နောက်ဘဝကို ရောက်စေနိုင်တဲ့ လောကချုပ်ငြိမ်း အမွှေးတိုင် သုံးတိုင်
Vol. 3 Ch. 41
“လာလေ။ အားလုံးလာကြ။ ကျွန်တော် အိမ်ပြန်ရဦးမယ်...” ချန်ယွမ်ဓားသူတော်စင်၏ စကားလုံးများမှာ ရိုးရှင်းသော်လည်း ပါရမီရှင် လူငယ်ခြောက်ဦးအား အထင်သေးသော စကားလုံးများမှာ ပြင်းထန်လှသည်။
နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် စဥ်းလဲသော ညှို့ဓာတ် အရောင်အဝါ ရှိသူ၊ သွေးပင်လယ်၏ တတိယ မင်းသားက အလေးမထားဟန် ပြောသည်။ “ပုရွတ်ဆိတ်တစ်ကောင်ကို သတ်လိုက်တာနဲ့ သွေးနားထင် ရောက်နေတာလား။ ပါရမီရှင် လူငယ်(၆)ယောက်ကို တစ်ယောက်တည်း စိန်ခေါ်ရဲတယ်...”
အော့လိုင်တိုင်းပြည်၏ စစ်သူကြီး စွန်းပိုင်ရှန့်က သူ၏ နဂါးလှံခွေကို ယူကာ တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် ပြောသည်။ “နတ်ဘုရားသွေးဆက်၊ ပထမဆုံးမျိုးဆက် ထိပ်တန်းအင်အားစုတွေရဲ့ ပါရမီရှင်တွေနဲ့တောင် ယှဥ်ရဲတာလား။ ငါကလည်း ငါ့ခွန်အားကို စမ်းသပ်ကြည့်ချင်နေတာ။ မင်းကို ဓားသွေးကျောက်အနေနဲ့ သုံးရမှာပေါ့...”
ချန်ယွမ်ဓားသူတော်စင်မှာ မကြောက်မရွံ့ဘဲ ပြိုင်ပွဲစင်ပေါ်သို့ အရင်ဆုံးတက်လာကာ ဓားအား လူငယ် ပါရမီရှင်များဆီ ချိန်ရွယ်လျက် ပြောသည်။ “လာတိုက်ပြီးတော့ သေလိုက်ကြတော့...”
ပါရမီရှင် လူငယ်များမှာ အချင်းချင်း ကြည့်ကာ မာနကို ဘေးဖယ်ထားလျက် ဤဓားသူတော်စင်အား တိုက်ခိုက်ရန်အတွက် ပူးပေါင်းကြရန် ဆုံးဖြတ်လိုက်ကြတော့သည်။
ထိုအတွေးဖြင့် တုံ့ဆိုင်းမနေတော့ဘဲ စင်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် တက်လာကြ၏။
ဝူယာထျန်ဂိုဏ်း၏ အကြီးအကဲချုပ် တွမ့်ဝူချန်က အမွှေးတိုင် သုံးချောင်းကို လက်ကကိုင်ကာ မျက်ခုံးထက်တွင် အမည်းရောင်ချီများ စုဝေးလျက် မျက်နှာရှုံ့မဲ့နေသည်။ သူ၏အသံမှာ အားနည်း ဖျော့တော့နေသည်။ “မင်းရဲံ သက်တမ်းက သိပ်မရှည်နိုင်ဘူးလို့ မင်းမျက်နှာက ပြောပြနေတယ်။ မင်း အသက်ရှည်ရှည်နေရဖို့ ကံပါမလာမှတော့ ငါ မင်းကို ပို့ပေးလိုက်မယ်...”
“ပထမတစ်ချောင်းက ဘဝကျွမ်းလောင် အမွှေးတိုင်တဲ့။ ဒီတစ်ချောင်း ကုန်သွားတာနဲ့ မင်းရဲ့ ဘဝက အဆုံးသတ်ပြီပဲ...”
