← Chapters

အခန်း (၉၇)

Vol. 10 Ch. 97

အခန်း (၉၇)

Vol. 10 Ch. 97

ကြေးမုံကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်တည်း လျို့ဖုကျွင်း မျက်နှာ ကြက်သေသေသွားခဲ့သည်။

ဖူရှန်းကြေးမုံအကြောင်း သူကောင်းကောင်းနားလည်နေမှန်း သိသာသည်။

လျို့ဖုကျွင်း စိတ်ခံစားချက်များကို မချုပ်တည်းနိုင်တော့ပေ။ ရုတ်ခြည်းဆိုသလို မတ်တပ်ထပ်ရပ်ပြီး ယန်ရုန်ရုန်ရှေ့ သုတ်သုတ်ပျာပျာ လျှောက်လာကာ သူမလက်ထဲက ကြေးမုံကို လုယူဖို့ ကြိုးစားလိုက်သည်။

ယန်ရုန်ရုန်ကလည်း အမြန်ရှောင်လိုက်ပါသည်။

သူမပြောလိုက်သည်။

“ဒီကြေးမုံက ကျွန်မအပိုင်ပဲ”

လျို့ဖုကျွင်း ထိုကြေးမုံကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။ အနားမှာ စွမ်းအားကြီးမားသည့် ရှန်းဝမ်ချင်းသာ ရှိမနေလျှင် ယန်ရုန်ရုန့်ကို သူတိုက်ခိုက်မိလောက်သည်။

တစ်ခုခုကို အလွန်ချုပ်တည်းထားရသည့် လေသံမျိုးဖြင့် သူမေးလိုက်သည်။

“ဖူရှန်းကြေးမုံက ဖန်ဆင်းထားတဲ့ ပုံရိပ်ယောင်ကမ္ဘာထဲ မင်းတို့ရောက်သွားခဲ့တာလား”

ယန်ရုန်ရုန်ကလည်း အမှန်အတိုင်း ပြန်ဖြေလိုက်ပါသည်။

“ဒါပေါ့”

လျို့ဖုကျွင်း မယုံကြည်နိုင်သေးပါ။

“အဲ့ဒီထဲ ရောက်သွားတဲ့လူက ဘယ်လိုလုပ် အသက်ရှင်လျက် ပြန်ထွက်လာနိုင်မှာလဲ”

ယန်ရုန်ရုန် ခပ်ပါးပါး ပြုံးလိုက်သည်။

“ကျွန်မတို့မှာ ကိုယ့်နည်းလမ်းနဲ့ကိုယ်ရှိပါတယ်၊ အသေးစိတ်ပြောပြဖို့ မလိုဘူး၊ ကျွန်းသခင်ဘက်က ကတိပေးထားတဲ့အတိုင်း နဂါးရိုးကို ထုတ်ပေးဖို့ပဲလိုတယ်”

လျို့ဖုကျွင်း အသက်ဝဝ ရှူလိုက်ပြီး စိတ်တည်ငြိမ်အောင်ထားလိုက်သည်။

“ငါမင်းတို့ကို နဂါးရိုးပေးနိုင်တယ်၊ ဒါပေမယ့် ငါ့ကို အဲ့ဒီကြေးမုံတော့ ပြန်ပေးရမယ်”

ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ယန်ရုန်ရုန် အကျယ်ကြီး အော်ရယ်လိုက်ပါသည်။

“ဟား! ကျွန်းသခင်လျို့ရဲ့ တောင်းဆိုချက်တွေက များလွန်းတယ် မထင်ဘူးလား၊ လောဘကြီးတဲ့လူတွေရဲ့ အဆုံးသတ်က မလှတတ်ဘူးနော်”

လျို့ဖုကျွင်းလည်း သူ့တောင်းဆိုချက်က တရားလွန်နေမှန်း နားလည်ပါသည်။

ထို့ကြောင့် သူလေးနက်စွာ ပြောလိုက်သည်။

“နဂါးရိုးမကလို့ ဘာပဲဖြစ်ဖြစ် ဖမ့်လိုင်ကျွန်းပေါ်မှာရှိနေတဲ့အရာဆိုရင် ငါမင်းတို့ကို ပေးမယ်”

