← Chapters

အခန်း (၂၃၀၁-၂၃၀၂)

Vol. 171 Ch. 2301-2302

အခန်း (၂၃၀၁-၂၃၀၂)

Vol. 171 Ch. 2301-2302

အခန်း(၂၃၀၁)

အစည်းအဝေးခန်းမထဲကနေ ကျန်းချန်တို့သုံးယောက် ထွက်လာသောအခါ အပြင်ဘက်ရှိ ကောင်းကင်ယံတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုအဖြူရောင်ဝတ်စုံဝတ် လူငယ်သည် အလွန်အမင်းအစွမ်းထက်ပြီး နတ်ဘုရင်စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးဆယ်ယောက်နှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျမည် မဟုတ်လောက်ပေ။

ထိုလူငယ်က ပတ်ဝန်းကျင်မှ အရာအားလုံးကို မျက်လုံးထဲ မထည့်သကဲ့သို့ အလွန်တရာပင် မောက်မာသောအမူအရာ ဖြစ်နေခဲ့သည်။

“မင်းက ဘယ်သူလဲ.. ဘာလို့ ငါတို့အရှေ့ဘက်ဒေသကျီမျိုးနွယ်စုကို လာပြီး ပြဿနာရှာနေတာလဲ”

လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ လေထဲကနေ လှမ်းဝင်လာသည့် အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်ရင်း ကျီရွမ်ရီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

အဖြူရောင်ဝတ်စုံဝတ် လူငယ်က ကျီရွမ်ရီကို အထက်စီးဆန်သောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။

“မင်းက အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ ခေါင်းဆောင် ကျီရွမ်ရီလား”

ကျီရွမ်ရီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

“ဟုတ်တယ်.. ငါက ကျီရွမ်ရီပဲ”

“မင်းတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက စစ်မိစ္ဆာ မဟာမိတ်အဖွဲ့ရဲ့ အမိန့်ကိုတောင် လျစ်လျူရှုရဲတယ် ဆိုတော့ တကယ်ကို သိပ်သတ္တိကောင်းသားပဲ”

အဖြူရောင်ဝတ်စုံဝတ်လူငယ်က လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ကိစ္စကို ဆွေးနွေးဖို့အတွက် ချင်းလွမ် မျိုးနွယ်စုဆီကို လာခဲ့ဖို့ ငါ မင်းတို့ဆီ သတင်းပို့ခိုင်းခဲ့တယ်.. ဒါပေမဲ့ မင်းတို့က အခုအထိ ရောက်မလာခဲ့ဘူး”

“တောင်းပန်ပါတယ်.. ငါတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ တိုက်ခိုက်ခြင်းကို ခံထားရတဲ့အတွက် ဖြေရှင်းစရာ ကိစ္စတွေရှိနေလို့ပါ.. ဒါကြောင့် ချင်းလွမ် မျိုးနွယ်စုဆီ အချိန်မီ မလာနိုင်ခဲ့တာပါ”

အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ စကားကိုကြားလျှင် ကျီရွမ်ရီ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူ့ရှေ့မှ အဖြူရောင်ဝတ်စုံဝတ် လူငယ်သည် စစ်မိစ္ဆာမဟာမိတ်အဖွဲ့မှ စေလွှတ်လိုက်သောသူ အမှန်တကယ် ဖြစ်နေခဲ့၏။

စစ်မိစ္ဆာမဟာမိတ်အဖွဲ့က မြန်မြန်ဆန်ဆန် လူလွှတ်ပြီး လာရှာလိမ့်မည်ဟု ကျီရွမ်ရီ မထင်ထားခဲ့ပေ။

“စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အမိန့်ကို အကြောင်းပြချက် ပေးလို့မရဘူး.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနဲ့ ရင်ဆိုင်တဲ့အခါကျရင် နတ်ကုန်းမြေတိုက်ပေါ်က အင်အားစု အားလုံးက စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အမိန့်ကို မလွဲမသွေ နာခံရလိမ့်မယ်.. ဘယ်သူမှ ဆန့်ကျင်ခွင့်မရှိဘူး”

အဖြူရောင်ဝတ်စုံဝတ် လူငယ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“မင်းတို့ အ‌ရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမပြောနဲ့.. အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုနဲ့ လူသားဧကရာဇ်နန်းတော် တစ်ခုလုံးတောင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အမိန့်ကို နာခံရတယ်.. မင်းတို့က ကို့ယ်ကိုယ်ကိုယ် ဘာထင်နေတာလဲ”

အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ စကားကိုကြားလျှင် ကျီရွမ်ရီသည် ချက်ချင်းဆိုသလိုပင် မျက်နှာပျက်သွားခဲ့သည်။

“မင်း ဒီနေ့ရောက်လာတာ ငါတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို အပြစ်ပေးဖို့အတွက်လား”

“အမှန်ပဲ.. မင်းတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အမိန့်ကို လေးစားမှုမရှိဘူး.. ငါ ပိုင်ချီရှောင်က စစ်မိစ္ဆာမဟာမိတ်အဖွဲ့ ကိုယ်စား မင်းတို့ကို အပြစ်ပေးပိုင်ခွင့် အပြည့်အဝရှိတယ်”

အဖြူရောင်ဝတ်စုံဝတ် လူငယ်က အေးစက်စက် ပြောလိုက်သည်။

“ဒါပေမဲ့ အခုအချိန်က စစ်ပွဲနဲ့ နီးနေပြီဆိုတော့ ချင်းယန်နတ်ဘုရင်က မင်းတို့ကို အခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်တယ်.. မင်းတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို ရှေ့ပြေးတပ်ဖွဲ့အဖြစ် သတ်မှတ်ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု သိမ်းပိုက်ထားတဲ့ ဟောင်ထျန်းဓားဂိုဏ်းကို ချက်ချင်းသွားတိုက်ဖို့ အမိန့်ပေးလိုက်တယ်.. ဘာအမှားအယွင်းမှ မရှိစေနဲ့”

တကယ်တမ်းတွင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု အနေဖြင့် ချင်းလွမ်မျိုးနွယ်စုဆီ အချိန်မီ မသွားနိုင်ခြင်းသည် ကိစ္စကြီးကြီးမားမား မဟုတ်ပေ။

ပိုင်ချီ‌ရှောင် ကိုယ်တိုင် အရှေ့ဘက်ဒေသကျီမျိုးနွယ်စုဆီသို့ ရောက်လာရသည့် အဓိက အကြောင်းရင်းမှာ သူနှင့် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုမှ ကျီချန်းယဲ့တို့ ကြားရှိ ရင်းနှီးမှုကြောင့်သာ ဖြစ်သည်။

နတ်ကုန်းမြေတိုက်တွင် ကျင့်ကြံစဥ်က ကျီချန်းယဲ့သည် သူ၏ အသက်ကို ကယ်တင်ခဲ့ဖူး၏။

ယခု သူက အရှေ့ဘက်ဒေသကို ရောက်လာသောအခါတွင် ကျီချန်းယဲ့သည် သူ့ကို အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု အပေါ် ပစ်မှတ်ထားရန်နှင့် အခွင့်အ‌ရေးရလျှင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို တိုက်ခိုက်ရန် ပြောဆိုခဲ့၏။

“ဒီကောင်က ပိုင်ချီရှောင်ကိုး”

ကျီရွမ်ရီ၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ပိုင်ချီရှောင် ဆိုသည်မှာ စစ်မိစ္ဆာမဟာမိတ်အဖွဲ့ထဲမှ နာမည်ကျော် ပါရမီရှင်တစ်ယောက် ဖြစ်ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့်ခြောက် နေရာ၌ ရှိသော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်လည်း ဖြစ်သည်။

စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် လူသားဧကရာဇ် ကျန်းချင်းထျန်းက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ရင်ဆိုင်ရန်အတွက် နတ်ကုန်းမြေတိုက်ပေါ်ရှိ အင်အားစုများကို စုစည်းကာ တည်ထောင်ထားသော မဟာမိတ်အဖွဲ့ကြီး ဖြစ်၏။

ထို့ကြောင့်လည်း စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ အဆင့်မြင့်ခေါင်းဆောင်ပိုင်း အားလုံးနီးပါးသည် နတ်ကုန်းမြေတိုက်ပေါ်ရှိ ထိပ်တန်း အင်အားစုများမှ ဖြစ်ကြသည်။

သို့သော်လည်း နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် သီးသန့် အဖွဲ့အစည်း တစ်ခုလို ဖြစ်လာခဲ့၏။

စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် ပိုင်ချီရှောင်ကိုပင် အရှေ့ဘက်ဒေသဆီ စေလွှတ်လိုက်မည်ဟု ကျီရွမ်ရီ မထင်ထားခဲ့ပေ။

