အခန်း (၉၁)
Vol. 10 Ch. 91
မျှော်လင့်ချက်များ ရုတ်တရက် ပျက်သုဉ်းသွားရသဖြင့် ရှန်းဝမ်ချင်း အလွန်စိတ်ဓာတ်ကျသွားခဲ့ပါသည်။
သို့သော် စိတ်ကို အမြန်ဆုံး ပြန်ထိန်းခဲ့သည်။ ယခုက ဒီလို အတွေးတွေ ဝင်နေရမည့်အချိန်မဟုတ်ပေ။
ယန်ရုန်ရုန် အစီအစဉ်အတိုင်း အစေခံတန်းလျားဆီကို ထွက်သွားခြင်းဖြစ်နိုင်ပါသည်။
ယခုအချိန်အထိ ပြန်ရောက်မလာသေးသဖြင့် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့နေရလောက်သည်။
ရှန်းဝမ်ချင်း အစေခံတန်းလျားဆီ လိုက်သွားပြီး အခြေအနေကို စစ်ဆေးကြည့်ဖို့ ကြံလိုက်ပါသည်။
သို့သော် သူနောက်လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် ဘယ်ချိန်ကတည်းကမှန်းမသိ ဝင်ပေါက်ရှေ့သို့ ရောက်နေသည့် ဟုံနျန်ကျစ်ကို မြင်လိုက်ရလေသည်။
လက်ထဲတွင် ဗန်းတစ်ချပ်ကို ကိုင်ထားသည့် ဟုံနျန်ကျစ်က သူ့ကို ပြုံးပြလိုက်ပါသည်။
“သခင်လေး ဒီနေ့ညက မင်္ဂလာဦးည မဟုတ်ဘူးလား၊ အခန်းထဲမှာမနေဘဲ ဘယ်သွားမလို့လဲ”
ရှန်းဝမ်ချင်းက ပြန်မေးလိုက်သည်။
“မင်းကကော ဒီမှာ ဘာလုပ်နေတာလဲ”
“သခင်လေးနဲ့ သခင်မလေးတို့အတွက် သေရည်လာပို့ပေးတာပါ”
သေရည်တစ်အိုးနှင့် ခွက်နှစ်ခွက်တို့ကို တင်ထားသည့် မဟော်ဂနီဗန်းအား ဟုံနျန်ကျစ် ကိုင်မြှောက်ပြလိုက်သည်။
“မင်္ဂလာဦးညမှာ မင်္ဂလာဦးသေရည်မပါလို့ ဘယ်ဖြစ်ပါ့မလဲ၊ မဟုတ်ဘူးလား သခင်လေး”
ထို့နောက် အခန်းထဲသို့ ဝင်ဖို့ ဟုံနျန်ကျစ် ခြေလှမ်းပြင်လိုက်သည်။
အခန်းထဲက အခြေအနေများကို သူမ မြင်သွားလို့မဖြစ်သဖြင့် ရှန်းဝမ်ချင်း လမ်းပိတ်ရပ်လိုက်ပါသည်။
“ငါ့ကို ပေးခဲ့ပြီး ပြန်လို့ရပြီ၊ မင်းဒီမှာ ရှိနေစရာမလိုဘူး”’
ထို့နောက် သူမလက်ထဲမှ ဗန်းကိုယူဖို့ ပြင်လိုက်သည်။
သို့သော် ဟုံနျန်ကျစ်က လွှတ်ပေးဖို့ အစီအစဉ်မရှိပါ။ ဗန်းကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားကာ အပြုံးမပျက်ဘဲ ပြောလိုက်သည်။
“သခင်လေးက ဘုန်းတန်ခိုးကြီးမားတဲ့ လူတစ်ယောက်လေ၊ ဒီလို နိမ့်ကျတဲ့ အလုပ်တွေကို ကိုယ်တိုင်လုပ်လို့ဖြစ်ပါ့မလား၊ ကျွန်မလုပ်လိုက်တာ ပိုကောင်းပါတယ်”
ရှန်းဝမ်ချင်း၏ မျက်နှာ မှောင်မိုက်သွားခဲ့သည်။
“ငါခိုင်းတဲ့အတိုင်းလုပ်၊ ကိုယ့်အဆင့်ကိုယ် မမေ့နဲ့”
ဟုံနျန်ကျစ်၏ မျက်နှာပေါ်မှ အပြုံးလည်း ဖြည်းညှင်းစွာ မှေးမှိန်သွားခဲ့ပါသည်။
