အခန်း (၉၃)
Vol. 10 Ch. 93
ယန်ရုန်ရုန် ဆက်မေးသည်။
“နင့်ကိုဒီမှာ ဘယ်သူချုပ်နှောင်ခဲ့တာလဲဆိုတာ တကယ်မမှတ်မိဘူးလား”
ဖူရှန်းကြေးမုံက မမှတ်မိကြောင်း ပြန်ပြောခဲ့သည်။
ယန်ရုန်ရုန် မေးကိုင်လျက် သေသေချာချာ စဉ်းစားကြည့်လိုက်ပါသည်။ ဧကန္တ ဖူရှန်းကြေးမုံနှင့် ထောင်ထျဲသားရဲတို့ကို ချုပ်နှောင်ခဲ့သည့် ပုဂ္ဂိုလ်က တစ်ဦးတည်း ဖြစ်နေနိုင်သည်။
‘ဘယ်သူလဲ… ဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲ… ထောင်ထျဲသားရဲနဲ့ ဖူရှန်းကြေးမုံတို့အပြင် သူချုပ်နှောင်ထားတဲ့ တခြား ရှေးဟောင်းရတနာတွေ ရှိနေသေးတာလား…’
ထိုအတွေးများကို ယန်ရုန်ရုန် ယာယီ ဘေးဖယ်ထားလိုက်ပြီး ထပ်မေးလိုက်သည်။
“ခုနက ကောင်းကင်ဘုံတာအို ပျက်သုဉ်းသွားတယ်လို့ နင်ပြောလိုက်တယ်နော်၊ အဲ့တာ ဘာအဓိပ္ပာယ်လဲ၊ ကောင်းကင် ဘုံတာအို တကယ်ပျက်သုဉ်းသွားတယ်ဆိုရင် အခုလက်ရှိ ကောင်းကင်ဘုံတာအိုက ဘယ်ကရောက်လာတာလဲ”
‘လက်ရှိကောင်းကင်ဘုံ တာအိုက အတုအယောင်လို့ ပြောချင်တာလား...’
ထိုအတွေးဖြင့် ယန်ရုန်ရုန် ချွေးစေးများပြန်သွားပြီး ကျောပြင်တစ်လျှောက် ကြက်သီးမွေးညှင်းများ ထသွားခဲ့ပါသည်။
ဖူရှန်းကြေးမုံ ခေတ္တတွန့်ဆတ်သွားခဲ့ပြီး ပြန်ဖြေလိုက်သည်။
“ငါ မသိဘူး”
“မသိတာလား မပြောနိုင်တာလား”
ဖူရှန်းကြေးမုံ နောင်တရနေမိပါပြီ။ ယန်ရုန်ရုန်ကို အားနည်းပျော့ညံ့သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ ရှန်းဝမ်ချင်းကိုသာ ကပ်တွယ်ပြီး ရှင်သန်နေရသူဖြစ်သည်ဟု သူထင်ခဲ့မိသည်။ ရှန်းဝမ်ချင်း၏ အကာအကွယ်သာ မရှိတော့လျှင် သူမ ခိုကိုးရာမဲ့သွားလိမ့်မည်ဟု ထင်ခဲ့မိသည်။ ထိုအခါ သူမကို ထိန်းချုပ်ဖို့ လွယ်ကူသွားပါလိမ့်မည်။
ဒီမိန်းမ ကြောက်စရာကောင်းလောက်အောင် ထက်မြက်နေလိမ့်မည်ဟုတော့ လုံးဝထင်မထားခဲ့ပေ။ သူမက ပုံရိပ်ယောင်များ၏ လွှမ်းမိုးမှုကို တွန်းလှန်နိုင်စွမ်းရှိသည့်အပြင် သူ့အလိမ်အညာတွေကိုလည်း ဖောက်ထွင်းမြင်နိုင်စွမ်း ရှိနေသည်။
