← Chapters

အခန်း (၉၄)

Vol. 10 Ch. 94

အခန်း (၉၄)

Vol. 10 Ch. 94

လျို့လန်လည်း အလွန်တုန်လှုပ်နေပြီး ယန်ရုန်ရုန့်လက်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပါသည်။ ခုနက သူ ဘယ်လောက်ပဲ အော်ခေါ်ခဲ့ပါစေ ယန်ရုန်ရုန် နိုးမလာခဲ့ပါ။

ထို့ကြောင့် လျို့လန်အလွန် ထိတ်လန့်ခဲ့ရသည်။ သူ့မေမေကို ဆုံးရှုံးပြီး မိဘမဲ့ဖြစ်သွားတော့မည်ဟုပင် ထင်ခဲ့မိပါသည်။

လျို့လန် ခေါင်းလေးကို ယန်ရုန်ရုန် ပွတ်ပေးရင်း လွှတ်ပေးဖို့ ချော့ပြောလိုက်သည်။ လျို့လန် လက်ကို ဆက်ကိုင်ထားချင်မိသော်လည်း စကားနားထောင်ကာ သူ့မေမေကို လွှတ်ပေးလိုက်လေသည်။

ယန်ရုန်ရုန် ချန့်ခွင်းအိတ်ကို ဖွင့်ကြည့်လိုက်ရာ အလွယ်တကူ ပွင့်သွားသဖြင့် စိတ်အေးသွားရသည်။ ဝူဝမ့်ဓားကလည်း သူမဘေးတွင် ရှိနေပြီး ခန္ဓာကိုယ်ထဲ ဝိညာဉ်စွမ်းအင်များ ပြန်လည်ရောက်ရှိလာပါပြီ။ သူမ လက်တွေ့ကမ္ဘာကို ပြန်လည် ရောက်ရှိလာခဲ့လေပြီ။

ရေစိုနေသည့် အဝတ်အစားများကို ဆက်ဝတ်ထားလို့ မဖြစ်ပေ။ ထို့ကြောင့် သူမ အဝတ်အစားလဲဖို့ ပြင်လိုက်သည်။ အိတ်ထဲအဝတ်အစားတွေ မွှေနှောက်ရှာဖွေနေစဉ် ထင်မှတ်မထားစွာဖြင့် ကြေးမုံတစ်ချပ်ကို တွေ့လိုက်ရပါသည်။

သူမ သေချာယူကြည့်လိုက်သည်။ ထိုကြေးမုံက ဖူရှန်းကြေးမုံနှင့်တစ်ထေရာတည်း တူညီနေပြီး အရွယ်အစားက သူမ လက်ဖဝါးလောက်သာ ရှိသည်။

ငွေဖြူရောင်မျက်နှာပြင်နှင့် ရောင်စုံဝိညာဉ်ကျောက်တုံးများ စီခြယ်ထားသည့် အနားသတ်တို့ ရှိသည်။ သူမလက်ထဲတွင် ထိုကြေးမုံက အလွန်လေးလံနေပါသည်။

ငှက်ပေါက်လေးနှင့် လျို့လန်တို့လည်း ထိုကြေးမုံကို စိတ်ဝိုင်တစား ဝိုင်းကြည့်လိုက်ကြပြီး ငှက်ပေါက်လေးက မေးလိုက်သည်။

“ဒီကြေးမုံကို ဘယ်တုန်းက ဝယ်လိုက်တာလဲ၊ ကျွန်ုပ်လည်း မသိလိုက်ပါလား”

“ငါမဝယ်မိပါဘူး”

ယန်ရုန်ရုန် ပြောလိုက်သည်။

ငှက်ပေါက်လေး ထိတ်လန့်သွားခဲ့သည်။

“ဧကန္တ စနစ်ပိုင်ရှင် ခိုးလာတာတော့ မဟုတ်ပါဘူးနော်”

‘စနစ်ပိုင်ရှင်က အလစ်တောင်သုတ်တတ်နေပြီလား!’

