မင်း တောင်းဆိုတာတွေ အားလုံးကို ဖြည့်ဆည်းပေးမယ်
Vol. 3 Ch. 43
ပါရမီရှင် တိုက်ပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်သည်။ ချန်ယွမ်ဓားသူတော်စင်က ပါရမီရှင် ခြောက်ယောက်ကို သတ်ဖြတ်ကာ တစ်ဦးအား ထွက်ပြေးသွားစေခဲ့ကာ ခန့်မှန်းချက်များကို ပြောင်းပြန်လှန်လိုက်၏။
ဤအောင်မြင်မှုသည် တစ်လောကလုံးကို အံ့ဩသွားစေကာ များစွာသောအုပ်စုများက ငြိမ်းချမ်းရေး ကမ်းလှမ်းလာကြသည်။
“လူငယ်လေး၊ မင်းက ဂိုဏ်းမရှိတဲ့ တစ်ကိုယ်တည်း ကျင့်ကြံသူပဲ။ ဘာလို့ ငါတို့ ချင်ထျန်တောက်ရှင်း ဂိုဏ်းကို မလာတာလဲ။ ငါတို့မှာ မင်းလေ့လာဖို့အတွက် နံနက်ခင်းအလင်းနယ်ပယ်ဘိုးဘေးရဲ့ ဓားပညာ ကျောက်စာတိုင်ရှိတယ်။ ငါတို့မင်းကို ဓားတောင်သခင် နေရာပေးမယ်။ အဲဒါက ဂိုဏ်းအုပ်ချုပ်သူနဲ့ တစ်တန်းတည်းပဲ။ ဘယ်လိုလဲ” လရောင်ထွန်းလင်းအဆင့် ကျင့်ကြံသူက သူ့အသံအား ထုတ်လွှတ် လိုက်သည်။
ချန်ယွမ်ဓားသူတော်စင်က ငြင်းပယ်လိုက်သည်။ “ကျွန်တော့်ရဲ့ ဓားလမ်းစဥ်က ထူးခြားပါတယ်။ ခန့်မှန်းလို့လည်း မရဘူး။ ပြိုင်ဘက်လည်းမရှိပါဘူး။ ဘယ်သူမှ ကျွန်တော့်ကို သင်ပေးလို့မရဘူး...”
လရောင်ထွန်းလင်းအဆင့် ကျင့်ကြံသူက သက်ပြင်းချကာ ထပ်မတိုက်တွန်းတော့ပေ။
တားမြစ်နယ်မြေမှ ဧည်သည့်တစ်ဦး၏ အသံက ပျံ့လွင်လာသည်။ “ ချန်ယွမ်ဓားသူတော်စင်၊ ငါ့ရဲ့ဆရာက နံနက်ခင်းအလင်းအဆင့်တစ်ပိုင်းထဲ ဝင်နေပြီ။ သူက မင်းကို တပည့်အနေနဲ့ လက်ခံပြီး သူ့အမွေအနှစ်ကို ချန်ထားခဲ့ချင်တယ်။ မင်း ဆန္ဒရှိရဲ့လား...”
“မရှိဘူး။” ချန်ယွမ်ဓားသူတော်စင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ကျွန်တော့်ကို အချိန်သာပေး။ နံနက်ခင်းအလင်းအဆင့်ကို ဖြတ်ကျော်ရုံတင်မက ပိုပြီးတော့ မြင့်လာနိုင်တယ်။ ဘာလို့ ကျွန်တော်က တစ်ယောက်ယောက်ကို ဆရာတင်နေဖို့လိုမှာလဲ။ ပြီးတော့ ကျွန်တော့်မှာ ဆရာရှိပြီးသား...”
တားမြစ်နယ်မြေ၏ ဧည့်သည်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ မင်းအတွက် ဘာကကောင်းလဲ နားမလည်သေးဘူးပဲ...”
