အခန်း (၁၀၀)
Vol. 10 Ch. 100
ရှမ့်ယွင်ဂိုဏ်းတွင် ဝိညာဉ်ရင်းမြစ်ကုသဆေးလုံးနှင့် နဂါးရိုးတို့အကြောင်း လင်းယွမ်စုံစမ်းသိရှိခဲ့ရပြီးနောက် ရှန်းဝမ်ချင်းနှင့် ယန်ရုန်ရုန်တို့ နဂါးရိုးကို သွားရောက်ရှာဖွေခြင်းဖြစ်မည်ဟု သူ ခန့်မှန်းနိုင်ခဲ့သည်။
လက်ရှိ ကုန်းမြေတိုက်ကြီးကိုးခု၌ ဖမ့်လိုင်ကျွန်းသခင်တွင်သာ နဂါးရိုးတစ်ခု ရှိနေပါသည်။ ထို့ကြောင့် ရှမ့်ယွင်ဂိုဏ်းမှ ထွက်လာပြီးနောက် ဖမ့်လိုင်ကျွန်းထံ လင်းယွမ်တန်းတန်းမတ်မတ် ဦးတည်ခဲ့သည်။
မှောင်ရီပျိုးချိန်တွင် ဖမ့်လိုင်ကျွန်းသို့ လင်းယွမ်ရောက်ရှိလာခဲ့သည်။ ထိုအချိန်တုန်းက ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့ ဖူရှန်းကြေးမုံထဲ ပိတ်မိနေကြဆဲဖြစ်သည်။
ထို့ကြောင့် ကျွန်းသခင် လျို့ဖုကျွင်းကို လင်းယွမ်သွားတွေ့ခဲ့ပြီး အကြောင်းအရာအချို့ တိတ်တဆိတ် ဆွေးနွေးခဲ့ကာ သူတို့ နှစ်ဦးတည်းသာ သိနိုင်သည့် လျှို့ဝှက်ချက်တစ်ခု ထားခဲ့ကြသည်။
ယခု ပေါက်ကွဲမှုကြောင့် ရှန်းဝမ်ချင်း မသေရုံတမယ်ဖြစ်နေချိန် လင်းယွမ်ကို ယှဉ်နိုင်သည့်လူဟူ၍ မရှိတော့ပေ။ ထို့ကြောင့် ယန်ရုန်ရုန့်ကို အလွယ်တကူ ခေါ်ဆောင်လာနိုင်ခဲ့ပါသည်။
-
အိပ်မက်ဆိုးများဖြင့် ဖန်ဆင်းထားသော အနက်ရောင်မြင်းတစ်ကောင် ကောင်းကင်ပေါ်တွင် ပျံသန်းနေပြီး ကျောက်စိမ်းနီဖြင့် ထွင်းထုထားသည့် မြင်းလှည်းတစ်စင်းကို ဆွဲထားလေသည်။ မြင်းလှည်း၏ ရှေ့ဘက်ခြမ်းတွင် ရွှေသားဖြင့် ပြုလုပ်ထားသည့် မီးအိမ်နှစ်လုံးကို ချိတ်ဆွဲထားသည်။
မြင်းလှည်းကြီး ရွေ့လျားသောအခါ ထိုမီးအိမ်များ အောက်ရှိ ပန်းပွားကလေးများမှ ရွှေရောင်အလင်းတန်းတချို့ ထွက်လာပြီး မြင်းလှည်းကို လေပြင်းမုန်တိုင်းဒဏ်မှ ကာကွယ်ပေးထားသည်။
မြင်းလှည်း၏ အတွင်းဘက်တွင် အလွန်ကျယ်ဝန်းလှပြီး စားပွဲများ၊ ထိုင်ခုံများ၊ ကုတင်တစ်လုံးနှင့် ဗီရိုများပင် ရှိသေးသည်။ ယန်ရုန်ရုန် ကုတင်နိမ့်တစ်လုံးပေါ်တွင် လှဲလျောင်းအိပ်စက်နေပြီး နူးညံ့သည့် ပိုးသား စောင်တစ်ထည်ကို ခြုံထားသည်။
ယခု သူမအာရုံတွေ ပြန်လည်ကြည်လင်နေပြီ ဖြစ်သော် လည်း ဒဏ်ရာများ မသက်သာသေးဘဲ ခန္ဓာကိုယ်က အလွန် အားနည်းနေဆဲပင်။