ငှက်ပေါက်၏ ‌ခေါင်းကိုထုရင်း ယန်ရုန်ရုန် ပြောလိုက်သည်။

“ငါ့ကိုတစ်ခါလောက် အကောင်းမြင်ပေးလို့ မရဘူးလား၊ ဒီကြေးမုံက ဖူရှန်းကြေးမုံဖြစ်နိုင်တယ်၊ ငါနဲ့ ရှန်းဝမ်ချင်းတို့ ပုံရိပ်ယောင်ကမ္ဘာထဲ ရောက်သွားတော့ ငါ ဖူရှန်းကြေးမုံကို ဖျက်ဆီးပြီး ပြန်ထွက်လာခဲ့ရတာ”

ငှက်ပေါက်လေး ခေါင်းပွတ်လျက် မေးလိုက်ပါသည်။

“စနစ်ပိုင်ရှင် ဖျက်ဆီးခဲ့တာဆိုရင် အခုဘာလို့ အိတ်ထဲ ရောက်နေတာလဲ၊ ဧကန္တ တမလွန်က ပြန်လာပြီး စနစ်ပိုင်ရှင်ကို ကလဲ့စားလာချေတာများလား”

“မဟုတ်တာတွေ မပြောစမ်းပါနဲ့၊ သူက အရာဝတ္ထုတစ်ခုပဲ၊ လူမဟုတ်ဘူး၊ ပျက်စီးသွားပြီဆို ပျက်စီးသွားပြီပဲ၊ သူ့မှာ ဝိညာဉ်မှမရှိတာ၊ ကလဲ့စားချေဖို့ ပြန်လာတယ်ဆိုတာ မဖြစ်နိုင်ဘူး”

ပြောပြောဆိုဆိုနှင့် ယန်ရုန်ရုန် ကြေးမုံကို အနောက် လှန်ကြည့်လိုက်သည်။ ထိုအခါမှ အနောက်ဘက်ခြမ်းက ပျက်စီးနေမှန်း မြင်လိုက်ရပါသည်။ အနောက်ဘက်ရှိ ကြေးမုံ မျက်နှာပြင်တစ်ခုလုံး ပျက်စီးနေပြီး ဘောင်အနီးတွင် အပိုင်းအစ အနည်းငယ်သာ ကျန်ခဲ့သည်။

ယန်ရုန်ရုန် အတွေးလွန်သွားခဲ့သည်။

“ပုံရိပ်ယောင်ကမ္ဘာထဲမှာ ငါဖျက်ဆီးခဲ့တဲ့ ကြေးမုံကတစ် ဖက်တည်းပဲဖြစ်ရမယ်”

ငှက်ပေါက်လေး နားမလည်နိုင်ဖြစ်သွားခဲ့သည်။

“ဘာကိုဆိုလိုတာလဲ”

ယန်ရုန်ရုန် လေးလေးနက်နက် သုံးသပ်ကာ ရှင်းပြလိုက်သည်။

“ဖူရှန်းကြေးမုံက ဖန်တီးခဲ့တဲ့ ပုံရိပ်ယောင်တွေက သာမန်မဟုတ်ဘူး၊ လက်တွေ့ကမ္ဘာကို ပုံတူကူးထားသလိုမျိုးပဲ၊ အဲ့တာကြောင့် ပုံရိပ်ယောင်လူတွေကလည်း အဲ့လောက် အသက်ဝင်နေခဲ့တာ၊ လက်တွေ့ကမ္ဘာမှာရှိခဲ့ဖူးတဲ့ လူတွေရဲ့ အရိပ်တွေလို ဖန်တီးထားတာမို့လို့ပေါ့၊ ကြေးမုံရဲ့ ရှေ့ဘက်ခြမ်းက အမှန်တရားကို ကိုယ်စားပြုတယ်၊ အနောက်ဘက်ခြမ်းကတော့ အတုအယောင်ကို ဖန်တီးတယ်၊ ငါက အနောက်ဘက်ခြမ်းကို ဖျက်ဆီးပစ်လိုက်တာဆိုတော့ အမှန်တရားကို ကိုယ်စားပြုတဲ့ အရှေ့ဘက်ခြမ်းပဲ ကျန်ရစ်ခဲ့တာပေါ့”