ထိပ်တန်းအစုအဖွဲ့များ၏ ဧည့်သည်တော်များက တစ်ယောက်ပြီး တစ်ယောက် ချန်ယွမ် ဓားသူတော်စင်အား အသံများ ပို့လွှတ်ကာ ကမ်းလှမ်းလာကြသည်။ သို့ရာတွင် သူက အားလုံးကို ငြင်းလွှတ်လိုက်၏။
မဟာကျင်း နန်းတွင်း၏ မိန်းမစိုးခေါင်းဆောင်က ကျယ်လောင်စွာ ကြေညာလိုက်သည်။ “ အရှင်မက ဝန်ကြီးမုန့်ရဲ့ တပည့်…ချန်ယွမ်ဓားသူတော်စင်ကို ခန်းမထဲ ဝင်လာဖို့ အမိန့်ပေးလိုက်ပါတယ်...”.
ချန်ယွမ်ဓားသူတော်စင်က တိတ်တိတ်လေး သက်ပြင်းခိုးချလိုက်သည်။ ထိုမိစ္ဆာအိုကြီးများ၏ စိတ်အား ထက်သန်သော ဖိတ်ကြားချက်များကို ငြင်းဆန်ရသည်က တိုက်ပွဲတစ်ပွဲ တိုက်ရသည်ထက် ပင်ပန်းလှ၏။
ရွှေပုလ္လင်ခန်းမ။
အပြုံးမျက်နှာဖုံးတစ်ခုအား ဝတ်ဆင်ကာ အမည်းရောင်ဝတ်ရုံ ဆင်မြန်းထားသည့် ချန်ယွမ် ဓားသူတော်စင်အား အရာရှိများက လှည့်ကြည့်လိုက်ပြီး ယုံကြည်မှုရှိစွာ လျှောက်လှမ်းလာ၏။
“အရှင်မကို နှုတ်ခွန်းဆက်ပါတယ်...” ချန်ယွမ်ဓားသူတော်စင်က ခေါင်းအနည်းငယ်ညိတ်ကာ ကျောက တဖြောင့်တည်း တန်းနေ၏။
ပြောရမည်ဆိုပါက ချန်ယွမ်ဓားသူတော်စင်သည် မဟာကျင်းသား မဟုတ်ပေ။ သူ၏ ကြောက်မက်ဖွယ် ခွန်အားနှင့် ပြိုင်ဘက်ကင်း စွမ်းရည်တို့သာ ထည့်ပေါင်းလိုက်ပါက ဧကရီအား ဂါရဝ မပြုခြင်းအတွက် မည်သူမျှ စောဒက တက်မည် မဟုတ်ချေ။
“အရင်တုန်းက ငါ ကတိတစ်ခုပေးခဲ့ဖူးတယ်။ အရှုံးမရှိဘဲ အနိုင်ယူနိုင်တဲ့သူ မှန်သမျှ ကြိုက်ရာဆုတစ်ခု ဖြည့်ဆည်းပေးမယ်လို့။ မင်းဆုက ဘာလဲ။ ပြောပါ...” တုန်းဖန်လျူလီက ရှည်လျားသွယ်လျသော ခြေများကို ချိတ်ကာ သူ၏ မျက်လုံးနီနီများထဲတွင် ညှို့ဓာတ်နှင့် အာဏာ ကိန်းအောင်းလျက် မေးမြန်လိုက်သည်။
ချန်ယွမ်ဓားသူတော်စင်က တည်ငြိမ်စွာဖြင့် ပြောသည်။ “ ကျွန်တော်က ဒီနေ့ မောက်မာလွန်းနေတဲ့ လူယုတ်မာတွေကို ရှင်းလိုက်ရုံပါပဲ။ ဒီနေ့ ဒီထဲမှာ ကျွန်တော် မတိုက်ခိုက်လိုက်ရသေးတဲ့ သူရဲကောင်းတွေမှ တစ်ပုံကြီးပါ။ ဘယ်လိုလုပ် ကျွန်တော် အရှုံးမရှိ၊ အောင်နိုင်သူလို့ ပြောလို့ရမှာလဲ...”
