← Chapters

အခန်း (၉၆)

Vol. 10 Ch. 96

အခန်း (၉၆)

Vol. 10 Ch. 96

ဒီကိစ္စမှာ သူမအပြစ်မရှိမှန်း ယန်ရုန်ရုန် ယုံကြည်သဖြင့် ဖြစ်ကြောင်းကုန်စင်ကို အမှန်အတိုင်း ပြောပြခဲ့သည်။

ယန်ရုန်ရုန်၏ လုပ်ရပ်များကို ရက်စက်ကြမ်းကြုတ်သည်ဟု ထျန်းပေကျောင်းတော်ရှိ ဘုန်းတော်ကြီးများက သတ်မှတ်ပြီး ကျောင်းတော်မှ ထွက်သွားခိုင်းခဲ့သည်။

အခမဲ့ နေစရာ စားစရာများကို လက်လွှတ်လိုက်ရသော် လည်း ယန်ရုန်ရုန် မငြင်းခုံခဲ့ဘဲ ကျောင်းတော်မှ ထွက်လာခဲ့ပါသည်။ ထိုမြင်ကွင်းကို ရှန်းဝမ်ချင်းမြင်ခဲ့မှန်း သူမ မသိခဲ့ပေ။ ဒီနေ့ဒီအချိန်အထိ ရှန်းဝမ်ချင်း မှတ်မိနေလိမ့်မည်ဟုလည်း မထင်ခဲ့မိပါ။

ရှန်းဝမ်ချင်းက သူမကို မျက်တောင်မခတ် ငေးကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်ပါသည်။

“ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် လူယုတ်မာတစ်ယောက်ကို သတ်ခဲ့တာ ကျောင်းတော်က ခွင့်လွှတ်ပေးနိုင်တယ်၊ ဒါပေမယ့် မင်းအန္တရာယ်ကနေ လွတ်ကင်းသွားတဲ့အချိန်မှာ လူကုန်ကူးသမားကို ပြန်သွားရှာပြီး သတ်ခဲ့တာကတော့ မင်းရဲ့ သွေးဆာလောင်မှုကြောင့်ပဲလို့ သူတို့ ယူဆခဲ့ကြတယ်”

“တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရခဲ့တာပဲလေ၊ ဥပမာ တာဝန် ရှိတဲ့လူတွေကို တိုင်ကြားပြီး လူကုန်ကူးသမားကို ဖမ်းဆီးခိုင်တားမျိုးပေါ့၊ မင်းကိုယ်တိုင် အသက်တစ်ချောင်းကို နုတ်ယူမယ့်အစား ဥပဒေကိုပဲဖြေရှင်းခိုင်းလိုက်သင့်တယ်၊ မင်းကို ထျန်းပေကျောင်းတော်က ဘုန်းတော်ကြီးတွေ စွပ်စွဲတော့ မင်းဘယ်လိုပြန်ပြောခဲ့သလဲ မှတ်မိသေးလား”

ယန်ရုန်ရုန် စဉ်းစားဖို့ပင် မလိုပါ။

“ပေါင်းပင်တွေဆိုတာ အမြစ်ကနေ ဆွဲနှုတ်ပစ်ရတယ်၊ ကျွန်မကို ဒုက္ခပေးခဲ့တဲ့လူတိုင်း ပြန်ပေးဆပ်ရမယ်၊ တရားဥပဒေကို ကျွန်မမယုံကြည်ဘူး၊ ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည်တယ်”

ရှန်းဝမ်ချင်း ညှင်သာစွာ ပြုံးလိုက်သည်။

“အမှန်ပဲ၊ မင်း အဲ့လိုပြောခဲ့တယ်၊ အဲ့တာကြောင့် ဘုန်းတော်ကြီးတွေက မင်းကို ပြုပြင်ပေးဖို့ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်ပြီး ထွက်သွားခိုင်းခဲ့တာလေ၊ ဒါပေမယ့်… ငါကတော့ မင်းကို လေးစားခဲ့တယ်၊ မင်းက ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ယူရဲတဲ့သတ္တိရှိတယ်၊ ဘာဆင်ခြေမှမပေးခဲ့ဘူး၊ ကလဲ့စားချေတာဆိုရင် ကလဲ့စားချေတာပဲ၊ လူသတ်ခဲ့တာဆိုရင် လူသတ်ခဲ့တာပဲ၊ မင်းကိုသူများတွေ ဝေဖန်ဖို့မလိုအပ်ဘူး”

