အခန်း (၉၈)
Vol. 10 Ch. 98
ထိုကိစ္စများကို သမီးဖြစ်သူအား လျို့ဖုကျွင်း မသိစေချင်ခဲ့ပါ။
သို့သော် ယခုတော့ အမှန်တရားက ပေါ်လာခဲ့ပြီဖြစ်ကာ နောက်ပြန်လှည့်ဖို့လည်း နောက်ကျသွားခဲ့လေပြီ။ သမီးဖြစ်သူ၏ ခေါင်းမာသော အကြည့်အောက်တွင် နောက်ဆုံးတော့ လျို့ဖုကျွင်း အဖြေတစ်ခု ပေးခဲ့ပါသည်။
“သမီးကိုမွေးပြီးတော့ ဟုံယန်ရဲ့ ကျန်းမာရေး ပိုပိုပြီး ဆိုးရွားလာခဲ့တယ်၊ သူ့ကို နာမည်ကျော် နတ်ဆေးသမားတော်တစ်ပါးဆီ ခေါ်သွားဖို့ ကြံရွယ်ထားခဲ့တာ… ဒါပေမယ့် အရှေ့ပင်လယ်ပြင်မှာ ခရီးနှင်နေတုန်း သူရုတ်တရက် ပျောက်သွားခဲ့တယ်၊ ငါ ဘယ်လောက်ပဲ ရှာရှာ သူ့ကို ရှာမတွေ့တော့ဘူး၊ အဲ့ဒီအချိန်ကတည်းက ဟုံယန်ကို ငါ မတွေ့ရတော့တာ အခုချိန်ထိပဲ၊ အားလုံးက သူ့ကိုသေပြီလို့ သတ်မှတ်ထားပေမယ့် သူအသက်ရှင်နေသေးတယ်လို့ ငါ အမြဲတမ်းယုံကြည်ခဲ့တယ်… သူတစ်နေရာရာမှာ ပိတ်မိနေပြီး ငါ လာကယ်မှာကို စောင့်မျှော်နေရှာမှာ…”
ထိုအကြောင်းအရာများကို ကြားပြီး လျို့ပင်းပီ ရီဝေသွားခဲ့သည်။
“သမီးအမေက… အသက်ရှင်နေသေးတာလား”
ယန်ရုန်ရုန်က အညှာအတာကင်းမဲ့စွာ ဝင်ပြောလိုက်သည်။ “မဟုတ်ဘူး ရှင့်အမေက တကယ်သေသွားပြီ”
သူမစကားကြောင့် လျို့ဖုကျွင်း ဒေါသပေါက်ကွဲသွားပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပါသည်။
“ဟုံယန် မသေသေးဘူးလို့ ငါပြောနေတယ်! သူ မသေသေးဘူးကွ!”
ယန်ရုန်ရုန် မကြောက်ပါ။ သူမ တည်တည်ငြိမ်ငြိမ်ပဲ ရှင်းပြခဲ့သည်။
“ပုံရိပ်ယောင်ကမ္ဘာထဲ စရောက်သွားတုန်းကတော့ အသက်ရှင်ကောင်း ရှင်နေနိုင်မှာပေါ့၊ ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ၊ သူ့ဝိညာဉ်ကို ဖူရှန်းကြေးမုံက ဝါးမျိုသွားလောက်ပြီ၊ ပုံရိပ်ယောင်ကမ္ဘာထဲ ကျွန်မ မြင်ခဲ့တဲ့ ဟုံနျန်ကျစ် ဆိုတာလည်း စိတ်ဝိညာဉ်မဲ့တဲ့ ရုပ်သေးရုပ်သာသာပဲ”
လျို့ဖုကျွင်း ခေါင်းမာစွာငြင်းဆန်ခဲ့သည်။
“သူ အသက်ရှင်နေသေးတယ်လို့!”
