← Chapters

အခန်း (၂၃၀၃-၂၃၀၄)

Vol. 171 Ch. 2303-2304

အခန်း (၂၃၀၃-၂၃၀၄)

Vol. 171 Ch. 2303-2304

အခန်း(၂၃၀၃)

“ကျန်းချန် မင်းက စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့အမိန့်ကို ဖီဆန်ရုံတင်မကဘူး.. ငါ့ရဲ့ကျင့်ကြံခြင်း အဆင့်ကိုပါ ဖျက်ဆီးရဲတယ်လား...စစ်မိစ္ဆာမဟာမိတ်အဖွဲ့က မင်းကိုသေချာပေါက်အလွှတ်ပေးမှာမဟုတ်ဘူး”

ပိုင်ချီ‌ရှောင်က ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ဒေါသရိပ်များပြည့်နှက်သွားခဲ့၏။

သူ့တွင် မည်မျှပင် ပါရမီရှိစေကာမူ နတ်ဘုရင် ပထမအဆင့်ကနေ စတုတ္ထအဆင့်သို့ ပြန်လည် ရောက်ရှိရန်မှာ တစ်ခဏအတွင်း မဖြစ်နိုင်ပေ။

သူက နတ်ဘုရင်စတုတ္ထအဆင့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ယခုအခါတွင် ကျန်းချန်၏ ဓားချက်ဖြင့် ကျင့်ကြံခြင်းအဆင့် သုံးဆင့် ဖြတ်တောက်ခံလိုက်ရပြီး နတ်ဘုရင် ပထမအဆင့်သို့ တိုက်ရိုက်ပင် ကျဆင်းသွားခဲ့သည်။

ဆိုရလျှင် ပိုင်ချီ‌ရှောင်၏ ကျန်းချန်အပေါ် မုန်းတီးမှုသည် အဆုံးစွန်အထိ ရောက်ရှိသွားခဲ့ချေပြီ။

သူက ကျန်းချန်၏ ပြိုင်ဘက် မဟုတ်လျှင်ပင် ကျန်းချန်ကို တစ်စစီ ဖြစ်သွားအောင် လုပ်ပစ်ရန် ဝန်လေးနေမည် မဟုတ်ပေ။

ကျန်းချန်က သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဓားချက်တစ်ချက်တည်းဖြင့် ဖြတ်တောက်လိုက်ခြင်းသည် သူ့ကို သတ်လိုက်သည်ထက်ပင် ပို၍ လက်ခံရ ခက်ခဲနေခဲ့၏။

“ငါ့ကို ခြိမ်းခြောက်ဖို့အတွက် စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့နာမည်ကို အသုံးချနေစရာမလိုဘူး.. တကယ်လို့ မင်းသာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်နေတဲ့ စစ်မိစ္ဆာမဟာမိတ်အဖွဲ့က မဟုတ်ရင် အခုအချိန်အထိ အသက်ရှင်နေမယ် ထင်နေလား”

ကျန်းချန်က ပိုင်ချီရှောင်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“ငါ လူသတ်ချင်စိတ် မပေါ်ခင် မြန်မြန်ထွက်သွားစမ်း.. မင်း နောက်တစ်ခွန်း ထပ်ပြောမယ်ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်း အဆင့် အားလုံးကို ငါဖြတ်တောက်ပစ်မယ်”

ထိုစကားကိုကြားလျှင် ပိုင်ချီရှောင်၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်၏ ဓားချက်တစ်ချက်ကပင် သူ့ကို နတ်ဘုရင် စတုတ္ထအဆင့်ကနေ ပထမအဆင့် အထိ ကျဆင်းစေခဲ့သည်။

သူ့တွင် လုံလောက်သော အချိန်နှင့် အရင်းအမြစ်သာ ရှိလျှင် နတ်ဘုရင် စတုတ္ထအဆင့်သို့ ပြန်လည် ရောက်ရှိနိုင်သေး၏။

သို့သော်လည်း ကျန်းချန်က နောက်ထပ် ဓားချက်တစ်ချက်ဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို လုံးဝ ဖြတ်တောက်ပစ်လိုက်မည်ဆိုလျှင် သူ၏ ဘဝသည် သေသည်ထက်ပင် ပို၍ ဆိုးရွားသွားပေလိမ့်မည်။

“ကျန်းချန် မင်း စောင့်နေလိုက်ပါ.. ဒီနေ့ကိစ္စက ဒီနေရာမှာတင် အဆုံးသတ်မှာမဟုတ်ဘူး”

ပိုင်ချီရှောင်က ကျန်းချန်ကို ကြုံးဝါးလိုက်ပြီး ခရမ်းရောင်ဓားအလင်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ထွက်ခွာသွားခဲ့သည်။

“ကျန်းချန်.. ဒီနေ့ကိစ္စအတွက် စစ်မိစ္ဆာမဟာမိတ်အဖွဲ့က မင်းကို လွယ်လွယ်နဲ့ အလွှတ်မပေးမှာ ငါစိုးရိမ်မိတယ်”