ပိုင်ချီရှောင်၏ စကားထဲတွင် ပါဝင်သည့် ချင်းယန်နတ်ဘုရင်အကြောင်းကို ကျီရွမ်ရီ ကောင်းစွာ သိထားခဲ့၏။

ဆိုရလျှင် ချင်းယန်နတ်ဘုရင်သည် စစ်မိစ္ဆာမဟာမိတ်အဖွဲ့က အရှေ့ဘက်ဒေသဆီ စေလွှတ်လိုက်သည့် နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

“ကောင်းပါပြီ ချင်းယန်နတ်ဘုရင်ဆီ သတင်းပြန်ပို့ပေးပါ.. ငါ အ‌ရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ ကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့ ဟင်လင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ချက်ချင်း သွားတိုက်ပါ့မယ်”

ကျီရွမ်ရီက ပိုင်ချီရှောင်ကို တိုက်ရိုက်ပင် ပြောလိုက်သည်။

သူတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ အမိန့်ကို အချိန်မီ မလိုက်နာခဲ့သောကြောင့် ချင်းယန်နတ်ဘုရင်နှင့် သူ့ရှေ့မှလူငယ်သည် အလွန်အမင်း မကျေမနပ်ဖြစ်နေခဲ့ကြသည်။

ယခု ပိုင်ချီရှောင် ကိုယ်တိုင် ရောက်လာခဲ့ပြီဖြစ်ရာ ကျီရွမ်ရီအနေဖြင့် ငြင်းပယ်ရန် အကြောင်းပြချက် မရှိတော့ပေ။

အကယ်၍ ချင်းယန်နတ်ဘုရင်နှင့် ပိုင်ချီရှောင်ကို ဒေါသထွက်မိအောင်လုပ်မိလျှင် သူတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် ခံနိုင်ရည်ရှိမည် မဟုတ်သလို ထိုနှစ်ယောက်၏ နောက်ကွယ်မှ စစ်မိစ္ဆာမဟာမိတ် အဖွဲ့တစ်ခုလုံးကိုလည်း ယှဥ်နိုင်မည် မဟုတ်‌ချေ။

ထို့အပြင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အန္တရာယ်ကို နတ်ကုန်းမြေတိုက်ရှိ မည်သည့် အင်အားစုမှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို မောင်းထုတ်ရာတွင် အကူအညီပေးရန် အသင့် ဖြစ်နေခဲ့၏။

ပိုင်ချီရှောင်က သူတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို တမင် ပစ်မှတ်ထားနေသည်ဟု ခပ်ရေးရေး ခံစားမိနေသော်လည်း အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုအနေဖြင့် ဟင်လင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ရန်အတွက် ရှေ့ပြေးတပ်ဖွဲ့ ဖြစ်ရမည်ကို ဂရုစိုက်နေမည် မဟုတ်ပေ။

ဆိုရလျှင် သူတို့၏ ပထမဦးစားပေးသည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို အရှေ့ဘက်ဒေသကနေ မောင်းထုတ်ရန်ပင် မဟုတ်ပါလား။

“ကျီရွမ်ရီ.. အခုစစ်ပွဲက ဒီလောက် အရေးကြီးနေတာကို မင်းကဘယ်လိုလုပ်ပြီး အချိန်ဆွဲနေရတာလဲ”

ပိုင်ချီရှောင်၏ မျက်ဝန်းများက ချက်ချင်းပင် ခက်ထန်သွားခဲ့သည်။

“ငါမင်းကို အမိန့်ပေးတယ်.. တစ်နာရီအတွင်း အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ နယ်မြေနတ်ဘုရား အားလုံးကို ဦးဆောင်ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို သွားတိုက်ပါ”

ထိုစကားကိုကြားလျှင် ကျီရွမ်ရီ၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် ခက်ထန်သွားခဲ့သည်။