“သခင်လေး… ကျွန်မက သခင်လေး ကောင်းဖို့အတွက်ပဲ အလေးထားပြီး ဆောင်ရွက်ပေးခဲ့တာ၊ ကျွန်မကို နည်းနည်းလေးတောင် အသိအမှတ်မပြုနိုင်ဘူးလား”
ရှန်းဝမ်ချင်း အေးစက်စွာ ပြောလိုက်သည်။
“ငါထပ်မပြောဘူး”
ဆုံးဖြတ်ချက် ခိုင်မာနေသည့် ရှန်းဝမ်ချင်းကိုကြည့်ရင်း ဟုံနျန်ကျစ်လည်း ဟန်ဆောင်မနေတော့ပေ။ သူမ တဲ့တိုး ပြောလိုက်သည်။
“စန်းချွမ် အခန်းထဲမှာမရှိတာ ကျွန်မသိတယ်၊ မင်္ဂလာဦးညမှာ သူက အပြင်ကို ခိုးထွက်သွားတယ်၊ သခင်လေးကတော့ ဗလာကျင်းဖြစ်နေတဲ့အခန်းကို တစ်ယောက်တည်း ကာကွယ်ပေးနေရတယ်၊ သခင်လေးကို သူလုံးဝ ဂရုမစိုက်မှန်း မသိ သာလွန်းဘူးလား”
သူတို့နှစ်ယောက်အကြား သွေးထိုးဖို့ ကြိုးစားနေမှန်း သိသာလွန်းပါသည်။
ရှန်းဝမ်ချင်း၏ မျက်နှာက ခံစားချက်မဲ့နေဆဲပင်။
“အဲ့တာ သူနဲ့ ငါ့ကြားက ကိစ္စပဲ၊ အပြင်လူတွေ ဝင်ပါစရာမလိုဘူး”
ဟုံနျန်ကျစ် လှောင်ပြုံးပြုံးလိုက်သည်။
“စန်းချွမ်ကို သခင်လေး ဘယ်လောက်ချစ်မျန်း မျက်လုံးပါတဲ့လူတိုင်း မြင်နိုင်တယ်၊ သခင်လေးရဲ့ နှလုံးသားဆန္ဒတွေ ပြည့်ဝစေဖို့ လက်ဆက်ထိန်းမြှားမှုကို ကျွန်မ ကမ်းလှမ်းပေးခဲ့တာ၊ စန်းချွမ်က သဘောတူခဲ့တယ်ဆိုတော့ သူလည်း သခင်လေးအပေါ် မေတ္တာရှိလိမ့်မယ်လို့ ကျွန်မ ထင်မိသွားတယ်၊ ဒါပေမယ့် သူ့ကို အထင်ကြီးလွန်းခဲ့မိတာပဲ၊ သူသခင်လေးအပေါ်မှာ လုံးဝ မေတ္တာမရှိဘူး၊ အစကနေအဆုံးအထိ သခင်လေးကို အသုံးချသွားခဲ့တာ”
ရှန်းဝမ်ချင်း မျက်လုံးများ ပိုမိုအေးစက်လာခဲ့သည်။
“မင်းပြောလို့ ပြီးပြီလား”
“ကျွန်မကို အန္တရာယ်များတဲ့ မကောင်းဆိုးဝါးတစ်ကောင်အဖြစ် သခင်လေးမြင်နေမှန်း ကျွန်မသိတယ်၊ ဒါပေမယ့် သေချာတဲ့ အမှန်တရားတစ်ခုက ဒီပုံရိပ်ယောင်ကမ္ဘာထဲ သခင်လေးရောက်လာတဲ့အချိန်ကစလို့ သခင်လေးအပေါ် ကျွန်မ မကောင်းမကြံခဲ့ဘူး၊ သခင်လေးကို ကျွန်းသခင်ဖြစ်အောင်လုပ်ပေးပြီး အစွမ်းကုန် အလုပ်အကျွေးပြုခဲ့တယ်၊ ဒီပုံရိပ်ယောင် ကမ္ဘာထဲမှာ သခင်လေး လိုချင်တာ မှန်သမျှ ရနိုင်တယ်၊ စန်းချွမ်အပါအဝင်ပေါ့”