ဒီလောက်ထိန်းချုပ်ရခက်မှန်းသာ သိခဲ့လျှင် ပုံရိပ်ယောင်ကမ္ဘာထဲ စတင်ရောက်ရှိလာကတည်းက သူမကို သတ်ပစ်ဖို့ ကြိုးစားခဲ့ပါသည်။
သို့သော် ဖူရှန်းကြေးမုံ လောဘကြီးလွန်းခဲ့သည်။
အချုပ်အနှောင်မှ လွတ်မြောက်ဖို့အတွက် သူမကို အသက်ရှင်ခွင့် ပေးခဲ့မိပါသည်။
ဖူရှန်းကြေးမုံ ခက်ခက်ခဲခဲ ပြန်ဖြေလိုက်သည်။
“မပြောနိုင်တာ…”
ထိုအဖြေက သူအကောင်းဆုံး ပေးနိုင်သည့် အဖြေပင်။ သူ မပြောချင်၍ မဟုတ်ဘဲ မပြောနိုင်ခြင်းသာ…
မမြင်ရသည့် မျက်လုံးတစ်စုံက သူ့ကို စောင့်ကြည့်နေသည်။ မပြောသင့်သည့် စကားလုံးများကို ထုတ်ပြောလိုက်လျှင် ရက်စက်ကြမ်းကြုတ်သည့် အပြစ်ဒဏ်များကို ခံစားရလိမ့်မည်။
ထိုကဲ့သို့ စွမ်းအင်မျိုး ပိုင်ဆိုင်ထားနိုင်သည့်သူအကြောင်း တွေးလိုက်မိသည်နှင့် ယန်ရုန်ရုန် ခေါင်းမော့ကြည့်လိုက်မိသည်။ သူမ၏ အကြည့်က အမှောင်ထုနှင့် ပုံရိပ်ယောင်များကို ဖြတ်သန်းကာ ကောင်းကင်ယံအထိ ရောက်ရှိသွားသည့်အလား ထင်ရသည်။
‘ကောင်းကင်ဘုံတာအိုလား…’
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လောလောဆယ် သူမလက်လှမ်းမှီနိုင်သည့် အရာမဟုတ်သေးပေ။ သူမ အလွန်အားနည်းနေပါသေးသည်။ ဝိညာဉ်ရင်းမြစ်ကို အမြန်ဆုံး ပြန်ပြုပြင်ပြီး ခွန်အားများ ပြန်လည်ဖြည့်တင်းကာ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် အရင်ကာကွယ်ပြီးမှ ကျန်တာ ဆက်စဉ်းစားသင့်သည်။
ယန်ရုန်ရုန် ခေါင်းပြန်ငုံ့လာပြီး ဖူရှန်းကြေးမုံအား ကြည့်လိုက်သည်။
“နောက်ဆုံးမေးခွန်းပဲ… နင့်ကို ဘယ်သူ နှိုးခဲ့တာလဲ”
ဖူရှန်းကြေးမုံ၏အဖြေက မပြောင်းလဲပေ။
“မသိဘူး”
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားပြီး လက်ထဲက ကတ်ကြေးကို ကြေးမုံမျက်နှာပြင်နား ကပ်လိုက်ပါသည်။ သူမ လေသံတွင်လည်း ခြိမ်းခြောက်သံများ အပြည့်အဝ ပါဝင်နေသည်။
“တကယ်မသိတာလား မသိချင်ယောင် ဆောင်နေတာလား”
ဖူရှန်းကြေးမုံမျက်နှာပြင်တွင် လှိုင်းတစ်ခု ထသွားခဲ့သည်။ ယုတ္တိရှိရှိဆိုရလျှင် ရှေးဟောင်းရတနာတစ်ပါးဖြစ်သည့် အလျောက် ချုပ်နှောင်ခံထားရသည့် အခြေအနေမျိုးမှာတောင် သာမန်ကတ်ကြေးတစ်လက်ကို မကြောက်ရွံ့သင့်ပေ။