“ဒုတိယတစ်ချောင်းက ဝိညာဉ်ပို့ အမွှေးတိုင်တဲ့။ သေခြင်းနဲ့ ရှင်ခြင်းကြားက တံတားကို ဖွင့်ပေးပြီးတော့ မင်းရဲ့ဝိညာဉ်ကို ငရဲဆီ လမ်းညွှန်ပေးလိမ့်မယ်။ ဘယ်တော့မှ ပြန်မဝင်စားနိုင်တော့ဘူး...”
“တတိယတစ်ချောင်းကတော့ နတ်ဘုရားသင်္ချိုင်း အမွှေးတိုင်တဲ့။ နတ်ဘုရားတွေမြှုပ်နှံရာမြေလို့လည်း သိကြတယ်။ ရှေးခေတ်တွေတုန်းက နတ်ဘုရားတွေဟာ အသက်အရွယ်ကြီးရင့်လာတဲ့အခါ သူတို့ကို နေဝင်ချိန်ရောက်စေမဲ့ ကပ်ဘေးတွေနဲ့ ကြုံရတတ်တယ်။ မသေခင် မင်း သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ဘေးဒုက္ခတွေကို ခံစားရလိမ့်မယ်။”
တွမ့်ဝူချန်၏ မျက်လုံးများမှာ လူသေအလောင်းကို ကြည့်ရသကဲ့သို့ အေးစက်နေ၏။ သူက အေးစက်စွာဖြင့် ပြောသည်။ “ ငါ အသက်ရှင်လာတာ နှစ်ပေါင်း(၃၀၀) ရှိပြီ။ သဘာဝတရားကြီးကို အမြဲ သတိထားနေခဲ့တာ။ ဒီအမွှေးတိုင် သုံးချောင်းက ငါ့လက်ထဲ ရောက်နေတာ အနှစ်(၁၀၀) ရှိပြီ။ ထိုက်တန်တဲ့ ပြိုင်ဘက်ကို မတွေ့ခဲ့ရဘူး။ မင်းက ငါ့ကို သေခြင်းတရား အကျပ်အတည်းကို ခံစားမိစေတဲ့ ပထမဆုံးသော တစ်ယောက်ပဲ...”
“ဒီအမွှေးတိုင် သုံးချောင်းက မင်းကို နောက်ဘဝ ပို့ပေးလိမ်မယ်...”
ထိုစကားများအပြီးတွင် အားလုံးမှာ ထိတ်လန့်သွားကြသည်။ တွမ့်ဝူချန် လက်ထဲရှိ အမွှေးတိုင် သုံးချောင်းကို ကြည့်ကာ တုန်လှုပ်ခြောက်ခြား နေကြတော့သည်။
ချင်းဖုန်းဟော်၏မျက်နှာမှာ သိသိသာသာပြောင်းလဲသွားကာ လေသံတိုးဖြင့် ဆိုလာ၏။
“လောကချုပ်ငြိမ်း အမွှေးတိုင်။ ဒီတားမြစ်ပစ္စည်းက ပျောက်ကွယ်သွားတာ နှစ်တစ်သောင်းလောက် ရှိနေပြီ။ ဘယ်လိုလုပ် ကျန်နေသေးတာလဲ...”
ကျန်းစန်းဟိုင်က တုန်လှုပ်သွားကာ ချင်းဖုန်းဟော် အနားသို့ ချက်ချင်းရောက်လာလေသည်။ “ ဒါက နတ်ဆိုးကျင့်ကြံသူက ကမ္ဘာတွေအများကြီးကို ယစ်ပူဇော်ပြီး အရိုးပြာတွေနဲ့ အမွှေးတိုင်သုံးချောင်း ဖန်တီးခဲ့တဲ့ ဒဏ္ဍာရီလာ အမွှေးတိုင်တွေလား...”