ထိုစကားကို အကဲခတ်ကြည့်ခြင်းအားဖြင့် ဖူရှန်းကြေးမုံအား သူအသည်းအသန်လိုခြင်းနေမှန်း သိသာပါသည်။

“ကျွန်မတို့ နဂါးရိုးပဲလိုအပ်တာပါ”

ယန်ရုန်ရုန်က ဆိုသည်။

လျို့ဖုကျွင်းက ပြန်ပြောလိုက်သည်။

“အဲ့တာဆို မင်းလက်ထဲက ကြေးမုံနဲ့ လဲမယ်လေ”

ထိုစဉ် ရှန်းဝမ်ချင်း အေးစက်သော မျက်နှာဖြင့် ဝင်ပြောလိုက်သည်။

“ကျုပ်တို့ကို ခင်ဗျား ကတိပေးထားတယ်၊ အရှေ့ပင်လယ်ပြင်က ပုံရိပ်ယောင်ပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုရင် နဂါးရိုးကို ပေးမယ်လို့ ခင်ဗျားနှုတ်ကနေ ပြောခဲ့တယ်၊ အခု ခင်ဗျားတောင်းဆိုတာကို ကျုပ်တို့ဘက်က ဖြည့်ဆည်း ပေးပြီးသွားပြီ၊ ခင်ဗျားဘက်ကလည်း ကတိအတိုင်း နဂါးရိုးကို ထုတ်ပေးသင့်တယ်”

သို့သော် လျို့ဖုကျွင်းကတော့ လူရမ်းကားပုံစံ ပေါက်လာပါပြီ။

“ငါအဲ့လိုကတိမျိုး မပေးခဲ့မိပါဘူး”

တံခါးအပြင်ဘက်တွင်ရှိနေသည့် လျို့ပင်းပီလည်း သည်းမခံနိုင်တော့ဘဲ တံခါးကိုဖွင့်ကာ ဝင်လာခဲ့ပါသည်။

“အဖေ! ကိုယ့်စကားကို ဒီလိုပြန်ရုတ်သိမ်းလို့ မရဘူးလေ!”

သမီးဖြစ်သူရောက်လာသည်ကိုမြင်ပြီး လျို့ဖုကျွင်းမျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။

“နင်ဒီမှာဘာလုပ်နေတာလဲ၊ ကိုယ့်အခန်းကိုယ် ပြန်သွားစမ်း!”

“မပြန်နိုင်ဘူးအဖေ! အဖေ အရင်တုန်းက ကတိတစ်ခုကို အသက်တမျှ တန်ဖိုးထားတတ်တဲ့ လူတစ်ယောက်ဖြစ်ခဲ့ဖူးတာပဲ မဟုတ်လား၊ အခု ဘာလို့ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့ရတာလဲ၊ နဂါးရိုးက အဖိုးတန်တာမှန်ပါတယ်၊ ဒါပေမယ့် အဲ့တာမရှိတော့တာနဲ့ပဲ သမီးတို့ သေသွားမှာမှ မဟုတ်တာ၊ အဲ့ဒီပစ္စည်းအတွက်နဲ့ ကိုယ့်ဂုဏ်သိက္ခာကို အစွန်းအ ထင်းခံရမှာ မတန်ပါဘူး”

လျို့ဖုကျွင်း၏ မျက်နှာ မှောင်မိုက်သွားခဲ့သည်။

“အဲ့တာ နင်စိတ်ပူရမယ့်ကိစ္စမဟုတ်ဘူး၊ ငါဘာလုပ်နေလဲ ငါနားလည်တယ်၊ ထွက်သွားစမ်း!”