သို့သော် ယန်ရုန်ရုန် ချဉ်းကပ်လာသည်နှင့် ဘာကြောင့်မှန်းမသိဘဲ ဖူရှန်းကြေးမုံ ချောက်ချားသွားခဲ့ရသည်။ ဒီမိန်းမက သူ့ကို အမှန်တကယ် သတ်ပစ်နိုင်သည်ဟု မသိစိတ်မှ သတိပေးနေခဲ့ပါသည်။
ထို့ကြောင့် ဖူရှန်းကြေးမုံ သုတ်သုတ်ပျာပျာ ရှင်းပြလိုက်လေသည်။
“ငါ တကယ်မသိတာပါ! ငါနိုးလာတော့ အဲ့ဒီလူ မရှိတော့ဘူး၊ စာတစ်စောင်တော့ ချန်ထားပေးခဲ့တယ်၊ ဒီအချုပ်အနှောင်ကနေ လွတ်မြောက်ချင်ရင် ကျင့်ကြံသူတွေရဲ့ ဝိညာဉ်တွေကို စားသုံးရမယ်တဲ့! အဲ့တာကြောင့် ဖြတ်သွားဖြတ်လာ ကျင့်ကြံသူတွေကို ဖမ်းစားဖို့အတွက် ပင်လယ်ပြင်မှာ ပုံရိပ်ယောင်တွေ ငါ ဖန်ဆင်းခဲ့တာပါ! အဲ့ဒီဝိညာဉ်တွေက ငါ့စွမ်းအားတွေကို ပြန်ပြည့်ဝစေခဲ့ပေမယ့် အချုပ်အနှောင်ကနေလွတ် မြောက်ဖို့အတွက်တော့ မလုံလောက်သေးဘူး!”
“အဲ့ဒီအချိန်မှာ မင်း ရောက်လာခဲ့တယ်၊ မင်းဆီကထွက်နေတဲ့ အရှိန်အဝါတွေက ငါ့ကို ချုပ်နှောင်ထားတဲ့ အချုပ်အနှောင်တွေရဲ့ အရှိန်အဝါတွေနဲ့ ဆင်တူနေမှန်း သတိထားမိတယ်၊ အဲ့တာကြောင့် မင်းသာဆိုရင် ငါ့အချုပ်အနှောင်တွေကို ချိုးဖျက်ပေးနိုင်မယ်လို့ ထင်ထားခဲ့တာ… မင်းရဲ့သွေးလေးတစ်စက်ကိုပဲ လိုအပ်တာပါ၊ ငါတကယ် ဒီအချုပ်အနှောင်ကနေပဲ လွတ်မြောက်ချင်တာ၊ မင်းကို သတ်ဖို့ လုံးဝအစီအစဉ်မရှိဘူး!”
သူ့စကားသံက မြန်ဆန်လွန်းသဖြင့် မတည်မငြိမ်ပင် ဖြစ်လာခဲ့သည်။
“အဲ့ဒီစာ ဘယ်မှာလဲ”
ယန်ရုန်ရုန်မေးလိုက်သည်။
ဖူရှန်းကြေးမုံ ချက်ချင်း ပြန်ဖြေလိုက်ပါသည်။
“ငါဖတ်ပြီးသွားတော့ သူ့အလိုလို ပြာကျသွားတယ်”
“ဒါဆို နင်က ဘာမှအသုံးမဝင်တော့ဘူးပေါ့”
ယန်ရုန်ရုန် ကတ်ကြေးကိုမြှောက်ကာ ကြေးမုံမျက်နှာပြင်အား ထိုးစိုက်ပစ်ဖို့ ပြင်လိုက်သည်။
ကြေးမုံက အော်ဟစ်တားမြစ်လိုက်လေသည်။
“မင်းကတိပေးထားတယ်လေ! မင်းမေးခွန်းတွေကို ဖြေပေးမယ်ဆိုရင် ပူးပေါင်းပေးမယ်ဆို! မင်းစကားကို ပြန်ရုတ်သိမ်းလို့မရဘူး!”
