အခန်း (၂၃၀၅-၂၃၀၆)
Vol. 171 Ch. 2305-2306
အခန်း(၂၃၀၅)
ခန်းမထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြောင့် လူတိုင်း၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
အားလုံးက အသံထွက်ပေါ်လာရာ ဆီသို့ မရည်ရွယ်ဘဲ လှမ်းကြည့်မိလိုက်ကြ၏။
ထိုအခါ ခန်းမထဲကို မည်သည့် အချိန်ကတည်းက ရောက်နေမှန်းမသိရသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မြင်လိုက်ရလျှင် သူတို့၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
“ကျန်းချန်...မင်း.. မင်း ချင်းလွမ်မျိုးနွယ်စု ဆီကိုတောင် လာရဲတယ်လား”
ခန်းမထဲတွင် ကျန်းချန်ကို မြင်လိုက်ရလျှင် ပိုင်ချီရှောင်သည် ခဏမျှ မှင်တက်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ မျက်နှာထက်၌ မကျေနပ်သော အမူအရာများ ပြည့်နှက်လာခဲ့၏။
“ငါက ဘာလို့ မလာရဲရမှာလဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဒီနေရာက မင်းတို့ စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ဌာနချုပ်လည်းမဟုတ်ဘူး.. တကယ်လို့ စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ဌာနချုပ်ဖြစ်ခဲ့ရင်တောင် ငါက ဘာလို့ ကြောက်နေရမှာလဲ”
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်ကာ ချင်းယန်နတ်ဘုရင်၏ မျက်ဝန်းများသည် ချက်ချင်းဆိုသလို အလွန်အမင်း လေးနက်သွားခဲ့သည်။
ကျန်းချန်သည် ခန်းမထဲကို တိတ်တဆိတ် ရောက်ရှိလာခဲ့ပြီး နတ်ဘုရင် သတ္တမအဆင့် အလယ်အလတ် ဖြစ်သည့် သူကိုယ်တိုင်ပင် ကျန်းချန် ရှိနေသည်ကို ကြိုတင် မခံစားမိခဲ့ပေ။
ထိုကောင်လေး၏ စွမ်းရည်သည် သူကြားသိထားသည်ပင် ပို၍ အစွမ်းထက်နေပုံ ရ၏။
ချင်းယန်နတ်ဘုရင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ လေးနက်စွာ ပြောလိုက်သည်။
“မင်းက ကျန်းချန်လား.. ငါ စေလွှတ်လိုက်တဲ့ တမန်တော် ပိုင်ချီရှောင်ကို မင်းဘာကြောင့် တိုက်ခိုက်ရတာလဲ ဆိုတာ ငါသိချင်တယ်”
ထိုစကားကို ကြားလျှင် ကျန်းချန်က ပိုင်ချီရှောင်ကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီး ချင်းယန်နတ်ဘုရင်ကို ရှင်းပြလိုက်သည်။
“ဒီကောင်က အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို ရောက်ရောက်ချင်းမှာပဲ ကျီမျိုးနွယ်စုရဲ့ အကြီးအကဲတချို့ကို ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့တယ်.. ဒါ့အပြင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုဆီ ချက်ချင်း သွားတိုက်ဖို့ အမိန့်ပေးခဲ့တယ်.. ဒါက စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ တကယ့် သဘောထား အစစ်အမှန်ပဲလား”
ချင်းယန်နတ်ဘုရင်၏ မျက်နှာထက်တွင် ချက်ချင်းဆိုသလို ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့သည်။
ပိုင်ချီရှောင်သည် ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်ပြီး စစ်မိစ္ဆာမဟာမိတ်အဖွဲ့ထဲတွင် ထူးခြားသည့် အဆင့်အတန်းရှိသောကြောင့် အမြဲတစေ မောက်မာသူတစ်ယောက် ဖြစ်သည်။