ပိုင်ချီရှောင် ထွက်ခွာသွားသော လမ်းကြောင်းကို ငေးကြည့်ရင်း ကျီရွမ်ရီ၏ မျက်နှာထက်တွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် နတ်ကုန်းမြေတိုက်တွင် အလွန်ထူးခြားသော အဆင့်အတန်း ရှိပြီး အထူးသဖြင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို တိုက်ခိုက်သည့်အခါတွင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ရှိ၏။

ယနေ့တွင် ကျန်းချန်သည် ပိုင်ချီရှောင်ကို ဓားချက်တစ်ချက်တည်းဖြင့်ပင် ကျင့်ကြံခြင်းအဆင့် သုံးဆင့်ကို ဖြတ်တောက်ပစ်လိုက်၍ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုနှင့် စစ်မိစ္ဆာမဟာမိတ်အဖွဲ့တို့ ကြားရှိ ဆက်ဆံရေးသည် ပျက်စီးသွားပြီဟု ဆို၍ရသည်။

“မစိုးရိမ်ပါနဲ့ ခေါင်းဆောင်ကျီ”

ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။

“စစ်မိစ္ဆာမဟာမိတ်အဖွဲ့က ကျွန်တော့်ကို ဘာလုပ်နိုင်မလဲဆိုတာပဲ ကျွန်တော် သိချင်နေတာပါ”

စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် လူသားဧကရာဇ်နန်းတော်၏ ဘိုးဘေးဖြစ်သူ ကျန်းချင်းထျန်း တည်ထောင်ခဲ့သော အဖွဲ့အစည်းဖြစ်ပြီး လူသားဧကရာဇ်နန်းတော်က အဓိက ဦးဆောင်သော အဖွဲ့အစည်း ဆိုလည်း မမှားပေ။

သို့သော်လည်း လူသားဧကရာဇ်နန်းတော် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားကတည်းကပင် လူသားဧကရာဇ်နန်းတော်သည် စစ်မိစ္ဆာမဟာမိတ် အဖွဲ့ရှိ ၎င်းတို့၏ အဓိကနေရာကို ဆုံးရှုံးခဲ့ရသည်။

ယခုအခါတွင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် မည်သို့သောအခြေအနေသို့ ရောက်ရှိနေသည်ကို ကျန်းချန် မသိပေ။

သို့ဖြစ်၍ စမ်းသပ်ရန်အတွက် တမင်တကာ အသုံးချလိုက်ခြင်း ဖြစ်သည်။

အကယ်၍ ဖြစ်နိုင်လျှင် လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံပြီးသောအခါ၌ ကျန်းချန်သည် စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ အာဏာကို ရယူရန် စဥ်းစားထားခဲ့သည်။

ယခုတစ်ကြိမ် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အရှေ့ဘက်ဒေသသို့ ကျူးကျော်မှုသည် အစပျိုးခြင်းသာ ဖြစ်သည်ဟု ကျန်းချန် စိတ်ထဲတွင် ခံစားမိခဲ့၏။

ဆိုရလျှင် သိပ်မကြာခင် အချိန်အတွင်း ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်လာပေလိမ့်မည်။

အကယ်၍သာ ထိုအချိန်တွင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကို မထိန်းချုပ်နိုင်ဘဲ နတ်ကုန်းမြေတိုက်၏ အင်အားများကို မစုစည်းနိုင်ခဲ့လျှင် နတ်ကုန်းမြေတိုက်သည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ ကျူး‌ကျော်မှုကို လုံးဝ ခုခံနိုင်မည်မဟုတ်ချေ။

ကျန်းချန်ထံတွင် ကိုယ်ပိုင် အစီအစဥ်ရှိနေသည်ကို မြင်လျှင် ကျီရွမ်ရီသည် ဘာမှ ထပ်မပြောတော့ပေ။

သူက အနည်းငယ် တုံ့ဆိုင်းနေပြီးမှာ ကျန်းချန်ကို ပြောလိုက်သည်။

“ကျန်းချန်.. စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အမိန့်အတိုင်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ငါတို့ သွားတိုက်ရဦးမှာလဲ”

စစ်မိစ္ဆာမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများ အရှေ့ဘက်ဒေသသို့ ရောက်လာကတည်းကပင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ၎င်းတို့၏ ကျူးကျော်မှုကို ယာယီရပ်ဆိုင်းကာ ဖျက်ဆီးခံထားရသော ဟောင်ထျန်းဓားဂိုဏ်းဆီသို့ ဆုတ်ခွာပြီး ဟောင်ထျန်းဓားဂိုဏ်းကို အခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့သည်။

ယခုအခါတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ဟောင်ထျန်းဓားဂိုဏ်းတွင် စုဝေးနေကြသဖြင့် ၎င်းတို့၏ အင်အားသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