အော်သံများကို လျစ်လျူရှုလျက် ဖူရှန်းကြေးမုံ၏ မျက်နှာ ပြင်အား ယန်ရုန်ရုန် မတွန့်မဆုတ် ထိုးစိုက်ပစ်လိုက်ပါသည်။ ချောမွေ့နေသည့် ကြေးမုံမျက်နှာပြင်မှာ ရုတ်တရက် လှိုင်းထသွားခဲ့ပြီး အက်ကွဲကြောင်းများက မျက်နှာပြင်တစ်ခုလုံးကို ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
ဖူရှန်းကြေးမုံ အချုပ်အနှောင်မှ လွတ်မြောက်အောင် အသည်းအသန်ကြိုးစားပြီး လက်တုန့်ပြန်ဖို့ ကြိုးစားလေသည်။ ကြေးမုံအတွင်းမှ အနက်ရောင်အခိုးအငွေ့များထွက်လာကာ ယန်ရုန်ရုန်ကို ဆွဲခေါ်ဖို့ ကြိုးစားသည်။
သို့သော် ကြေးမုံကို ချုပ်နှောင်ထားသည့် အနီရောင်မှော်သင်္ကေတများက ပိုမိုတင်းကြပ်သွားသဖြင့် အနက်ရောင် အခိုးအငွေ့များ ကြေးမုံထဲ ပြန်ဝင်သွားခဲ့ရပါသည်။
ထို့နောက် ဖူရှန်းကြေးမုံထံမှ စူးစူးဝါးဝါးအော်သံများထွက်ပေါ်လာခဲ့သည်။
ယန်ရုန်ရုန် ခံစားချက်မဲ့စွာ ပြောလိုက်ပါသည်။
“ငါပြောခဲ့သားပဲ၊ လူလိမ်တွေနဲ့ မပူးပေါင်းပါဘူးလို့”
သူမ ကိုယ်တိုင်က လူလိမ်တစ်ယောက်ဖြစ်နေသဖြင့် လိမ် ညာတတ်သည့် လူတွေက ဘယ်လောက်အန္တရာယ်များသလဲ ကောင်းကောင်းကြီး နားလည်ပါသည်။
ဖူရှန်းကြေးမုံ အစိတ်အပိုင်းများစွာအဖြစ် တစ်စစီကွဲထွက်သွားခဲ့သည်။ ထိုအစိတ်အပိုင်းများက အမှုန်အမွှားများအဖြစ် တဖန်ပြောင်းလဲကာ ယန်ရုန်ရုန့်အပေါ် နှင်းစက်များကဲ့သို့ ဖြာကျလာခဲ့သည်။
ဘေးပတ်လည်ရှိ ပုံရိပ်ယောင်များမှာလည်း စတင် ယိမ်းယိုင်ယိုယွင်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် စံအိမ်ကြီးတစ်ခုလုံး တုန်ခါလာခဲ့သည်။ ရှန်းဝမ်ချင်းကို တိုက်ခိုက်နေကြသည့် ဟုံနျန်ကျစ်နှင့် အခြားသူများလည်း ကျောက်ရုပ်များကဲ့သို့ ရုတ်တရက် ရပ်တန့်သွားခဲ့ကြပါသည်။
ဒါကိုမြင်သောအခါ ဖူရှန်းကြေးမုံကို ယန်ရုန်ရုန်ရှာတွေ့သွားပြီဟု ရှန်းဝမ်ချင်းခန့်မှန်းမိသည်။ ထို့ကြောင့် အစေခံတန်း လျားသို့ သူအမြန်ဆုံ ပြေးလာခဲ့သည်။ သူမကို အမြန်ဆုံး ရှာဖွေရပါမည်။
စံအိမ်ဝန်းထဲရှိ အဆောက်အဦးများ တစ်ခုပြီးတစ်ခု ပြိုကျသွားခဲ့သည်။ ပန်းပင်၊ မြက်ပင်များလည်း ချက်ချင်းဆိုသလို ဆွေးမြေ့ကုန်ကြသည်။ မျက်စိတစ်မှိတ်အချိန်အတွင် အရာအားလုံး ပျောက်ကွယ်သွားခဲ့ပါသည်။
စံအိမ်ကြီးလည်း ပျောက်ကွယ်သွားသလို၊ ဖမ့်လိုင်မသေမျိုးကျွန်းတစ်ခုလည်း ပျောက်ကွယ်ကာ၊ အရှေ့ပင်လယ်ပြင် တစ်ခုလုံးပင် ပျောက်ကွယ်သွားခဲ့ပြီး အဆုံးမဲ့အမှောင်ထုတစ်ခုသာ ကျန်ခဲ့သည်။
ထိုအချိန်တွင် ယန်ရုန်ရုန့်ကို ရှန်းဝမ်ချင်း မြင်လိုက်ရသည်။
အဆုံးမဲ့အမှောင်ထုထဲတွင် တစ်ခုတည်းသော အလင်းရောင်အဖြင့် သူမ လင်းလက်နေခဲ့သည်။ သူမ ဘေးပတ်လည်တွင် တောက်ပနေသည့် ဖန်မှုန်စများက ကောင်းကင်ယံမှ ကြယ် ပွင့်များကဲ့သို့ ဝဲပျံနေခဲ့ပါသည်။
“ရုန်ရုန်!”