ယန်ရုန်ရုန် မှင်သက်သွားခဲ့သည်။

“အဲ့ဒီကိစ္စကြောင့်နဲ့… ကျွန်မကို သဘောကျသွားခဲ့တာလား”

အမှန်တော့ ဒီကမ္ဘာထဲ ကူးပြောင်းလာခါစက ယန်ရုန်ရုန် ကြက်တစ်ကောင်ပင် မသတ်ရဲခဲ့ပါ။ လောကဓံ၏ တွန်းအားပေးမှုကြောင့်သာ ရက်စက်ကြမ်းကြုတ်သည့်လမ်းကို သူမ ရွေးချယ်ခဲ့ရခြင်းဖြစ်သည်။

သူမ၏ကံက အလွန်ဆိုးရွားခဲ့ပါသည်။ ဘယ်ကိုပဲသွားသွား အန္တရာယ်က အရိပ်လိုတကောက်ကောက် လိုက်လာခဲ့သည်။ သူမ လူမသတ်ချင်သော်လည်း သူများတွေက သူမကို သတ်ဖြတ်ဖို့ အသင့်စောင့်နေသည်။ ထို့ကြောင့် သူမ ဒီတိုင်း ငြိမ်ခံနေလို့ မဖြစ်တော့ပါ။ နှလုံးသားကို မာကျောအောင် လေ့ကျင့်ခဲ့ရသည်။

နောက်ဆုံးတော့ ပေါင်းပင်တွေကို ဖျက်ဆီးဖို့အတွက် အမြစ်ကနေ ဆွဲနှုတ်ရကောင်းမှန်း သူမ နားလည်သွားခဲ့ရသည်။

“ငါ့ကိုယ် ငါလည်း နားလည်ရခက်ခဲ့တယ်…”

ရှန်းဝမ်ချင်းကဆိုသည်။

“ဒါပေမယ့် ငါ့ရင်ထဲ ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့တာတော့ သေချာတယ်၊ မင်းက စိတ်နှလုံးသား မာကျောတယ်၊ ပတ် ဝန်းကျင်ရဲ့ ဝေဖန်မှုကြောင့် ခံယူချက် ယိမ်းယိုင် မသွားဘူး၊ အဲ့တာက ဓားသိုင်းကျင့်ကြံသူတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတစ်ခုပဲ၊ နောက်တော့ ရှမ့်ယွင်ဂိုဏ်းက တပည့်သားအသစ်ရွေးချယ်တဲ့အချိန် လူတွေထဲမှာ မင်းကိုတွေ့ခဲ့ရတယ်၊ အဲ့တာကြောင့် ငါ့တပည့်အဖြစ် ချက်ချင်းလက်ခံခဲ့တာ”

ယန်ရုန်ရုန် မျက်နှာထား ထူးဆန်းသွားခဲ့သည်။

“အကျင့်စာရိတ္တ ဖြောင့်မတ်မှန်ကန်တဲ့ ရွှမ်ယွဲ့ဓားသခင်က ကျွန်မလိုလူမျိုးတွေကို မုန်းတီးမယ်လို့ ထင်ထားခဲ့တာ”

“မင်းလိုလူမျိုးဆိုတာ ဘယ်လိုလူမျိုးကို ပြောတာလဲ”

“ရက်စက်တယ်၊ ကြမ်းကြုတ်တယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ ပြီးတော့ အငြှိုးအတေးကြီးတယ်”

ကိုယ့်အကြောင်းကိုယ် ပြောနေသည်ဟု မထင်ရလောက်အောင် သူမ စကားလုံးများက ပွင့်လင်းလွန်းပါသည်။

ရှန်းဝမ်ချင်း လေးနက်စွာ ပြန်ပြောခဲ့သည်။

“သူများတွေက အရင်ဆုံးတိုက်ခိုက်လာလို့သာ မင်းက ခုခံခဲ့တာလေ၊ အဲ့တာ ရက်စက်ကြမ်းကြုတ်မှုမဟုတ်ဘူး၊ ရှင်သန်လိုစိတ်လို့ခေါ်တယ်”