သူက တုံ့ပြန်ပြောဆိုရန် ပြင်လိုက်စဥ်မှာပင် ကျန်းချန်၏ စကားသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“မင်းက တစ်နာရီအတွင်း သွားတိုက်ဆိုတာနဲ့ ငါတို့က သွားတိုက်ပေးရမှာလား.. မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ.. မင်းတို့မှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို မောင်းထုတ်နိုင်တဲ့ အရည်အချင်းမရှိရင် ချင်းလွမ်မျိုးနွယ်စုမှာပဲ ပုန်းနေလို့ ချင်းယန် နတ်ဘုရင်ကို ပြောလိုက်.. အရှေ့ဘက်ဒေသကျီမျိုးနွယ်စုက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို မလွဲမသွေ တိုက်ခိုက်မယ်.. ဒါပေမဲ့ အခုတော့မဟုတ်ဘူး”

“ကောင်လေး မင်းဘယ်သူလဲ.. ငါက မင်းတို့မျိုးနွယ်စုခေါင်းဆောင်နဲ့ စကားပြောနေတာကို မင်းရဲ့အဆင့်နဲ့ ဘာလို့ ဝင်ပြောရတာလဲ”

သူက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်၏။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် ပြောဆိုလိုက်သည်။

“စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ မျက်နှာကို ထောက်ထားပြီး ငါမင်းအသက်ကို ချမ်းသာပေးလိုက်မယ်.. အသက်ဆယ်ရှိုက်စာအချိန်အတွင်း ငါ့ရှေ့ကနေ ချက်ချင်းထွက်သွားစမ်း”

ထိုစကားကိုကြားလျှင် ပိုင်ချီရှောင်သည် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

“ဟားဟား ငါက ထွက်မသွားရင်ကော မင်း ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ”

ပိုင်ချီရှောင်က ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသကို ကြားလိုက်ရသလိုမျိုး‌ လှောင်ပြုံးပြုံးကာ ကျန်းချန်ကို ကြည့်လိုက်သည်။

အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့်ခြောက်နေရာတွင်ရှိသည့် ပါရမီရှင် တစ်ယောက်အနေဖြင့် နတ်ကုန်းမြေတိုက် တစ်ခုလုံးတွင် သူ့ရှေ့တွင် ဤကဲ့သို့ စကားမျိုးပြောဆိုရဲသည့် လူငယ်ပါရမီရှင်သည် လက်တစ်ဆုပ်စာပင် မရှိပေ။

ထိုကောင်လေးသည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ တပည့် တစ်ယောက်မျှသာ ဖြစ်ပြီး သူ့ရှေ့တွင် ဤမျှအထိ လေလုံးထွားရဲပါသလော။

ပိုင်ချီရှောင် အနေဖြင့် ကျန်းချန်ကို အထင်သေးနေရခြင်းသည် ကျန်းချန်က သူ၏ အရှိန်အဝါနှင့် ကျင့်ကြံမှုကို ဖုံးကွယ်ထားသောကြောင့်သာ ဖြစ်သည်။

ပိုင်ချီရှောင်၏ မြင်နိုင်စွမ်းဖြင့် ကျန်းချန်၏ စွမ်းရည် အစစ်အမှန်ကို ထိုးဖောက်မြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် ကျန်းချန်က အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့်၂နေရာ၌ရှိသည့် ကျန်းရွမ်ကိုပင် အလွယ်တကူချေမှုန်းနိုင်သည့် ပါရမီရှင်တစ်ယောက် ဖြစ်မှန်း သူ လုံးဝ သိမည် မဟုတ်ချေ။

ကျန်းချန်က ပိုင်ချီရှောင်ကို အေးစက်စက် ကြည့်လိုက်သည်။

“မင်းအတွက် အသက်ငါးရှိုက်စာပဲ ကျန်တော့တယ်”

ပိုင်ချီရှောင်၏ မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များ ပြည့်နှက်လာခဲ့သည်။

သူက ခက်ထန်သောအကြည့်ဖြင့် ကျီရွမ်ရီကို ကြည့်ကာ ပြောလိုက်သည်။

“ကျီရွမ်ရီ.. မင်းတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက ဒီကောင်လေးရဲ့ စကားကို နားထောင်ပြီး စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အမိန့်ကို ဆန့်ကျင်တော့မှာလား”

ကျီရွမ်ရီက ကျန်းချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်တွင် သွားကို အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

“ငါတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အမိန့်ကို မဆန့်ကျင်ချင်ပါဘူး.. ဒါပေမဲ့ မင်းရဲ့အမိန့်အတိုင်း နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူအားလုံးကို ဦးဆောင်ပြီး တစ်နာရီအတွင်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို သွားတိုက်ခိုင်းတာကိုတော့ ကျီမျိုးနွယ်စု အနေနဲ့ မလုပ်ပေးနိုင်တာ ခွင့်လွှတ်ပေးပါ”