ငှက်ပေါက်လေး သေချာနားထောင်နေသော်လည်း တစ်ဝက်ခန့်သာ နားလည်ခဲ့ပါသည်။ ငှက်ပေါက်လေးနှင့် လျို့လန်တို့က ပုံရိပ်ယောင်ကမ္ဘာထဲ ပါမသွားခဲ့ကြသဖြင့် အတုအယောင်နှင့် အစစ်အမှန် ဘယ်လောက် ဝေခွဲရခက်သလဲ မသိနိုင်ကြပေ။

ငှက်ပေါက်လေးက မေးသည်။

“ဒီကြေးမုံကို ဘာလုပ်ဖို့ သုံးတာလဲ”

ယန်ရုန်ရုန်လည်း မသိပါ။ သို့သော် စဉ်းစားဖို့အချိန်တွေအများကြီး ရှိသေးသဖြင့် ကြေးမုံကို အိတ်ထဲ ပြန်ထည့်ကာ အဝတ်အစားအသစ်များကိုသာ ထုတ်လိုက်သည်။ ထို့နောက် အဝတ်အစားအမြန်လဲသည့် မန္တန်တစ်ခုကို ရွတ်လိုက်ရာ ရေစိုနေသော အဝတ်အစားများ နေရာတွင် အဝတ်အစားအသစ်များ ချက်ချင်းအစားထိုး ဝင်ရောက်လာခဲ့ပါသည်။

ရွှမ်နျောင်ငှက်ကြီး၏ ကျောပေါ်မှ အောက်ဘက်သို့ ယန်ရုန်ရုန် ငုံ့ကြည့်လိုက်သည်။ ပင်လယ်ပြင်ထဲ လေပြင်းမုန်တိုင်းများ တိုက်ခတ်နေဆဲဖြစ်ကာ လှိုင်းတွေလည်း ထန်နေပါသည်။ လှိုင်းလုံးများအချင်းချင်း ရိုက်ခတ်နေသံများက နားကွဲလောက်အောင် ကျယ်လောင်လွန်းလှသည်။

ထိုမြင်ကွင်းကိုမြင်ပြီး တိုင်ဖွန်းမုန်တိုင်းတစ်ခုကို ယန်ရုန်ရုန် အမှတ်ရမိသည်။ ကြောက်စရာကောင်းလွန်းပါသည်။

-

ရှန်းဝမ်ချင်း မျက်လုံးများ ပွင့်လာသောအခါ ညကောင်းကင်ကြီးကို မြင်နေရသည်။ ပျောက်ဆုံးသွားသည့် မှတ်ဉာဏ်များလည်း ချက်ချင်းဆိုသလို ပြန်လည်ဝင်ရောက်လာခဲ့ပြီး အချိန်အတော်ကြာအောင် ရီဝေသွားခဲ့ရသည်။

လက်တစ်ဖက်ဖြင့်အားပြုကာ ရှန်းဝမ်ချင်း ဖြည်းညှင်းစွာ ပြန်ထလာခဲ့သည်။ သူ့ဘေးရှိ ဝူနျန်ဓားကို လက်ဖြင့် စမ်းကြည့်လိုက်ပါသည်။ ထို့နောက် ဓားရိုးကို ဆုပ်ကိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲ စီးဆင်းလာသည့် ဝိညာဉ်စွမ်းအင်ကို ခံစားမိမှ စိတ်အေးသွားခဲ့ရသည်

အနီးနားတွင်ရှိနေသည့် မိန်းကလေးကိုကြည့်ရင်း ရှန်းဝမ်ချင်း ခေါ်လိုက်သည်။

“ရုန်ရုန်…”

ယန်ရုန်ရန်လည်း ရှန်းဝမ်ချင်းကို လှည့်ကြည့်ကာ နှုတ်ဆက်ဖို့ ကြံလိုက်စဉ် သူ့ခေါင်းပေါ် ပေါ်လာသည့် စာသားတစ်ကြောင်းကို မြင်လိုက်ရပါသည်။