ယန်ရုန်ရုန် တိတ်ဆတ်သွားခဲ့သည်။

ရှင်သန်လိုစိတ်တဲ့လား…

သူပြောတာမှန်ပါသည်။ ဘယ်သူက အေးအေးချမ်းချမ်းနှင့် ပျော်ရွှင်ရသည့် ‘လူကောင်း’တစ်ယောက် မဖြစ်ချင်ဘဲ နေမည်နည်း။

သူမသာ ကံနည်းနည်းလောက် ပိုကောင်းခဲ့လျှင်၊ သူမဘေးက လူတွေသာ နည်းနည်းလောက် ယုံကြည်ချင်စရာ ပိုကောင်းခဲ့လျှင် မစ်ရှင်ကို အသည်းအသန်အောင်မြင်အောင်လုပ်ပြီး အိမ်ကို အမြန်ဆုံး ပြန်ချင်ခဲ့မှာ မဟုတ်ပါ။

ဒီကမ္ဘာကြီးထဲမှာပဲ သာမန်လူတစ်ယောက်လို နေထိုင်ဖို့ သူမ ရွေးချယ်ကောင်း ရွေးချယ်မိနိုင်သည်။

သို့သော် လက်တွေ့ဘဝက သူမကို ရွေးချယ်ခွင့်မပေးခဲ့ပါ။ အသက်ရှင်သန်နိုင်ဖို့အတွက် ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကို သူမ ကျင့်သုံးခဲ့ရသည်။

အချိန်အတော်ကြာသည်အထိ ယန်ရုန်ရုန် စကားပြန်မပြောခဲ့ပေ။ လျို့လန်က ရှန်းဝမ်ချင်းနှင့် ယန်ရုန်ရုန်တို့ကို တစ်လှည့်စီကြည့်လိုက်ပြီး ကြောင်စီစီဖြစ်သွားခဲ့ပါသည်။

သူတို့နှစ်ယောက် ဘာကြောင့် ရုတ်တရက်ကြီး တိတ်ဆိတ်သွားသလဲ လျို့လန်နားမလည်ပါ။

ကောင်းကင်ပေါ်တွင် လေထန်လာပြီး တိမ်နက်များလည်း ဖုံးလွှမ်းလာသည်။ ပဲစေ့အရွယ်ရှိ မိုးသီးမိုးပေါက်များ ကျဆင်းလာသဖြင့် မိုးဒဏ်လေဒဏ်မှ လွတ်အောင် ရှန်းဝမ်ချင်း ဓားရောင်ဝါကို အသုံးပြုပြီး အကာအရံတစ်ခု ဖန်တီးလိုက်ပါသည်။

ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီးလည်း အရှိန်မြှင့်တင်လိုက်သည်။ လေပြင်းမုန်တိုင်းကြားထဲမှ ထိုးခွင်းကာ ဆိပ်ကမ်းရှိရာထံသို့ အမြန်ဆုံး ပျံသန်းလာခဲ့ပါသည်။

ဆိပ်ကမ်းတွင် ဝမ်ဟဲကျစ် စောင့်နေဆဲဖြစ်သည်။ အရုဏ် တက်ချိန်အထိ စောင့်ရလိမ့်မည်ဟု ထင်ထားသော်လည်း အံ့အားသင့်ဖို့ကောင်းစွာဖြင့် ရှန်းဝမ်ချင်းတို့ ၂ နာရီအတွင်း ပြန်ရောက်လာခဲ့ကြပါသည်။

ဝမ်ဟဲကျစ် ထီးတစ်လက်ကိုင်ရင်း အမြန်ပြေးသွားခဲ့သည်။

“ပုံရိပ်ယောင်ပြဿနာရဲ့ အဓိကရင်းမြစ်ကို ရှာတွေ့ခဲ့လား”

ရွှမ်နျောင်ငှက်ကြီးပေါ်မှ ဆင်းရင်း ယန်ရုန်ရုန် ပြန်ဖြေလိုက်ပါသည်။

“အင်း၊ ကျွန်မတို့ အားလုံးဖြေရှင်းပြီးသွားပြီ၊ ပင်လယ်ပြင်မှာ ဘာပုံရိပ်ယောင်မှ ထပ်ပေါ်လာမှာ မဟုတ်တော့ဘူး”