သို့ရာတွင် ယခုလို အရှေ့ဘက်ဒေသ၏ အခြေအနေက စိုးရိမ်ရသည့် အချိန်တွင် ပိုင်ချီရှောင် အနေဖြင့် အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ရှိလိမ့်မည်ဟု သူထင်ထားခဲ့သော်လည်း ထိုကောင်လေးသည် ကိစ္စများကို ဤမျှအထိ လက်လွှတ်စပယ် ပြုမူလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ချင်းယန်နတ်ဘုရင်က ပိုင်ချီရှောင်ကို ဒေါသတကြီး တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်ကို တောင်းပန်သော လေသံဖြင့် ပြောလိုက်သည်။
“ငါကပဲ ကြားကနေ တောင်းပန်ပါတယ်.. ဒါက ငါ့ရဲ့အမှားပါ.. အခုအချိန်မှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ကျူးကျော်လာပြီ ဆိုတော့ အရင်က ကိစ္စတွေကို ဘေးဖယ်ထားပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို မောင်းထုတ်ဖို့အတွက် ငါနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်”
“တကယ်လို့သာ ငါက အဲဒီကိစ္စတွေကို စိတ်ထဲထားနေမယ် ဆိုရင် ဒီနေ့ ဒီနေရာကိုတောင် ရောက်လာမှာ မဟုတ်ဘူး”
ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“သွားကြစို့ မင်းတို့တွေ ငါ့နောက်ကနေ လိုက်ခဲ့ရုံပဲ.. သူတို့ကို တစ်ခါတည်း သွားသတ်ကြတာပေါ့”
ကျန်းချန်၏ စကားကိုကြားလျှင် ချင်းယန်နတ်ဘုရင်သည် အနည်းငယ် မှင်တက်သွားခဲ့သည်။
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အခုပဲ သွားတိုက်တော့မလို့လား”
ကျန်းချန်၏ ပါဝင်လာမှုကြောင့် သူတို့၏ အင်အားက များစွာတိုးတက်လာပြီ ဆိုသော်လည်း ဤကဲ့သို့ မည်သည့် ပြင်ဆင်မှုမှမရှိဘဲ သွားရောက် တိုက်ခိုက်ခြင်းသည် အနည်းငယ် ပေါ့ဆလွန်းရာ ရောက်နေသည် မဟုတ်ပါလား။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ချင်းယန်နတ်ဘုရင်ကို ကြည့်ကာ ပြောလိုက်သည်။
“ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုရဲ့ သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို ငါသတ်လိုက်မယ်.. ကျန်တဲ့ သူတွေကိုတော့ မင်းတို့ ကိုင်တွယ်လိုက်.. ပြဿနာမရှိဘူးမဟုတ်လား”
“သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို ငါသတ်လိုက်မယ်”
ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် ချင်းယန်နတ်ဘုရင်သည် အသက်ရှု မှားမတတ်ပင် ဖြစ်သွားခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ဘိုးဘေး ဖြစ်သည့် ယိုဖိုထျန်းကိုပင် အလွယ်တကူ အနိုင်ယူခဲ့သည် ဖြစ်ရာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို အမှန်တကယ် ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်ပေလိမ့်မည်။
ထိုသို့ တွေးမိပြီးနောက်တွင် ချင်းယန် နတ်ဘုရင်သည် ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ သွားများကို အံကြိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ ဒါဆိုလည်း အခုပဲ ငါတို့ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုကို သွားတိုက်ကြတာပေါ့”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်ရာကို အာရုံခံစားမိသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူက ချင်းလွမ်မျိုးနွယ်စု၏ အပြင်ဘက်လေထု ဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအချင်းအရာကိုမြင်လျှင် ချင်းယန်နတ်ဘုရင်သည် နားမလည်သော အမူအရာဖြင့် ကျန်းချန်ကို မေးလိုက်၏။
“ဘာဖြစ်လို့လဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ငါတို့တွေ သူတို့ဆီ တကူးတက သွားနေစရာ မလိုတော့ဘူး.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကလူတွေ ဒီကို ရောက်နေကြပြီ”