ချင်းဖုန်းဟော်၏ အသွင်အပြင်မှာ ပိုမိုအေးစက်လာကာ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်။ ဒါပေမဲ့ လောကချုပ်ငြိမ်း အမွှေးတိုင်တွေကို နှစ်သောင်းချီ လက်ဆင့်ကမ်းလာတာ။ သမိုင်းမှာ ကပ်ဘေးဆိုးတွေ အများကြီး ဖြစ်စေခဲ့တယ်။ စွမ်းအားကတော့ သိသိသာသာ လျော့နေလောက်ပြီ။ တစ်ကြိမ်လောက်ပဲ သုံးလို့ရတော့မယ်...”
ချင်းဖုန်းဟော်က ချက်ချင်းပင် ပြောလိုက်သည်။ “တစ်ကြိမ်ဆိုလည်း လက်သင့်မခံနိုင်ဘူး။ ဧကရီရဲ့ ကံကြမ္မာက ဒီအပေါ် မူတည်နေတာ။ ဘာအမှားမှ ထပ်လုပ်လို့မရဘူး။ ပွဲကို ချက်ချင်း ရပ်ရမယ်...”
ချင်းဖုန်းဟော်က ပွဲကို အင်အားသုံးကာ အတင်းနှောင့်ယှက်တော့မည် အချိန်တွင် နားထဲသို့ အသံတစ်ခု ရောက်လာ၏။ “ လောကချုပ်ငြိမ်း အမွှေးတိုင်လောက်နဲ့များ။ ငါ ဒီမှာရှိနေတာ။ ချန်ယွမ်ဓားသူတော်စင် အဆင်ပြေမှာပါ...”
ချင်းဖုန်းဟော်၏ မျက်နှာမှာ ချက်ချင်း အရောင်အသွေး စုံလင်သွား၏။ သူက စိတ်လှုပ်ရှားမှုများဖြင့် ရွှေပုလ္လင်ခန်းမဘက် ရုတ်တရက် လှည့်ကြည့်လိုက်သည်။
“ အရှင်မ၊ အဲဒီအဆင့်ကို…ရောက်သွားပြီလား။”
အသံထုတ်လွှတ်မှုတွင် စစ်သူကြီး၏ အသံမှာ ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုများဖြင့် တုန်ခါနေသည်။
ဧကရီက တုံ့ပြန်မလာချေ။
ချင်းဖုန်းဟော်၏ အာဒံပန်းသီးစေ့ လှုပ်ခါသွားပြီး လက်သီးဆုပ်ကာ ကျန်းစန်းဟိုင်အား မေးလိုက်သည်။ “မင်း အစောကြီးကတည်းက သိနေတာလား...”
“ ဘာကိုသိရမှာလဲ...” ကျန်းစန်းဟိုင်က မသိဟန်ဖြင့် အပြစ်ကင်းစွာ ကြည့်နေသည်။
“ဧကရီက နံနက်ခင်းအလင်း နယ်ပယ်...” ချင်းဖုန်းဟော်သည် အရေးကြီးစကားနှစ်ခုလုံးကို ထုတ်ပြောကာ အလွန်စိတ်လှုပ်ရှားနေတော့သည်။
ကျန်းစန်းဟိုင်ကာ မျက်လုံးများလှန်ကာ တုံးအချင်ယောင်ဆောင်နေသည်။ “တောင်းပန်ပါတယ်။ ငါ ဘာစာအုပ်မှ မဖတ်ထားတော့ နားမလည်ဘူး။”
ပွဲကြည့်စင်များပေါ်တွင် လူအိုကြီးများမှာ ရုတ်တရက် ထရပ်လာကာ တွမ့်ဝူချန် အမွှေးတိုင်အား မျက်တောင်မခတ် စိုက်ကြည့်နေကြတော့၏။