အခန်း(၂၃၀၁)ပြီး၏။

အခန်း(၂၃၀၂)

“ကောင်းတယ် သိပ်ကောင်းတယ်”

ပိုင်ချီရှောင်က မောက်မာစွာ ရေရွတ်လိုက်သည်။

“မင်းတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက ဒီလောက်တောင် ခေါင်းမာနေမှတော့ ငါက စစ်မိစ္ဆာမဟာမိတ်အဖွဲ့ ကိုယ်စား မင်းတို့ကို အပြစ်ပေးရတာပေါ့”

စကားဆုံးသည်နှင့် ပိုင်ချီရှောင်၏ နတ်ဘုရင် စတုတ္ထအဆင့် အရှိန်အဝါသည် လေထုတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

“ပိုင်ချီရှောင်က နတ်ကုန်းမြေတိုက်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် အနည်းငယ်ထဲက တစ်ယောက်လို့ မပြောရဘူး.. တကယ်ကိုသန်မာတာပဲ”

ပိုင်ချီရှောင်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသော အားကောင်းသော အရှိန်အဝါကို ခံစားမိလျှင် ကျီရွမ်ရီ၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

သူ၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် နတ်ဘုရင်စတုတ္ထအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီ ဖြစ်သည့် ကျီထျန်းယိုသည် ပိုင်ချီရှောင်ထက်ပင် ပို၍ မြင့်မားသည်။

သို့သော်လည်း နတ်ကုန်းမြေတိုက်၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်သည့် ပိုင်ချီရှောင်၏ တိုက်ခိုက်ရေးစွမ်းရည်ကို ကျင့်ကြံခြင်းအဆင့် တစ်ခုတည်းဖြင့် တိုင်းတာ၍ မရနိုင်မှန်း ကျီထျန်းယို ရှင်းရှင်းလင်းလင်း သိထားခဲ့သည်။

သူသာ ပိုင်ချီရှောင်နှင့် တိုက်ခိုက်မည်ဆိုလျှင် သေချာပေါက် ရှုံးနိမ့်မည်သာ ဖြစ်သည်။

“အသက်ဆယ်ရှိုက်စာအချိန် ပြည့်သွားပြီ.. မင်းက ထွက်မသွားဖို့ ဆုံးဖြတ်ထားမှတော့ ငါကိုယ်တိုင်ပဲ မင်းကို မောင်းထုတ်ပေးရတော့မှာပေါ့”

ပိုင်ချီရှောင်၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာသည့် ပြင်းထန်သည့် အရှိန်အဝါများကို ခံစားမိသော်လည်း ကျန်းချန်သည် ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် တည်ငြိမ်စွာ ရှိနေခဲ့သည်။

သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ရှေးဟောင်းရွှေရောင်ဓားတစ်လက်သည် သူ၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် အလွန်တရာ အားကောင်းသည့် ဓားလမ်းစဥ်မဟာစွမ်းအားသည် ရှေးဟောင်းရွှေရောင်ဓား ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။

“ဓားလမ်းစဥ် အထူးပြုနတ်ဘုရင်ပါလား”

ကျန်းချန်ထံကနေ ပေါက်ကွဲထွက်လာသည့် အရှိန်အဝါကို ခံစားမိလျှင် ပိုင်ချီရှောင်၏ မျက်ဝန်းထဲတွင် အံ့ဩသော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

ဤအသက်အရွယ်ဖြင့် နတ်ဘုရင်အဆင့်ကို ရောက်ရှိနိုင်သည်ဆိုလျှင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးအယောက်နှစ်ဆယ် ထဲတွင် အနည်းဆုံး ပါဝင်နေလောက်သည်။

သို့သော်လည်း ပိုင်ချီရှောင်၏ အသိဥာဏ်ထဲရှိ အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံး အယောက်နှစ်ဆယ်ထဲတွင် ဤကဲ့သို့ ဓားလမ်းစဥ် အထူးပြုနတ်ဘုရင်တစ်ပါး ရှိမနေခဲ့ပေ။

သို့ရာတွင် ကျန်းချန်၏ ဓားလမ်းစဥ် မဟာစွမ်းအားကို ခံစားမိသော်လည်း ပိုင်ချီရှောင်သည် အနည်းငယ် အံ့အားသင့်ရုံကလွဲ၍ ထိတ်လန့်မှု အနည်းငယ်မျှပင် မရှိခဲ့ပေ။

“အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှာ မင်းလို ဓားလမ်းစဥ် အထူးပြုနတ်ဘုရင်တစ်ပါး ရှိနေတာက ငါ့ကို တကယ်ပဲ အံ့အားသင့်စေတယ်.. ဒါပေမဲ့ ဒီနတ်ကုန်းမြေတိုက်မှာ ငါ့ကိုအနိုင်ယူနိုင်တဲ့ ဓားလမ်းစဥ်ပါရမီရှင် ဆိုလို့ ဓားတစ်သောင်းသူတော်စင်ဂိုဏ်းက ကျန့်ဝူရှင်း တစ်ယောက်ထဲပဲ ရှိတယ်.. ငါ့ရှေ့မှာ ဓားလမ်းစဥ် မဟာစွမ်းအားကို ထုတ်သုံးတာက ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေတာနဲ့ အတူတူပဲ”

ပိုင်ချီရှောင်က မထီမဲ့မြင် ပြုံးကာ ရေရွတ်လိုက်ပြီးနောက်တွင် လက်တစ်ဖက်ကို လေထဲသို့ ဆန့်ထုတ်ကာ အော်ဟစ်လိုက်သည်။

“ဓား လာခဲ့စမ်း”

“ဝုန်း..”

လေထုအထက်တွင် ခရမ်းရောင် မိုးကြိုးလျှပ်စီးများ ပြည့်နှက်သွားခဲ့ပြီး အဆုံးသတ်တွင် လျှပ်စီးများလျှပ်နေသည့် ခရမ်းရောင် ဓားရှည်တစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ပိုင်ချီရှောင်၏ လက်ထဲကို ကျရောက်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ခရမ်းရောင်ဓားရှည်ကို လက်ထဲတွင် ကိုင်ထားသော ပိုင်ချီရှောင်သည် နတ်ဘုရားတစ်ပါး အလား ထင်မှတ်မှားရ၏။

ပိုင်ချီရှောင်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

“ကောင်လေး.. ငါ့ရဲ့ဘုံကိုးပါး ဧကရာဇ် သတ်ဖြတ်ခြင်း တိုက်ကွက်ကို မြည်းကြည့်လိုက်စမ်း”

“ဝုန်း..”

လေထုက ပေါက်ကွဲသွားခဲ့ပြီး ကမ္ဘာကြီး၏ အရောင်အဆင်းများပင် ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်ယံသည်ပင် ပိုင်ချီရှောင်၏ ဓားကွက်အောက်တွင် အက်ကွဲသွားတော့မည်နှယ် ထင်မှတ်မှားရ၏။

ထိုဓားချက်၏ စွမ်းအားသည် စိတ်ကူးကြည့်၍ မရနိုင်လောက်အောင်ပင် အစွမ်းထက်နေခဲ့သည်။

ကျီမျိုးနွယ်စု၏ အထက်ရှိ ကာကွယ်ရေးအစီအရင်သည်ပင် ထိုဓားချက်အောက်တွင် စက္ကူစုတ်ကဲ့သို့ အလွယ်တကူပင် ချေမှုန်းခံလိုက်ရသည်။

“ဟားဟား ဒီဓားကွက်လောက်နဲ့များ ငါနဲ့ရင်ဆိုင်ချင်သေးတယ်လား”

လေထုကို ဖြတ်သန်းပြီး သူ့ဆီသို့ သက်ရောက်လာသည့် ပိုင်ချီရှောင်၏ ဓားချက်ကို ကြည့်ရင်း ကျန်းချန်သည် မထီမဲ့မြင် ပြုံးကာ ခနဲ့လိုက်သည်။

ပိုင်ချီ‌ရှောင်၏ ဓားချက်သည် အမှန်တကယ်ပင် အားကောင်းပြီး သာမန် နတ်ဘုရင်အဆင့် ဓားကွက်များထက် များစွာ သာလွန်နေသော်လည်း ကျန်းချန်၏ မျက်လုံးထဲတွင်မူ သာမန်လောက်သာ ဖြစ်သည်။

အကယ်၍သာ ဓားကျင့်စဥ်အကြောင်းကို ပြောမည်ဆိုလျှင် ဤလောကတွင် သူ၏ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ ဓားကွက်ကို ယှဥ်နိုင်သည့် ဓားကျင့်စဥ် မည်ကဲ့သို့ ရှိနိုင်ပါမည်နည်း။

“လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်”

ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သာမန်ဟုသာ ထင်ရသည့် ဓားအလင်း တစ်ခုသည် ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာခဲ့သည်။

ထိုဓားအလင်းသည် အချိန်နှင့် နေရာလွတ်ကို ဖြတ်ကျော်သွားခဲ့ပြီး ပိုင်ချီရှောင်၏ ဓားစွမ်းအား ဆီသို့ သက်ရောက်သွားခဲ့သည်။

ရုတ်တရက်ဆိုသလို ပိုင်ချီရှောင်သည် သူ၏ ဓားစွမ်းအားက ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် အားနည်းသွားသည်ကို မြင်လိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ယံကိုပင် အက်ကွဲစေနိုင်လောက်သည်အထိ ကြောက်မက်ဖွယ်ရာကောင်းသော သူ၏ ဓားချက်သည် လေထုထဲတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကျန်းချန်က သူ၏ ဓားချက်အား ချေမှုန်းလိုက်သည်ကိုမြင်လျှင် ပိုင်ချီ‌ရှောင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ တောင့်တင်းသွားခဲ့သည်။

သူက သူ၏ မျက်လုံးကိုပင် မယုံကြည်နိုင်လောက် ဖြစ်နေခဲ့၏။

ဘုံကိုးပါး ဧကရာဇ်သတ်ဖြတ်ခြင်း ဓားကွက်သည် သူ၏ အားအထားရဆုံး ဓားကွက်ဖြစ်သည်။

သူသာ ခွန်အားအပြည့်အဝဖြင့် ထိုဓားကွက်ကို အသုံးပြုလုပ်လိုက်မည်ဆိုလျှင် နတ်ဘုရင်ပဉ္စမအဆင့် ကျင့်ကြံသူပင်လျှင် ခုခံရန် ခဲယဥ်းလိမ့်မည် ဖြစ်သည်။

သို့ရာတွင် သူ့ရှေ့မှ ကောင်လေးသည် ဓားချက်တစ်ချက်ကို အသာအယာ ဝှေ့ယမ်းရုံဖြင့်ပင် သူအလွန် အားထားရသော ဓားကွက်ကို ချေဖျက်နိုင်လိမ့်မည်ဟု ပိုင်ချီရှောင် လုံးဝထင်မထားခဲ့ပေ။

ပိုင်ချီရှောင်က စိတ်ထဲတွင် အံ့ဩထိတ်လန့်နေစဥ်မှာပင် ဘုံကိုးပါး ဧကရာဇ် သတ်ဖြတ်ခြင်း ဓားကွက်ကို အနိုင်ယူခဲ့သည့် သာမန်ဟုသာ ထင်ရသောဓားအလင်းသည် ပျောက်ကွယ်မသွားသေးဘဲ ပိုင်ချီရှောင်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် သက်ရောက်သွားခဲ့သည်။

နောက်ထပ် တစ်စက္ကန့်တွင်မူ ပိုင်ချီရှောင်၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါများသည် ရေကာတာ ကျိုးပျက်သွားသကဲ့သို့ ချက်ချင်းဆိုသလိုပင် ပြိုလဲသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ပိုင်ချီရှောင်သည် နတ်ဘုရင်စတုတ္ထအဆင့်ကနေ တတိယအဆင့် အထိ ကျဆင်းသွားခဲ့ပြီး ထို့နောက်တွင်မူ နတ်ဘုရင် ဒုတိယအဆင့်ကနေ ပထမအဆင့်အထိ ဆက်တိုက်ဆိုသလို ကျဆင်းသွားခဲ့သည်။

ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် လူသားအဖြစ်ပြောင်းလဲစေသော ဓားကွက်ကို အသုံးပြုလိုက်သောအခါ နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူဖြစ်သည့် ပိုင်ချီရှောင်လို ပြိုင်ဘက်ကင်း ပါရမီရှင်လျှင်ပင် မတားဆီးနိုင်ခဲ့ပေ။

ကျန်းချန်က ဓားချက် တစ်ချက်တည်းဖြင့်ပင် ပိုင်ချီရှောင်၏ ဘုံကိုးပါးဧကရာဇ်သတ်ဖြတ်ခြင်း ဓားကွက်ကို ချေဖျက်လိုက်ရုံသာမက ပိုင်ချီရှောင်၏ ကျင့်ကြံခြင်းအဆင့် သုံးဆင့်ကိုပင် တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။

