← Chapters

အခန်း (၉၂)

Vol. 10 Ch. 92

အခန်း (၉၂)

Vol. 10 Ch. 92

“အပြင်လောကကို လိုက်လာနိုင်မယ်ဟုတ်လား…”

ယန်ရုန်ရုန်တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“အရင်တုန်းကလည်း ငါ့ကို အဲ့လိုစကားမျိုး ပြောဖူးတဲ့သူတစ်ယောက်ရှိတယ်”

ဖူရှန်းကြေးမုံက မေးသည်။

“ဪ… ဘယ်သူများလဲ”

ယန်ရုန်ရုန် ပြန်မဖြေဘဲ မေးခွန်းတစ်ခုကို မေးလိုက်သည်။

“နင်ပြောတဲ့ စကားတွေကို ငါတကယ် ယုံလို့ရရဲ့လား”

“မင်းကိုငါ တကယ်ဒုက္ခပေးချင်ရင် ဒီလိုတွေပြောနေဖို့တောင် မလိုဘူးဆိုတာ မင်းသိမှာပါ၊ ပုံရိပ်ယောင်ကမ္ဘာထဲ မင်းတို့တွေ ဦးတည်ရာမဲ့ လမ်းပျောက်နေတာကို ငါဒီအတိုင်း ကြည့်နေလိုက်လို့ရတယ်၊ ငါ့အကူအညီမပါဘဲ မင်းတို့ ဒီနေရာကနေလုံးဝ မလွတ်မြောက်နိုင်ဘူး”

ကြေးမုံ၏ စကားလုံးများကြောင့် ယန်ရုန်ရုန် ဝေခွဲရခက်သွားခဲ့သည်။

အချိန်အတန်ကြာမှ သူမ တိုးညှင်းစွာ ပြန်ပြောလိုက်ပါသည်။

“ဟုတ်ပါတယ်… ငါနင့်ကို တစ်ခေါက်လောက် ယုံပေးလိုက်လို့ ဘာမှမဖြစ်နိုင်ဘူးထင်တာပဲ”

ကြေးမုံက နူးညံ့စွာပြောလိုက်သည်။

“မင်းစိတ်မပျက်စေရပါဘူး”

ယန်ရုန်ရုန် ကတ်ကြေးထုတ်ကာ လက်ဖျားထိပ်ကို ရွယ်လိုက်သည်။ အေးစက်နေသည့် ကတ်ကြေး၏ သံမဏိထိပ်စွန်းက သူမအရေပြားနှင့် တစ်လက်မပင် မကွာဝေးတော့ပါ။ အားနည်းနည်းလောက် ထပ်စိုက်ထုတ်လိုက်လျှင် သူမအရေပြားထဲ ကတ်ကြေး စိုက်ဝင်သွားပြီး သွေးစက်များ စီးကျလာပါတော့မည်။

-

အိပ်ခန်းဆောင်ထဲတွင်…

အနီရောင် ဖယောင်းတိုင်များက တိတ်တဆိတ် လောင်ကျွမ်းနေဆဲဖြစ်ကာ အခန်းကို မှိန်မှိန်ဖျော့ဖျော့ အလင်းရောင်များ ပေးစွမ်းနေသေးသည်။ အပြင်ဘက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးကို ညအမှောင်က ကြီးစိုးထားလေသည်။

ကောင်းကင်ပေါ်တွင် ရှိနေရမည့် လမင်းကြီးလည်း ဘယ်အချိန်ကမှန်းမသိ ပျောက်ကွယ်သွားခဲ့ပြီး အဆုံးမဲ့အမှောင်ထုများသာ ကျန်ရစ်ခဲ့ပါသည်။

အလင်းရောင် ရှိနေသေးသည့် အခန်းထဲ ရှန်းဝမ်ချင်း မတ်တပ်ရပ်ကာ အပြင်ဘက်က အမှောင်ထုထဲတွင်ရှိနေသည့် ဟုံနျန်ကျစ်အား စိုက်ကြည့်နေသည်။

အချိန်အတော်ကြာမှ သူပြောလိုက်ပါသည်။

“မင်းပြောတာမှန်တယ်… ငါ သူ့ကို မဆုံးရှုံးချင်ဘူး၊ အခု သူငါ့ကို အသုံးချနေမှန်းလည်း ငါသိတယ်”