လင်းယွမ် သူမကို လက်တစ်ဖက်ဖြင့် ထူပေးရင် ကျန်လက်တစ်ဖက်ဖြင့် အခါးရည်တစ်ခွက် တိုက်လိုက်ပါသည်။
“ဒီအခါးရည်မှာ ဆေးပါတယ်၊ သောက်လိုက်ရင် ဒဏ်ရာတွေ သက်သာသွားလိမ့်မယ်”
ယန်ရုန်ရုန်ကလည်း မခုခံခဲ့ပါ။ လက်ရှိအခြေအနေမှာ ခုခံနိုင်စွမ်း မရှိခြင်းကြောင့် အဓိကဖြစ်နိုင်သည်။ အခါးရည်ကို သောက်ပြီးနောက် နာကျင်မှုများ အမှန်တကယ် ပျောက်ကွယ်သွားခဲ့ပြီး ခြေလက်များဆီသို့ ခွန်အားတချို့ ပြန်ရောက်လာခဲ့ပါသည်။
လင်းယွမ်က ယန်ရုန်ရုန်၏ ‘လိမ္မာမှု’ကို စိတ်ကျေနပ်သွားပုံရသည်။ ထို့နောက် အခွင့်အရေးယူပြီး သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပါသည်။
“လိမ္မာလိုက်တာ”
ထိုအခါ ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ ဝူဝမ့်ဓားကို ချက်ချင်းထုတ်လိုက်ပြီး လင်းယွမ် လည်ပင်းတွင် တေ့ထားလိုက်သည်။ ထို့နောက် သူ့ကို ခံစားချက်မဲ့စွာကြည့်ရင်း အေးစက်စွာ ပြောလိုက်ပါသည်။
“မြင်းလှည်းကို ရပ်လိုက်စမ်း၊ ကျွန်မ ဆင်းမယ်”
အားနည်းနည်းသာ စိုက်ထုတ်လိုက်ပါက သူ့အရေပြားထဲ ဓားစိုက်ဝင်သွားမှာ သေချာပါသည်။ သို့သော် လင်းယွမ် မကြောက်ရွံ့ခဲ့ပါ။
သူ့ခပ်သွယ်သွယ် လက်ချောင်းနှစ်ချောင်းဖြင့် ဓားသွားထိပ်ကို အသာအယာ ဆိတ်လိုက်ပြီး အေးအေးလူလူ ပြောလိုက်ပါသည်။
“မဖြစ်နိုင်ဘူးထင်တယ်… မင်းကိုရှာဖို့ ဒီလောက်ထိ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာ၊ ထွက်သွားခွင့် ထပ်ပေးလိုက်လို့ ဖြစ်ပါ့မလား”
သူ့လက်ချောင်းများတွင် အားသိပ်မပါဟု ထင်ရသော်လည်း ဝူဝမ့်ဓားကို အလွန်ကြီးမားသည့် စွမ်းအားတစ်ခုက ဖိနှိပ်ထားသလို ယန်ရုန်ရုန် ခံစားနေရသည်။ သူမ ဘယ်လောက်ပဲ ကြိုးစားပါစေ ဓားကို ရှေ့ဆက်မတိုးနိုင်ခဲ့ပေ။
သူမတို့နှစ်ယောက်အကြားက ခွန်အား ကွာဟမှု သက်သေပင်။ ဒီလို စွမ်းအားမဲ့သည့် ခံစားချက်မျိုးကို သူမ မုန်းတီးပါသည်။
ယန်ရုန်ရုန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ရှင်ဘာလိုချင်လို့လဲ”
လင်းယွမ် ပြုံးသွားသည်။ သူ့ရွှေအိုရောင်မျက်ဝန်းများကလည်း ထူးထူးခြားခြား နူးညံ့နေခဲ့ပါသည်။