အကယ်၍သာ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုအနေဖြင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ရာတွင် ရှေ့ပြေးတပ်ဖွဲ့ ဖြစ်လာခဲ့မည် ဆိုလျှင် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ရမည်ကို သူ စိုးရိမ်မိသည်။

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“ခေါင်းဆောင်ကျီ အဲဒီလောက်အထိ ဒုက္ခခံမနေပါနဲ့.. ကျီမျိုးနွယ်စုမှာပဲ နေပြီး ကျွန်တော့်ရဲ့ သတင်းကိုစောင့်ပါ.. ဒီကိစ္စကို ကျွန်တော်ပဲ ဖြေရှင်းလိုက်ပါ့မယ်”

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ယခုတစ်ကြိမ် အရှေ့ဘက်ဒေသကို ကျူးကျော်ရာတွင် သတ္တမအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးကသာ စီမံကွပ်ကဲနေခြင်း ဖြစ်သည်။

ထိုသတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကိုသာ သတ်ဖြတ်နိုင်မည် ဆိုလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို စိုးရိမ်စရာ မလိုတော့ပေ။

“မင်းက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တစ်ယောက်တည်း သွားတိုက်မလို့လား”

ကျီရွမ်ရီနှင့် ကျီထျန်းယိုတို့၏ စိတ်ထဲတွင် အလွန်အမင်းတုန်လှုပ်သွားခဲ့ကြသည်။

“မစိုးရိမ်ပါနဲ့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှာ နဝမအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား မရှိသရွေ့ ဘယ်သူမှ ကျွန်တော့်ကို ခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး.. တကယ်လို့ ကျွန်တော့်စကားကို မယုံကြည်ဘူးဆိုရင် လူသားဧကရာဇ်နန်းတော်မှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကိုသာ စုံစမ်းကြည့်လိုက်ပါ”

စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် ကောင်းကင်ယံသို့ တိုးဝင်ကာ လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။

ကျီရွမ်ရီသည် ကျန်းချန် ပျောက်ကွယ်သွားသော လမ်းကြောင်းကို ငေးကြည့်ရင်း တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ထို့နောက်တွင် သူက မျက်လုံးကိုမှိတ်ကာ အလယ်ပိုင်းဒေသရှိ သူလျှိုများထံဆက်သွယ်လိုက်သည်။

ခဏအကြာတွင် ကျီရွမ်ရီသည် သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အမူအရာများ မကြုံစဖူးဖြစ်ပေါ်နေခဲ့သည်။

ထိုအချင်းအရာကိုမြင်လျှင် ကျီထျန်းယိုသည် မနေနိုင်ဘဲ အလျင်အမြန် မေးလိုက်သည်။

“ရွမ်ရီ လူသားဧကရာဇ်နန်းတော်မှာ ဘာကိစ္စ ဖြစ်ပျက်ခဲ့လို့လဲ”

“ဘိုးဘေး.. လူသားဧကရာဇ်နန်းတော်က လူသားဧကရာဇ်စစ်ဆေးမှုကို သိပ်မကြာခင်က ပြုလုပ်ခဲ့တယ်...ကျန်းချန်က လူသားဧကရာဇ်မျှော်စင်ကို အောင်မြင်စွာ ဖြတ်ကျော်ပြီး ကျန်းမျိုးနွယ်စုက ကျန်းရွမ်ကို အနိုင်ရခဲ့တယ်.. သူက လက်ရှိအချိန်မှာ လူသားဧကရာဇ်နန်းတော်ရဲ့ နန်းလျာ တစ်ယောက် ဖြစ်လာခဲ့ပြီ.. နောက်ထပ် နှစ်လကြာရင် လူသားဧကရာဇ်အရိုက်အရာကို ဆက်ခံရလိမ့်မယ်”

ကျီရွမ်ရီက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ကျီထျန်းယိုကို ပြောပြလိုက်သည်။

ကျီရွမ်ရီ၏ စကားကို ကြားပြီးနောက်တွင် နှစ်ပေါင်း သန်းချီ အသက်ရှင်ခဲ့သော ကျီထျန်းယို ပင်လျှင် မှင်တက်သွားခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဥ်တွင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် ကောင်းကင်အရှင် အဆင့်သို့ပင် မရောက်ရှိသေးသည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

ကျန်းချန်က ပါရမီ အလွန်ထူးခြားပြီး သာမန်အတွေးဖြင့် တိုင်းတာရန် မဖြစ်နိုင်သော်လည်း ဤမျှ တိုတောင်းသော အချိန်တိုအတွင်း အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

လူသားဧကရာဇ်နန်းတော်မှ ကျန်းရွမ် ဆိုသည်မှာ အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် ဒုတိယနေရာကို ယူထားသူ ဖြစ်ပြီး အသန်မာဆုံး နတ်ဘုရင်စာရင်းတွင်ပင် ပါဝင်သူ ဖြစ်သည်။