လျို့ပင်းပီကို ခေါ်ထုတ်သွားဖို့ အစေခံများအား လက်ဟန်ပြလိုက်သည်။

သို့သော် လျို့ပင်းပီက နောက်ဆုတ်ဖို့ အစီအစဉ်မရှိပါ။ သူမကို လာဆွဲသည့် အစေခံအား တွန်းထုတ်ပြီး လျို့ဖုကျွင်းအား စိုက်ကြည့်လျက် ဖြေရှင်းချက်တစ်ခု တောင်းဆိုခဲ့သည်။

လျို့ဖုကျွင်းက အကြည့်လွှဲခဲ့ပါသည်။

ထိုစဉ် ယန်ရုန်ရုန်က ရုတ်တရက် ဝင်ပြောလိုက်ပါသည်။

“ကျွန်မ ခန့်မှန်းကြည့်ရမလား ကျွန်းသခင်လျို့၊ ပုံရိပ်ယောင်ပြဿနာတွေကို ကျွန်မတို့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ရှင် အစကတည်းက ယုံကြည်ထားခဲ့တာ မဟုတ်လား”

လျို့ဖုကျွင်း အေးစက်စွာ ပြောလိုက်သည်။

“မင်းဘာတွေပြောနေတာလဲ ငါနားမလည်ဘူး”

သူရည်ရွယ်ချက်ရှိရှိ ရူးချင်ယောင် ဆောင်နေခြင်းပင်။ နှုတ်ဖြင့်ပေးခဲ့သည့် ကတိဖြစ်သဖြင့် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေဟူ၍ မရှိပါ။ ထို့ကြောင့် သူကတိချိုးဖျက်လျှင်တောင် သူတို့ ဘာမှလုပ်နိုင်မှာ မဟုတ်ပေ။

ယန်ရုန်ရုန်က ဆက်ပြောသည်။

“အဲ့ဒီပုံရိပ်ယောင်တွေက ဖူရှန်းကြေးမုံနဲ့ ပတ်သတ်နေမှန်း ရှင်အစောကြီးကတည်းက သိနေခဲ့တယ်၊ အဲ့ဒီကြေးမုံထဲ ရောက်သွားတဲ့လူတိုင်း ပြန်ထွက်မလာနိုင်ဘူး၊ ကျွန်မတို့ကိုလည်း အဲ့လိုဖြစ်သွားမယ်လို့ ရှင်ထင်ထားခဲ့တာ”

လျို့ဖုကျွင်း ဂရုမစိုက်သည့်မျက်နှာမျိုးဖြင့် ဘာမှ ပြန်မပြောခဲ့ပေ။

သူမျက်နှာကို စေ့စေ့စိုက်ကြည့်ရင်း ယန်ရုန်ရုန် ဖြည်းညှင်းစွာ သုံးသပ်ပြလိုက်ပါသည်။

“ယုတ္တိရှိရှိပြောရရင် ကျွန်မတို့က ရှင့်အတွက် သူစိမ်းတွေပဲလေ၊ နဂါးရိုးကို ထုတ်မပေးချင်ဘူးဆိုရင်တောင် ကျွန်မတို့ကို သေအောင်လုပ်ဖို့အထိတော့ မလိုဘူးထင်တာပဲ၊ အထူး သဖြင့် ကျွန်မတို့နောက်မှာ ရှမ့်ယွင်ဂိုဏ်းရှိနေတယ်၊ ဒီနေရာမှာ ကျွန်မတို့နှစ်ယောက်တစ်ခုခုဖြစ်သွားခဲ့ရင် ရှမ့်ယွင်ဂိုဏ်းက အဆုံးထိ စုံစမ်းစစ်ဆေးလိမ့်မယ်၊ ကျွန်မတို့ကို သေအောင် အကွက်ဆင်ပြီး ရှမ့်ယွင်ဂိုဏ်းကို ဘာကြောင့် ရန်စချင်ခဲ့တာလဲ”

လျို့ပင်းပီက ဝင်ပြောလိုက်ပါသည်။

“ကျွန်မအဖေက ရှင်တို့လက်လျှော့ပြီးပြန်သွားအောင် မဖြစ်နိုင်တဲ့တာဝန် ပေးလိုက်တာနေမှာပါ၊ ရှင်တို့ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး”

ရှန်းဝမ်ချင်းနှင့် စန်းချွမ်တို့ကို သတ်ဖြတ်ဖို့ သူမအဖေမှာ ဘာအကြောင်းအရင်းမှ မရှိဟု လျို့ပင်းပီ ယုံကြည်ပါသည်။