ကျန်းချန်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ချင်းယန်နတ်ဘုရင်သည်လည်း တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို ခံစားမိလိုက်သည်။
ထို့နောက်တွင် သူ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် အမိန့်ပေးလိုက်သည်။
“အားလုံးပဲ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ဖို့ ပြင်ထားကြပါ”
“ချင်းယန်နတ်ဘုရင် အပြင်ထွက်လာပြီး လာအသေခံစမ်း”
ချင်းယန်နတ်ဘုရင်၏ စကားဆုံးသည်နှင့် ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအင်များသည် လေထုကို ဖြတ်ကျော်လာခဲ့ပြီး ချင်းလွမ်မျိုးနွယ်စု၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။
တစ်ချိန်တည်းမှာပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးသည် ချင်းလွမ်မျိုးနွယ်စု၏ အထက် ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့၏။
ချင်းလွမ်နတ်ဘုရင်က ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ ချင်းလွမ် မျိုးနွယ်စု၏ အထက်ကောင်းကင်ယံတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
ထိုအခါ ချင်းလွမ် မျိုးနွယ်စုနှင့် မိုင်ရာချီအကွာရှိ လေထုထဲတွင် နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသည့် အနက်ရောင်အရိပ်များကို တွေ့လိုက်ရ၏။
အထူးသဖြင့် ရှေ့ဆုံးကနေ ဦးဆောင်လာသည့် အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ထားသော နတ်ဆိုး၏ အရှိန်အဝါသည် အလွန်အမင်း အစွမ်းထက်သည်။
ထိုနတ်ဆိုးက အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ထိုချပ်ဝတ်တန်ဆာ ပေါ်တွင် ဆန်းကြယ်သည့် သင်္ကေတ များစွာကို ရေးဆွဲထားသည်။
၎င်း၏ ခန္ဓာကိုယ်ကနေ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော နတ်ဆိုးစွမ်းအင် အရှိန်အဝါများ ထုတ်လွှတ်နေခဲ့၏။
ထိုနတ်ဆိုးသည် အလွန်တရာငယ်ရွယ်ပုံရပြီး ပိန်ပါးပါး ခန္ဓာကိုယ်ရှိကာ လူသားတစ်ယောက်နှင့် သိပ်မကွာပေ။
သို့သော်လည်း လူငယ်၏ နောက်ကျောဘက်တွင်မူ အနက်ရောင် တောက်ပနေသော နတ်ဆိုး အတောင်ပံတစ်စုံ ရှိနေသောကြောင့် မြင်ရသူကို အလွန်တရာ ဆန်းကြယ်ပြီး လျှို့ဝှက်နက်နဲသည့် ခံစားချက်မျိုးအား ပေးစွမ်းနေခဲ့၏။
ထိုခဏတွင် ကျန်းချန်၏ ပုံရိပ်သည်လည်း ချင်းယန်နတ်ဘုရင်၏ နံဘေးရှိ လေထုထဲတွင် ပေါ်လာခဲ့သည်။
တစ်ဖက်မှ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုအား ဦးဆောင်လာသောသူကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူသိထားသော အချက်အလက်များအရ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုတွင် နောက်ကျောတွင် အတောင်ပံပါသောမျိုးနွယ်စုသည် ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စု တစ်ခုတည်းသာ ရှိသည်။
ဆိုရလျှင် ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ပင်မမျိုးနွယ်စုကြီးလည်းဖြစ်သည်။
ထို့ကြောင့် သူတို့ရှေ့မှ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ခေါင်းဆောင်သည် ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်မှန်း ထင်ရှားနေခဲ့၏။