ကျန်းချန်က ကျန်းရွမ်ကို အနိုင်ယူလိုက်ခြင်းသည် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က အနည်းဆုံး နတ်ဘုရင်သတ္တမအဆင့်နှင့် တူညီကြောင်း သက်သေပြလိုက်ခြင်းပင် မဟုတ်ပါလော။

ထိုထက်ပို၍ အရေးကြီးသည်မှာ အကယ်၍ ကျန်းချန်သာ လူသားဧကရာဇ် ရာထူးကို အမှန်တကယ် ဆက်ခံနိုင်မည်ဆိုလျှင် သူတို့အနေဖြင့် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသို့ ခေါင်းမော့၍ ပြန်နိုင်မည့် အခွင့်အရေးကို ရရှိလာပေလိမ့်မည်။

-------------------

အရှေ့ဘက်ဒေသ၏ အင်အားအကြီးဆုံး ဖြစ်သော နတ်ဘုရင်အဆင့် အင်အားစု ငါးစုထဲမှ တစ်စု ဖြစ်သည့် ချင်းလွမ်မျိုးနွယ်စု၏ အစည်းအဝေးခန်းမ ထဲတွင် နတ်ဘုရင် အရှိန်အဝါများကို ထုတ်လွှတ်နေသော ပုံရိပ်အချို့ ရှိနေကြသည်။

ခန်းမထဲရှိ အဓိကနေရာတွင် ထိုင်နေသောသူသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်အနီရောင် ရှိသည့် အဘိုးအိုတစ်ဦးဖြစ်သည်။

ထိုအဘိုးအိုမှာ စစ်မိစ္ဆာမဟာမိတ်အဖွဲ့က အရှေ့ဘက်ဒေသသို့ စေလွှတ်လိုက်သော ချင်းယန်နတ်ဘုရင် ဖြစ်၏။

ချင်းယန်နတ်ဘုရင်၏ နံဘေးတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ အချို့လည်း ရှိနေကြသည်။

အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ရှိနေမည် ဆိုလျှင် ချင်းယန် နတ်ဘုရင် နံဘေးရှိ ကျင့်ကြံသူနှစ်ဦးကို မှတ်မိလိမ့်မည်ဖြစ်၏။

ထိုနှစ်ဦးထဲမှ တစ်ဦးမှာ အမျိုးသမီးတစ်ဦး ဖြစ်ပြီး ချင်းလွမ်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် မုရုံချင်း ဖြစ်သည်။

နောက်ထပ် တစ်ဦးကမူ ဟောင်ထျန်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့် ကျိရှောင်နတ်ဘုရင် ဖြစ်သည်။

ဟောင်ထျန်းဓားဂိုဏ်းကို ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက သိမ်းပိုက်လိုက်ပြီးနောက်တွင် ဟောင်ထျန်းဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် ကျိရှောင်နတ်ဘုရင်သည် ဟောင်ထျန်းဓားဂိုဏ်းမှ လက်ကျန် အင်အားစုများကို ဦးဆောင်၍ ချင်းလွမ်မျိုးနွယ်စု ဆီသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

ယခုအခါတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူများ၏ နံဘေးတွင် မျက်နှာဖြူဖျော့နေသော ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

ထိုသူမှာ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကနေ ချင်းလွမ်မျိုးနွယ်စုဆီသို့ ပြန်လည် ရောက်ရှိလာသည့် ပိုင်ချီရှောင် ဖြစ်၏။

ပိုင်ချီရှောင်၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါကို ခံစားမိလျှင် ချင်းယန်နတ်ဘုရင်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ပိုင်ချီရှောင်.. မင်းက အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီ သွားတာ မဟုတ်လား.. ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံ ဖြစ်နေရတာလဲ”

ချင်းယန်နတ်ဘုရင်၏ မေးခွန်းကိုကြားလျှင် ပိုင်ချီရှောင်သည် ငိုမဲ့မဲ့ ဖြစ်သွားခဲ့သည်။

“အကြီးအကဲချင်းယန်.. အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့အမိန့်ကို ဖီဆန်ရုံတင် မကဘူး.. ကျွန်တော့်ကိုပါ ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ခဲ့တယ်.. အကြီးအကဲ ကျွန်တော့် အတွက် တရားမျှတမှုရအောင် လုပ်ပေးပါ”

ထိုစကားကိုကြားလျှင် ချင်းယန်နတ်ဘုရင်၏ မျက်နှာသည် အေးစက်သွားခဲ့ပြီး ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်အရှိန်အဝါများ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

အခန်း(၂၃၀၃)ပြီး၏။

အခန်း(၂၃၀၄)

“ပိုင်ချီရှောင်.. မင်း အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို သွားတုန်းက ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ငါ့ကို အတိအကျပြန်ပြောစမ်း”

ချင်းယန်နတ်ဘုရင်၏ မျက်ဝန်းများတွင် ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