ယန်ရုန်ရုန် ခေါင်းညိတ်ထောက်ခံလိုက်ပါသည်။

“ဟုတ်ပါတယ်၊ အစကတော့ ကျွန်မတို့ကို ကျွန်းသခင် ဒုက္ခပေးစရာဘာအကြောင်းအရင်းမှ မရှိဘူးလို့ ကျွန်မလည်း ထင်ခဲ့တာပဲ၊ ဒါပေမယ့်… ပုံရိပ်ယောင်ကမ္ဘာထဲမှာ လူတစ်ယောက်နဲ့ ကျွန်မတွေ့ခဲ့ရတယ်၊ သူ့ကို တစ်နေရာရာမှာ ရင်းရင်းနှီးနှီးမြင်ဖူးနေပါတယ်လို့ တစ်ချိန်လုံးခံစားနေခဲ့ရတာ၊ ဒါပေမယ့် ကျွန်မနဲ့ ရင်းနှီးတဲ့လူ မဟုတ်တာတော့ သေချာတယ်၊ အခုတော့ သူ ဘယ်သူလဲ ကျွန်မ သိသွားပြီ”

ပြောပြောဆိုဆိုနှင့် စာကြည့်ခန်းထဲက နံရံများပေါ်တွင် ချိတ်ဆွဲထားသည့် ပန်းချီကားများကို ယန်ရုန်ရုန် လက်ညှိုး ထိုးပြလိုက်ပါသည်။

အခန်းထဲမှာ ပန်းချီကားပေါင်းများစွာ ရှိသော်လည်း အားလုံးက အနီရောင်ဝတ်စုံကို ဆင်မြန်းထားသည့် အမျိုးသမီးတစ်ဦး၏ပုံတူပန်းချီကားများသာ…

ထိုအမျိုးသမီးက လျို့ဖုကျွင်း၏ ဆုံးပါးသွားပြီဖြစ်သည့် ဇနီးသည်ဖြစ်ကာ ပန်းချီကားများ၏ ဘယ်ဘက်ထောင့်စွန်းတွင် သူမ၏ အမည်ကို ရေးသားထားပါသည်။

‘ရှောင်းဟုံယန်’

အခန်းထဲက လူတွေအားလုံး ယန်ရုန်ရုန်ညွှန်ပြသည့် ပန်းချီကားများကို ဝိုင်းကြည့်လိုက်ကြသည်။ လျို့ပင်းပီ၏ မျက်နှာက ဇဝေဇဝါဖြစ်မှုမှ တုန်လှုပ်ချောက်ချားမှုအဖြစ် ပြောင်းလဲသွားခဲ့ပါသည်။

လျို့ပင်းပီ မယုံကြည်နိုင်စွာ မေးလိုက်သည်။

“ရှင်တို့… ပုံရိပ်ယောင်ကမ္ဘာထဲမှာ ကျွန်မအမေနဲ့ တွေ့ခဲ့တာလား”

ယန်ရုန်ရုန် ခေါင်းညိတ်ကာ အတည်ပြုလိုက်ပါသည်။

“ဟုတ်တယ်၊ ပုံရိပ်ယောင်ကမ္ဘာထဲမှာ သူ့နာမည်က ဟုံနျန်ကျစ်တဲ့၊ ပန်းချီကားထဲကလိုပဲ အနီရောင်တောက်တောက် ဝတ်စုံတွေကို ဝတ်ဆင်ထားတယ်၊ အရမ်းလည်းလှတယ်”

လျို့ပင်းပီ နားမလည်နိုင်တော့ပေ။

“ကျွန်မအမေကို ရှင်တို့ဘာလို့ မြင်ခဲ့ရတာလဲ၊ မဖြစ်နိုင်ဘူး… ကျွန်မ အမေ သေသွားတာ ကြာပြီလေ၊ ပုံရိပ်ယောင်ကမ္ဘာထဲမှာ ပေါ်မလာနိုင်လောက်ပါဘူး… ရှင်တို့မြင်ခဲ့တာ ကျွန်မအမေနဲ့ ဆင်တူတဲ့ ပုံရိပ်ယောင်တစ်ခုပဲဖြစ်မှာ”

ထို့နောက် လျို့ဖုကျွင်းဘက်သို့လှည့်ကာ သူမ မေးလိုက်သည်။

“သမီးပြောတာ မှန်တယ်မလား အဖေ”