“ကိုယ် မင်းကိုနတ်ဆိုးနယ်မြေဆီ ပြန်ခေါ်သွားမယ်၊ ပြီးရင် လက်ထပ်ပြီး တစ်သက်လုံးအတူတူ မခွဲမခွာ နေသွားကြမယ်”
“လက်ထပ်မယ်ဟုတ်လား”
အရယ်ရဆုံးဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ယန်ရုန်ရုန် ဟက်ဟက်ပက်ပက် ရယ်မောပစ်လိုက်ပါသည်။
“ဟား! ရှင်က ဂုဏ်သရေရှိ နတ်ဆိုးအရှင်သခင်ကြီးလေ၊ ကျွန်မလို အဆင့်အတန်းမရှိတဲ့ ကျွန်ကို လက်ထပ်လို့ ဖြစ်ပါ့မလား၊ ရှင့်ဂုဏ်သိက္ခာ ထိခိုက်သွားမယ် မထင်ဘူးလား”
လင်းယွမ် အပြုံးမပျက်ဘဲ သူမ မျက်နှာနားကပ်လာခဲ့သည်။ နှာဖျားချင်း ထိမတတ်အကွာအဝေးကို ရောက်ခါမှ သူရပ်တန့်လိုက်ပြီး သူမမျက်ဝန်းတွေထဲ စိုက်ကြည့်ကာ တစ်လုံးချင်း ပီပီသသ ပြောလိုက်ပါသည်။
“အဲ့ဒီ အစေခံစာချုပ်ဆိုတာ ငါ မင်းကို ကျီစယ်ခဲ့တာလေ…၊ မင်းကို ဘယ်တုန်းကများ ကျွန်တစ်ယောက်လို ဒုက္ခခံခိုင်းခဲ့ဖူးလို့လဲ၊ ပြီးတော့ အဲ့ဒီစာချုပ်သက်တမ်းကုန်သွားတာ ကြာလှပြီ၊ မဟုတ်ရင် မင်းငါ့ဆီက ထွက်ပြေးသွားနိုင်မယ် ထင်လို့လား၊ ရှောင်းရှောင်း… ငါ့ကို သစ္စာဖောက်သွားတာတွေ၊ အခြားယောက်ျားတစ်ယောက်ဆီ ရောက်သွားတာတွေ ငါဂရုမစိုက်ဘူး၊ အတိတ်ကိုမေ့ပြီး အစကနေ ပြန်စကြရအောင် ဟုတ်ပြီလား”
ဒီလူက အလွန် ချောမောလှပပါသည်။ ယောက်ျားတစ်ယောက်၏ကြံ့ခိုင်မှုကော မိန်းမတစ်ယောက်၏ကျက်သရေမျိုးကော သူ့မှာ ရှိနေသည်။ သူ့ဇာမဏီမျက်လုံးကျဉ်းများဖြင့် တစ်စုံတစ်ယောက်ကို စိုက်ကြည့်လိုက်သည့်အခါ အချစ်ခံရသည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။ ထိုအကြည့်ထဲမှာ အလွယ်တကူ မျောပါသွားနိုင်ပါသည်။
ကံမကောင်းစွာဖြင့် အချစ်ရေးနှင့်ပတ်သတ်လာလျှင် ယန်ရုန်ရုန်က အသည်းမာသူဖြစ်သည်။
သူမ ညှာတာမှုကင်းမဲ့စွာ တဲ့တိုး ငြင်းဆန်လိုက်ပါသည်။
“လုံးဝပဲ”
လင်းယွမ် အားပြတ်သွားသကဲ့သို့ သက်ပြင်းချလိုက်သည်။
“အဲ့လောက်မြန်မြန် မငြင်းပါနဲ့လား”
သူ့လေသံက ကလေးဆိုးကြီး စိတ်ကောက်နေသည့် အသံမျိုးပင် ပေါက်နေသဖြင့် ယန်ရုန်ရုန် ကြက်သီးမွေးညှင်းများ ထသွားပါသည်။ ထို့ကြောင့် မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