လောကချုပ်ငြိမ်း အမွှေးတိုင်၏ ဒဏ္ဍာရီမှာ အလွန်ရှေးကျလွန်းရာ နှစ်ပေါင်းထောင်ချီ ရှင်သန်ခဲ့သူများနှင့် ရှည်လျားသော သမိုင်းကြောင်း ရှိသည့် ထိပ်တန်းအင်အားစုများတွင်သာ မှတ်တမ်းများ.ရှိတော့သည်။
ထိုအခိုက်အတန့်တွင် လောကချုပ်ငြိမ်းအမွှေးတိုင် ပေါ်ပေါက်လာမှုက ပုဂ္ဂိုလ်ဟောင်းကြီးများကို ထိတ်လန့်သွားစေခဲ့သည်။
“တွမ့်ဝူချန် လက်ထဲမှာရှိတဲ့ လောကချုပ်ငြိမ်း အမွှေးတိုင် သုံးချောင်းက လောကမှာ နောက်ဆုံးကျန်တဲ့ အရာ ဖြစ်နိုင်တယ်။ ဒါကို ပင်လယ်ဖုံးလွှမ်းနယ်ပယ်လောက်က ကျင့်ကြံသူအတွက် သုံးမှာကတော့ ဖြုန်းတီးတာပဲ...” လူအုပ်ထဲတွင် ပုန်းအောင်းနေသော လရောင်ထွန်းလင်းနယ်ပယ် နတ်ဆိုးက ခေါင်းကိုက်ခဲစွာ ပြောလာသည်။
မဟာကျင်းတိုင်းပြည်ကို မနှစ်သက်သော မိချောင်းများက နှာခေါင်းရှုံ့ကာ ပြောသည်။ “နှမျောစရာတော့ ကောင်းပေမဲ့ ချန်ယွမ်ဓားသူတော်စင်က ဘယ်လောက်ပဲ တော်နေပါစေဦးတော့၊ လောကချုပ်ငြိမ်း အမွှေးတိုင်ကို သုံးလိုက်တာနဲ့ ချန်ယွမ်ဓားသူတော်စင်က နောင်တတွေနဲ့ သေရမှာပဲ။ မဟာကျင်း ပြည်ထောင်စုက ထိပ်တန်း ပညာရှင်တစ်ယောက် ဆုံးရှုံးတာပေါ့။ ကောင်းတယ်...”
စင်မြင့်ပေါ်ထက်တွင် ကျန့်ဝမ်ထျန်၊ မိုဝူယီနှင့် အခြားလူများ ထိတ်လန့်သွားကာ လောကချုပ်ငြိမ်း အမွှေးတိုင်ထံမှ သက်ရောက်မှုကို ခံရမည့်အလား တွမ့်ဝူချန်အနားမှ ချက်ချင်း ဆုတ်ခွာသွားကြ၏။
သို့ရာတွင် ဝမ်ထန်ကာ မလှုပ်ဘဲ တွမ့်ဝူချန်နှင့် ပုခုံးချင်း ယှဥ်ရပ်နေသည်။ သူက ကံကြမ္မာ နတ်ဘုရားကဲ့သို့ ကျောပေါ်တွင် ကျီဝေ့ကြယ် ထောင်ချီအစုအဝေး မြေပုံကို သယ်ဆောင်ထားသည်။ သူက ပြုံးလိုက်သည်။ “ကောင်းလိုက်တာ။ ဒါနဲ့ဆို ချန်ယွမ်ဓားသူတော်စင်က သေချာပေါက် သေလိမ့်မယ်။”
တွမ့်ဝူချန်က သူ့ကို စိုက်ကြည့်နေသည်။ “ မင်း မကြောက်ဘူးလား...”
ဝမ်ထန်က အေးစက်စွာ ပြုံးလိုက်သည်။ “ငါက ကံတရားတွေ အများကြီးနဲ့ ချီးမြှောက်ခံထားရတာ။ ကံတရားက အကာအကွယ်ပေးတယ်။ မင်း လောကချုပ်ငြိမ်း အမွှေးတိုင်ကို ငါ့အပေါ် မသုံးသရွေ့ ငါ အဆင်ပြေတယ်...”