ဝမ်ဟဲကျစ် အံ့အားလည်းသင့် ပျော်လည်းပျော်ရွှင်သွားခဲ့သည်။ ရှန်းဝမ်ချင်းကို သူလေးစားသမှုဖြင့် ကြည့်လိုက်ပါသည်။

ကုန်းမြေတိုက်ကိုးခု၏ စွမ်းအားအကြီးမားဆုံး ဓားသခင်ဆိုသည့်အတိုင်း ထူးချွန်ပြောင်မြောက်လွန်းပါပေသည်။ ထိုပြဿာနာကို ဖြေရှင်းဖို့ ကျင့်ကြံသူပေါင်းများစွာ ကြိုးစားဖူးသော်လည်း တစ်ယောက်မှ ပြန်ရောက်မလာခဲ့ပါ။

သို့သော် ရွှမ်ယွဲ့ဓားသခင် လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင် တည်း ပြဿနာကို အခက်အခဲမရှိ ဖြေရှင်းနိုင်ခဲ့ပါသည်။

ဝမ်ဟဲကျစ်၏ အကြည့်ကို မြင်ပြီး နားလည်မှုလွဲနေမှန်း ရှန်းဝမ်ချင်း ရိပ်စားမိသဖြင့် အသိပေးလိုက်သည်။

“ငါက ဒီတိုင်း အကူအညီပေးခဲ့တာ၊ ပြဿနာကို အဓိက ဖြေရှင်းပေးခဲ့တာက သူပါ”

ရှန်းဝမ်ချင်း ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး တပည့်ဖြစ်သူကို ပွဲတင်ဖို့ ကြိုးစားနေသည်ဟု ဝမ်ဟဲကျစ် ယူဆလိုက်ပါသည်။ ထို့ကြောင့် သူ့ဘက်ကလည်း နားလည်မှုဖြင့် ချီးကျူးပေး လိုက်သည်။

“တာအိုရောင်းရင်းစန်းချွမ် ဒီအသက်အရွယ်နဲ့ ဒီလောက်အစွမ်းထက်နေတာ လေးစားစရာ ကောင်းပါပေတယ်!”

မိုးက ပိုမိုသည်းထန်လာခဲ့သည်။ ဒီနေရာမှာ စကားပြောလို့မကောင်းသဖြင့် ဖမ့်လိုင်မသေမျိုးနန်းတော်ထံသို့သာ အားလုံး ပြန်လာခဲ့ကြပါသည်။

-

ညမိုးချုပ်နေပြီဖြစ်သော်လည်း လျို့မိသားစုက မအိပ်ကြသေးပါ။ ကျွန်းသခင် လျို့ဖုကျွင်းက ထုံးစံအတိုင်း ဇနီးဖြစ်သူ၏ ပုံတူပန်းချီကားကိုကြည့်ရင်း သေရည်အိုးတွေကြားထဲ ဝမ်းနည်းပက်လက်ဖြစ်နေသည်။

လျို့ပင်းပီကတော့ ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့အတွက် စိတ်ပူနေသဖြင့် အိပ်မပျော်နိုင်ဘဲ အိပ်ရာထဲ ဟိုလှည့် ဒီလှည့်လုပ်နေခဲ့သည်။ သူတို့နှစ်ယောက်ပြန်ရောက်လာသည်နှင့် သူမကို အသိလာပေးဖို့ အစေခံတွေကိုလည်း အမိန့်ပေးထားပါသည်။

ထို့ကြောင့် ယန်ရုန်ရုန်တို့ကို ဝမ်ဟဲကျစ်ပြန်ခေါ်လာသောအခါ အစေခံတစ်ယောက်က တံခါးလာခေါက်ပြီး လျို့ပင်းပီကို အသိပေးခဲ့သည်။

“သခင်မလေး၊ ရွှမ်ယွဲ့ဓားသခင်နဲ့ သူ့တပည့်တို့ ပြန်ရောက် လာကြပါပြီ”

လျို့ပင်းပီ ချက်ချင်းဆိုသလို မတ်တပ်ထရပ်ပြီး ခန်းဆီးကို ဆွဲဖွင့်လိုက်ပါသည်။

“သူတို့ဘယ်မှာလဲ”

“စာကြည့်ခန်းထဲမှာ ကျွန်းသခင်နဲ့ တွေ့ဆုံနေပါတယ် သခင်မလေး”