“ရှင်လည်း အဲ့လောက် ရွံစရာကောင်းအောင် မနေပါနဲ့လား”
ယန်ရုန်ရုန်၏ ထပ်ခါတလဲလဲ ရွံရှာမှုကို ခံလိုက်ရပြီး နောက် ဆုံးမှာတော့ လင်းယွမ်မျက်နှာပေါ်က အပြုံးတုံ့ဆိုင်းသွားခဲ့ရပါသည်။
သို့သော် လင်းယွမ်က သဘာဝအရ ယုတ်မာသူဖြစ်သည်။ သူ့ကို လူတစ်ယောက်က မုန်းတီးလေလေ ထိုလူ့အနားကို ပိုပြီး ကပ်ချင်လေလေပင်။
ယန်ရုန်ရုန့်မျက်နှာနား သူထပ်ကပ်လာပြီး နှုတ်ခမ်းချင်း ထိမတတ်ပင် ဖြစ်နေပါပြီ။
သူရယ်မောကာ ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး၊ မင်းအသားကျသွားရင် ရွံစရာကောင်းတယ်လို့ ထင်တော့မှာ မဟုတ်ဘူး”’
မရင်းနှီးသော သူ့ကိုယ်သင်းနံ့များကို ရရှိပြီး ယန်ရုန်ရုန် အားကုန်သုံးကာ တွန်းထုတ်လိုက်ပါသည်။
“ရှင်ရူးနေလား!”
“ဟုတ်တယ်”
လင်းယွမ်ပြန်ဖြေလိုက်သည်။
“ငါက ကုလို့မရတဲ့ ရောဂါသည်ပဲ၊ မင်းတစ်ယောက်ပဲ ကုသပေးနိုင်မှာ”
ယန်ရုန်ရုန် ဘယ်လောက်ပဲ ကြိုးစားပါစေ လင်းယွမ်ကို တွန်းမထုတ်နိုင်ခဲ့ပါ။ ကျင့်ကြံခြင်းအဆင့်ချင်း မိုးနှင့်မြေလို ကွာခြားသဖြင့် ခွန်အားသုံးပြီး တွန်းလှန်လို့မရမှန်း နားလည်သွားကာ ယန်ရုန်ရုန် ဗျူဟာပြောင်းလဲလိုက်ပါသည်။
ဝူဝမ့်ဓားကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့နားကပ်ကာ နူးညံ့သိမ်မွေ့သော အသံလေးဖြင့် ခေါ်လိုက်သည်။
“လင်းယွမ်”
သူမ၏ နွေးထွေးသော အသက်ရှူငွေ့များက သူ့လည်ပင်းကို လာရောက် ထိမှန်ပြီး လင်းယွမ်တစ်ကိုယ်လုံး ရှိန်းခနဲ ဖြစ်သွားခဲ့သည်။
သူတို့ စတင်ဆုံတွေ့စဉ်တုန်းက ရှောင်းရှောင်းသူ့ကို ‘နတ်ဆိုးအရှင်သခင်’ဟုသာ ခေါ်ဝေါ်ခဲ့သည်။ နောက်ပိုင်း အစေခံစာချုပ်ကြောင့် သူ့ကို ‘သခင်’ဟု ပြောင်းခေါ်ခဲ့ရသည်။
သို့သော် သူ့အမည်အရင်းကို ခေါ်ဝေါ်ဖူးသည်မှာတော့ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ လူပျို ပေါက်အရွယ် ကောင်လေးတစ်ယောက် ပထမဆုံး ရည်းစား ထားဖူးသကဲ့သို့ လင်းယွမ် သွေးများဆူပွက်သွားခဲ့သည်။
သို့သော် စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ သူ့လည်ပင်းပေါ် စူးစူးရှရှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရပါသည်။