ဟုံနျန်ကျစ်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး အောင်ပွဲခံ အပြုံးတစ်ခု ပြုံးလိုက်ပါသည်။ နောက်ဆုံးတော့ ရှန်းဝမ်ချင်း၏ စိတ်ကို ပြောင်းလဲနိုင်ခဲ့လေပြီ။ ရှန်းဝမ်ချင်း သူမဘက်ကို ရောက်လာပါတော့မည်။ သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ ရှန်းဝမ်ချင်း၏ လေသံ ပြောင်းလဲသွားခဲ့သည်။

“ဒါပေမယ့် သူမှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုပဲ ချမယ်ဆိုတာ ငါ့ရင်ထဲမှာ ယုံကြည်နေတယ်၊ အိပ်မက်တစ်ခုက ဘယ်လောက်ပဲ လှပနေပါစေ နောက်ဆုံးတော့ အိပ်မက်ပဲလေ၊ အိပ်မက်ထဲမှာပဲ တစ်သက်လုံးနေလို့ရမှာမှ မဟုတ်တာ၊ လက်တွေ့က ရင်ဆိုင်ဖို့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ငါတို့ အမှန်တကယ် အမြတ်တနိုးတန်ဖိုးထားတဲ့အရာတွေဆိုတာ လက် တွေ့ကမ္ဘာမှာပဲ ရှိတယ်”

ဟုံနျန်ကျစ် အပြုံးများ အေးခဲသွားခဲ့သည်။

“ရှင်သူ့ကို ဆုံးရှုံးရမှာ မကြောက်ဘူးလား”

ရှန်းဝမ်ချင်း ပြန်ဖြေလိုက်သည်။

“သူ့ကို ပုံရိပ်ယောင်ကမ္ဘာထဲကနေ ထွက်နိုင်အောင် ကူညီပေးလိုက်ရင် သူလွတ်လပ်သွားတဲ့အခါ ငါ့ကို စွန့်ပစ်သွားနိုင်တယ်ဆိုတာ နားလည်တယ်၊ ဒါပေမယ့် သူ့ဆန္ဒကို လျစ်လျူ ရှုပြီး ဒီမှာ ပိတ်လှောင်ထားမယ်ဆိုရင်လည်း ငါ့ကို ကျိန်းသေပေါက်ထားခဲ့မှာပဲ၊ သူ့ခန္ဓာကိုယ်ကို ချုပ်နှောင်ထားနိုင်ပေမယ့် စိတ်ဝိညာဉ်ကိုတော့ ချုပ်နှောင်နိုင်မှာမဟုတ်ဘူး၊ စိတ်ဝိညာဉ်မရှိတော့တဲ့အခါ အခွံသက်သက်ပဲကျန်ခဲ့တဲ့ ရုပ်ကလာပ်တစ်ခုကို ငါမလိုလားဘူး”

ဟုံနျန်ကျစ် မျက်နှာပေါ်မှအပြုံး လုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။ ရှန်းဝမ်ချင်းကို မှောင်မိုက်ပြီး အငြှိုးအတေးကြီးသော မျက်လုံးမျိုးဖြင့် စိုက်ကြည့်နေသည်။

“နင် တကယ်ပြောရခက်တဲ့ကောင်ပဲ!”

ရှန်းဝမ်ချင်းကို အနုနည်းဖြင့် သိမ်းသွင်းပြီး စန်းချွမ်နှင့် ရန်တိုက်ပေးဖို့ သူမ ကြံရွယ်ခဲ့သည်။ အပြင်ပန်းကကြည့်လျှင် တည်ကြည်လေးနက်လွန်းသည့် ဒီလူက အလွန်ခေါင်း မာသည့် အချစ်ရူးတစ်ယောက်ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့မိပေ။

သူမ အားကြိုးမာန်တက်ဖြောင်းဖြခဲ့သည်များက လေကုန်ရုံသာ ရှိခဲ့သည်။

“အနုနည်းနဲ့ အလုပ်မဖြစ်တော့ အကြမ်းနည်းသုံးရတော့မှာပေါ့၊ ထွက်လာကြစမ်း!”

