အခန်း (၉၅)
Vol. 10 Ch. 95
ရှန်းဝမ်ချင်း၏ နှလုံးသားထဲတွင် ထို ‘လရောင်ဖြူ’ ရှစ်ကျဲလေးရှိမှန်း ယန်ရုန်ရုန် အစကတည်းက သိခဲ့ပါသည်။
လူပေါင်းများစွာထဲကမှ သူမကို တပည့်အဖြစ် ရွေးချယ်ခဲ့ရခြင်းကလည်း ထိုလရောင်ဖြူရှစ်ကျဲနှင့် အနည်းငယ် ရုပ်ချင်းဆင်တူနေခြင်းကြောင့်ဖြစ်မည်ဟု သူမ ယုံကြည်ခဲ့သည်။ သူမတို့ စေ့စပ်ကြောင်းလမ်းခဲ့ခြင်းကတောင် သူ့ရှစ်ကျဲကို မနာလိုဝန်တိုဖြစ်အောင် တမင်သက်သက် ဟန်ဆောင်ပြခဲ့ခြင်းဖြစ်မည်ဟု ယန်ရုန်ရုန် ထင်ခဲ့ပါသည်။
သို့သော်လည်း သူ့ခေါင်းပေါ်က စာသားများ ပေါ်လာသည့်အချိန်မှစလို့ တစ်စုံတစ်ခု မူမမှန်သည်ကို ယန်ရုန်ရုန် သတိထားမိခဲ့သည်။
သူမနှင့်အတူတူ ရှိနေသည့်အချိန်တိုင်း ရှန်းဝမ်ချင်းက သူ့ရှစ်ကျဲအကြောင်း တစ်ခေါက်တလေပင် မစဉ်းစားခဲ့ပါ။ သူ့အာရုံထဲ သူမတစ်ယောက်တည်းသာ ရှိနေသည်။
ထို့ကြောင့် အမှန်တရားက အလွန်သိသာလာခဲ့ပါသည်။ ရှန်းဝမ်ချင်း အမှန်တကယ်ချစ်သည့်လူက သူ့ရှစ်ကျဲမဟုတ်ဘဲ ယန်ရုန်ရုန်သာ…
ထိုအမှန်တရားကို သိရှိလိုက်ရပြီးနောက် ယန်ရုန်ရုန် မှင်သက်သွားခဲ့သည်။
‘သူဘာလို့ အဲ့လိုစိတ်ပြောင်းသွားခဲ့ရတာလဲ၊ ငါ့ကို ဘယ်အချိန်ကတည်းကစပြီး သဘောကျသွားခဲ့တာလဲ’
ရှန်းဝမ်ချင်းက သူမထက်ပင် ပိုပြီးအံ့အားသင့်နေပါသေးသည်။ သူ့ခေါင်းပေါ်က စာကွက်ထဲ ဧရာမ မေးခွန်းသင်္ကေတကြီး ပေါ်လာသည်။
‘ငါက စိတ်ပြောင်းသွားတယ်ဟုတ်လား… ငါ့ကိုယ် ငါလည်း ဘာမှမသိခဲ့ရပါလား’
ယခင်တုန်းက သူရူးချင်ယောင်ဆောင်နေသည်ဟု ယန်ရုန်ရုန် သံသယဖြစ်ခဲ့ဖူးသည်။ ယခု သူ့ခေါင်းပေါ်က ဧရာမ မေးခွန်းသင်္ကေတကြီးကို ကြည့်ရင်း သူလိမ်ညာနေခြင်းမဟုတ်မှန်း ပိုသေချာသွားခဲ့ပါသည်။
သူမ ဘာတွေပြောနေသလဲ ရှန်းဝမ်ချင်း တကယ်နားမလည်ပေ။
ထို့ကြောင့် အခြေအနေက အနေခက်စရာပိုကောင်းသွားခဲ့သည်။
ယန်ရုန်ရုန် မေးလိုက်သည်။
“ကျွန်မကို မတွေ့ခင်တုန်းက အခြားတစ်ယောက်ကို ရင်မခုန်ခဲ့ဖူးဘူးလား”
ရှန်းဝမ်ချင်း မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
“လုံးဝပဲ”
သူ့ခေါင်းပေါ်က စာကွက်ကို ယန်ရုန်ရုန် မော့ကြည့်လိုက်သည်။ စာကွက်ထဲမှာ ဗလာကျင်းဖြစ်နေပါသည်။ ဆိုလို သည်က သူ့နှုတ်မှထွက်နေသည့် စကားလုံးများက သူ့အတွေးခံစားချက်များနှင့် ထပ်တူကျသည်။