သူ့လည်ပင်းကို ယန်ရုန်ရုန် ကုန်းကိုက်နေသည်၊။ ရိုမတ်တစ်ဆန်ဆန် ကိုက်နေခြင်းမျိုး မဟုတ်ဘဲ သူ့အသားတွေကို ဆွဲခွာချင်သကဲ့သို့ ကိုက်နေခြင်းမျိုးပင်။ သူမ ပါးစပ်ထဲ သွေးအရသာများ စီးဆင်းလာခဲ့သည်။ လင်းယွမ်နာကျင်မှုကြောင့် ကြွက်သားတွေ တင်းမာနေမှန်း သူမ သတိထားမိပါသည်။
သို့သော် လင်းယွမ် အသံမထွက်ခဲ့ပါ။ သူမကိုလည်း ကန်မထုတ်ခဲ့ပေ။
သူက နတ်ဆိုးအရှင်သခင်ဖြစ်သည်။ သူကိုယ်တိုင်အားထုတ် ခုခံစရာပင် မလိုဘဲ သူ့ကျင့်ကြံခြင်းအဆင့်က ကာကွယ်ပေးထားပါသည်။ ယန်ရုန်ရုန် အားကုန်ထုတ်သုံးပြီး ကိုက်လျှင်တောင် နက်နက်ရှိုင်းရှိုင်း ကိုက်နိုင်မှာမဟုတ်ပါ။ နောက်ဆုံးတော့ အသားတစ်စကိုသာ ကိုက်ဖဲ့နိုင်ခဲ့သည်။
ယန်ရုန်ရုန် သွေးများကို ထွေးထုတ်ပစ်လိုက်ပြီး လင်းယွမ်၏ လည်ပင်းပေါ်ရှိ ဒဏ်ရာကို စိုက်ကြည့်လိုက်သည်။ သူမ မကျေနပ်သေးပေ။
လောလောဆယ် သူမ အလွန်အားနည်းနေပါသေးသည်။ ကျားတစ်ကောင်ကို ယုန်တစ်ကောင်က ကိုက်ဖဲ့ဖို့ ကြိုးစားနေသကဲ့သို့ လင်းယွမ် ယားရုံသာရှိလိမ့်မည်။ ထိုအတွေးဖြင့် ယန်ရုန်ရုန် အလွန်စိတ်ပျက်သွားခဲ့ရသည်။
သူမနှုတ်ခမ်းပေါ်တွင် ပေနေသည့် သွေးများကို လင်းယွမ် တောက်လောင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
“ထပ်ကိုက်ချင်သေးလား၊ ငါ့ အဝတ်အစားတွေ ချွတ်ပေးမယ်လေ၊ မင်းကိုက်ချင်တဲ့နေရာကိုက်လို့ရတယ်”
ယန်ရုန်ရုန် တစ်ခွန်းတည်းသာ ပြန်ငေါက်လိုက်သည်။
“သွားစမ်းပါ!”
လင်းယွမ် အားရပါးရ ရယ်မောလိုက်ပါသည်။
“ဟားဟားဟား!”
ယန်ရုန်ရုန် ဒေါသထွက်လွန်းသဖြင့် အဆုပ်တွေ ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။
“ဘာရယ်နေတာလဲ!”
လင်းယွမ် ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ပြီး သူမကို ကလေးတစ်ယောက်လို ချော့လိုက်သည်။
“ကိုယ့် အမှားပါ၊ ကိုယ့် အမှားပါ၊ မရယ်တော့ဘူးနော်၊ စိတ်မဆိုးပါနဲ့ ကလေးလေးရဲ့”
ယန်ရုန်ရုန် သည်းမခံနိုင်တော့ပေ။
“ကျွန်မကို ကလေးလေးလို့ လာမခေါ်နဲ့၊ ရွံစရာကောင်းလိုက်တာ!”
“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ အချစ်လေး စကားကို နားထောင်ပါ့မယ်”
ယန်ရုန်ရုန်: “…”