လျို့ဖုကျွင်း တိတ်ဆိတ်နေဆဲပင်။

သူ့တိတ်ဆိတ်မှုကြောင့် တစ်ခုခု မူမမှန်သည်ကို လျို့ပင်းပီ ခံစားလိုက်ရကာ မျက်မှောင်ကြုတ်သွားခဲ့သည်။

“အဖေ ဘာလို့ ဘာမှမပြောတာလဲ…”

ယန်ရုန်ရုန်က သူ့ကိုယ်စား ပြန်ဖြေပေးလိုက်ပါသည်။

“ပုံရိပ်ယောင်ကမ္ဘာထဲက ဟုံနျန်ကျစ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက သေသွားခဲ့တဲ့ ရှင့်အမေ ဖြစ်မှန်း သူသိနေလို့ပေါ့”

လျို့ပင်းပီ အလွန်စိတ်ဖိစီးလာပြီး မယုံကြည်နိုင်စွာ ပြုံးလိုက်သည်။

“မဖြစ်နိုင်တာ… အဓိပ္ပာယ်မှ မရှိတာ!”

ထို့နောက် ယန်ရုန်ရုန်၏ သုံးသပ်ချက်ကို ငြင်းဆန်မည်အထင်နှင့် အဖေဖြစ်သူကို သူမ လှည့်ကြည့်လိုက်ပါသည်။ သို့သော် သူတိတ်ဆိတ်နေဆဲပင်။

လျို့ပင်းပီ ရင်ထဲ စူးနင့်သွားခဲ့ကာ မေးလိုက်ပါသည်။

“ကျွန်မ အမေက…. မသေသေးဘူးလား”

ယန်ရုန်ရုန် ပြန်ဖြေလိုက်သည်။

“မဟုတ်ဘူး၊ ရှင့်အမေက သေသွားပြီ၊ အဲ့တာတော့ သေချာတယ်”

ထိုအခါမှ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် လျို့ဖုကျွင်း ဒေါသတကြီး ထပြောလိုက်ပါသည်။

“သူ မသေသေးဘူးကွ! ဟုံယန်က ပုံရိပ်ယောင်ကမ္ဘာထဲ စုပ်ယူခံလိုက်ရတာ… အဲ့တာနဲ့ပဲ သူသေသွားပြီလို့ သတ်မှတ်လို့ မရဘူး! မင်းတို့နှစ်ယောက်တောင် အဲ့ဒီထဲက ထွက်လာနိုင်ရင် သူလည်း ထွက်လာနိုင်တဲ့သဘောပဲ! ဖူရှန်းကြေးမုံကို ပေးစရာရှိတာ ပေးစမ်းပါ၊ အဲ့ဒီကြေးမုံနဲ့သာဆို ဟုံယန်ကို ငါ့နား ပြန်ခေါ်ထားနိုင်တော့မှာ!”

ကျွန်းသခင်၏မျက်နှာက စိတ္တဇဖြစ်ဖို့ လက်တစ်ကမ်းအလို ရောက်နေသည့်ပုံစံမျိုးပင်။ မျက်လုံးများကလည်း ယန်ရုန်ရုန့် လက်ထဲရှိ ကြေးမုံကိုသာ စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့ပါသည်။

လျို့ပင်းပီ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။

“အမေက… နာမကျန်းဖြစ်ပြီး သေသွားတာ မဟုတ်ဘူးလား”

သူမ အမေ ဆုံးပါးသွားတုန်းက လျို့ပင်းပီမှာ အသက် ၁ နှစ်သာ ရှိသေးသည်။ ငယ်လွန်းသဖြင့် ဘာမှ နားမလည်နိုင်ခဲ့ပါ။

အရွယ်ရောက်လာပြီး အဖေဖြစ်သူကို မေးကြည့်ခါမှ သူမအမေ နာမကျန်းဖြစ်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိခဲ့ရသည်။ လျို့ပင်းပီ ဘာသံသယမှ မဖြစ်ခဲ့ပေ။

သို့သော် ယခုတော့ လျို့ဖုကျွင်း၏စကားလုံးများကို နားထောင်ရင်း သူမ အလိမ်ညာခံခဲ့ရမှန်း နားလည်လာခဲ့ပါသည်၊။

All Chapters