အခန်း (၉၉)
Vol. 10 Ch. 99
နီရဲနေသော မျက်လုံးများဖြင့် လျို့ဖုကျွင်း ဟိန်းဟောက်လိုက်သည်။
“ငါ့ကိုပြန်ပေးစမ်း!”
ခရမ်းရောင် ကျောက်စိမ်းပုတီးကွင်းကို လျို့ပင်းပီတင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့ပါသည်။ ထို့နောက် တုန်ယင်နေသော လေသံဖြင့် သူမ ပြောလိုက်သည်။
“ဒီပုတီးကွင်းကို သမီးတို့ရဲ့ ဘိုးဘေးတွေ လက်ဆင့်ကမ်းပေးခဲ့မှန်း သမီးသိတယ်၊ ကျွန်းရဲ့ ကာကွယ်ရေး စည်းအခင်းအကျင်းတွေကို ဖွင့်ဖို့ သော့ချက်ဆိုလည်း ဟုတ်တယ်၊ ဒီပုတီးကွင်းကို ဖျက်ဆီးလိုက်ရင် ကျွန်းအောက်မှာ ရှိနေတဲ့ လျှို့ဝှက်ရတနာ ပေါက်ကွဲသွားမှာ မဟုတ်လား၊ သမီး လုံးဝ မပေးနိုင်ဘူး!”
“ငါ့ကို ဖိအားမပေးနဲ့နော်!”
လျို့ဖုကျွင်း လက်ဖဝါးပေါ်တွင် ဝိညာဉ်စွမ်းအင်များ ပြန်လည်စုစည်းလာခဲ့ပြန်သည်။ မျက်လုံးတွေထဲမှာလည်း ရူးသွပ်မှုတို့ ထင်ထင်ရှားရှားပေါ်လွင်နေခဲ့သည်။
လျို့ပင်းပီ ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။
“ဖမ့်လိုင်ကျွန်းကို သမီးကာကွယ်ပေးရမယ်၊ အဖေ့ကို ဖျက်ဆီးခွင့် မပြုနိုင်ဘူး!”
သူမ နှလုံးသားထဲတွင် အဖေဖြစ်သူအတွက် မျှော်လင့်ချက် စိုးစင်းလေး ထားရှိမိဆဲဖြစ်သည်။ သူဘယ်လောက်ပဲ ရူးသွပ်နေပါစေ သူမကို သတ်ပစ်မှာမဟုတ်ဟု လျို့ပင်းပီ ယုံကြည်ထားခဲ့သည်။
သို့သော် သူမ ယုံကြည်ချက်တွေ မှားယွင်းသွားခဲ့ရပြန်ပါသည်။
လျို့ဖုကျွင်းက လျို့ပင်းပီ၏ နှလုံးသားတည့်တည့်ကို ရွယ်ပြီး ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော လက်ဖဝါးဖြင့် တိုက်ခိုက်ပစ်လိုက်သည်။ ကျင့်ကြံခြင်းအဆင့်မရှိသည့် လျို့ပင်းပီကိုသာ ထိုစွမ်းအင်များ ထိမှန်သွားလျှင် ချက်ချင်း သေသွားနိုင်သည်။ မသေလျှင် တစ်သက်လုံး ဒုက္ခိတဖြစ်သွားနိုင်ပါသည်။
ထိုစဉ် ယန်ရုန်ရုန် အပြေးရောက်လာပြီး လျို့ပင်းပီကို သူမနောက်သို့ ဆွဲခေါ်ကာ လိပ်ခွံအဆောင်စက္ကူတစ်ရွက်ကို ထုတ်သုံးလိုက်သည်။
ထိုအဆောင်စက္ကူ မြေပေါ်ကျသွားသည်နှင့်တစ်ပြိုင်တည်း အလင်းပေါက် အကာအရံတစ်ခုအဖြစ် ပြောင်းလဲသွားကာ ယန်ရုန်ရုန်နှင့် လျို့ပင်းပီတို့နှစ်ယောက်စလုံးကို ကာကွယ်ပေးခဲ့ပါသည်။
လျို့ဖုကျွင်း၏ ဝိညာဉ်စွမ်းအင်များက အကာအရံကို ရိုက်မိသွားခဲ့သည်။ အကာအရံတစ်ခုလုံး တစ်စစီ ကွဲထွက်သွားခဲ့ပါသည်။
အကာအရံက စွမ်းအင်အတော်များများကို ကာကွယ်ပေးနိုင်ခဲ့သော်လည်း အကြွင်းအကျန် စွမ်းအင်များက ယန်ရုန်ရုန်ကို ထိမှန်ကာ နှစ်ယောက်စလုံး ခြေလှမ်းများ နောက်ဆုတ်သွားခဲ့ရသည်။