[မျက်လုံးဖွင့်ဖွင့်ချင်း သူ့ကို မြင်လိုက်ရတာ… ကောင်းလိုက်တာ]

ယန်ရုန်ရုန် ခေတ္တရပ်တန့်သွားပြီး သူမ ပုံရိပ်ယောင်ကမ္ဘာကို ဘယ်လိုဖျက်ဆီးခဲ့ကြောင်း ပြန်ရှင်းပြလိုက်သည်။ နောက် ဆုံးတော့ ကြေးမုံအသေးစားလေးကို ထုတ်ပြလိုက်ပါသည်။

ထိုကြေးမုံကို ယူပြီး ရှန်းဝမ်ချင်း သေချာစစ်ဆေးကြည့်လိုက်သည်။ ထိုကြေးမုံထံမှ ဘာဝိညာဉ်စွမ်းအင်မှ မခံစားခဲ့ရပေ။ သာမန် ကြေးမုံတစ်ချပ်ဟုသာထင်ရပြီး ရာဇဝင်ထဲက သမိုင်းဝင် ရှေးဟောင်းရတနာဟု ထင်ချင်စရာ မကောင်းလှပါ။

ယန်ရုန်ရုန်လက်ထဲ ထိုကြေးမုံကို ပြန်ထည့်ပေးရင်း ရှန်းဝမ်ချင်း ပြောလိုက်သည်။

“ဂိုဏ်းကို ပြန်ရောက်ရင် ဖူရှန်းကြေးမုံကို သုတေသနလုပ်ဖို့ ငါကူညီပေးမယ်၊ ဒီကြေးမုံကို ငါတို့အသုံးချလို့ရတဲ့ နည်းလမ်းတစ်ခု ရှာတွေ့ကောင်း ရှာတွေ့နိုင်မှာပါ”

ဒီလို စွမ်းအားကြီးမားသည့် ရှေးဟောင်းရတနာမျိုးက မျက်နှာပြင်တစ်ဖက် ကျိုးပဲ့သွားရုံနှင့် အသုံးမဝင်တော့မှာမျိုး မဟုတ်နိုင်ပေ။ သူတို့သိမထားသည့် အခြားစွမ်းရည်တွေ ရှိနေနိုင်ပါသေးသည်။

ယန်ရုန်ရုန် သူ့ရှေ့မှာ ကြေးမုံကို လှုပ်ခါပြပြီး ကျီစယ်လိုက်ပါသည်။

“ဒါရှေးဟောင်းရတနာကြီးနော်၊ ရှင်နည်းနည်းလေးတောင် မမက်မောဘူးလား”

ရှေးဟောင်းရတနာများဟူသည်မှာ လိုချင်တိုင်း ရနိုင်သည့် ရတနာများ မဟုတ်ကြပေ။ ၎င်းတို့၏ တန်ဖိုးက အဖိုးမဖြတ်နိုင်အောင် ရှိလှသည်။ ထိုကဲ့သို့ ရတနာမျိုးကို ပိုင်ဆိုင်ထား သည်ဟု ကောလဟာလများထွက်သဖြင့် တစ်ဂိုဏ်းလုံး သုတ်သင်ခံလိုက်ရသော ဂိုဏ်းများအကြောင်းကို သူမ ကြားဖူးပါသည်

သူမလက်ထဲ ဖူရှန်းကြေးမုံရှိနေမှန်း သတင်းပေါက်ကြားသွားလျှင် ကျင့်ကြံသူပေါင်းများစွာ၏ ပစ်မှတ်ထားမှုကို ခံလာရနိုင်သည်။

စွမ်းအားအကြီးမားဆုံး ဓားသခင်က သူမလက်ထဲမှ ထိုကြေးမုံကို လုယူချင်သည်ဆိုလျှင် ယန်ရုန်ရုန် ခုခံနိုင်မှာ မဟုတ်ပါ။ ရှန်းဝမ်ချင်းက ဒီလိုရတနာအတွက် လူသတ်မှုကျူးလွန်မည့်လူမျိုး မဟုတ်မှန်း ယန်ရုန်ရုန် သိသော်လည်း လူ့စိတ်ကို သူမ အထင်မသေးရဲပါ။