ဧကရီ၏ ဆုလာဒ်မှာ သေချာပေါက် စာချုပ်တစ်ခုသာ ဖြစ်လေသည်။ လက်ခံလိုက်ခြင်းက သူ၏ ကျားစေ့ ဖြစ်လာခြင်းပင်။
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ထိုအရာက တစ်ကမ္ဘာလုံး၏ အမြင်တွင် ပညတ်ချက် ဖြစ်လာ ပေလိမ့်မည်။
မုန့်ချင်ကျိုးက ဧကရီအပေါ် အလုံးစုံ ပုံမလောင်းချင်ပေ။
အရူးတောင်မှ သူ့မှာရှိတဲ့ ကြက်ဥတွေအကုန် မပြရဘူးဆိုတာ နားလည်တယ်...
“အို့...”
တုန်းဖန်လျူလီ၏ နူးည့ပြီး ချစ်စဖွယ် အသံက မြို့တော်တစ်ခွင် ပျံ့နှံ့လာ၏။ “ အဆင့်တူတွေထဲမှာ ချန်ယွမ် ဓားသူတော်စင်ကို ဘယ်သူ စိန်ခေါ်ရဲမလဲ။ ရှေ့ထွက်လာခဲ့။ ဘယ်သူမှ မထွက်လာရဲရင် အရှုံးပေးတာပဲ...”
“ဘယ်သူထွက်လာရဲလဲ...”
နောက်ဆုံးစကားနှစ်ခွန်းမှာ ခြိမ်းခြောက်သည့် လေသံများ ပါဝင်နေ၏။
မူလက စိန်ခေါ်ချင်နေသူများမှာ ချက်ချင်း သဘောပေါက်သွားကြသည်။
“ဘုရားရေ၊ ဒါက ပေါ်တင်ကြီး ခြိမ်းခြောက်တာပဲ...”
မုန့်ချင်ကျိုးသည် ခေတ္တမျှ စဥ်းစားကြည့်ပြီးနောက် ဧကရီ၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။ သူက ချန်ယွမ်ဓားသူတော်စင်၏ ပြိုင်ဘက်ကင်း စွမ်းရည်ကို သဘောကျကာ သူ့လက်အောက်သို့ သွင်းလိုသည်။
ချီး…ယုတ်မာတဲ့ ရန်သူကြီး၊ သူက ငါ့ရဲ့ ကိုယ်ပွားရော၊ ငါ့ကိုရော လိုချင်နေတာပဲ...
ဘယ်လောက်တောင်မှ လောဘကြီးလိုက်သလဲ...
အချိန်အကြာကြီး တော်ဝင်မြို့တော်တစ်ခုလုံးမှာ တိတ်ဆိတ်နေကာ အသံထွက်လိုက်ခြင်းက တိုက်ခိုက်ရန် ဆန္ဒရှိနေသည်ဟု ယူဆခံရကာ ချန်ယွမ်ဓားသူတော်စင်ထံတွင် အထုအထောင်း ခံရမည်အား ကြောက်လန့်နေကြသည်။
တုန်းဖန်လျူလီက ပြုံးလိုက်သည်။ “ ချန်ယွမ်ဓားသူတော်စင်က အထင်ကြီးစရာပဲ။ ဒီလောက် ကျယ်ပြောတဲ့ တော်ဝင်မြို့တော်မှာ၊ ဘက်ပေါင်းစုံက ဧည့်သည်တွေ ရှိနေတာတောင် ချန်ယွမ် ဓားသူတော်စင်ဆီက ဓားတစ်ချကိကို ခံရဲတဲ့သူ မရှိဘူး။ ဒါက မင်း အရှုံးမရှိဘဲ အားလုံးကို အနိုင်ရတယ် ဆိုလိုတာမလား...”
ချန်ယွမ်ဓားသူတော်စင်က အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ “ ထင်ရတာပဲ...”