ယန်ရုန်ရုန်နှင့်လျို့ပင်းပီတို့ နှစ်ယောက်စလုံး မျက်နှာတွေဖြူရော်နေကြပါပြီ။ ဝိညာဉ်စွမ်းအင် ထိမှန်သွားသည့် ဝမ်းဗိုက်တွင် ယန်ရုန်ရုန် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။
လျို့ဖုကျွင်း ပထမတိုက်ခိုက်မှု မအောင်မြင်သဖြင့် နောက်တစ်ဖန် ထပ်မံတိုက်ခိုက်ဖို့ ပြင်လိုက်သည်။ သို့သော် သူ မလှုပ်ရှားနိုင်ခင် ရွှမ်ယွဲ့ဓားသခင်၏ ဓားရောင်ဝါများက သူ့ကို လွှမ်းမိုးသွားခဲ့ပါသည်။
မျက်စိနှင့်မမြင်နိုင်သည့် ဓားရောင်ဝါများက အလွန်အမင်း စူးရှသဖြင့် လျို့ဖုကျွင်း တစ်လက်မလောက် လှုပ်ရှားလိုက်သည်နှင့် အစိပ်စိပ်အမွှာမွှာဖြစ်သွားနိုင်သည်။
ထို့ကြောင့် လျို့ဖုကျွင်း ကျောက်ရုပ်ပမာ ရပ်တန့်သွားခဲ့ရပါသည်။
အဖေဖြစ်သူကို လျို့ပင်းပီ ရီဝေစွာကြည့်လိုက်သည်။ သူမ မျက်လုံးများက အသက်ဝိညာဉ်ဆုံးရှုံးလိုက်ရသကဲ့သို့ ဗလာကျင်းဖြစ်နေခဲ့သည်။
သူမအဖေ သူမကို အမှန်တကယ် သတ်ဖို့ကြိုးစားလိမ့်မည်ဟု မထင်ခဲ့မိပါ။ ဘာကြောင့်ဒီလိုတွေဖြစ်လာမှန်း သူမ နားမလည်နိုင်တော့ပေ။
လျို့ဖုကျွင်းကို အေးစက်စွာကြည့်ရင်း ရှန်းဝမ်ချင်း သတိပေးလိုက်သည်။
“ဒီလောက်နဲ့ ရပ်လိုက်တော့၊ မှားမှန်းသိနေတဲ့ လမ်းကို ဆက်မလျှောက်သင့်ဘူး”
ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် လျို့ဖုကျွင်းက ရှန်းဝမ်ချင်းကို ယှဉ်နိုင်မှာ မဟုတ်ပါ။
အကြွင်းမဲ့စွမ်းအားရှေ့မှောက်တွင် သူခုခံနေလို့ ဘာမှ မထူးနိုင်ပေ။ သူ့ဝှက်ဖဲလက်နက်ဖြစ်သည့် ပုတီးကွင်းကိုပင် လျို့ပင်းပီက လုယူသွားခဲ့ပါသည်။ သူရှုံးနိမ့်သွားသည်မှာ သေချာနေပါပြီ။
လျို့ဖုကျွင်း ခါးသက်စွာ ရယ်မောလိုက်သည်။
“ဟား… ငါက ဟုံယန်ကို ထပ်တွေ့ချင်ရုံပါ… ငါဘာအမှားများ လုပ်မိလို့လဲ၊ မင်းတို့အားလုံး ဘာလို့ ငါ့ကို လာဟန့်တားနေကြတာလဲ”
ရှန်းဝမ်ချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။
“ခင်ဗျားအတွက် ပြန်လမ်းမရှိတော့ဘူး”
လျို့ပင်းပီထံ လျို့ဖုကျွင်း အကြည့်ရောက်သွားခဲ့သည်။ သူ့မျက်နှာထားက အလွန်ရှုပ်ထွေးသွားခဲ့ပါသည်။ အပြစ်ရှိစိတ်၊ တွန့်ဆုတ်စိတ်၊ နာကျင်မှုနှင့် စိတ်ပျက်အားလျော့မှုတို့ ရောယှက်နေသည့် မျက်နှာမျိုးပင်။
တစ်စုံတစ်ခု မူမမှန်သည်ကု ရိပ်စားမိပြီး လျို့ပင်းပီရင်ထဲ လေးလံသွားခဲ့ကာ သူမ အဖေကို လှမ်းအော်လိုက်ပါသည်။
“အဖေ!”