ထို့ကြောင့် ရှန်းဝမ်ချင်း လိမ်ညာနေခြင်းမဟုတ်ပေ။
ယန်ရုန်ရုန် မှင်သက်သွားခဲ့ပါသည်။
“ရှင့်ရဲ့ ရှစ်ကျဲကို တစ်ဖက်သတ် ချစ်ခဲ့တာ မဟုတ်ဘူးလား”
ရှန်းဝမ်ချင်းက သူမထက်ပင် ပိုမှင်သက်သွားခဲ့သည်။
“သူ့ကို ချစ်တယ်လို့ ငါဘယ်တုန်းက ပြောမိလို့လဲ၊ သူ ငါ့အပေါ် သဘောကောင်းခဲ့တာ မှန်တယ်၊ ဒါပေမယ့် ငါ့စိတ်ထဲ စည်းကျော်တဲ့ အတွေးတစ်ခါမှ မဝင်ဖူးဘူး၊ မင်းက ဘာလို့ အဲ့လိုကောက်ချက်ချလိုက်ရတာလဲ”
ယခုအချိန်တွင် ရှန်းဝမ်ချင်း နားလည်လာသည့်အချက်တွေ အများကြီးရှိလာခဲ့သည်။ ယခင်တုန်းက သူ့ကို နှလုံးသားမဲ့သည့် လူတစ်ယောက်ဟု ယန်ရုန်ရုန် ခေါင်းစဉ်တပ်ခဲ့ခြင်းမှာ မထူးဆန်းလှတော့ပေ။
သူနှင့် စေ့စပ်ထားသော်လည်း ရှမ့်ယွင်ဂိုဏ်းမှ ယန်ရုန်ရုန် ရုတ်တရက် ထွက်ခွာသွားခဲ့သည်။ သူ့ကိုထားခဲ့ပြီး အခြားတစ်ယောက်ဆီ ထွက်သွားခြင်းဖြစ်မည်ဟု ရှန်းဝမ်ချင်းထင်ခဲ့မိပါသည်။
ယခုအဖြစ်မှန်များကို သိလိုက်ရခါမှ ရှစ်ကျဲကို သူ ချစ်မြတ် နိုးနေသည်ဟု ယန်ရုန်ရုန် အထင်လွဲသွားခြင်းသာဖြစ်ပြီး သူ့ကို နာကျည်းသွားသဖြင့် ဂိုဏ်းမှ ထွက်သွားရခြင်းဖြစ် ကြောင်း နားလည်ခဲ့ရသည်။
ရှန်းဝမ်ချင်း ခေါင်းပေါ်ရှိ စာသားများကို ဖတ်ရင်း ယန်ရုန်ရုန် လိပ်ပြာမလုံဖြစ်သွားခဲ့သည်။
အမှန်တကယ်တော့ သူမ ထွက်သွားရသည့် အကြောင်းအရင်းအစစ်အမှန်က ရှန်းဝမ်ချင်း၏ သံယောဇဉ် Level 100 ပြည့်သွားသဖြင့် သူမ မစ်ရှင်အော်မြင်သွားခြင်းကြောင့်သာ…ထို့အပြင် အိမ်ကိုလည်း အမြန်ဆုံးပြန်ချင်နေခဲ့သည်။
သူမဘေးရှိ ငှက်ပေါက်လေးကို ယန်ရုန်ရုန် လှည့်ကြည့်လိုက်ပြီး ဘာတွေဖြစ်နေသလဲ ရှင်းပြဖို့ မျက်လုံးဖြင့်အချက်ပြလိုက်ပါသည်။
ယခင်တုန်းက ရှန်းဝမ်ချင်းတွင် မြင်သာမြင် မကြင်ရသည့် ‘လရောင်ဖြူ’ရှစ်ကျဲတစ်ယောက်ရှိသည်ဟု စနစ်ကိုယ်တိုင် သူမကို ပြောခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ထိုရှစ်ကျဲနှင့် ပုံစံချင်းတူညီအောင် ယန်ရုန်ရုန် အစွမ်းကုန် ကြိုးစားနေထိုင်ခဲ့ရသည်။
ရှန်းဝမ်ချင်း၏ သံယောဇဉ်အမှတ်ကို အမြန်ဆုံးမြှင့်တင်ဖို့အတွက် ထိုနည်းလမ်းက အထိရောက်ဆုံး ဖြစ်မည်ဟု သူမ ယုံကြည်ခဲ့ခြင်းကြောင့်ပင်။