ချင်းယန်နတ်ဘုရင်က လေထုထဲမှ အနက်ရောင် သံချပ်ဝတ်စုံဝတ် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“မိုချန်.. ငါက မင်းဆီ အခုပဲ လာတော့မလို့ပဲ.. မင်းက ငါ့ဆီကို အရင် ရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
အကယ်၍ ကျန်းချန်သာ ရောက်မလာခဲ့လျှင် ချင်းယန်နတ်ဘုရင်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ တိုက်ခိုက်မှုကြောင့် ယနေ့တွင် အတော်လေး ဒုက္ခရောက်လိမ့်မည်မှာ သေချာသလောက်ပင်။
ယခုအခါတွင်မူ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်သည့် ကျန်းချန် ရှိနေပြီ ဖြစ်ရာ ကျန်းချန်သာ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဖြစ်သည့် မိုချန်ကို ရှင်းလင်းနိုင်မည် ဆိုလျှင် ကျန်ရှိသည့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားများကို စိုးရိမ်စရာ မရှိတော့ပေ။
အကယ်၍ ကျန်းချန်က မူချန်ကို မသတ်နိုင်ခဲ့လျှင်ပင် အချိန်တစ်ခုအထိ ထိန်းထားနိုင်သရွေ့ သူက ကျန် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားများကို ရှင်းလင်းနိုင်လိမ့်မည် ဖြစ်သည်။
ထို့နောက် သူနှင့် ကျန်းချန်သာ လက်တွဲလိုက်မည် ဆိုလျှင် မိုချန်ကို အနိုင်ယူဖို့ ဆိုသည်မှာ လွယ်ကူသွားလိမ့်မည် မဟုတ်ပါလား။
“ချင်းယန်နတ်ဘုရင်.. မင်းတို့ စစ်မိစ္ဆာမဟာမိတ်အဖွဲ့က အရှေ့ဘက်ဒေသကို အချိန်တိုအတွင်း စစ်ကူမလွှတ်နိုင်ဘူး ဆိုတာ ငါသိထားတယ်.. မင်းအနေနဲ့ ငါတို့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုရဲ့တိုက်ခိုက်မှုကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး”
မူချန်က လူသတ်ငွေ့လွှမ်းသော လေသံဖြင့် ပြောလိုက်သည်။
“မင်း အသက်ရှင်ချင်တယ်ဆိုရင် ငါတို့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု ဆီမှာ အညံ့ခံရမယ်.. မဟုတ်ရင်တော့ မင်းတို့အားလုံးကို အညှာအတာမရှိ သတ်ပစ်မယ်”
ဤတစ်ကြိမ် နတ်ကုန်းမြေတိုက်ကို အလစ်အငိုက် တိုက်ခိုက်ရန်အတွက် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် အချိန်ကြာကတည်းက စီစဥ်ခဲ့ခြင်း ဖြစ်ပြီး စစ်မိစ္ဆာ မဟာမိတ်အဖွဲ့၏ အင်အား အများစုကိုလည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ထိန်းချုပ်ထားခဲ့သည်။
စစ်မိစ္ဆာမဟာမိတ်အဖွဲ့ အနေဖြင့် နတ်ကုန်းမြေတိုက်မှ အစွမ်းထက် ကျင့်ကြံသူများကို ဆင့်ခေါ်နိုင်သော်လည်း ထိုအတွက် အချိန်တစ်ခုတော့ ယူရလိမ့်ဦးမည် ဖြစ်၏။
ဆိုရလျှင် ထိုအချိန်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု အတွက် အခွင့်အရေး ဖြစ်၏။
ထို့ကြောင့်လည်း မူချန်သည် ဟင်းလင်းပြင် နတ်ဆိုးများကို ဦးဆောင်ကာ ချင်းလွမ် မျိုးနွယ်စုဆီ ရောက်လာခဲ့ခြင်း ဖြစ်ပြီး ချင်းယန်နတ်ဘုရင်နှင့် တခြားသူများကို အမြန်ဆုံးရှင်းလင်းကာ အရှေ့ဘက်ဒေသကို အပြည့်အဝ သိမ်းပိုက်ရန် ရည်ရွယ်ထားခဲ့သည်။
ထိုအချိန်သို့ရောက်လျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ဒေသကို ခြေကုပ်ယူနိုင်မည် ဖြစ်ပြီး အရှေ့ဘက်ဒေသမှ တစ်ဆင့် အင်အားများစုစည်းကာ နတ်ကုန်းမြေတိုက် တစ်ခုလုံးကို သိမ်းပိုက်နိုင်ပေလိမ့်မည်။