“သူတို့နှစ်ယောက် အဆင်ပြေရဲ့လား”

“ဒဏ်ရာတွေဘာတွေရထားတာတော့ မတွေ့မိဘူး၊ ပုံစံတွေကလည်း သက်တောင့်သက်သာပါပဲ၊ သူတို့ အောင်မြင်လာကြတယ်ထင်တယ်”

လျို့ပင်းပီ စိတ်အေးသွားခဲ့သည်။ သို့သော် သူမကိုယ်တိုင် သွားတွေ့ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

အခြွေအရံများ၏ အကူအညီဖြင့် လျို့ပင်းပီ အဝတ်အစားလဲပြီးနောက် ထီးတစ်လက်ဖြင့် ညအမှောင်ထဲ ထွက်လာခဲ့သည်။

သိပ်မကြာလိုက်ဘဲ စာကြည့်ခန်းရှေ့သို့ လျို့ပင်းပီ ရောက် လာခဲ့ပါသည်။ စာကြည့်ခန်းတံခါးကို အနည်းငယ်ဟထားသဖြင့် အထဲက အသံတွေကို လျိုပင်းပီ ကြားနေရသည်။

“ကျွန်မတို့ ပုံရိပ်ယောင်ပြဿနာကို ဖြေရှင်းပြီးသွားပါပြီ၊ ဖမ့်လိုင်မသေမျိုးကျွန်းကနေ လူတွေထပ်ပျောက်တော့မှာ မဟုတ်ဘူး၊ ကျွန်းသခင်လျို့ ကတိပေးထားတဲ့အတိုင်း ကျွန်မတို့ကို နဂါးရိုး ချီးမြှင့်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ထိုစကားကိုကြားပြီး လျို့ပင်းပီ စိတ်သက်သာရာရကာ နှုတ်ထမ်းထက် အပြုံးတစ်ခုပေါ်လာခဲ့ပါသည်။ ယခု အရှေ့ပင်လယ်ပြင်တစ်ခုလုံး ပြန်လည်အေးချမ်းသွားတော့မည်။ တံငါသည်များလည်း စိတ်အေးလက်အေး ငါးဖမ်းထွက်နိုင်ပြီဖြစ်ကာ ယန်ရုန်ရုန်လည်း သူမ၏ ဝိညာဉ်ရင်းမြစ်ကို ပြန်လည်ကုသနိုင်တော့မည်ဖြစ်သည်။

အားလုံးအတွက် အောင်ပွဲတစ်ခုပင်။

သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ သူမအဖေ၏ အေးစက်စက် စကားကို ကြားလိုက်ရသည်။

“မင်းတို့ဖြေရှင်းပြီးပြီလို့ ပြောတာနဲ့ပဲ ပြေလည်သွားကောလား၊ မင်းတို့ကို ငါဘယ်လိုယုံရမှာလဲ!”

ယန်ရုန်ရုန် ဒါကို မျှော်လင့်ထားပြီးသားပင်။ သူမ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ကျွန်မတို့ ပုံရိပ်ယောင်တွေရဲ့ ဇစ်မြစ်ကိုရှာတွေ့ခဲ့တယ်၊ ရှေးဟောင်းရတနာတစ်ခုဖြစ်တဲ့ ဖူရှန်းကြေးမုံရဲ့ လက်ချက်ပဲ၊ ကျွန်မ အဲ့ဒီကြေးမုံကို ဖျက်ဆီးပစ်လိုက်ပြီ”

ထို့နောက် ချန့်ခွင်းအိတ်ထဲမှ လက်ဖဝါးအရွယ်ခန့်ရှိသည့် ကြေးမုံကို ထုတ်ပြလိုက်သည်။

ယန်ရုန်ရုန်က ပါးနပ်သဖြင့် ပျက်စီးနေသည့် အနောက်ဘက်အခြမ်းကိုသာ ထုတ်ပြခဲ့သည်။ မသိနားမလည်သူ တစ်ယောက်အမြင်မှာတော့ ပျက်စီးနေသည့် ဒီကြေးမုံက ‘ရှေးဟောင်းရတနာ’တစ်ခုဟု ထင်ချင်စရာရှိမှာ မဟုတ်ပါ။

All Chapters