သို့သော် လျို့ဖုကျွင်းက သူမအသံကို ကြားပုံမပေါ်တော့ပေ။ သူ့ခါးတွင်ချိတ်ဆွဲထားသည့် ချန့်ခွင်းအိတ်ကို လက်ဖြင့် ကိုင်ကာ ပြောလိုက်သည်။
“မင်းတို့လိုချင်နေတဲ့ နဂါးရိုးက ဒီထဲမှာရှိတယ်၊ ဒါပေမယ့် မင်းတို့ကို မပေးနိုင်ဘူး၊ ငါ့ကို ဟုံယန်နဲ့ ထပ်မဆုံနိုင်အောင် မင်းတို့လုပ်ခဲ့ကြတာ၊ အဲ့တာကြောင့် မင်းတို့လည်း နဂါးရိုးကို ဘယ်တော့မှ မရစေရဘူး၊ ဟုံယန်… ကိုယ့်ဟုံယန်လေး… နောင်ဘဝကျမှ ပြန်ဆုံကြရအောင်”
ထို့နောက် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်အားလုံးကို သူ့လက်တွင် စုစည်းလိုက်သည်။ ဒီတစ်ခါတော့ ဘယ်သူ့ကိုမှ မတိုက်ခိုက်တော့ဘဲ သူ့ဝမ်းဗိုက်ကိုသူ ထိုးနှက်ပစ်လိုက်ပါသည်။
‘သူ့ကိုယ်သူ ဖောက်ခွဲပစ်ဖို့ ကြံနေတာပဲ!”
အားလုံး မျက်နှာတွေ အကျည်းတန်ကုန်ကြသည်။ လျို့ပင်းပီ၏ အော်သံများအကြား လျို့ဖုကျွင်း၏ ဒန်တျန်က နားကွဲလောက်သော ပေါက်ကွဲသံကြီးနှင့်အတူ ပေါက်ထွက်သွားခဲ့ပါသည်။ သွေးတွေ နေရာတိုင်းကို ပက်စင်သွားခဲ့သည်။
လျို့ဖုကျွင်း၏ ဝိညာဉ်စွမ်းအင်များက ဧရာမ လှိုင်းလုံးကြီးလို ဖြာထွက်လာခဲ့သည်။ ဝိညာဉ်အသွင်ပြောင်းလဲခြင်း ကျင့်ကြံသူတစ်ဦး၏ ပေါက်ကွဲမှုက ကြောက်စရာအလွန်ကောင်းပါသည်။ ရှန်းဝမ်ချင်းမှအပ အခြားဘယ်သူမှ ခံနိုင်ရည်ရှိမှာ မဟုတ်ပါ။
ရှန်းဝမ်ချင်း ဓားအရှိန်အဝါကို အသုံးပြုပြီး ယန်ရုန်ရုန်နှင့် လျို့ပင်းပီတို့ကို စာကြည့်ခန်းထဲမှ တွန်းထုတ်ပစ်လိုက်သည်။ ထို့နောက် သူ့ဓားအရှိန်အဝါဖြင့် စာကြည့်ခန်းတစ်ခန်းလုံးကို လွှမ်းခြုံလိုက်ပြီး ပေါက်ကွဲမှုကြောင့် အပြင်ကလူတွေ အန္တရာယ်မဖြစ်နိုင်အောင် ကာကွယ်ပေးလိုက်သည်။
သို့သော် ရှန်းဝမ်ချင်းကိုယ်တိုင်က ထွက်မပြေးခဲ့ပေ။
သူ့ကိုယ်သူ ဓားရောင်ဝါဖြင့် ကာကွယ်ရင်း စွမ်းအင်များ ပေါက်ကွဲထွက်နေသည့် လျို့ဖုကျွင်းထံ လျှောက်လာခဲ့သည်။ ရှန်းဝမ်ချင်း၏ ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားသော်လည်း ပေါက်ကွဲမှုကြောင့် သူ့အဝတ်အစားများ စုတ်ပြဲသွားခဲ့ပြီး ခေါင်းပေါ်မှ ဆံထိုးကျွတ်ထွက်ကာ ဆံပင်တွေ လေပေါ် ဖရိုဖရဲဝဲပျံနေခဲ့သည်။ သူ့လက်ဖမိုးပေါ်မှာလည်း ဒဏ်ရာငယ်ပေါင်းများစွာ ပေါ်လာခဲ့ပါသည်။