စစ်မိစ္ဆာမဟာမိတ် အဖွဲ့သည် ပုံမှန်အချိန်တွင် နတ်ကုန်းမြေတိုက်၏ အင်အားစုများကို ဝင်ရောက်စွက်ဖက်ခွင့် မရှိသော်လည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနှင့် ရင်ဆိုင်ရချိန်တွင်မူ စစ်မိစ္ဆာမဟာမိတ် အဖွဲ့၏ အမိန့်ကို မည်သည့်အင်အားစုမဆို လိုက်နာရမည် ဖြစ်သည်။

ယခုအခါ အ‌ရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် အမိန့်ကို မနာခံရုံတင်မက သူ စေလွှတ်လိုက်သည့် တမန်တော်ကိုပင် ဒဏ်ရာရအောင် ပြုလုပ်ခဲ့သည်ဖြစ်ရာ စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကို မျက်စိထဲ ထည့်မထားသည်မှာ အတော်လေး သိသာနေခဲ့သည်။

ပိုင်ချီရှောင်က အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ဖြစ်ပျက်ခဲ့သမျှကို အလျင်အမြန်ပင် ပြန်ပြောပြလိုက်သည်။

တစ်ဖက်လူ၏ ဓားချက် တစ်ချက်တည်းဖြင့်ပင် ပိုင်ချီရှောင်၏ ကျင့်ကြံခြင်းအဆင့် သုံးဆင့် ဖြတ်တောက်ခံလိုက်ရသည်ကို ကြားလိုက်သောအခါတွင် သူတို့၏ မျက်ဝန်းထဲ၌ အံ့ဩထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ပိုင်ချီရှောင်သည် နတ်ဘုရင် စတုတ္ထအဆင့် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်အရ နတ်ဘုရင် ပဉ္စမအဆင့်ထက်ပင် သာလွန်နေသူ ဖြစ်သည်။

နတ်ဘုရင် ဆဋ္ဌမအဆင့် ကျင့်ကြံသူပင်လျှင် ပိုင်ချီရှောင်ကို အလွယ်တကူ အနိုင်ယူနိုင်ဖို့ မသေချာပေ။

ကျိရှောင် နတ်ဘုရင်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ငါ သိထားသလောက်တော့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှာ နတ်ဘုရင် စတုတ္ထအဆင့်ဘိုးဘေးတစ်ယောက်ပဲ ရှိနေတာ မဟုတ်လား.. ဒီလောက် အစွမ်းထက်တဲ့သူ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ”

ထိုအချိန်တွင် မုရုံချင်းက ဝင်ပြောလိုက်သည်။

“ကျိရှောင်နတ်ဘုရင်.. အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက သိပ်မကြာခင်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုဘက်မှာ ပဉ္စမအဆင့် ဟင်လင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါး ဦးဆောင်လာပေမဲ့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ လက်ထဲမှာ ရှုံးနိမ့်သွားခဲ့တယ်.. ဒါကြောင့် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှာ သူတို့ကို အကူအညီပေးမဲ့ အစွမ်းထက် ကျင့်ကြံသူ တစ်ယောက် သေချာပေါက် ရှိနေလောက်တယ်”

ထိုစကားကိုကြားလျှင် ပိုင်ချီရှောင်က သွားကို အံကြိတ်ကာ ပြောလိုက်သည်။

“သေချာပေါက်ရှိတာပေါ့.. အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို ကူညီပေးနေတဲ့သူက ကျန်းချန်ဆိုတဲ့ ကောင်လေး တစ်ယောက်ပဲ”

“ကျန်း.. ကျန်းချန်လား”

ကျိရှောင်နတ်ဘုရင်နှင့် မုရုံချင်း တို့သည် ထိုစကားကိုကြားလျှင် အနည်းငယ် မှင်တက်သွားခဲ့ကြသည်။

ကျိရှောင်နတ်ဘုရင်က အံ့အားသင့်သော အမူအရာဖြင့် ပြောလိုက်သည်။

“သခင်လေးပိုင်.. မင်း ငါ့ကို နောက်နေတာလား.. အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို အကူအညီပေးနေတဲ့လူက ဘယ်လိုလုပ်ပြီး ကျန်းချန် ဖြစ်နိုင်မှာလဲ”

ကျန်းချန် ဟူသော နာမည်သည် ကျိရှောင်နတ်ဘုရင် အတွက် သဘာဝကျစွာပင် ရင်းနှီးပြီးသား ဖြစ်သည်။

ထိုအချိန်က နတ်ဆိုးတားမြစ်နယ်မြေ အပြောင်းအလဲ ဖြစ်ခဲ့စဥ်တွင် ဟောင်ထျန်းဓားဂိုဏ်းသည် စည်းတံဆိပ်ကို အားဖြည့်ရန်အတွက် အရှေ့ဘက်ဒေသ၏ နတ်ဘုရင်အဆင့် အင်အားစုငါးစုကို ဆင့်ခေါ်ခဲ့ဖူးသည်။