ထိုအကြံအစည် အောင်မြင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ရှန်းဝမ်ချင်းအတွက် သူမက မျက်စိကျစရာဖြစ်လာခဲ့ပြီး သူ့တပည့်အဖြစ်ရွေးချယ်ခံခဲ့ရရုံသာမကဘဲ သူမ အပေါ်ထားသည့် သံယောဇဉ်အမှတ်တွေလည်း မိုးထိုးမြင့်တက်သွားခဲ့သည်။
ထိုအောင်မြင်မှုအတွက် ‘လရောင်ဖြူရှစ်ကျဲ’နှင့် ဆင်တူနေသည့် သူမ မျက်နှာအား ကျေးဇူးတင်ခဲ့မိသည်။
ယခုမှ သူမယုံကြည်ခဲ့သည့်အရာများ အားလုံး လွဲမှားနေမှန်း နားလည်ခဲ့ရပါသည်။ ရှန်းဝမ်ချင်းက ထိုရှစ်ကျဲကို ဘယ် တုန်းကမှ သဘောမကျခဲ့ဖူးပါ။ သူ့ရင်ထဲမှာလည်း ‘လရောင်ဖြူ’ဟူသည် မရှိချေ။
မစ်ရှင်အစပိုင်းတွင် သူမကို စနစ်ပေးခဲ့သည့် အချက်အလက်များက လုံးဝမှားယွင်းနေခဲ့သည်။
ငှက်ပေါက်လေးလည်း ကြောင်စီစီဖြစ်သွားခဲ့ပါသည်။ အဓိက မစ်ရှင်ကြီးလေးခုကို သူဖန်တီးထားခြင်းမဟုတ်ပါ။ အထက်က ကြိုတင်စီစဉ်ထားခြင်းသာဖြစ်ပြီး သူက မစ်ရှင်များကို ပရိုဂရမ်အရ ပေးအပ်ရသည့် တာဝန်ကိုသာ ယူထားရပါသည်။
ကစားပွဲ၏ ဆက်တင်တွင် ရှန်းဝမ်ချင်းက သူ့ရှစ်ကျဲကို ကျိန်းသေပေါက် ချစ်မြတ်နိုးခဲ့သည်။
ထိုဆက်တင် ဘာကြောင့် မှားယွင်းနေသလဲ ငှက်ပေါက်လေးလည်း နားမလည်နိုင်ပါ။
ဇာတ်လမ်းဒေတာတွေထဲ Error တစ်ခုခု ရှိနေလို့လား… ဒါမှမဟုတ် ဒီကမ္ဘာကြီးကပဲ တစ်ခုခုမှားယွင်းနေတာလား…
ငှက်ပေါက်လေး၏ အူကြောင်ကြောင်မျက်နှာကို ကြည့်ရင်း ဒီငှက်စုတ်၏လှည့်စားမှုကို ထပ်ခံလိုက်ရပြီဖြစ်မှန်း ယန်ရုန် ရုန် နားလည်သွားခဲ့ပါသည်။
သူမအလွန်ဒေါသထွက်သွားခဲ့သည်။ ဒီစနစ်အစုတ်ပလုတ် သူမကို ဒုက္ခပေးပေါင်းများပါပြီ။ မှားယွင်းနေသည့် အချက် အလက်တွေကိုလည်း ပေးခဲ့သလို သူမကို အိမ်မပြန်နိုင်အောင်ပင် ဖန်တီးခဲ့သည်။
ထိုအကြောင်းစဉ်းစားမိလေလေ ယန်ရုန်ရုန် ဒေါသထွက်လာလေလေပင်။ ထို့ကြောင့် ငှက်ပေါက်လေးကို ဆွဲယူပြီး အားပါပါ ဖျစ်ညှစ်ကာ လေထဲ လှုပ်ခါပစ်လိုက်သည်။
သူ့အမှားမှန်း နားလည်သဖြင့် ငှက်ပေါက်လေးလည်း ပြန်မခုံခံရဲခဲ့ဘဲ အပြစ်ဒဏ်ကို သနားစရာကောင်းစွာ ခံယူလိုက်ရပါသည်။