သူမစကားဆုံးသည်နှင့် အမှောင်ထုထဲမှ လူရိပ်များ ထွက်ပေါ်လာခဲ့သည်။ အားလုံးက စံအိမ်အတွင်းရှိ အစေခံများနှင့် အစောင့်များ ဖြစ်ကြသည်။

နေ့ဘက်တုန်းက သာမန်လူသားများနှင့် တူညီသောလည်း ယခုတော့ အမှောင်ထုထဲတွင် ၎င်းတို့၏ မျက်လုံးများက ဟာလာဟင်းလင်းဖြစ်နေပြီး မျက်နှာများကလည်း သွေးမဲ့ဖြူရော်နေကြသည်။ လှုပ်ရှားမှုများကလည်း စက်ရုပ်တွေလို တောင့်တင်းနေပြီး ကြိုးဆွဲရာကရသည့် ရုပ်သေးရုပ်များနှင့် အမှန်တကယ် ဆင်တူလှပါသည်။

ရှန်းဝမ်ချင်းကို ဖမ်းဆီးပြီး ပါးစပ်ထဲ ဟွမ်လျန့်ပစ္စည်းများလောင်းထည့်ဖို့ ဟုံနျန်ကျစ် အမိန့်ပေးလိုက်သည်။ သူ့ပါးစပ်ထဲ ဟွမ်လျန့်ပစ္စည်းများ ရောက်ရှိသွားသည်နှင့် မှတ်ဉာဏ်တွေ ထပ်မံဆုံးရှုံးကာ စန်းချွမ်ကိုပါ မေ့လျော့သွားပါလိမ့်မည်။

ရှန်းဝမ်ချင်း တစ်ယောက်တည်း တွန့်ဆုတ်မှုမရှိ ရပ်တည်ခဲ့သည်။ ရန်သူ့အင်အားက အလွန် များပြားပြီး မသေနိုင်သော မကောင်းဆိုးဝါးများလည်း ဖြစ်သည်။ သူကတော့ ဘာလက်နက်မှမရှိဘဲ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များကိုလည်း ထုတ်သုံးနိုင်ခြင်း မရှိပေ။

သို့သော် သူ မကြောက်ရွံ့ပါ။

ကုန်းမြေတိုက်ကိုးခု၏ စွမ်းအားအကြီးမားဆုံး ဓားသိုင်းကျင့်ကြံသူတစ်ဦးဖြစ်သည့်အလျောက် ဓားနှင့်လူ တစ်သား တည်းဖြစ်သည့် အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်မှာ ကြာခဲ့ပါပြီ။

သူကိုယ်တိုင်က မပျောက်ပျက်နိုင်သော ဓားတစ်လက်ပင်။

-

မှောင်အတိကျနေသည့် မြေအောက်ခန်းထဲတွင်…

ဖူရှန်းကြေးမုံ မျက်နှာပြင်ပေါ်မှ ခပ်ဖျော့ဖျော့ အဖြူရောင်အလင်းတန်းတစ်ခုထွက်လာပြီး ယန်ရုန်ရုန်ပုံရိပ်က ပိုမို တောက်ပလာခဲ့ပါသည်။

ယန်ရုန်ရုန် ကတ်ကြေးကို တင်းတင်းဆုပ်ကိုင်ရင်း အရေပြားကို ထပ်ဖိလိုက်သည်။

ဖူရှန်းကြေးမုံက ဆိုသည်။

“မကြာခင် ငါတို့ လွတ်မြောက်တော့မယ်”

ယန်ရုန်ရုန် ခေါင်းခါလိုက်ပါသည်။

“ ‘ငါတို့’မဟုတ်ဘူး၊ ငါတစ်ယောက်တည်း”

ဖူရှန်းကြေးမုံတွင် မျက်နှာမရှိသဖြင့် ၎င်း၏ စိတ်ခံစားချက်ကို အကဲမခတ်နိုင်ပေ။ သို့သော် ငွေရောင်သမ်းနေသည့် ၎င်း၏ မျက်နှာပြင် အနည်းငယ် မှောင်မိုက်သွားသည်ကို ကြည့်ခြင်းအားဖြင့် ယန်ရုန်ရုန့်စကားကို သူသဘောမကျမှန်း သိနိုင်ပါသည်။