ထိုအချိန်က ကျန်းချန်သည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ကိုယ်စား ဟောင်ထျန်းဓားဂိုဏ်းသို့ ရောက်လာခဲ့ပြီး ဟောင်ထျန်းဓားဂိုဏ်း၏ သူတော်စင်နယ်မြေမှာပင် တစ်ခဏမျှ ကျင့်ကြံခဲ့ဖူး၏။

ထိုကောင်လေးသည် ပါရမီ အလွန်အမင်း ထူးချွန်ပြီး နတ်ဘုရင်အဆင့်ကို မထိုးဖောက်ခင်ကပင် နတ်ဘုရင်အဆင့်ကျင့်ကြံသူနှင့် ယှဥ်နိုင်သည်အထိ အစွမ်းထက်ခဲ့သည်။

သို့သော်လည်း ထိုကောင်လေး အနေဖြင့် ဤမျှတိုတောင်းသော အချိန်အတွင်း ဤမျှလောက် အဆင့်အထိ တိုးတက်လာနိုင်ရန်မှာ မဖြစ်နိုင်ပေ။

“မင်းရဲ့ ကျင့်ကြံခြင်းအဆင့် သုံးဆင့်ကို ဓားချက် တစ်ချက်တည်းနဲ့ ဖျက်ဆီးခဲ့တဲ့သူက ကျန်းချန်လား”

ချင်းယန်နတ်ဘုရင်သည် ကျိရှောင်နတ်ဘုရင်နှင့် မုရုံချင်းတို့နှင့် မတူဘဲ ကျန်းချန် ဟူသော နာမည်ကို ကြားပြီးနောက်တွင် မျက်နှာအမူအရာ အလွန်အမင်း လေးနက်သွားခဲ့သည်။

ကျန်းချန် ဆိုသည်မှာ လက်ရှိအချိန်တွင် နတ်ကုန်းမြေတိုက်၏ နာမည်အကျော်ကြားဆုံး ပါရမီရှင်တစ်ယောက် ဖြစ်သည်။

ထိုကောင်လေးသည် ကောင်းကင်အရှင် အဆင့်တွင် ရှိနေစဥ်ကပင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးဆယ်ယောက်စာရင်းဝင် လုံကျိုးဟန်ကို အနိုင်ယူခဲ့သည်။

ထို့အပြင် မကြာသေးခင်က ထိုကောင်လေးသည် လူသားဧကရာဇ်နန်းတော်ကို ပြန်လည် ရောက်ရှိလာခဲ့ပြီး လူသားဧကရာဇ် စစ်ဆေးမှုတွင် ကျန်းရွမ်ကို အနိုင်ယူကာ လူသားဧကရာဇ်နန်းတော်၏ ၆၂ယောက်မြောက် နန်းလျာ ဖြစ်လာခဲ့၏။

လွန်ခဲ့သော လဝက်ခန့်က ကျန်းချန်သည် ကောင်းကင်ခွန်ပန်မျိုးနွယ်စု၏ မျိုးနွယ်စု သုံးစုထဲမှ တစ်စုဖြစ်သည့် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို ဖျက်ဆီးပစ်ခဲ့ပြီး အသန်မာဆုံးနတ်ဘုရင် စာရင်းတွင် အဆင့် ၈၅ နေရာ၌ရှိသည့် ယိုဖိုထျန်းကိုပင် အနိုင်ယူခဲ့သည်။

ထို့ကြောင့် ချင်းယန် နတ်ဘုရင်သည် ကျန်းချန် ဟူသော နာမည်နှင့် ပတ်သက်၍ အတော်လေး ရင်းနှီးနေခဲ့၏။

ပိုင်ချီရှောင်၏ ကျင့်ကြံခြင်းအဆင့်ကို ဓားချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးခဲ့သည့်သူက ကျန်းချန် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ဟုတ်တယ်.. ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့် သုံးဆင့်ကို ဖြတ်တောက်လိုက်တာ ကျန်းချန် ဆိုတဲ့ကောင်ပဲ”

ပိုင်ချီရှောင်က ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။

“အကြီးအကဲချင်းယန်.. အဲဒီကောင်က စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကို လုံးဝမျက်စိထဲ မထည့်ဘူး.. ဒီလိုကောင်ကို စစ်မိစ္ဆာမဟာမိတ်အဖွဲ့ အနေနဲ့ လူပါးဝခွင့် မပေးသင့်ဘူး”

ထိုအခိုက်အတန့်တွင် ချင်းယန်နတ်ဘုရင်သည် ဘာစကားမျှ မပြောခဲ့ဘဲ မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။

ဆိုရလျှင် ကျန်းချန်၏ အဆင့်အတန်းသည် ထူးခြားလွန်းပြီး ယခုအခါတွင် လူသားဧကရာဇ်နန်းတော်၏ နန်းလျာတစ်ယောက်လည်း ဖြစ်၏။