“သခင်လေးတို့ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကို ဂါဝရပြုပြီးကြပြီ၊ ဒီနေရာမှာ သခင်လေးတို့က ဇနီးမောင်နှံတွေပဲ၊ အသက်တွေကြီးသွားကြတဲ့အထိ ချစ်ချစ်ခင်ခင် နေထိုင်သွားကြလို့ရတယ်၊ ဒါပေမယ့် ပုံရိပ်ယောင်ကမ္ဘာထဲက ထွက်သွားမယ်ဆိုရင်တော့ သခင်လေးနဲ့ စန်းချွမ်တို့ လက်ဆက်ထိန်းမြှားထားတာတွေ အားလုံး ပျောက်ကွယ်သွားမယ်၊ လက်တွေ့ကမ္ဘာမှာ စန်းချွမ်က သခင်လေးကို ချစ်မှမချစ်တာ၊ အဲ့ဒီတော့ ထပ်ပြီး လက်ထပ်ဖို့ သဘောတူမှာ မဟုတ်ဘူး၊ သူ့ကို သခင်လေး ပိုင်ဆိုင်ရတော့မှာ မဟုတ်ဘူးနော်”
ဟုံနျန်ကျစ်၏ စကားလုံးများက ရက်စက်သော်လည်း ဆိုလိုရင်းက မြင်သာပါသည်။
ရှန်းဝမ်ချင်းကို သူမနားလည်စေချင်သည့် အချက် တစ်ချက်သာ ရှိသည်။
ပုံရိပ်ယောင်ကမ္ဘာက အတုအယောင်ဖြစ်သော်ငြား အနည်း ဆုံးတော့ သူလိုချင်သည့်အရာကို ပိုင်ဆိုင်နိုင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်။ ယန်ရုန်ရုန်ကို မဆုံးရှုံးချင်လျှင် ဒီမှာ ဆက်နေရပါမည်။
ဟုံနျန်ကျစ်၏စကားကို ရှန်းဝမ်ချင်း မယုံကြည်ချင်ပါ။
သို့သော် နှလုံးသားထဲမှာတော့ သူမပြောသည့် စကားများက အမှန်တရားဖြစ်မှန်း သိနေခဲ့သည်။ သူ့ကို ယန်ရုန်ရုန် မချစ်ပါ။
ဒီပုံရိပ်ယောင်ကမ္ဘာထဲမှာ မလွှဲသာသော အခြေအနေများကြောင့်သာ သူ့ဘေးမှာ ယန်ရုန်ရုန် ရှိနေရခြင်းဖြစ်သည်။ လက်တွေ့ကမ္ဘာကို ပြန်လည်ရောက်ရှိသွားသည်နှင့် သူ့ကို ယန်ရုန်ရုန်လိုအပ်တော့မှာ မဟုတ်ပေ။
သူ့မှာ အသုံးဝင်သည့်အချက်များ မရှိတော့သည့်အခါ ယန်ရုန်ရုန့်ကို ဆွဲခေါ်ထားဖို့ ခဲယဉ်းသွားပါလိမ့်မည်။
ထိုကဲ့သို့ နေ့ရက်မျိုးရောက်လာမှာကို ရှန်းဝမ်ချင်း အလွန်စိုးရွံ့မိသည်။
-
လျှို့ဝှက်မြေအောက်ခန်းထဲတွင် ရှန်းဝမ်ချင်းနှင့် ဟုံနျန်ကျစ်တို့ စကားပြောနေသည့် မြင်ကွင်းအား ကြေးမုံပေါ်တွင် ယန်ရုန်ရုန် မြင်နေရပါသည်။
ဖူရှန်းကြေးမုံ၏ မိစ္ဆာဆန်သော တီးတိုးပြောသံတစ်ခု သူမ နားထဲဝင်ရောက်လာခဲ့သည်။
“ရှန်းဝမ်ချင်း ဘာကိုရွေးချယ်မယ်ထင်လဲ၊ မင်းလိုမျိုး သူ့ကိုယ်သူစတေးပြီး မင်းရဲ့လွတ်လပ်မှုကို ဦးစားပေးမှာလား၊ ဒါမှမဟုတ် မင်းကို ပုံရိပ်ယောင်ကမ္ဘာထဲမှာပဲ ဆက်ခေါ်ထားပြီး သူ့နားမှာ တစ်သက်လုံးနေအောင် ချုပ်နှောင်ထားမှာလား”
ယန်ရုန်ရုန် တိတ်ဆိတ်သွားခဲ့သည်။
လူသားတို့၏ နှလုံးသားက နားလည်ရခက်ပါသည်။ ရှန်းဝမ်ချင်းက လှည့်စားဖို့လွယ်ကူသည်လူမဟုတ်မှန်း သူမ သိသည်။ သို့သော် သူမတို့အကြားက ဆက်ဆံရေးအတွက် ရှန်းဝမ်ချင်း ယုံကြည်ချက်မဲ့နေသည်ကိုလည်း ယန်ရုန်ရုန် နားလည်ပါသည်။