ကြေးမုံက မေးသည်။

“မင်းဘာကို ဆိုလိုတာလဲ၊ ငါနဲ့ ပူးပေါင်းဖို့ သဘောတူထားတာ မဟုတ်ဘူးလား”

ယန်ရုန်ရုန် ပြန်ဖြေလိုက်သည်။

“အလိမ်အညာတွေ ပြည့်နှက်နေတဲ့လူတစ်ယောက်နဲ့ ဘာလို့ပူးပေါင်းရမှာလဲ”

“မင်းငါ့ကို မယုံသေးဘူးပဲကိုး”

ကြေးမုံ၏အသံ ရုတ်တရက် လေးလံသွားခဲ့သည်။

“တကယ်တော့ နင်ငါ့ကို အစကတည်းက လိမ်နေခဲ့တာလေ၊ ရှန်းဝမ်ချင်းနဲ့ ဟုံနျန်ကျစ်တို့ရဲ့ စကားတွေကို ငါမြင်အောင် နင်တမင်သက်သက် ပြခဲ့တယ်၊ ငါတို့နှစ်ယောက်ကြားထဲ သွေးထိုးဖို့ ကြံနေတာလို့ ထင်ရပေမယ့် တကယ်တမ်း ငါ့ကို ဆုံးဖြတ်ချက် မရေရာအောင်လုပ်ပြီး စိတ်ဖိစီးသွားအောင် လုပ်ချင်ခဲ့တာ မဟုတ်လား၊ အဲ့တာမှ နင့်ဘက်က လွတ်လမ်းတစ်ခု ကမ်းလှမ်းလာတဲ့အခါ ငါသဘောတူနိုင်ချေ ပိုမြင့်မှာလေ”

“လူသားတွေရဲ့အကြောင်းကို နင်သိပ်နားလည်နေပြီလို့ ထင်နေတယ်မလား၊ ငါ့ကို လှည့်စားလို့ရမယ်လို့ ထင်ခဲ့တယ် မဟုတ်လား၊ တကယ်တမ်းတော့ နင်က အလိမ်မတတ်တဲ့ လူလိမ်တစ်ယောက်ပဲ၊ နင့်စကားလုံးတွေမှာ ဟာကွက်တွေ အများကြီးရှိနေတယ်၊ ငါ့သွေးက နင့်အပေါ်မှာ ကြီးမားတဲ့ အာနိသင်တစ်ခု သက်ရောက်နိုင်တယ်လို့ ပြောတယ်၊ ဘာအာနိသင်မှန်း မသေချာမရေရာတဲ့အတွက် နင်သတိထားသင့်တာမဟုတ်ဘူးလား၊ ဒါပေမယ့် နင့်မျက်နှာပြင်ပေါ်ကို ငါ့သွေးစက်ချပေးဖို့ မဆိုင်းမတွ တောင်းဆိုခဲ့တယ်၊ အဲ့တာ မထူးဆန်းဘူးလား”

“ပြီးတော့ အပြင်လောကကို လိုက်လာချင်တယ်တဲ့လား၊ အဲ့လိုစကားမျိုး ငါ့ကိုပြောခဲ့ဖူးတဲ့သူရှိတယ်၊ သူ့နာမည်က ထောင်ထျဲတဲ့၊ အဲ့ဒီနာမည်ကို နင်လည်းကြားဖူးမှာပေါ့၊ နင့်လိုပဲ သူလည်း ရှေးခေတ်ရဲ့ အကြွင်းအကျန် သတ္တဝါတစ်ကောင်ပဲ၊ အဲ့ဒီအချိန်တုန်းက ကောင်းကင်ဘုံနန်းတော်ထဲ ငါ့သွေးတစ်စက် မတော်တဆ ကျသွားခဲ့တယ်၊ အဲ့ဒီ သွေးစက်ကြောင့် ထောင်ထျဲသားရဲကို ချုပ်နှောင်ထားတဲ့ အချုပ်အနှောင်တွေ ပျက်စီးသွားပြီး သူ့ကို လွတ်မြောက်သွားစေခဲ့တယ်၊ အခုလည်း အဲ့လိုဇာတ်လမ်းမျိုး ထပ်ကြုံရတော့မှာလား”