“ဟားဟား.. မင်းတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါးလောက် စေလွှတ်လိုက်ရုံနဲ့ ငါတို့ကို အညံ့ခံခိုင်းရဲတယ်လား.. မင်းတို့က နတ်ကုန်းမြေတိုက်က ကျင့်ကြံသူတွေကို အတော်လေး အထင်သေးနေတာပဲ.. တကယ်လို့ ငါတို့ကို အညံ့ခံစေချင်ရင် မင်းတို့ရဲ့ အကြီးအကဲ ၃၆ယောက် ဒါမှမဟုတ် မဟာနတ်ဆိုးဘုရင် ၈ပါးကို ကိုယ်တိုင် လာခိုင်းလိုက်ပါ.. မင်းတစ်ယောက်တည်းနဲ့တော့ ငါတို့ကို အညံ့ခံခိုင်းဖို့ မလုံလောက်သေးဘူး”
ထိုအချိန်မှာပင် ခပ်ထေ့ထေ့ ရယ်သံတစ်သံသည် လေထုထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့သည်။
မူချန်၏ မျက်ဝန်းထဲတွင် နတ်ဆိုးအလင်းများ လင်းလက်သွားခဲ့ပြီး သူ၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ရုတ်တရက် ကျရောက်သွားခဲ့သည်။
ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေသည့် အရှိန်အဝါကို ခံစားမိလျှင် သူ၏ မျက်ဝန်းများသည် အနည်းငယ်ကျဥ်းမြောင်းသွားခဲ့သည်။
“ကောင်လေး မင်းဘယ်သူလဲ”
အခန်း(၂၃၀၅)ပြီး၏။
အခန်း(၂၃၀၆)
ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ အုပ်ချုပ်သူ ၇၂ယောက်ထဲမှ တစ်ယောက် ဖြစ်ပြီး သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်သည့် မိုချန်၏ မြင်နိုင်စွမ်းသည် သာမန်ထက် များစွာ ထူးခြား၏။
သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်က အရှိန်အဝါကို ဖုံးကွယ်ထား၍ ထိုလူငယ်၏ တကယ့် အစွမ်းအစကို သူခန့်မှန်း၍ မရသော်လည်း ထိုလူငယ်ဆီကနေ အန္တရာယ် အငွေ့အသက်ကို သူခံစားမိခဲ့သည်။
နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ချင်းယန်နတ်ဘုရင်နှင့် ရင်ဆိုင်ရချိန်တွင်ပင် မိုချန်သည် ဤကဲ့သို့ ခံစားချက်မျိုး မခံစားခဲ့ဖူးပေ။
သို့ဆိုလျှင် သူ့ရှေ့မှ ကောင်လေးသည် ချင်းယန်နတ်ဘုရင်ထက်ပင် ပို၍ အစွမ်းထက်နေပါသလော။
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် မိုချန်ကို အေးစက်စက် ကြည့်လိုက်သည်။
“ငါက ကျန်းချန်ပဲ.. မင်းကို ဇီဝိန်ချုပ်ပေးမဲ့သူလို့ မှတ်ထားရင်လည်းရတယ်”
“ငါ့ကို ဇီဝိန်ချုပ်ပေးမယ် ဟုတ်လား.. မင်းက အတော်လေလုံးထွားသားပဲ.. ကောင်းပြီလေ.. ငါ့ကို သတ်ဖို့ မင်းမှာအရည်အချင်း ရှိ၊မရှိ ကြည့်ရသေးတာပေါ့”
မိုချန်က မထီမဲ့မြင် ရေရွတ်လိုက်သည်။
ထိုကောင်လေး၏ အရှိန်အဝါသည် အလွန်တရာ ထူးဆန်းသော်လည်း သူက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အုပ်ချုပ်သူ ၇၂ယောက်ထဲမှ တစ်ယောက် ဖြစ်ပြီး သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်သည်။
ဆိုရလျှင် သူ၏ စွမ်းရည်သည် ချင်းယန်နတ်ဘုရင် ကဲ့သို့ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူထက်ပင် သာလွန်နေခဲ့၏။
သူ့ကို သတ်ချင်သည်ဆိုလျှင် အနည်းဆုံး နတ်ဘုရင်အဋ္ဌမအဆင့်ကျင့်ကြံသူ မဟုတ်သရွေ့ မဖြစ်နိုင်ပေ။
နတ်ကုန်းမြေတိုက်တွင် နတ်ဘုရင်အဋ္ဌမအဆင့် ကျင့်ကြံသူများသည် အလွန်တရာပင် ရှားပါးလှ၏။
ထို့ကြောင့် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်တွင် နတ်ဘုရင်အဋ္ဌမအဆင့်နှင့် ယှဥ်နိုင်လောက်သည့် ကြောက်မက်ဖွယ်စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု မိုချန် မယုံကြည်ခဲ့ပေ။