သို့သော် အရာအားလုံးကို လျစ်လျူရှုထားပြီး လျို့ဖုကျွင်း၏ ခါးတွင် ချိတ်ဆွဲထားသည့် ချန့်ခွင်းအိတ်ကိုယူဖို့ ရှန်းဝမ်ချင်း ကြိုးစားလိုက်ပါသည်။ ထိုအိတ်ထဲတွင် နဂါးရိုးရှိနေသည်။ ယန်ရုန်ရုန်၏ ဝိညာဉ်ရင်းမြစ်ကို ကုသပေးဖို့ နဂါးရိုးကို လိုအပ်သည်။ ထို့ကြောင့် သူရအောင် ယူဆောင်သွားရပါမည်။
ထိုစဉ် လျို့ဖုကျွင်း၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး အလွန်တိုးညှင်းစွာ ပြောလိုက်သည်။
“မင်းတကယ် ယုံသွားတာပဲ…”
ထိုစကားကို ကြားပြီး ရှန်းဝမ်ချင်း ရပ်တန့်သွားခဲ့သည်။ ဘာကိုဆိုလိုကြောင်း မမေးနိုင်ခင်မှာပင် လျို့ဖုကျွင်း၏ ခန္ဓာကိုယ် လုံးဝ ပေါက်ကွဲသွားလေတော့သည်။
ဒီတစ်ခါက စွမ်းအားအကြီးမားဆုံး နောက်ဆုံးပေါက်ကွဲမှုဖြစ်ကာ အနီးဆုံးတွင်ရှိနေသည့် ရှန်းဝမ်ချင်း မရှောင်ရှားနိုင်ခဲ့ပေ။ ဝူနျန်ဓားကို ရှေ့မှာကိုင်ပြီး အကာအရံတစ်ခု အမြန်ဖန်တီးလိုက်ရသည်။
ပေါက်ကွဲစွမ်းအင်များနှင့် ဓားရောင်ဝါတို့ ထိတွေ့သောအခါ ဆူပွက်နေသော ဆီနှင့် ရေတို့ထိတွေ့လိုက်သကဲ့သို့ ကမ္ဘာမြေကို တုန်လှုပ်သွားစေခဲ့သည်။
အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ စာကြည့်ခန်း အပြင်ဘက်ရှိ အကာအရံများပါ ကျိုးပေါက်သွားပြီး တစ်ခန်းလုံး တစ်စစီ ပျက်စီးလွင့်စင်သွားခဲ့သည်။
ပေါက်ကွဲမှုမှ ထွက်လာသော လှိုင်းအရှိန်အဟုန်ကြောင့် ယန်ရုန်ရုန်နှင့် လျို့ပင်းပီတို့လည်း လွင့်ထွက်သွားခဲ့ကြသည်။ လျို့ပင်းပီ ပါးစပ်မှ သွေးများအန်ထွက်ကာ သတိလစ်သွားခဲ့လေသည်။
ယန်ရုန်ရုန်၏ ဝတ်ရုံလည်ခွံထဲမှ ငှက်ပေါက်လေး အသည်း အသန်ထွက်လာပြီး အပျက်အစီးများကိုကြောက်လန့်တ ကြား ကြည့်ရင်း အော်ခေါ်လိုက်ပါသည်။
“စနစ်ပိုင်ရှင်! စနစ်ပိုင်ရှင် အဆင်ပြေရဲ့လား!”
လျို့လန်လည်း ဒဏ်ရာရသွားခဲ့သည်။ သို့သော် သတိတော့ ရှိနေပါသေးသည်။ ယန်ရုန်ရုန်ထံ လေးဖက်ထောက် ပြေးလာပြီး စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။
“မေမေ!”