“ဒါဆို မင်းရဲ့ဆန္ဒကို ပြောပါ။ အကျိုးအကြောင်း ခိုင်လုံရင် ဖြည့်ဆည်းပေးမယ်....”
မုန့်ချင်ကျိုး ဒေါသထွက်ကာ အံကြိတ်လိုက်သည်။
ခေါင်းကိုက်လာပြီ။
ငါဘာလိုချင်လဲ ဟုတ်လား။
ငါ မင်းကို ရိုက်ပဲရိုက်ချင်တော့တယ်။ မင်း ဖြည့်ဆည်းပေးနိုင်လို့လား။
ရုတ်တရက် မုန့်ချင်းကျိုးသည် အတွေးရလာကာ ချန်ယွမ်ဓားသူတော်စင်အား ထိန်းချုပ်လျက် ပြောသည်။ “ကျွန်တော့်ဆရာကို မဟာကျင်းကနေ ထွက်ခွာခွင့်ပေးပြီးတော့ ကျွန်တော်နဲ့အတူ ကမ္ဘာအနှံ့ကို ခရီးသွားခွင့်ပြုပါလို့ တောင်းဆိုပါရစေ။ ကျွန်တော့်ရဲ့ဆရာက လွတ်လွတ်လပ်လပ် နေတတ်ပြီးတော့ တစ်နေရာထဲ အခြေကျနိုင်မဲ့သူ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ဒီဆန္ဒလေးကို ဖြည့်ဆည်းပေးပါ။”
ချန်ယွမ်ဓားသူတော်စင်၏ လေသံမှာ စစ်မှန်နေကာ ကောင်းကင်နှင့် မြေကြီးကိုပင် လုုပ်ခါသွားစေမည့် ရင်ထဲမှ ဆန္ဒပင်။
သေခြင်းရှင်ခြင်းကို ဖြတ်ကျော်ကာ ပါရမီရှင် လူငယ်(၇)ယောက်ကို တိုက်ခိုက်ပြီး၊ လောကချုပ်ငြိမ်း အမွှေးတိုင်နှစ်ချောင်းကို တောင့်ခံလာပြီးနောက် ရိုးရှင်းသော တောင်းဆိုမှုတစ်ခု လုပ်လိုက်သည်။
အရာရှိများ အချင်းချင်း တီးတိုးပြောလာကြသည်။
“ဓားကျင့်ကြံသူတွေက တကယ့်ကို ရက်ရောကြတာပဲ။ မကျေနပ်ချက်တွေကို ဖြေရှင်းပြီး ဆရာကို ခရီးလေးတစ်ခု ခေါ်သွားဖို့ကို ဒီလောက်အဖိုးအခမျိူး ပေးဆပ်ရဲကြတယ်...”
“ဝန်ကြီးမုန့်က ဧကရီဆီမှာ အမှုထမ်းပေမဲ့ သူက သစ္စာရှိပြီးတော့ မဟာကျင်းအပေါ် ဘာအမှားမှ မလုပ်ထားပါဘူး။ ချန်ယွမ်ဓားသူတော်စင်က မဟာကျင်းနဲ့ အဆက်အစပ်မရှိပေမဲ့ ကျွန်တော်တို့အတွက် ရန်သူတွေကို ရှင်းပေးပြီးတော့ အထွတ်အထိပ် အင်အားစု (၇)ခုရဲ့ ရန်ငြှိုးတွေကို ခံပေးခဲ့တာပါ။ ဒီတောင်းဆိုချက်က တကယ်တော့ မများပါဘူး...”
“မများရုံတင်မကဘူး။ နည်းလွန်းနေတာ။ အရှင်မက ဒီလောက်ရက်ရောတာ။ သူ သေချာပေါက် သဘောတူလိမ့်မယ်။”
“တကယ်တော့ အရှင်မက လိုက်လျောပေးတဲ့အပြင် ဆုလာဒ်ပါ ချီးမြှင့်ပေးလောက်တယ်...”
