကို ကျွန်တော် ခံပါ့မယ်။ မဟာကျင်းကို ဒုက္ခမပေးပါဘူး။ စိတ်ချပါ...”

သတ်ဖြတ်ခြင်းသည် လိုအပ်လှသည်။ ဆုံးဖြတ်ပြီးသည်နှင့် အန္တရာယ်မှန်သမျှကို ရှင်းလင်းပစ်ရမည်။

ဧကရီသည် ပြုံးစစဖြင့် ချန်ယွမ်ကို ကြည့်ပြီးနောက် မုန့်ချင်ကျိုးကို ကြည့်ကာ ရယ်မောလိုက်၏။

“မလိုပါဘူး၊ ပြဿနာရှိရင် ငါ ဖြေရှင်းလိုက်မယ်...”

လွှမ်းမိုးနိုင်စွမ်းရှိပြီး ရိုးရှင်းကာ ယုံကြည်မှု အပြည့်ရှိလှ၏။ ပါရမီရှင်(၇)ဦး၏ နောက်ကွယ်မှ အင်အားစုများက လက်တုံ့ပြန်ရဲလျှင် သူ ချေမှုန်းပစ်မည်။ ဧကရီတစ်ပါး အနေဖြင့် သူက ခန့်ညားထည်ဝါ လှပေသည်။

တုန်းဖန်လျူလီသည် ဇာမဏီမျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး တွေးတောနေမိသည်။ အကယ်၍ သူ၏ ထင်မြင်ချက်သာ မှန်ကန်ပြီး ချန်ယွမ်နှင့် မုန့်ချင်ကျိုးသည် တစ်ဦးတည်း ဖြစ်နေပါက... ၎င်းမှာ မိသားစုကိစ္စ ဖြစ်သွားလေပြီ။ ဘယ်သူဖြေရှင်းသည်ဖြစ်စေ အရေးမကြီးတော့ပေ။

“ကျေးဇူးတင်ပါတယ် အရှင်မ...”

ချန်ယွမ်သည် သူရဲကောင်းပီသစွာဖြင့် ပါရမီရှင်(၆)ဦးဘက်သို့ ဓားဖြင့် ညွှန်ပြလိုက်၏။

“မင်းတို့ ခြေထောက်တွေ မခိုင်တော့ဘူးလား… ခုနက မောက်မာမှုတွေ ဘယ်ရောက်သွားလဲ...”

ချန်ယွမ်သည် ကောင်းကင်သို့ ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ ညကောင်းကင်ယံတွင် ပုံသဏ္ဌာန်မမှန်သော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး ထိုအက်ကြောင်းထဲမှ သွေးမိုးများ ရွာသွန်းလာကာ မဟာကျင်း၏ မြေပြင်ကို အနီရောင် ဆိုးလိုက်တော့သည်။

ထို့နောက် ကြီးမားပြီး ရုပ်ဆိုးလှသော လိပ်ခေါင်းကြီးတစ်ခု ပြုတ်ကျလာပြီး တောင်တန်းတစ်ခုကို ဖိမိသွားတော့သည်။

ဝမ်ထန်၏ မျက်လုံးများမှာ နီရဲသွားပြီး အော်ဟစ်လိုက်၏။

“မဖြစ်ဘူး...”

“ပင်လယ်နှိမ်နင်းရေး လိပ်နတ်ဘုရား… မဟာချန်ဘုရင်ကြီး ငှားလိုက်တဲ့ စောင့်ရှောက်သူ သတ္တဝါကို မင်း သတ်ရဲတယ်ပေါ့...”

ဝမ်ထန်၏ ဒေါသများမှာ ပေါက်ကွဲထွက်လာပြီး အရှိန်အဝါများ လွှမ်းမိုးသွားသည်။

“ကောင်လေး... မင်း သေပြီ။”

“မင်း သေချင်မှတော့ ငါ ဖြည့်ဆည်းပေးရမှာပေါ့… ငါက တိုင်းပြည် (၁၀)ခုရဲ့ ကံတရားကို ခိုးယူပြီး သန်းပေါင်းများစွာသော အခွင့်အရေးတွေကို ရယူထားတာ၊ ငါ့ရဲ့ ကောင်းချီးတွေက အကန့်အသတ်မရှိဘူး၊ ဒီနေ့ မင်း ခံစားလိုက်စမ်း...”

တစ်ခဏချင်းအတွင်းမှာပင် ကောင်းကင်ကြီး ပြောင်းလဲသွားပြီး ကြယ်များမှာ အဖြူရောင်မှ ခရမ်းရောင်သို့ ပြောင်းသွားကာ ဝမ်ထန်၏ နောက်ကျောတွင် ခရမ်းရောင် ကြယ်တာရာများ ဝန်းရံလာသည်။ ခန့်ညားထည်ဝါပြီး မည်သူမျှ မထိပါးနိုင်သော အနေအထားပင်။

ကောင်းကင်ဘုံမှ သားတော်တစ်ပါး လူ့ပြည်သို့ ဆင်းသက်လာသကဲ့သို့ ရှိပြီး မြစ်ချောင်းများနှင့် တောင်တန်းများကို သွေးဖြင့် ဆေးကြောရန် သစ္စာဆိုလိုက်သကဲ့သို့ ရှိ၏။

ချန်ယွမ်သည် သဘောကျစွာ လက်ခုပ်တီးပြီး ရယ်မောလိုက်သည်။

“မဆိုးဘူး... ကျောက်ကော် ပြီးရင် ခင်ဗျားက ဒုတိယအကြီးကျယ်ဆုံးဘုရင်ပဲ။ သားလေး ဝမ်ထန်က ဧကရာဇ်တစ်ပါးရဲ့ အရှိန်အဝါမျိုး ရှိတာပဲ...”

All Chapters