ထို့ကြောင့် ရှန်းဝမ်ချင်းကို စမ်းသပ်လိုက်ခြင်းလည်း ဖြစ်သည်။

ရှန်းဝမ်ချင်း၏ မျက်နှာထားက မပြောင်းလဲပေ။

“ကြေးမုံကို မင်း ရှာတွေ့ထားတာလေ၊ ပြီးတော့ ပုံရိပ်ယောင်တွေကို မင်းပဲ ဖျက်ဆီးခဲ့တာ၊ အဲ့ဒီကြေးမုံက မင်းနဲ့ထိုက်တန်ပါတယ် ငါမယူပါဘူး၊ ပြီးတော့ အဲ့ဒီကြေးမုံကြောင့် မင်းအန္တရာယ်ကြုံလာရင် ငါကာကွယ်ပေးနိုင်တယ်”

သူ့ခေါင်းပေါ်တွင်လည်း [ဖူရှန်းကြေးမုံက သူ့လောက် ဆွဲဆောင်မှုရှိပါ့မလား]

ယန်ရုန်ရုန်: “…”

သူမ အသားကျနေသင့်ပါပြီ။ ဒီလူက အပြင်ပန်းမှာ ဂုဏ်သရေရှိသူတစ်ယောက်အဖြစ် ဘယ်လောက်ပဲ ဟန်ဆောင်နေပါစေ အတွင်းဘက်မှာတော့ အချစ်ရူးတစ်ယောက်သာ ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက် မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်လျှင် လယ်စိုက်စားသင့်သည်။

ယန်ရုန်ရုန်အကြည့်ကို ရိပ်စားမိပြီး သူ့အတွေးတွေကို သူမ မြင်နိုင်မှန်း ရှန်းဝမ်ချင်း သတိရသွားခဲ့သည်။ ထို့ကြောင့် တစ်ကိုယ်လုံးတောင့်တင်းကာ မျက်နှာကလည်း ရှက်ကိုးရှက် ကန်းဖြစ်သွားခဲ့လေသည်။

ပုံရိပ်ယောင်ကမ္ဘာထဲ ရောက်ရှိသွားပြီးနောက် သူ့မှတ်ဉာဏ်တွေကို ဆုံးရှုံးလိုက်ရပြီး ခေါင်းပေါ် ပေါ်နေသည့် စာသားများအကြောင်းကိုလည်း မေ့လျော့သွားခဲ့ပါသည်။ ထို့ ကြောင့် သူ့အတွေးတွေကို တိုက်ရိုက်ထုတ်လွှင့်ခံနေရမှန်း မသိသဖြင့် စိတ်ထဲမှာ အတွေးပေါင်းစုံကို လွတ်လွတ်လပ်လပ်တွေးခဲ့လေသည်။

ယခု အားလုံးကို ပြန်မှတ်မိသွားချိန်မှ မျက်နှာပင်မပြရဲတော့ဘဲ တွင်းတစ်ခုတူးကာ ဝင်အောင်းချင်စိတ်ပင် ပေါ်လာခဲ့ပါသည်။

သူ့အတွေးတွေကို မြင်ပြီး ယန်ရုန်ရုန် ရယ်ချင်သွားခဲ့သည်။ ကုန်းမြေတိုက်ကိုးခု၏ စွမ်းအားအကြီးမားဆုံး ဓားသခင်လေး ရှက်မသွားစေဖို့အတွက် သူမ ရယ်ချင်စိတ်ကို မနည်းထိန်းရင်း အတည်ပေါက် မေးလိုက်ပါသည်။

“ကျွန်မ ရှင့်ကို မေးချင်နေတာတစ်ခုရှိတယ်၊ ရှင်ဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားခဲ့တာလဲ”

ရှန်းဝမ်ချင်း ဇဝေဇဝါဖြစ်သွားသည်။

“ငါ ဘယ်တုန်းက စိတ်ပြောင်းသွားလို့လဲ”

All Chapters