ထိုစကားကို ကြားပြီးနောက် တွမ့်ဝူချန်က တုံ့ဆိုင်းမနေတော့ဘဲ သူ၏ နှလုံးသွေးအား လောင်စာအဖြစ် သုံးကာ လောကချုပ်ငြိမ်း အမွှေးတိုင် သုံးချောင်းကို ထွန်းညှိလိုက်တော့သည်။
အမွှေးတိုင်သုံးချောင်းကို ကိုင်ပြီးနောက် သူက ချန်ယွမ်ဓားသူတော်စင်ကို ဦးညွတ်လိုက်သည်။
“ပထမအကြိမ် ဦးညွတ်ပါတယ်။ မင်းရဲ့နောက်ဆုံး အနားယူခြင်းကို ပို့ဆောင်ဖို့အတွက်...”
စကားဆုံးသည်နှင့် ချန်ယွမ်ဓားသူတော်စင်၏ ဆံပင်အမည်းများမှာ ချက်ချင်းဖြူသွားကာ အသားအရည် တွန့်လျက် ခါးကိုင်းကာ ချက်ချင်း အိုမင်းသွားတော့သည်။
နှစ်ထောင်ချီ သက်တမ်းမှာ တခဏအတွင်း အငွေ့ပျံသွား၏။
“မိုက်လိုက်တာ။ လောကကြီးက သူရဲကောင်းတွေနဲ့ ပြည့်နေတာပဲ။ အထင်သေးလို့တော့ မရဘူး...” ချန်ယွမ်က သူ၏ အိုမင်းနေသော လက်များကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ဝတ္ထုထဲတွင် တွမ့်ဝူချန်ထံတွင် လောကချုပ်ငြိမ်း အမွှေးတိုင်သုံးခုရှိကြောင်း ဖော်ပြမထားပေ။ အဘယ်ကြောင့်ဆိုသော် စွမ်းအားလွန် ဇာတ်လိုက်က သေခြင်းရှင်ခြင်း ဆုံးဖြတ်ပေးသော တိုက်ပွဲများ တိုက်စရာမလိုဘဲ ပါရမီရှင် လူငယ်(၆)ယောက်ကို အနိုင်ရလိုက်သောကြောင့်ပင်။
အဆုံးသတ်တွင် စာရေးသူက ဇာတ်ကောင်များ၏ ဉာဏ်ရည်ကို အတင်းအကျပ် နှိမ့်လိုက်ကာ ဇာတ်ပို့များအား နောက်ပိုင်း ပြဿနာမရှိစေဘဲ မိမိသဘောအလျောက် ဇာတ်လိုက်အား တိုက်ခိုက်သည့် ပုံစံ ဖန်တီးထားခြင်းသာ ဖြစ်၏။
ဤအဖြစ်အပျက်က မုန့်ချင်ကျိုးအား ပို၍ ခပ်လျှိုလျှို နေချင်စိတ်ကို ဖြစ်စေသည်။
“ဒုတိယအကြိမ် ဦးညွတ်ပါတယ်။ မင်းရဲ့ ဝိညာဉ်ကို တမလွန်တံတားကို ဖြတ်ကူးပြီး ငရဲခန်းမကို ပို့ဆောင်ဖို့အတွက်...” တွမ့်ဝူချန်က ထပ်မံဦးချလိုက်ပြန်သည်။
ချန်ယွမ်ဓားသူတော်စင်၏ ခန္ဓာကိုယ်မှာ တုန်ခါလာကာ ခန္ဓာကိုယ်မှာ တောင့်တင်းနေ၏။ စိတ်ဝိညာဥ် (၆)ခုနှင့် ဝိညာဥ်(၇)ခု ပျောက်ဆုံးသွားသကဲ့သို့ပင်။
ပါရမီရှင် လူငယ်များမှာ ထိုအခြင်းအရာကို ကြည့်ကာ အကြည့်များ ဖလှယ်လျက် အားလုံး စိတ်သက်သာ ရသွားကြသည်။
ကျန့်ဝမ်ထျန် ဝမ်းသာလုံးဆို့ကာ အပြုံးများကို မဖုံးကွယ်ထားနိုင်တော့ဘဲ ပါးစပ်နားရွက် တက်ချိတ်ကာ တွေးနေလေသည်။ “သေ...သေစမ်း။ မင်းသေတာနဲ့ ငါ မင်းခန္ဓာကိုယ်ကို ခွဲပြီးတော့ မင်းရဲ့ အချိန်နဲ့ နေရာလွတ် ဓားအသိကို လေ့လာမယ်။ မင်းဆီက အရာအားလုံးကို ဆက်ခံယူလိုက်မယ်...”