ယန်ရုန်ရုန် သံသယဖြစ်စွာ မေးလိုက်ပါသည်။
“သူအသက်ရှင်နေပါသေးတယ်လို့ ရှင်ဘာလို့ အဲ့လောက် ယုံကြည်နေရတာလဲ”
သူမ ကြေးမုံကို ထုတ်ပြလိုက်စဉ်က ဖူရှန်းကြေးမုံမှန်း ကျွန်းသခင်ချက်ချင်းသိသွားပုံကို ပြန်အမှတ်ရကာ ယန်ရုန်ရုန်စိတ်ထဲ အတွေးတစ်ခုပေါ်လာခဲ့ပါသည်။
“ဖူရှန်းကြေးမုံကို အရင်တုန်းက တွေ့ဖူးလို့လား၊ ရှောင်းဟုံယန် အသက်ရှင်နေသေးတယ်လို့ ဖူရှန်းကြေးမုံက ရှင့်ကို ပြောခဲ့တာလား၊ ဧကန္တ ဟုံနျန်ကျစ်ရဲ့ ပုံရိပ်ယောင်ကိုတောင် သူဖန်ဆင်းပြခဲ့သေးတယ် ထင်တယ်… အဲ့တာကြောင့် သူ့အလိမ်အညာတွေကို ရှင်ယုံကြည်ခဲ့တာလား”
လျို့ဖုကျွင်း၏ မျက်နှာ ဖြူသထက်ဖြူရော်လာပြီး အကျည်း တန်သွားခဲ့သည်။ ယန်ရုန်ရုန်၏ စကားများက ချက်ကောင်းကို ထိမှန်သွားသည်။ ဖူရှန်းကြေးမုံကို သူအမှန်တကယ် တွေ့ဖူးခဲ့ပါသည်။
သို့သော် လျို့ဖုကျွင်း ခေါင်းမာနေဆဲပင်။
“ကြေးမုံက မလိမ်ဘူး! ဟုံယန်တကယ် အသက်ရှင်နေသေးတယ်!”
ယန်ရုန်ရုန်က ပြန်ချေပလိုက်သည်။
“အဲ့ဒီကြေးမုံရဲ့ အကြီးမားဆုံး စွမ်းရည်က ပုံရိပ်ယောင်တွေ ဖန်တီးတာဆိုတာ ရှင်သိတယ်မဟုတ်လား၊ ပုံရိပ်ယောင်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုကော ရှင်နားလည်ရဲ့လား၊ အစစ် အမှန် မဟုတ်တဲ့ အတုအယောင်တွေ၊ အလိမ်အညာတွေလို့ ဆိုလိုတာလေ”
သူမကို လျို့ဖုကျွင်း စူးစူးရှရှ ကြည့်လိုက်ပါသည်။
“ပါးစပ်ပိတ်ထား!”
အပြင်ဘက်တွင် ကျယ်လောင်သော မိုးချုန်းသံများနှင့်အတူ လျှပ်စီးတွေလည်း လက်နေခဲ့သည်။ လျှပ်စီးများ၏ အလင်း ရောင်ကြောင့် လျို့ဖုကျွင်း၏ မျက်နှာက ကြောက်စရာပိုကောင်းနေခဲ့ပါသည်။
ထိုခြိမ်းခြောက်စကားများကို ယန်ရုန်ရုန်လျစ်လျူရှုလိုက်ပြီး ဆက်လက် သုံးသပ်ပြခဲ့သည်။
“တကယ်တော့ ကြေးမုံက လိမ်ညာနေတယ်ဆိုတာကို ရှင့်ရင်ထဲမှာ နားလည်ထားပြီးသားတောင် ဖြစ်နိုင်တယ်၊ ဒါပေမယ့် အမှန်တရားကို ရှင်လက်မခံနိုင်ခဲ့ဘူး၊ သဲတစ်ပွင့်စာလောက်ပဲရှိတဲ့ မျှော်လင့်ချက်ကို လက်ကိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေခဲ့တယ်၊ ‘ရှောင်းဟုံယန် အသက်ရှင်နေသေးရင် ဘယ်လိုလုပ်မလဲ၊ ကြေးမုံက အမှန်အတိုင်း ပြောနေတာဆိုရင် ဘယ်လိုလုပ်မလဲ’ ဆိုပြီး တစ်သောင်းပုံမှာ တစ်ပုံပဲ ဖြစ်နိုင်မယ် ဆိုရင်တောင် ရှင်ကြိုးစားကြည့်ချင်ခဲ့တယ်”
“ရှောင်းဟုံယန်ကို ကယ်တင်ချင်လို့ ကြေးမုံနဲ့ ရှင်အပေးအ ယူလုပ်ခဲ့တယ်၊ ဖူရှန်းကြေးမုံကို အရှေ့ပင်လယ်ပြင်ထဲမှာ ပုံရိပ်ယောင်တွေ ဖန်ဆင်းခွင့် ရှင်ပဲ ပေးခဲ့တာ…၊ ပြီးတော့ အကြောင်းပြချက်မျိုးစုံသုံးပြီး ကျင့်ကြံသူတွေကို အရှေ့ပင်လယ်ပြင်ထဲ စေလွှတ်ပြီး ဖူရှန်းကြေးမုံကို အစာကျွေးခဲ့တယ်၊ ကျွန်းသခင်လျို့… ရှင်က မကောင်းဆိုးဝါး တစ်ကောင်နဲ့ အပေးအယူလုပ်ပြီး ပူးပေါင်းခဲ့တာပဲ!”