ချင်းဖုန်းဟော်၏ ပါးစပ်မှာ ဟသွားကာ တစ်ခုခု ပြောချင်နေသော်လည်ူ နှုတ်ဆိတ်နေလိုက်သည်။
ဘယ်လိုတောင်လား။ အရူးတွေ။ ဝန်ကြီးမုန့်က ဧကရီရဲ့ ကြင်ရာတော်ကွ။
တစ်ယောက်ယောက်ကသာ မင်းရဲ့ မိန်းမကို လိုချင်လာရင် မင်းက ပြုံးပြီးတော့ သူ့ကို လက်ဆောင် ပစ္စည်းတွေနဲ့ ထုတ်ပေးလိုက်မှာလား။ ပြီးတော့ အိတ်ထဲမှာ ငါ အကာအကွယ်လေးတွေ လုပ်ပြီး ထည့်ပေးလိုက်တယ်။ သူ့ကို သေချာ ဂရုစိုက်လိုက်ပါလို့ စာနဲ့ ရေးနေဦးမှာလား။
ချင်းဖုန်းဟော်မှာ ဒေါသထွက်နေသည်။ သို့ရာတွင် သူသည် တစ်ခွန်းမှ ထုတ်မပြောနိုင်။
“အဘိုးကြီးကျန်း၊ တစ်ခုခုပြောလေ” ချင်းဖုန်းဟော်က အသံထုတ်လွှတ်ကာ အော်ဟစ်လိုက်သည်။
ကျန်းစန်းဟိုင်က နားရွက်များကို ပွတ်ကာ ပုခုံးတွန့်ပြလိုက်သည်။ “ ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူး။ ချန်ယွမ်ဓားသူတော်စင်ရဲ့ တောင်းဆိုချက်က အကျိုးအကြောင်း သင့်တယ်။ ငြင်းလိုက်လို့ ရှိရင် မဟာကျင်းက တမင်ညစ်နေတာနဲ့ တူလိမ့်မယ်။ ဒါက မဆုတ်သာမတိုးသာ အခြေအနေပဲ...”
“အသုံးမကျလိုက်တာ။ မင်း ဘာပြောချင်နေတာလဲ” ချင်းဖုန်းဟော်သည် ဒေါသထွက်နေ၏။
ရုံးတော်တွင် အတွင်းလူ အချို့က ဧကရီ၏ မည်းမှောင်သွားသော မျက်နှာကို တိတ်တခိုး ကြည့်ကာ တည်ငြိမ်နေသော မုန့်ချင်ကျိုးအား ကြည့်လိုက်ဖြင့် အံ့ဩသင့်နေကြသည်။
ချန်ယွမ်ဓားသူတော်စင်က ဧကရီ တုံံ့ပြန်ချက်ကို စောင့်ကာ နားထောင်နေသည်။ “ အရှင်မ၊ အရှင်မ...”
တုန်းဖန်လျူလီက လက်ချောင်းဖြူလေးများ လက်သီးဖြစ်အောင် ဆုပ်ကာ ဒေါသဖြင့် တုန်ရီနေသည်။
ကောင်းတယ်၊ ကောင်းတယ်...
တော်တယ်၊ ချန်ယွမ်ဓားသူတော်စင်...
ငါက နင့်ကို ဆုတစ်ခု တောင်းခိုင်းတာ။ နင်က ငါ့ကြင်ရာတော်ကို အဝေးခေါ်သွားချင်နေတယ်ပေါ့။ နင်က တစ်ခုခုတော့ တစ်ခုခုပဲ...