“ငါမျက်လုံးထဲမှာတော့ မင်းက အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီကို လာတိုက်တဲ့ ပဉ္စမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားထက် အနည်းငယ် ပိုသန်မာတဲ့ ပုရွက်ဆိတ်တစ်ကောင်လောက်ပဲ.. ငါက ဘာလို့ မသတ်နိုင်ရမှာလဲ”
ကျန်းချန်က မောက်မာစွာ ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ လက်ထဲ၌ ရှေးဟောင်းရွှေရောင်ဓားသည် တိုက်ရိုက်ပင် ထွက်ပေါ်လာခဲ့သည်။
“ဒါဆိုရင် ငါ့ရဲ့ စစ်သူကြီးလေးယောက်ထဲက တစ်ယောက်ကို သတ်ဖြတ်ခဲ့တာ မင်းလက်ချက်ပေါ့”
ထိုစကားကို ပြောလိုက်စဥ်တွင် မိုချန်၏ ခန္ဓာကိုယ်ကနေ သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါး၏ ကြောက်မက်ဖွယ်စွမ်းအားများသည် ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံကိုပင် ချေမှုန်းပစ်တော့မည့်အလား ဖြစ်နေခဲ့သည်။
ပတ်ဝန်းကျင်ရှိ မိုင်ပေါင်းသောင်းချီ နေရာလွတ်သည် တုန်ခါသွားခဲ့ပြီး ကြီးမားသောတွင်းနက်ကြီးတစ်ခုပင် ဖြစ်ပေါ်လာခဲ့ကာ ထိုတွင်းနက်ထဲတွင် ကြောက်မက်ဖွယ်မုန်တိုင်းများပင် တိုက်ခတ်နေခဲ့သည်။
“ကောင်လေး သွားသေလိုက်တော့”
မိုချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ အနက်ရောင်အလင်းများ တောက်ပနေသည့် နတ်ဆိုးဓားတစ်လက်သည် မိုချန်၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
ထိုနတ်ဆိုးဓားသည် အလွန်တရာပင် အစွမ်းထက်ပြီး ကျန်းရွမ် ထုတ်သုံးခဲ့သည့် လူသားဧကရာဇ်ဓားအတုဖြင့်ပင် ယှဥ်၍ ရ၏။
ထိုလက်နက်က တကယ်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် နတ်ဆိုးလက်နက် တစ်ခု ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။
မိုချန်သည် နတ်ဆိုးဓားကို ကိုင်စွဲကာ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
အဝေးကနေ ကြည့်လျှင် ဧရာမ မွန်းစတား တစ်ကောင် ရပ်နေသကဲ့သို့ပင်။
ထိုခဏဝယ် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများသည် တစ်ခဏအတွင်း မြင့်တက်လာခဲ့ပြီး ကျန်းချန်ထံ သက်ရောက်လာခဲ့သည်။
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် နတ်ဘုရင်ပဉ္စမအဆင့် အရှိန်အဝါကို အင်အားအပြည့်ဖြင့် ထုတ်ဖော်ကာ မိုချန်၏ ကြောက်မက်ဖွယ် အရှိန်အဝါ ဖိအားများကို ကာကွယ်လိုက်သည်။
“ကောင်လေး.. မင်းက နတ်ဘုရင် ပဉ္စမအဆင့်လောက်နဲ့ ငါ့ရဲ့ရှေ့မှာ လေလုံးထွားရဲတယ်လား”
ကျန်းချန်၏ အရှိန်အဝါကို ခံစားမိလျှင် မိုချန်၏ မျက်ဝန်းထဲ၌ မထီမဲ့မြင် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူ့ရှေ့မှ ကောင်လေးသည် အလွန်ပင် ထူးခြားနေ၍ တိုက်ခိုက်ရေးစွမ်းရည်တွင် နတ်ဘုရင် ပဉ္စမအဆင့်ထက် များစွာသာလွန်နိုင်ခြေရှိသည်။
သို့သော်လည်း သူသိထားသလောက် ဆိုလျှင် လက်ရှိနတ်ကုန်းမြေတိုက်၏ အထူးချွန်ဆုံး ပါရမီရှင်သည်ပင် နတ်ဘုရင်ပဉ္စမအဆင့် ကျင့်ကြံမှုဖြင့် နတ်ဘုရင် သတ္တမအဆင့်ကို ယှဥ်နိုင်ရုံလောက်သာ ဖြစ်သည်။
ဆိုရလျှင် သူ့ရှေ့မှ ကောင်လေးသည် နတ်ကုန်းမြေတိုက်၏ အစွမ်းအထက်ဆုံး ပါရမီရှင် ဖြစ်နေလျှင်ပင် သူ့အနေဖြင့် ကြောက်နေစရာ မလိုအပ်ချေ။
“ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က တကယ်ကို နတ်ဘုရင်ပဉ္စမအဆင့်ပဲ”
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရေရွတ်လိုက်သည်။
“ဒါပေမဲ့ မင်းကို သတ်ဖို့အတွက်တော့ လုံလောက်တယ်”
“ဝုန်း..”