“မင်းကို ပါးစပ်ပိတ်ထားလို့ပြောနေတယ်! လူစကား နားမလည်ဘူးလား!”
လျို့ဖုကျွန်း၏ လက်ဝါးပေါ် ဝိညာဉ်စွမ်းအင်များ စုစည်းလာပြီး ယန်ရုန်ရုန့်ကို တိုက်ခိုက်ဖို့ ကြိုးစားလိုက်ပါသည်။
သို့သော် ယန်ရုန်ရုန့်ကို မထိခိုင်ခင်မှာပင် ရှန်းဝမ်ချင်းက ဓားအရှိန်အဝါများ ထုတ်လွှတ်လိုက်သဖြင့် လျို့ဖုကျွန်း အနောက်သို့ ပြန်လွင့်ထွက်သွားကာ စားပွဲခုံစွန်းနှင့် တိုက်မိသွားခဲ့သည်။
လျို့ဖုကျွင်း နာကျင်စွာ ညည်းညူလိုက်မိပါသည်။
“အဖေ!”
အဖေဖြစ်သူကို ကူညီဖို့ လျို့ပင်းပီ ပြေးလာခဲ့သည်။
လျို့ဖုကျွင်း ဖြူရော်ဖြူဖပ် ဖြစ်နေသော မျက်နှာဖြင့် မော့ ကြည့်လိုက်သည်။ သူ့မျက်လုံးများက သွေးချင်းနီနေပြီး မျက်နှာထားကလည်း စိတ္တဇဆန်နေကာ ချောင်ပိတ်ခံထားရသော သားရဲတစ်ကောင်နှင့် တူနေပါသည်။
ယန်ရုန်ရုန်ကို စူးစူးဝါးဝါးစိုက်ကြည့်ရင်း ခြောက်ကပ်စွာ ပြောလိုက်သည်။
“အားလုံးကို သိထားပြီးပြီဆိုတော့ မင်းတို့ နားလည်သင့်တယ်၊ ကြေးမုံကို ငါ့လက်ထဲ မထည့်ဘူးဆိုရင် ငါ့ဘက်ကလည်း နဂါးရိုးကို လုံးဝထုတ်မပေးနိုင်ဘူး”
သူ့ကို ဖူရှန်းကြေးမုံက အသုံးချခဲ့ခြင်းဆိုလျှင်တောင် လျို့ဖုကျွင်း ဂရုမစိုက်တော့ပါ။ ထိုကြေးမုံရှိနေလျှင် ရှောင်းဟုံယန်ကို သူတွေ့နိုင်မည်ဟူသည့် အချက်ကိုသာ နားလည်သည်။ ပုံရိပ်ယောင်တစ်ခု ဖြစ်နေလျှင်တောင် ကိစ္စမရှိပါ။
သူမကို မြင်နိုင်လျှင်၊ စကားပြောနိုင်လျှင် လုံလောက်ပါပြီ။
ယန်ရုန်ရုန် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“ရှင့်ကို ကယ်မရတော့ဘူး၊ ဖူရှန်းကြေးမုံကို ကျွန်မ ဖျက်ဆီးပစ်လိုက်ပြီ၊ ဘာပုံရိပ်ယောင်မှ ဖန်ဆင်းနိုင်တော့မှာ မဟုတ်ဘူး၊ ပုံရိပ်ယောင်ကမ္ဘာထဲက ဟုံနျန်ကျစ်လည်း ကြေးမုံနဲ့အတူ ပျောက်ကွယ်သွားပြီ၊ ကြေးမုံကို ရရင်တောင် ရှင်သူ့ကို တွေ့ရမှာမဟုတ်ဘူး”
သူမစကားလုံးများက လျို့ဖုကျွင်း၏ နောက်ဆုံးမျှော်လင့် ချက်များကို ရိုက်ချိုးပစ်လိုက်သလိုပင်။ လျို့ဖုကျွင်း လုံးဝ ပြိုလဲသွားခဲ့ပြီး မျက်ရည်များဝဲလာကာ အော်ဟစ်လိုက်ပါသည်။
“ငါ့ကို ကြေးမုံပေး! ငါ့ကိုပေး!”