ဧကရီသည် စိတ်တိုနေရသည့် အကြောင်းရင်းအား နားမလည်နိုင်ပေ။ အကြိုက်ဆုံးအရုပ်အား လုယူခံလိုက်ရသည့် ကြောင်ကလေးကဲ့သို့ ဒေါသပေါက်ကွဲထွက်နေတော့သည်။
“မင်းရဲ့ တောင်းဆိုချက်ကို ပြန်ပြောင်းလိုက်။ နတ်ဘုရားအဆင့် စိတ်ဝိညာဥ် ရတနာ ဖြစ်ဖြစ်၊ ဘွဲ့ရာထူး တစ်ခုခု ဖြစ်ဖြစ်၊ ဒါမှမဟုတ် ရှေးဟောင်း အမွေအနှစ်ဖြစ်ဖြစ်၊ နတ်ဘုရားအရိုးဖြစ်ဖြစ် ဖြည့်ဆည်း ပေးနိုင်တယ်...” တုန်းဖန်လျူလီက သူ၏ ခံစားချက်များကို အတတ်နိုင်ဆုံး ထိန်းကာ ဆိုလိုက်သည်။
ချန်ယွမ်ဓားသူတော်စင်က ခေါင်းကို ပြတ်သားစွာ ခါလိုက်သည်။ “ မလိုပါဘူး. ကျွန်တော်က ဆရာ့ကို ခေါ်ပြီး လောကနဲ့ဝေးရာမှာ နေချင်တာပါ။”
တုန်းဖန်လျူလီ အံကြိတ်ကာ ခပ်တောင့်တောင့်ပြုံးရင်း ပြောသည်။ “ချန်ယွမ်ဓားသူတော်စင်။ ငါ မင်းနဲ့ ညှိနှိုင်းနေတာ မဟုတ်ဘူး။ ရောင့်မတက်လာနဲ့...”
“ကျွန်တော် ဒီနေ့လာခဲ့တာက ဆရာ့ကို အဝေးခေါ်သွားဖို့ပါ။ ဒီနေ့ သေခြင်းတရားနဲ့ တွေ့ကြုံရမယ် ဆိုရင်တောင်မှ ဆရာရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရပါမယ်...” ချန်ယွမ်ဓားသူတော်စင်က ခိုင်မာစွာ ပြောဆိုလာ၏။
တုန်းဖန်လျူလီ၏ နဖူးတွင် အရေးကြောင်ူများ ပေါ်လာကာ သူက နားထင်အား ပွတ်သပ်လိုက်၏။
ဘာတွေ ဖြစ်နေတာလဲ။
မူလက သူသည် ချန်ယွမ်ဓားသူတော်စင်က မည်သို ဆုလာဒ်မျိုး တောင်းလိမ့်မလဲဟု စမ်းသပ်လိုခဲ့သည်။
တကယ်၍ ချန်ယွမ်ဓားသူတော်စင်က လွန်ကဲသော တောင်းဆိုမှုများ ပြုလုပ်လာပါက သူသည် သေချာပေါက် မုန့်ချင်ကျိုး မဟုတ်ပေ။ ထပ်မံစုံစမ်းရန် မလိုအပ်တော့ပေ။
ချန်ယွမ်ဓားသူတော်စင်ထံတွင် တခြားသော ဆန္ဒများ မရှိဘူးဆိုပါက သူကိုယ်တိုင် သူ၏ မျက်နှာဖုံးကို ဆွဲဖြဲပစ်လိုက်မည်။
သို့ရာတွင် ယခု သူ တောင်းဆိုလာရာ ၎င်းက လွန်ကဲသော တောင်းဆိုမှုလား။
မဟုတ်ဟု ဆိုပါက သူသည် ဧကရီ၏ ကြင်ရာတော်အား ခေါ်ဆောင်သွားရန် ကြိုးစားနေခြင်း ဖြစ်သည်။
အကယ်၍ ဟုတ်သည်ဆိုပါက ချန်ယွမ်ဓားသူတော်စင်က မုန့်ချင်ကျိုးသည် ဧကရီ၏ ကြင်ရာတော်ဟုပင် မသိလောက်ချေ။ တောင်းဆိုချက်မှာ ကျိုးကြောင်းသင့်နေ၏။