သူ့ကို သူမ မချစ်မှန်း ရှန်းဝမ်ချင်းသိသည်။ သူမ ထွက်သွားမှာကို ကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် လက်တွေ့ကမ္ဘာကို ရှန်းဝမ်ချင်း မပြန်ချင်တော့သည့် အခြေအနေမျိုးဖြစ်လာနိုင်ပါသည်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ယန်ရုန်ရုန် ပြန်ပြောလိုက်သည်။
“သူဘာပဲ ရွေးချယ်ရွေးချယ် ငါ့ဆုံးဖြတ်ချက်ကတော့ ပြောင်းလဲမှာ မဟုတ်ဘူး”
ဖူရှန်းကြေးမုံက မေးသည်။
“မင်းသစ္စာဖောက်ခံရမှာကို မကြောက်ဘူးလား”
“သစ္စာဖောက်ခံရတာကို ငါမုန်းတယ်၊ ဒါပေမယ့် ကြောက်ရလောက်တဲ့အထိတော့ မဟုတ်ဘူး”
ယန်ရုန်ရုန် ဖြေလိုက်သည်။
သူမ လိုချင်သည့်အရာကို ပြတ်ပြတ်သားသား နားလည်ထားပြီး အဆိုးဆုံး အခြေအနေအတွက်လည်း ကြိုတင် ပြင်ဆင်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူမ ကြောက်ရွံ့နေမှာ မဟုတ်ပါ။
ဖူရှန်းကြေးမုံထံမှ သက်ပြင်းချသံ ထွက်ပေါ်လာသည်။
“မင်းက လူကောင်းတစ်ယောက်ပဲ”
‘လူကောင်းတစ်ယောက်တဲ့လား’
သူမကိုယ် သူမ လူကောင်းတစ်ယောက်ဟု ယန်ရုန်ရုန် မတွေးခဲ့ဖူးပါ။ သူမ လုပ်ခဲ့သည့် လုပ်ရပ်တိုင်းတွင် ကိုယ့်ကိုယ်ကိုယ်သာ ရှေ့တန်းတင်လေ့ရှိသည်။ ယခု ရှန်းဝမ်ချင်းကို အရင်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ရသည်ကလည်း သူမအတွက် လွတ်မြောက်နိုင်ဖို့ အခွင့်အရေးများသည့် လမ်းကို ရွေးချယ်လိုက်ခြင်းသာ။
အကယ်၍ သူမသာ ရှန်းဝမ်ချင်းလိုပဲ ဒီပုံရိပ်ယောင်ကမ္ဘာ၏ လွှမ်းမိုးမှုကို ခံရမည်ဆိုလျှင် သူမဖာသာ အရင်ဆုံးထွက် ပြေးလွတ်မြောက်ဖို့ နည်းလမ်းပေါင်းစုံ ထုတ်သုံးမိလိမ့်မည်။ ရှန်းဝမ်ချင်းကို ချနင်းရမည်ဆိုလျှင်တောင် သူမ တွန့်ဆုတ်နေမည် မဟုတ်ပေ။
ဖူရှန်းကြေးမုံကြီးက ယန်ရုန်ရုန်၏ ‘စိတ်ထားမြင့်မြတ်မှု’ကြောင့် စိတ်ပြောင်းသွားပုံရသည်။
“ငါမင်းကို ဒီမှာ ခေါ်ထားချင်ပေမယ့် ငါက ရှန်းဝမ်ချင်းနဲ့ မတူဘူး၊ သူက မင်းကို တစ်ကိုယ်ကောင်းဆန်ဆန် သိမ်းပိုက်ချင်တာ၊ ငါကတော့ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်တာ၊ မင်းတို့နှစ်ယောက်စလုံးကို ငါသွားခွင့်ပြုနိုင်တယ်”
ယန်ရုန်ရုန် မယုံသင်္ကာမေးလိုက်သည်။
“တကယ်လား”
ဖူရှန်းကြေးမုံက ဆိုသည်။