ရက်စက်လှသည့် အမှန်တရားကို သူလက်မခံနိုင်ပါ။ လျို့ဖုကျွင်း ဘာမှ မစဉ်းစားနိုင်တော့ချေ။
လျို့ပင်းပီလည်း ငိုကြွေးနေပါသည်။ သို့သော် သူမကတော့ စဉ်းစားဆင်ခြင်ဉာဏ်ရှိနေပါသေးသည်။ ယန်ရုန်ရုန်၏ စကားလုံးများက အမှန်တရားဖြစ်မှန်း သူမ နားလည်သည်။
သေဆုံးသွားသည့်လူက ပြန်ရောက်မလာနိုင်တော့မှန်းလည်း သူမ နားလည်ပါသည်။ ကြေးမုံက သူမအမေကို ပြန်ခေါ်လာပေးနိုင်မှာ မဟုတ်ပေ။
အဖေဖြစ်သူ၏ လက်မောင်းကို ဆုပ်ကိုင်ရင်း လျို့ပင်းပီ တောင်းပန်လိုက်သည်။
“အမေသာ အသက်ရှင်နေသေးရင်လည်း အဖေ့ကို ဒီလိုပုံစံမျိုးနဲ့ ကြည့်ရက်မှာမဟုတ်ဘူးလေ”
လျို့ပင်းပီကို တွန်းထုတ်လိုက်ပြီး လျို့ဖုကျွင်း အော်ဟစ်သောင်းကျန်းလိုက်ပါသည်။
“နင့်အမေ မသေသေးဘူး! သူအသက်ရှင်နေသေးတယ်လို့ ငါဘယ်နှခါပြောရမလဲ၊ ကြေးမုံထဲကနေ ငါ့ကို ပြုံးပြနေတာ ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တယ်! ငါ့ကို စကားလည်းပြောတယ်၊ ငါ့မှာ အဲ့ဒီကြေးမုံရှိရင် သူ့ကို ထပ်တွေ့နိုင်မှာ!”
သမီးဖြစ်သူကို လျို့ဖုကျွင်း အမြဲတမ်း ချစ်မြတ်နိုးခဲ့သည်။ ငယ်စဉ်ကတည်းက လေသံမာမာနှင့်ပင် မပြောခဲ့ဖူးပါ။ သူမကို ဒီလို ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်နေသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဆိုနိုင်သည်။
လျို့ပင်းပီလည်း သိသိသာသာ တုန်လှုပ်သွားခဲ့သည်။ မျက်ရည်များ ဝဲလျက် သူမ နှလုံးသားထဲ ဝမ်းနည်းညှိုးငယ်မှုများဖြင့် ပြည့်နှက်သွားခဲ့ပါသည်။
သူမလည်း အမေဖြစ်သူကို အသက်ရှင်စေချင်ပါသည်။ သို့သော် မဖြစ်နိုင်မှန်း သူမ နားလည်သည်။ ပုံရိပ်ယောင်ဟူသည်မှာ အစစ်အမှန်မဟုတ်ပါ။ အလိမ်အညာတွေထဲမှာပဲ သူမတို့ ပိတ်မိနေလို့ မဖြစ်ပေ။
ယန်ရုန်ရုန်ကို လျို့ဖုကျွင်း ပြန်စိုက်ကြည့်လိုက်ပြီး ကြံရာမရဖြစ်ကာ ခြိမ်းခြောက်လိုက်ပါသည်။
“ငါ့ကို ဖူရှန်းကြေးမုံ မပေးဘူးဆိုရင် ကျွန်းအောက်မှာရှိနေတဲ့ လျှို့ဝှက်ရတနာကို ဖောက်ခွဲပစ်လိုက်မှာနော်! အဲ့တာဆို ကျွန်းပေါ်ကလူတိုင်း ပြာကျသွားလိမ့်မယ်! မင်းဆရာက ရွှမ်ယွဲ့ဓားသခင်ဖြစ်နေရင်တောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
ယန်ရုန်ရုန်ကတော့ ပေးဖို့ အစီအစဉ်မရှိပါ။ သူမ တည်ငြိမ်စွာ မေးလိုက်သည်။
“ရှင့်သမီးကိုပါ ကျွန်းနဲ့အတူ ဖောက်ခွဲပစ်ဖို့ ကြံနေတာလား”