ယန်ရုန်ရုန် ဒေါသအနည်းငယ် ပြေသွားပြီး ပြန်လွှတ်ပေးလိုက်ချိန်တွင် ငှက်ပေါက်လေးတစ်ကိုယ်လုံး ဖရိုဖရဲ ဖြစ်နေပါပြီ။ တစ်ကိုယ်လုံးရှိ ငှက်မွေးများက ရှုပ်ပွနေကာ မျက်နှာကလည်း ထုံထိုင်းနေပြီး ကြမ်းကြမ်းတမ်းတမ်း ကစားခံထားရသည့် အရုပ်ကလေးတစ်ရုပ်လိုပင်။
ယန်ရုန်ရုန်ဘာကြောင့် ရုတ်တရက်ဒေါသထွက်သွားသလဲ ရှန်းဝမ်ချင်း နားမလည်နိုင်ပါ။ ထို့ကြောင့် သူ ထပ်မေးလိုက်သည်။
“ရှစ်ကျဲကို ငါ သဘောကျတယ်လို့ မင်းဘာလို့ ကောက်ချက် ချခဲ့တာလဲ”
တရားခံ ငှက်ပေါက်လေးကို ယန်ရုန်ရုန် နဂါးမျက်စောင်းဖြင့် ကြည့်လိုက်ပြီး ရှန်းဝမ်ချင်းအား ပြန်လှည့်ကြည့်လိုက်ပါသည်။
“ကျွန်မ ဝိညာဉ်ပူးကပ်ခံခဲ့ရလို့လေ ပြီးတော့ ‘လူယုတ်မာ’ တစ်ကောင်ရဲ့ မဟုတ်မမှန် အလိမ်အညာတွေကို ယုံကြည်ခဲ့မိလို့ ရှင့်ကို နားလည်မှုလွဲခဲ့တာပါ”
ရှန်းဝမ်ချင်းက ဆက်မေးသည်။
“ဘယ်က လူယုတ်မာလဲ၊ သူက ဘာလို့ မင်းကို လိမ်ရတာလဲ”
ထောင့်တစ်နေရာတွင် ပုန်းနေသည့် ငှက်ပေါက်လေးကို ယန်ရုန်ရုန် မျက်စောင်းထိုးရင်း ပြောလိုက်သည်။
“မသိပါဘူး၊ ဦးနှောက်ပျက်နေလို့နေမှာပေါ့”
ယန်ရုန်ရုန်၏ အကြည့်နောက်ကို လိုက်ရင်း ဘောလုံးလို ကွေးနေသည့် ငှက်ပေါက်လေးတစ်ကောင်ကို ရှန်းဝမ်ချင်း မြင်သွားပါသည်။
ငှက်ပေါက်လေး: “အဟင့်… မဆူပါနဲ့တော့”
သူတို့နှစ်ယောက်အကြား နားလည်မှုလွဲခဲ့သည့် ပြဿနာများက ဒီငှက်ပေါက်လေးကြောင့်ဖြစ်မည်ဟု ရှန်းဝမ်ချင်း မယုံ ကြည်နိုင်ပါ။ ယန်ရုန်ရုန်ကို သူပြန်လှည့်ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်ပါသည်။
“ငါ့အကြောင်း တခြားနားလည်မှုလွဲနေတာတွေလည်း အများကြီးရှိသေးတယ်မဟုတ်လား၊ ဒီအခွင့်အရေးကို အရယူပြီး အားလုံးရှင်းလင်းသွားအောင် ဖြေရှင်းကြရအောင်လား”
ယန်ရုန်ရုန် ခေါင်းစောင်းကာ ခေတ္တစဉ်းစားလိုက်ပြီး မေးလိုက်သည်။
“ရှင်ကျွန်မကို ဘယ်အချိန်တုန်းက မေတ္တာစရှိခဲ့တာလဲ”
မိန်းကလေးတစ်ဦးတွင်ရှိသင့်သည့် အရှက်အကြောက်မျိုး လုံးဝမရှိဘဲ ယန်ရုန်ရုန် တဲ့တိုး မေးလိုက်သည်။ ရှန်းဝမ်ချင်းကလည်း မဆိုင်းမတွ ပြန်ဖြေခဲ့ပါသည်။
“မင်းကို စတွေ့ကတည်းက”
“ရှမ့်ယွင်ဂိုဏ်းရဲ့ တပည့်သားအသစ်ရွေးချယ်ပွဲမှာလား”
“မဟုတ်ဘူး”