ချင်းဖုန်းဟော်၏ မျက်လုံးများ ပြူးကျယ်သွားကာ ထိန်းချုပ်မှုလွတ်သွားသည်။ သူက စင်မြင့်ပေါ်ရှိ အတားအဆီးများကို ဆုတ်ဖြဲကာ ချင်ယွမ်ဓားသူတော်စင်အား ကယ်တင်ရန် ပြေးလာသည်။
ပွဲကြည့်စင်ပေါ်တွင်လည်း အရာအားလုံးက တိတ်ဆိတ်နေကာ တစ်ခုခု လွတ်သွားမည် စိုးရိမ်၍ မည်သူမျှ အသက်မရှူရဲကြ။ မျက်တောင်မခတ်ရဲကြ။
“ဓားသူတော်စင်က တကယ် ကျရှုံးသွားတော့မှာလား..” ဓားသူတော်စင်ကို လေးစားသော ဓားကျင့်ကြံသူ တစ်ဦးမှာ တုန်လှုပ်ကာ နာကျင်နေ၏။
မဟာကျင်း၏ ဓားကျင့်ကြံသူ ထောင်ပေါင်းများစွာသည် ဒေါသမိုးထိုးလာကာ အော်ဟစ်ကြတော့သည်။
“ညစ်တယ်။.တားမြစ်ထားတဲ့ ပစ္စည်းကို သုံးတယ်။ ဒါက မတရားဘူး။ ဓားသူတော်စင်က မရှုံးသေးဘူး။ မတရားတဲ့ကောင်တွေ...”
“ အရှင်မ၊ ချန်ယွမ်ဓားသူတော်စင်အတွက် လက်စားချေပေးပါ။”
“လက်စားချေပေးပါ။ ကျွန်တော်တို့ ဒီလို သည်းခံလိုက်လို့ မရဘူး...”
ရွှေပုလ္လင်ခန်းမထဲတွင်...
တုန်းဖန်လျူလီသည် တောင်ဝှေးကို မှီနေသော မုန့်ချင်ကျိုးကို ကြည့်ကာ နူးညံ့စွာ ခေါ်လိုက်သည်။ “ဝန်ကြီးမုန့်...”
မုန့်ချင်ကျိုးက ထိုနေရာတွင် တုံ့ပြန်မှုမရှိ ရပ်နေသည်။
“ဝန်ကြီးမုန့်...” တုန်းဖန်လျူလီ၏ အသံက အနည်းငယ်လောလာကာ မျက်လုံးများ အနည်းငယ် ဝိုင်းလာတော့သည်။
ငါထင်နေတာများ မှန်နေတာလား...
ချန်ယွမ်ဓားသူတော်စင်က တကယ်ပဲ မုန့်ချင်ကျိုးလား...
လောကချုပ်ငြိမ်း အမွှေးတိုင်မှာ ကမ္ဘာပေါင်းများစွာ စတေးကာ ရလာသည့် ရှေးဟောင်း တားမြစ်ပစ္စည်း ဖြစ်သည်။ ၎င်း၏အစွမ်းမှာ ပြောစရာပင် မလိုတော့ချေ။
ထိုအရာသည် ကိုယ်ပွား ဖြစ်လျှင်ပင် လောကချုပ်ငြိမ်း အမွှေးတိုင်သည် မူလဇစ်မြစ်ကို ခြေရာခံကာ သူ၏ မူလခန္ဓာကို ပြန်ရှာတွေနိုင်၏။
“ မုန့်ချင်း၊ မုန့်ချင်း...” တုန်းဖန်လျူလီက စားပွဲကို ရိုက်ကာ ခေါ်လိုက်သည်။
မုန့်ချင်ကျိုး လန့်နိုးလာကာ ရှေ့သို့ထွက်လာပြီး လက်နှစ်ဘက်ကို ဆုပ်ကိုင်လျက် ပြောသည်။ “ကျုပ် ရှိပါတယ်။ အိပ်ပျော်သွားလို့ပါ။ တောင်းပန်ပါတယ်...”