အချိန်အတော်ကြာမှ ယန်ရုန်ရုန် မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။ သို့သော် သူမတစ်ကိုယ်လုံးရှိ အရိုးများ ကျိုးသွားသကဲ့သို့ ခံစားနေရပါသည်။ နာကျင်မှုက မခံမရပ်နိုင်အောင်ရှိလှသည်။ ခေါင်းတွေမူး၊ နားတွေ အူနေကာ သေသည်ထက် ဆိုးရွားသော ခံစားချက်မျိုးကို ခံစားနေရသည်။
ထိုစဉ် မိုးရေစက်နှင့် မြူခိုးမြူငွေ့များအကြား အနီရောင် နတ်ဆိုးစွမ်းအင်အချို့ ဖြည်းညှင်းစွာ ပေါ်လာခဲ့သည်။ ထိုစွမ်းအင်များက ယန်ရုန်ရုန်ဘေးသို့ စီးဆင်းလာခဲ့ပြီး အနီရောင်ဝတ်ရုံ လွှမ်းခြုံထားသည့် လူတစ်ယောက်အသွင် ပြောင်းလဲသွားခဲ့ပါသည်။
ထိုလူက နှာတံမြင့်မြင့်ရှိပြီး မျက်ဝန်းများက အလွန်နက်ရှိုင်းကာ ကျဉ်းမြောင်းသော ဇာမဏီမျက်လုံးမျိုး ရှိသည်။ သူ၏ ရုပ်သွင်မှာ သာမန်လူတစ်ယောက်ထက် ပိုမိုပေါ်လွင်ထင်ရှားပြီး ဆံနွယ်ရှည်များကလည်း အနည်းငယ် ကောက်ကွေးနေပါသည်။
အရပ်ရှည်ရှည်၊ အရှိန်အဝါကြီးကြီးနှင့် ဆန်းကြယ်သော ဆွဲဆောင်မှုမျိုး ရှိနေသည်။ သူ၏အနီရောင် ဝတ်ရုံစများက မြေပေါ်တွင် တရွတ်တိုက်ကျနေပြီး လှိုင်းလုံးငယ်များနှင့်ပင် တူလှသည်။
ထိုလူ့ကို မြင်လိုက်ရသည်နှင် ငှက်ပေါက်လေး မျက်လုံးပြူးကျယ်သွားပြီး ထစ်ငေါ့စွာ ကြောက်လန့်တကြား ရေရွတ်လိုက်ပါသည်။
“လင်း…လင်း…လင်း…လင်းယွမ်!!!”
လက်ရှိတွင် ယန်ရုန်ရုန်၏ ဦးနှောက်အခြေအနေက ဖရိုဖရဲဖြစ်နေသည်။ ထို့ကြောင့် စဉ်းစားနိုင်စွမ်း နှောင့်နှေးကာ လင်းယွမ်ဟူသည် ဘယ်သူဘယ်ဝါမှန်းပင် မမှတ်မိတော့ချေ။
လျို့လန်က ယန်ရုန်ရုန့်ရှေ့တွင် ရပ်ကာ လင်းယွမ်လက်မှ ကာကွယ်ပေးဖို့ ကြိုးစားလိုက်ပါသည်။
လျို့လန်၏အသွင်အစစ်အမှန်က ထောင်ထျဲသားရဲဖြစ်မှန်း လင်းယွမ်တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် သိနိုင်သည်။ ယခင်တုန်းကဆို ထောင်ထျဲသားရဲတစ်ကောင်ကို လင်းယွမ် ရင်ဆိုင်နိုင်မှာ မဟုတ်သော်လည်း ယခုတော့ ထိုသတ္တဝါ၏ စွမ်းအားများက အလွန်သေးသိမ်နေကာ ဒဏ်ရာလည်းရထားသဖြင့် ကြောက်စရာမလိုခဲ့ပေ။
နတ်ဘုရားတုပ်နှောင်ကြိုးကို ထုတ်လိုက်ပြီး လျို့လန်အား တင်းတင်းကြပ်ကြပ် တုပ်နှောင်ပစ်လိုက်ပါသည်။ လျို့လန် ဘယ်လောက်ပဲ ရုန်းကန်ပါစေ နတ်ဘုရားတုပ်နှောင်ကြိုးမှ မလွတ်မြောက်နိုင်တော့ဘဲ ဒေါသတကြီးသာ အော်ဟစ် သောင်းကျန်းနိုင်ခဲ့သည်။
သူ့ကို လင်းယွမ် လျစ်လျူရှုလိုက်ပြီး သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသည့် ယန်ရုန်ရုန့်ကို ပွေ့ချီလိုက်သည်။
ယန်ရုန်ရုန် ဖြည်းညှင်းစွာ မျက်တောင်ခတ်လိုက်ရာ ဝေဝါးနေသော သူမအမြင်အာရုံများ အနည်းငယ် ကြည်လင်လာခဲ့ပါသည်၊ ထိုလူ့မျက်နှာကို မြင်ပြီး သူမ၏ ဦးနှောက်လည်း အနည်းငယ် အလုပ်ပြန်လုပ်လာခဲ့သည်။
“ရှင်… ဒီကိုဘာလို့ရောက်နေတာလဲ”
လင်းယွမ်ခပ်ပါးပါး ပြုံးလိုက်ပြီး နက်ရှိုင်းချောမွေ့နေသော အသံဖြင့် ပြောလိုက်သည်။
“မင်း ရှိနေလို့ ငါ လိုက်လာခဲ့တာပေါ့”