လူသားဧကရာဇ်နန်းတော်က ယခင်လို မဟုတ်တော့သော်လည်း ပိန်သွားသည့် ကုလားအုပ်သည် မြင်းထက်တော့ ကြီးနေဆဲပင်။

စစ်မိစ္ဆာမဟာမိတ်အဖွဲ့မှာပင် လူသားဧကရာဇ်နန်းတော်သည် ပြောရေးဆိုခွင့် တစ်နေရာ ရှိနေသေး၏။

ရှင်းလင်းစွာ ဆိုရလျှင် ချင်းယန်နတ်ဘုရင် ကိုယ်တိုင်ပင် လူသားဧကရာဇ်နန်းတော်မှ လူများကို တိုက်ခိုက်ရန် မဝံ့ရဲပေ။

ယင်းအပြင် ကျန်းချန်သည် အသန်မာဆုံး နတ်ဘုရင်စာရင်းတွင် အဆင့် ၈၅ နေရာတွင် ရှိသည့် ယိုဖိုထျန်းကိုပင် အနိုင်ယူခဲ့ခြင်း ဖြစ်၍ တိုက်ခိုက်ရေးစွမ်းအားတွင် သူ့ထက်ပင် ပို၍ အစွမ်းထက်နေလောက်သည်။

သူက ကျန်းချန်ကို ကိုင်တွယ်ချင်ပင်လျှင် သူ့တွင် ထိုကဲ့သို့ အရည်အချင်းမျိုး ရှိမည်မဟုတ်ပေ။

ချင်းယန်နတ်ဘုရင်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လေးနက်စွာ ပြောလိုက်သည်။

“လောလောဆယ်တော့ ဒီကိစ္စကို ဒီမှာတင် ရပ်ထားမယ်.. ငါ စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကို သတင်းပို့လိုက်မယ်.. ကျန်းချန်ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကိုတော့ စစ်မိစ္ဆာမဟာမိတ်အဖွဲ့ပဲ ဆုံးဖြတ်ပါလိမ့်မယ်.. အခုအချိန်မှာ ငါတို့ရဲ့ ပထမဦးစားပေးက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူဖို့ အတွက် နည်းလမ်းရှာဖို့ပဲ”

“အကြီးအကဲချင်းယန်.. ကျွန်မတို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”

မုရုံချင်းက အနည်းငယ် တုံ့ဆိုင်းစွာ ပြောလိုက်သည်။

“စစ်မိစ္ဆာမဟာမိတ်အဖွဲ့ အနေနဲ့ အစွမ်းထက် ကျင့်ကြံသူတွေကို ထပ်ပြီး စေလွှတ်ပေးနိုင်မလား ဆိုတာ သိချင်ပါတယ်”

“မင်းတို့ကို အမှန်အတိုင်း ပြောပြရရင် နတ်ကုန်းမြေတိုက်ပေါ်မှာရှိတဲ့ နတ်ဆိုးတားမြစ်နယ်မြေ အားလုံးက အခုအချိန်မှာ မတည်မငြိမ် ဖြစ်နေခဲ့ပြီ.. အဲဒီနေရာတွေကို စောင့်ရှောက်ဖို့အတွက်လည်း အစွမ်းထက် ကျင့်ကြံသူတွေကို စစ်မိစ္ဆာမဟာမိတ်အဖွဲ့က စေလွှတ်ထားရတယ်.. စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အင်အားကလည်း အကန့်အသတ် ရှိနေတော့ ဘယ်လိုလုပ်ပြီး စစ်ကူ ထပ်စေလွှတ်ပေးနိုင်မှာလဲ.. စစ်မိစ္ဆာမဟာမိတ်အဖွဲ့က နတ်ကုန်းမြေတိုက်ရဲ့ အဓိကအင်အားစုတွေ ဆီကနေ အင်အားအချို့ကို ထုတ်ယူဖို့ အတွက် ညှိနှိုင်းနေကြပြီ ဆိုပေမဲ့လည်း တိကျတဲ့ အစီအစဥ်ကိုတော့ ဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်”

ချင်းယန်နတ်ဘုရင်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

ချင်းယန်နတ်ဘုရင်၏ စကားကိုကြားလျှင် ခန်းမတစ်ခုလုံးသည် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့၏။

ဤတစ်ကြိမ် နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ဒေသကို ကျူးကျော်လာသည့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် အလွန်အမင်း အစွမ်းထက်ပြီး ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အနည်းဆုံး ဆယ်ပါးကျော်ခန့် ရှိသည်။

သူတို့ အရှေ့ဘက်ဒေသ၏ နတ်ဘုရင်အဆင့် ကျင့်ကြံသူ အရေအတွက်နှင့် အရည်အသွေးသည် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားများနှင့် လုံးဝ နှိုင်းယှဥ်၍ မရပေ။