ယန်ရုန်ရုန်၏ စကားတစ်ခွန်းဆုံးတိုင်း ဖူရှန်းကြေးမုံ၏ မျက်နှာပြင် မှောင်သထက်မှောင်မိုက်လာခဲ့သည်။ သူမစကား ပြီးဆုံးသွားချိန်တွင်တော့ ကြေးမုံမျက်နှာပြင်က ညကောင်း ကင်ယံလို မှောင်အတိကျနေခဲ့ပါပြီ။

ယန်ရုန်ရုန် ကတ်ကြေးကို လက်ဖျားပေါ်မှ ပြန်ဖယ်လိုက်ပြီး ဆက်ပြောလိုက်သည်။

“ငါ့သွေးက နင့်ကို လွတ်မြောက်စေမယ်မှန်းသိလို့ ငါ့ကို ထူးခြားတဲ့လူလို့ နင်ခေါင်းစဉ်တပ်ခဲ့တာ၊ နင့်ရဲ့ အချုပ်အ နှောင်ကနေ လွတ်မြောက်သွားပြီဆိုတာနဲ့ ထောင်ထျဲသားရဲလိုတုန်းကလိုပဲ ငါ့ကို ချက်ချင်းသတ်ပစ်ဖို့ ကြိုးစားမှာပဲ”

ဖူရှန်းကြေးမုံက ဆိုသည်။

“ငါမင်းကို မသတ်ပါဘူး ငါတို့ပူးပေါင်းလို့ရတယ်”

“ငါပြောပြီးပြီ၊ လူလိမ်တွေနဲ့ ငါမပူးပေါင်းချင်ဘူး”

ဖူရှန်းကြေးမုံက ဆက်ပြီး ဖြားယောင်းသည်။

“ကျင့်ကြံခြင်းအဆင့်တွေ တက်လှမ်းနိုင်ဖို့အတွက် မင်းကို ငါကူညီပေးနိုင်တယ်လေ၊ မသေမျိုးဖြစ်သွားပြီး ကောင်းကင် ဘုံကို တက်လှမ်းနိုင်တဲ့အထိ ငါကူညီပေးနိုင်တယ်”

ထိုကမ်းလှမ်းချက်ကြောင့် ယန်ရုန်ရုန် စိတ်ယိမ်းယိုင်သွားပုံပေါ်သည်။ အချိန်အတော်ကြာအောင် လေးလေးနက်နက် စဉ်းစားချင့်ချိန်ပြီးနောက် သူမ ပြန်ပြောလိုက်ပါသည်။

“ငါနင့်ကိုမေးစရာတွေရှိတယ်၊ အဲ့တာတွေကို အမှန်အတိုင်း ဖြေပေးမယ်ဆိုရင် နင့်ကမ်းလှမ်းချက်ကို စဉ်းစားပေးမယ်”

ဖူရှန်းကြေးမုံ လက်ခံလိုက်ပါသည်။

ယန်ရုန်ရုန်: “နင်နဲ့ ထောင်ထျဲသားရဲတို့လို့ ရှေးဟောင်းသတ္တဝါတွေက ပျောက်ကွယ်သွားသင့်တာ ကြာပြီလေ၊ ဘာလို့ အခုထိ အသက်ရှင်နေသေးတာလဲ”

“ငါလည်းမသိဘူး”

ဖူရှန်းကြေးမုံက ဆိုသည်။

“အဲ့ဒီတုန်းက ကောင်းကင်ဘုံတာအို ပျက်သုဉ်းသွားတော့ စကြဝဠာကြီးလည်း ပြိုလဲသွားခဲ့တယ်၊ မိစ္ဆာတွေ၊ မသေမျိုးတွေ ဘယ်လောက်ပဲ စွမ်းအားကြီးမားခဲ့ပါစေ အဲ့ဒီ ကပ်ဘေးကို ဘယ်သူမှ မကျော်လွှားနိုင်ခဲ့ကြဘူး၊ ငါလည်း အဲ့ဒီကပ်ဘေးကြောင့် ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ်မေ့မျောသွားခဲ့တာ… ငါ သတိပြန်ရလာတော့ ဒီနေရာမှာ ချိပ်ပိတ်ခံထားရတာပဲ”

All Chapters