ထိုမြင်ကွင်းသည် ကျီထျန်းယိုနှင့် ကျီရွမ်ရီ တို့ကို အချိန်အတော်ကြာအောင် မှင်တက်သွားစေခဲ့၏။

နတ်ဘုရင်အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာ အစွမ်းထက်နေလိမ့်မည်ကို သူတို့ သိထားသော်လည်း ဤမျှလောက် အထိအစွမ်းထက်နေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

အလယ်ပိုင်းဒေသ ထိပ်သီးပါရမီရှင် ဆယ်ယောက်ထဲတွင် အဆင့်ခြောက် နေရာတွင်ရှိသည့် ပိုင်ချီရှောင်သည် ကျန်းချန်၏ ဓားကွက် တစ်ကွက်ဖြင့်ပင် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည် မဟုတ်ပါလား။

ဤသည်မှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့၏။

“မင်း မင်းဘယ်သူလဲ”

မှင်တက်ရာကနေ သတိပြန်ဝင်လာသောအခါတွင် ကျန်းချန်ကို ကြည့်နေသည့် ပိုင်ချီရှောင်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်‌ပေါ်နေခဲ့သည်။

သူ့ရှေ့မှကောင်လေးသည် အမှန်တကယ်ပင် သန်မာလွန်းလှ၏။

နတ်ကုန်းမြေတိုက်၏ နံပါတ်တစ်ပါရမီရှင်ဖြစ်သည့် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ နတ်ဘုရားသားတော် ကျန့်ဝူရှင်းပင်လျှင် ဓားလမ်းစဥ်တွင် ထိုကောင်လေးကို ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“ငါ့နာမည် ကျန်းချန်”

“မင်း မင်းက ကျန်းချန်လား”

ပိုင်ချီ‌ရှောင်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ ပါရမီရှင်တစ်ယောက် အနေဖြင့် ပိုင်ချီရှောင်သည် နတ်ကုန်းမြေတိုက်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ အများအပြားကို သိရှိထားသူ ဖြစ်သည်။

မကြာသေးခင်က နတ်ကုန်းမြေတိုက်တွင် ပါရမီရှင် အများအပြား ပေါ်ထွက်ခဲ့မှန်း သူကောင်းစွာ သိရှိထားခဲ့၏။

ထိုအထဲတွင် နာမည် အကျော်ကြားဆုံးမှာ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံး ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်သော လုံကျိုးဟန်ကို အနိုင်ယူခဲ့သည့် ကျန်းချန် ဖြစ်သည်။

စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ နောက်ဆုံး ရရှိထားသော သတင်းအရ ဆိုလျှင် မကြာသေးခင်က ကျန်းချန်သည် တစ်ကိုယ်တော်စွမ်းရည်ဖြင့် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို နှိမ်နင်းခဲ့ပြီး ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို နတ်ကုန်းမြေတိုက်ဆီ အခြေချနိုင်ရန် အကူအညီပေးခဲ့သည်။

တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ဘိုးဘေးတစ်ပါး ဖြစ်သည့် နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူပင်လျှင် ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရသည်ဟု ဆိုကြ၏။

ထို့ကြောင့် သူ့ရှေ့မှ လူငယ်သည် အဆင့်တစ် နေရာမှ ကျန့်ဝူရှင်းနှင့် ယှဥ်လျှင်ပင် အနည်းငယ်မျှ မနိမ့်ကျဘဲ အသန်မာဆုံးနတ်ဘုရင်စာရင်းထဲတွင်ပင် ပါဝင်ဖို့ လုံလောက်နေချေပြီ။

ဤအခိုက်အတန့်တွင် ပိုင်ချီ‌ရှောင်၏ စိတ်နှလုံးထဲ၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့၏။

ယခုတစ်ကြိမ် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို လာရာတွင် ကောင်းကင်ကို အဆုံးစွန် ဆန့်ကျင်နေသည် အထိ ကြောက်မက်ဖွယ်ရာကောင်းသော ကျန်းချန် ကဲ့သို့ လူမျိုးနှင့် တွေ့ဆုံရလိမ့်မည်ဟု သူတစ်ခါမှ မတွေးထားခဲ့ပေ။

အခန်း(၂၃၀၂)ပြီး၏။

All Chapters