“မတ်တပ်ရပ်ပြီး အိပ်ပျော်နေတာလား...” တုန်းဖန်းလျူလီက သံသယဖြင့် မေးလိုက်၏။
အရာရှိအားလုံးမှာ ထူးဆန်းစွာ ကြည့်လာကြတော့သည်။ မင်းရဲ့ တပည့်က ပွဲစင်ပေါ်မှာ အင်အားကြီး ရန်သူကို တိုက်ခိုက်နေတာ။ သေရေးရှင်ရေးက မသေချာဘူး။ ဒါတောင် မင်းက ရပ်ပြီး အိပ်နေနိုင် သေးတာလား...
အရမ်းကို အရေထူတာပဲ...
တုန်းဖန်လျူလီက ပိုမိုခေါင်းကိုက်လာကာ အံ့ဩတကြီးတွေးမိ၏။
“ငါပဲ အတွေးလွန်နေတာလား...”
လောကချုပ်ငြိမ်း အမွှေးတိုင်၏ စွမ်းအားမှာ ငြင်းခုန်၍ မရပေ။ သမိုင်းတွင် ကပ်ဘေးဆိုးကြီး များစွာကို ဖြစ်ပွားစေခဲ့ပြီး ကုဋေရာနှင့်ချီသော အသက်ပေါင်းများစွာကို ဇီဝိန်ခြွေကာ စွမ်းအားကို ပြသထားခဲ့သည်။
မုန့်ချင်ကျိုးက အခုမှ အိပ်ရာမှ နိုးလာသည့်ပုံဖြင့် ထိုနေရာတွင် ထိုနေရာတွင် ရပ်နေကာ အနည်းငယ်မျှ ထိခိုက်သည့် အသွင်မရှိပေ။
“ဟုတ်ကဲ့၊ ကျုပ်မှာ ထူးခြားတဲ့ စွမ်းရည်ရှိပါတယ်။ မတ်တပ်ရပ်ပြီး အိပ်တတ်တယ်...”
တုန်းဖန်လျူလီ၏ မျက်လုံးများ နက်မှောင်နေကာ သံသယရှိနေဆဲ ဖြစ်သည်။
ချန်ယွမ်ဓားသူတော်စင် ပေါ်ပေါက်လာမှုမှာ အလွန်ရုတ်တရက်ဆန်ကာ သူ၏ စရိုက်မှာ မုန့်ချင်ကျိုးနှင့် ထပ်တူကျနေသည်။ အသိသာဆုံးမှာ သူက မုန့်ချင်ကျိုးနှင့်မှ ခံစားရသော ထူးဆန်းသော ရင်းနှီးမှုနှင့် တွယ်တာမှုမျိုးကို ချန်ယွမ်ဓားသူတော်စင်ထံတွင်လည်း ခံစားရမိ၏။
“အရှင်မ၊ ကျွန်တော်တို့ ထပ်စောင့်လို့ မရတော့ပါဘူး။ ချက်ချင်း လှုပ်ရှားရပါမယ်...” ချင်းဖုန်းဟော်က အလောတကြီး ပြောလာသည်။
ချန်ယွမ်ဓားသူတော်စင် ဆံပင်များဖြူကာ ဓားကိုင်ထားသော လက်မှာ တုန်လှုပ်လျက် အသက်ဝိညာဥ်မှာ လျင်မြန်စွာ ပျောက်ကွယ်နေတော့သည်။
တုန်းဖန်လျူလီက ဖြည်းဖြည်းချင်းထရပ်ကာ တွေးလိုက်သည်။
ကောင်းပြီလေ။ ငါ သူတို့ကို သတ်ပြီးတာနဲ့ နင့်မျက်နှာဖုံးကို ကိုယ်တိုင် ချွတ်ပေးမယ်...