“ငါပြောတာ မယုံရင် စမ်းကြည့်လိုက်လေ၊ ပုံရိပ်ယောင်ကမ္ဘာထဲကနေ ထွက်နိုင်မယ့် နည်းလမ်းက တကယ်တော့ ရိုးရိုးရှင်းရှင်းလေးပဲ၊ ငါ့မျက်နှာပြင်ပေါ်ကို မင်းသွေးစက်တစ်စက် ချပေးဖို့ပဲလိုတယ်၊ အဲ့တာဆို ပုံရိပ်ယောင်တွေ အားလုံးပျောက်ကွယ်သွားပြီး မင်းနဲ့ ရှန်းဝမ်ချင်းတို့ လက်တွေ့ကမ္ဘာကို ချက်ချင်း ပြန်ရောက်သွားလိမ့်မယ်”
ဖူရှန်းကြေးမုံ၏ မျက်နှာပြင်ပေါ်မှ ရှန်းဝမ်ချင်းနှင့် ဟုံနျန်ကျစ်တို့၏ ပုံရိပ်များ ပျောက်ကွယ်သွားကာ ယန်ရုန်ရုန်၏ ပုံရိပ် ပြန်ပေါ်လာခဲ့ပါသည်။ အမှောင်ထုထဲတွင် သူမ၏ ပုံရိပ်တစ်ခုတည်းကသာ လင်းလက်တောက်ပနေခဲ့သည်။
ဖူရှန်းကြေးမုံရှေ့သို့ ယန်ရုန်ရုန် ဖြည်းညှင်းစွာ လျှောက်လာခဲ့ပါသည်။
ယခု ကြေးမုံ၏ မျက်နှာပြင်ရှေ့ကို ရောက်ရှိနေပြီဖြစ်ပြီး လက်ဆန့်ထုတ်ကာ ထိတွေ့ဖို့သာ လိုတော့သည်။
သို့သော် သူမ တွန့်ဆုတ်နေပါသည်။
“ဘာလို့ ငါ့သွေးဖြစ်ဖို့လိုတာလဲ”
ဖူရှန်းကြေးမုံက ဆိုသည်။
“မင်းက ထူးခြားလို့ပေါ့”
ယန်ရုန်ရုန် နားမလည်နိုင်သေးပေ။
“ငါနားမလည်ဘူး၊ ငါက ဘယ်လိုမျိုး ထူးခြားနေလို့လဲ”
“ငါ့အမြင်မှာ မင်းက အမှောင်ညရဲ့ မီးပြတိုက်တစ်ခုလိုပဲ၊ မင်းဆီကနေ သာမန်မဟုတ်တဲ့ စွမ်းအင်တွေ ဖြာထွက်နေတာကို ခံစားမိတယ်၊ မင်းရဲ့သွေးက ငါ့အပေါ်မှာ အရမ်းပြင်းထန်တဲ့ သက်ရောက်မှုတစ်ခု ရှိလိမ့်မယ်”
ယန်ရုန်ရုန်၏ မျက်နှာထား ထူးဆန်းသွားသည်။
“အဲ့လောက်အရေးကြီးတဲ့ အချက်တွေကို ဒီအတိုင်း ထုတ်ပြောလိုက်တာလား”
ဖူရှန်းကြေးမုံ ခေတ္တ တိတ်ဆိတ်သွားပြီး သက်ပြင်းချလိုက်သည်။
“ကောင်းပြီလေ… အမှန်အတိုင်းပြောရရင် မင်းရဲ့သွေးက ပုံရိပ်ယောင်တွေကို ချိုးဖျက်နိုင်ရုံတင်မကဘူး စာချုပ်တစ်ခု ချုပ်ဖို့အတွက် လိုအပ်တဲ့ ကြားခံပစ္စည်းတစ်ခုဆိုလည်း ဟုတ်တယ်၊ ဒါပေမယ့် ငါအားလုံးကို လိမ်နေတာတော့ မဟုတ်ဘူး၊ ငါတို့ စာချုပ်ချုပ်ပြီးသွားပြီဆိုတာနဲ့ မင်းတို့ကို ပုံရိပ်ယောင်ထဲ ပိတ်လှောင်ထားနိုင်စွမ်း ငါ့မှာ မရှိတော့ဘူး၊ အဲ့ဒီအခါ မင်းတိုလည်း လွတ်လပ်သွားလိမ့်မယ်”
ယန်ရုန်ရုန် စဉ်းစားလိုက်သည်။
“နင့်ကြည့်ရတာ ငါနဲ့စာချုပ်တော်တော်ချုပ်ချင်နေတဲ့ပုံစံပဲ၊ နင့်အတွက် ဘာအကျိုးရှိနိုင်လို့လဲ”
“စာချုပ်ချုပ်လိုက်ရင် မင်းရဲ့သွေးကြောင့် ငါလွတ်လပ်သွားလိမ့်မယ်၊ မင်းနဲ့အတူ အရှေ့ပင်လယ်ပြင်ကနေ ထွက်ခွာပြီး အပြင်လောကကို ငါ လိုက်လာနိုင်လိမ့်မယ်”