ရှန်းဝမ်ချင်း အော်ခေါ်လိုက်သည်။
ယန်ရုန်ရုန်လည်း သူ့ကိုလှည့်ကြည့်လိုက်ပါသည်။ သူမ ပြုံးကာ နှုတ်ခမ်းများလှုပ်ရှားသွားခဲ့သည်။ အမှောင်ထုထဲတွင် ရှန်းဝမ်ချင်း ဘာအသံမှ မကြားခဲ့ရသော်လည်း သူမနှုတ်ခမ်းကိုတော့ ဖတ်နိုင်ခဲ့ပါသည်။
‘ခဏနေ ပြန်တွေ့မယ်’
ထိုစကားဆုံးသည်နှင့်တစ်ပြိုင်တည်း ပုံရိပ်ယောင်ကမ္ဘာကြီး အကြွင်းမဲ့ ပြိုလဲသွားလေတော့သည်။
-
အမှောင်ထုများ လွယ့်ပြယ်သွားပြီးနောက် ယန်ရုန်ရုန်၏ အမြင်အာရုံ ကြည်လင်သွားခဲ့သည်။ ယခု သူမ ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကြီး၏ကျောပေါ်တွင် ရောက်ရှိနေပါသည်။ သူမဘေးတွင် သတိလစ်နေဆဲဖြစ်သည့် ရှန်းဝမ်ချင်း ရှိနေပြီး သူမတို့နှစ်ယောက်စလုံး ရေတွေစိုရွှဲနေကြသည်။
သူမကို ငှက်ပေါက်လေးနှင့် လျို့လန်တို့ စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ကြသည်။ သူမ နိုးထလာသည်ကို မြင်မှ ငှက်ပေါက်လေး သက်ပြင်းချနိုင်ခဲ့ပါသည်။
“နောက်ဆုံးတော့ နိုးလာပြီပေါ့!”
ထိုးကိုက်နေသည့် ခေါင်းကိုကိုင်ရင်း ယန်ရုန်ရုန် မေးလိုက်သည်။ “ငါတို့ ဝိညာဉ်လှေပေါ်မှာ ရှိနေတာ မဟုတ်ဘူးလား၊ ဘယ်ကိုရောက်သွားတာလဲ”
“ပင်လယ်ထဲမှာ ရုတ်တရက် လေပြင်းတွေ တိုက်လာလို့ လှေမှောက်သွားတာလေ၊ စန်စပိုင်ရှင်နဲ့ ရှန်းဝမ်ချင်းတို့ လိပ်ပြာလွင့်သွားသလို အသိစိတ်မဲ့သွားခဲ့ကြတာ၊ ကျုပ်တို့ ဘယ် လောက်ပဲ သတိအော်ပေးပေး အသုံးမဝင်ဘူး၊ အဲ့တာကြောင့် စနစ်ပိုင်ရှင်တို့ ပင်လယ်ထဲပြုတ်ကျသွားခဲ့တယ်၊ နှစ်ယောက်စလုံး ရေနစ်သွားမှာစိုးလို့ ရွှမ်နျောင်ငှက်ကြီးကို ခေါ်ပြီး ဆယ်ခိုင်းခဲ့တာ”