သို့ဖြစ်ရာ သူတို့အနေဖြင့် ဟင်းလင်းပြင်နတ်ဆိုးများကို မည်ကဲ့သို့ မောင်းထုတ်နိုင်ပါမည်နည်း။

“အကြီးအကဲချင်းယန်.. ကျွန်တော့်အထင်တော့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုနဲ့ ဆက်သွယ်သင့်တယ်လို့ ထင်တယ်.. ကျန်းချန်အကြောင်း ကျွန်တော်သိသလောက်တော့ အဲဒီကောင်လေးက အထက်စီးကနေ မဆက်ဆံသရွေ့ ညှိနှိုင်းလို့ရပါတယ်.. တကယ်လို့ သူ့ကို ကောင်းကောင်းမွန်မွန် ဆွေးနွေးကြည့်မယ်ဆိုရင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ဖို့ အတွက် သူကိုယ်တိုင် ပါဝင်လာလိမ့်မယ် ထင်တယ်”

ယင်းအချိန်တွင် ကျိရှောင်နတ်ဘုရင်သည် ခန်းမထဲရှိ တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွင်းလိုက်သည်။

အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် အင်အားမသေးလှပေ။

၎င်းတို့ထံတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ယောက် ရှိပြီး တစ်ယောက်က နတ်ဘုရင် စတုတ္ထအဆင့် အထွတ်အထိပ် ဖြစ်ကာ တစ်ယောက်က နတ်ဘုရင်ဒုတိယအဆင့် ဖြစ်သည်။

ထို့အပြင် ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို အနိုင်ယူနိုင်သည့် ကျန်းချန်လည်း ရှိနေသေး၏။

အကယ်၍ ကျန်းချန်တို့ သုံးယောက်သာ သူတို့နှင့် ပူးပေါင်းမည်ဆိုလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို မောင်းထုတ်ရန်အတွက် မျှော်လင့်ချက် ရှိကောင်း ရှိနိုင်ပါသေးသည်။

ကျန်းချန်၏ စိတ်နေစိတ်ထားနှင့် ပတ်သက်၍ ကျိရှောင်နတ်ဘုရင်သည် ကောင်းစွာ သိထားခဲ့၏။

စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် အနေဖြင့် ပိုင်ချီရှောင်သည် အမြဲတစေ မောက်မာခဲ့ပြီး မည်သူ့ကိုမှ မျက်စိထဲ မထည့်ခဲ့ပေ။

ထိုအချက်ကြောင့်လည်း အထက်စီးကနေ ဆက်ဆံသည်ကို လုံးဝ သဘောမကျသည့် ကျန်းချန်၏ အရှက်ခွဲခြင်းကို ခံလိုက်ရခြင်းပင် မဟုတ်ပါလော။

ချင်းယန်နတ်ဘုရင်က အနည်းငယ် စဥ်းစားလိုက်ပြီးနောက်တွင် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

“ကောင်းပြီ ငါအဘိုးကြီးကိုယ်တိုင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို သွားလိုက်မယ်”

ကျန်းချန်တွင် မည်ကဲ့သို့ အင်အားမျိုးရှိသည်ကို ဤနေရာတွင်ရှိသည့် မည်သူ့ထက်မဆို သူက ကောင်းစွာ သိထားခဲ့သည်။

အကယ်၍ သူတို့သာ ကျန်းချန်၏ အကူအညီကို ရနိုင်မည်ဆိုလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို မောင်းထုတ်နိုင်ရန်အတွက် အနည်းဆုံး ကိုးဆယ်ရာခိုင်နှုန်းခန့် သေချာသည်ဟု ချင်းယန်နတ်ဘုရင် ခံစားခဲ့ရ၏။

အရှေ့ဘက်ဒေသကို ကျူးကျော်လာသည့် ဟင်းလင်းပြင်နတ်ဆိုးများကို မောင်းထုတ်နိုင်သည်နှင့် သူ့အတွက် ကြီးကျယ်သည့် အောင်မြင်မှုတစ်ခု ဖြစ်လာပြီး အချိန်ကျလျှင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့ ထဲတွင်လည်း သူ့အနေဖြင့် သိသာ ထင်ရှားသော အကျိုးကျေးဇူးများကို သေချာပေါက် ရရှိလာလိမ့်မည် ဖြစ်သည်။

သို့ရာတွင် ချင်းယန်နတ်ဘုရင်က အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို သွားတော့မည့် အချိန်မှာပင် ရယ်သံတစ်သံသည် ခန်းမထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့သည်။

“ဟားဟား ချင်းယန်နတ်ဘုရင်.. မင်း ငါ့ကို ရှာဖွေအတွက် ကျီမျိုးနွယ်စုဆီ သွားနေစရာမလိုတော့ဘူး.. မင်းဆီ ငါကိုယ်တိုင်ရောက်လာခဲ့ပြီ”

အခန်း(၂၃၀၄)ပြီး၏။

All Chapters