ရှန်းဝမ်ချင်း ခေါင်းခါလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ တုန်းက ထျန်းပေ ကျောင်းတော်မှာ ငါ ရှိနေခဲ့တယ်၊ ဆရာကြီးဝူချန်းနဲ့ ကိစ္စတချို့ ဆွေးနွေးစရာရှိလို့သွားခဲ့တာ၊ အဲ့ဒီက ဘုန်းတော်ကြီးတွေ ကျောင်းတော်ထဲကနေ မင်းကို ခေါ်ထုတ်လာတာကို ငါမြင်ခဲ့ရတယ်၊ အဲ့ဒီတုန်းက မင်းတစ်ကိုယ်လုံး ပိန်ညှောင်နေပြီး ဒဏ်ရာဒဏ်ချက်တွေလည်း အပြည့်နဲ့၊ ထျန်းပေကျောင်းတော်က ချို့တဲ့တဲ့လူတွေနဲ့ သွားစရာမရှိတဲ့လူတွေကို ကူညီပေးတယ်ဆိုပေမယ့် မင်းကို သူတို့ လက်မခံနိုင်ခဲ့ဘူး၊ ကျောင်းတော်ရဲ့ ခံယူချက်နဲ့ သူတို့ရဲ့လုပ်ရပ်က ဆန့်ကျင်ဘက် ဖြစ်နေလို့ ငါသံသယဝင်ပြီး နောက်ကလိုက်လာခဲ့တာ”
ရှန်းဝမ်ချင်း ပြောသည့် စကားများကို နားထောင်ရင်းလွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ထိုဖြစ်ရပ်ကို ယန်ရုန်ရုန် ပြန်အမှတ်ရသွားခဲ့ပါသည်။
ထိုအချိန်တုန်းက ရှုယင်၏ထိန်းချုပ်မှုအောက်မှ သူမ လွတ် မြောက်လာခါစဖြစ်သည်။ ဝိညာဉ်လောကထဲမှ လွတ်မြောက်ဖို့ ကြိုးစားရင်း သူမ ဒဏ်ရာအကြီးအကျယ်ရခဲ့ပြီး တစ်ကိုယ်လုံး အင်အားချည့်နဲ့နေခဲ့သဖြင့် လမ်းမှာပင် သတိလစ်မေ့မျောသွားခဲ့သည်။
သူမ သတိပြန်လည်လာသောအခါ လူကုန်ကူးသမားတစ်ယောက်က သူမကို နှာဘူးအဘိုးကြီးတစ်ယောက်ထံ ရောင်း စားခဲ့မှန်း သိလိုက်ရပါသည်။
သူမကို အဘိုးကြီး စော်ကားဖို့ ကြံသောအခါ ယန်ရုန်ရုန် ပြန်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်နေစဉ်အတွင်း သူမ ဒဏ်ရာတွေ ပိုရရှိခဲ့သော်လည်း အဘိုးကြီး၏အခြေအနေက ပိုဆိုးသည်။ သူ့ကျောက်ကပ် တည်ရှိရာကို ဓားဖြင့် ထိုးခဲ့သဖြင့် သွေးထွက်လွန်ပြီး သေသွားခဲ့သည်။
သို့သော် သူမ မရပ်တန့်ခဲ့ပေ။ သူမကို ရောင်းစားခဲ့သည့် လူကုန်ကူးသမားကိုပါ သွားရှာပြီး သတ်ပစ်ခဲ့ပါသည်။ အလောင်းများကို ဖျောက်ပြီးနောက် ပင်ပန်းလွန်းသဖြင့် အနီးနားရှိ ထျန်းပေကျောင်းတော်သို့ သွားခဲ့သည်။
ထျန်းပေကျောင်းတော်က ချို့တဲ့သူများအတွက် အစားအ သောက်နှင့် နေရာထိုင်ခင်းများ အခမဲ့ ပေးထားသည်။ သူမမှာ ဝိညာဉ်ကျောက်တုံးလည်း သိပ်မရှိသဖြင့် ထျန်းပေကျောင်းတော်မှာသာ တည်းခိုဖို့ ကြံရွယ်ထားခဲ့ပါသည်။
သို့သော် ဘုန်းတော်ကြီးများက သူမ၏သတ်လိုဖြတ်လိုစိတ်များကို အာရုံခံမိပြီး စစ်ဆေးမေးမြန်းခဲ့ကြသည်။