လျို့ဖုကျွင်း၏ မျက်နှာပေါ်တွင် သိသိသာသာ ပဋိပက္ခဖြစ်သွားခဲ့သည်။ သူ့သမီးကို မသေစေချင်ပါ။ သို့သော် သူ လမ်းဆုံးကို ရောက်နေသဖြင့် အခြားရွေးချယ်စရာမရှိတော့ပေ။
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် လျို့ဖုကျွင်း အံကြိတ်လျက် အသည်းမာစွာ ပြောလိုက်သည်။
“မင်းတို့ငါ့ကို ကြေးမုံပေးမယ်ဆိုရင် ဘယ်သူမှ သေစရာမလိုဘူး”
ဆိုလိုသည့်သဘောက ကြေးမုံအတွက် သမီးဖြစ်သူကိုပါ သူစတေးရဲသည်။
အဖေဖြစ်သူကို လျို့ပင်းပီ မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ပါသည်။
သူမကို အမြဲတမ်း ချစ်မြတ်နိုးခဲ့သည့် အဖေက ဒီလိုဆုံးဖြတ်ချက်မျိုး ချလိမ့်မည်ဟု လျို့ပင်းပီ မထင်ခဲ့မိပေ။ နှစ် ၂၀ ကျော်ကြာအောင် ခိုင်မြဲခဲ့သည့် သားအဖသံယောဇဉ်က ကြေးမုံတစ်ချပ်လောက်ပင် တန်ဖိုးမရှိခဲ့ပါ။
ဒီနေ့ည စိတ်ခံစားချက် အပြောင်းအလဲများစွာကို ရင်ဆိုင်ခဲ့ရခြင်းကြောင့်လား မသိနိုင်သော်လည်း လျို့ပင်းပီ အငိုတိတ်သွားခဲ့သည်။ သူမ၏ စိတ်အခြေအနေက ကြက်သီးထစရာကောင်းလောက်အောင် တည်ငြိမ်သွားပါသည်။
ဖြူရော်နေသော မျက်နှာဖြင့် လျို့ပင်းပီ ပြောလိုက်သည်။
“အဖေ… အဲ့ဒီကြေးမုံထဲက အရာအားလုံးက ပုံရိပ်ယောင်တွေချည်းပဲ၊ ဒါပေမယ့် သမီးကတော့ အစစ်အမှန်… အဖေ့ရှေ့မှာ သမီးအခု အမှန်တကယ် ရပ်တည်နေတာ၊ အဲ့ဒီပုံရိပ်ယောင်တွေက ဘယ်တော့မှ အစစ်အမှန်ဖြစ်လာနိုင်မှာ မဟုတ်ဘူး”
လျို့ဖုကျွင်း သမီးဖြစ်သူနှင့် အကြည့်ချင်း မဆုံရဲခဲ့ဘဲ ခြောက်သွေ့စွာ ပြောလိုက်ပါသည်။
“ဖမ့်လိုင်ကျွန်းကနေ အခုချက်ချင်း ထွက်သွားလိုက်၊ အဲ့တာဆို နင်လွတ်မြောက်နိုင်သေးတယ်”
လျို့ပင်းပီ ခေါင်းခါလိုက်သည်။
“သမီး မသွားနိုင်ဘူး၊ ဒါသမီးရဲ့အိမ်ပဲ၊ အဖေလည်း သမီးရဲ့အိမ်ကို မဖျက်ဆီးနိုင်စေရဘူး”
ထိုစကားဆုံးသည်နှင့် လျို့ဖုကျွင်း၏ လက်တွင်ဝတ်ဆင်ထားသည့် ခရမ်းရောင်ကျောက်စိမ်းပုတီးကွင်းကို လျို့ပင်းပီ ဆတ်ခနဲ ဆွဲယူပစ်လိုက်ပါသည်။
လျို့ပင်းပီက အလွန်လျှင်မြန်ပြီး လျို့ဖုကျွင်းကလည်း သတိမဲ့နေခဲ့သဖြင့် ပုတီးကွင်းကို အောင်အောင်မြင်မြင် လုယူနိုင်ခဲ့သည်။ လျို့ဖုကျွင်း ပြန်ဆွဲယူဖို့ ကြိုးစားချိန်တွင် လျို့ပင်းပီက နောက်ဆုတ်သွားပြီဖြစ်ကာ သူမ အဖေနှင့် ခပ်ခွာခွာတွင် ရပ်နေခဲ့ပါသည်။