စကားဆုံးသည်နှင့် ကျန်းချန်တို့ နှစ်ယောက်လုံးသည် လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်စက္ကန့်တွင် သူတို့နှစ်ယောက်၏ ပုံရိပ်သည် မိုင်ပေါင်းထောင်ချီ ဝေးကွာသည့် ကြယ်တာရာကောင်းကင်ယံထက်တွင် ပေါ်လာခဲ့၏။
“ဝုန်း..”
ရှေးဟောင်းရွှေရောင်ဓားနှင့် အနက်ရောင်နတ်ဆိုးဓားတို့ ထိတွေ့မိသည့် အခါတွင် ကြောက်မက်ဖွယ်ရာကောင်းသော ဓားစွမ်းအင် လှိုင်းဂယက်များ ပေါက်ကွဲထွက်လာခဲ့သည်။
ကြယ်တာရာ ကောင်းကင်ယံ၏ မိုင်ပေါင်းထောင်ချီ နေရာလွတ်သည် ဓားစွမ်းအင်များကြောင့် ပရမ်းပတာဖြစ်သွားခဲ့ပြီး ဓားစွမ်းအင်များသည် ဆူနာမီလှိုင်းလုံးကြီး ကဲ့သို့ လွှမ်းမိုးသွားခဲ့သည်။
ကြယ်တာရာ ကောင်းကင်ယံထက်တွင် ကျန်းချန်တို့ နှစ်ယောက်လုံးသည် သူတို့၏ ခွန်အားကို အဆုံးစွန်အထိ မြှင့်တင်ကာ အစွမ်းကုန် တိုက်ခိုက်နေခဲ့ကြ၏။
ကောင်းကင်ယံ တစ်ခုလုံးသည် သူတို့နှစ်ယောက်၏ ပုံရိပ်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။
လူသားဧကရာဇ်ဓား၏ အပိုင်းအစများဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်း ရွှေရောင်ဓားသည် အနက်ရောင် နတ်ဆိုးဓားနှင့် တစ်ချက်ပြီး တစ်ချက် ထိပ်တိုက် ဆုံတွေ့နေခဲ့သည်။
ထိတွေ့မိသည့် အခါတိုင်းတွင်လည်း ဓားစွမ်းအင် လှိုင်းဂယက်များသည် လေထုထဲတွင် ပျံ့လွင့်သွားခဲ့ပြီး ပတ်ဝန်းကျင်မှ နေရာလွတ်များကို ပြိုလဲသွားစေခဲ့၏။
တိုက်ခိုက်မှု အချိန်ကြာလာသည်နှင့်အမျှ ချင်းလွမ်မျိုးနွယ်စု၏ အထက် ကောင်းကင်ယံရှိ မိုင်ပေါင်း သောင်းချီ ဧရိယာသည် တွင်းနက်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အတွင်းရှိ အခြေအနေကို မည်သူမျှ မမြင်နိုင်တော့ချေ။
“အားလုံးပဲ ငါနဲ့အတူ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွေကို သတ်ကြစို့”
ကျန်းချန်က မိုချန်နှင့် တိုက်ခိုက်နေချိန်တွင် ချင်းယန်နတ်ဘုရင်သည်လည်း တုံ့ဆိုင်းမနေတော့ပေ။
သူက ချက်ချင်းပင် အမိန့်ပေးလိုက်ပြီး နတ်ဘုရင်အဆင့်ကျင့်ကြံသူများကို ဦးဆောင်ကာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုများကို သတ်ဖြတ်ရန် ပြေးဝင်သွားခဲ့သည်။
မိုချန်နှင့် အတူ ပါလာသည့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများသည် နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ဒေသကို ကျူးကျော်ရာတွင် အဓိကကျောရိုးများ ဖြစ်ကြ၏။
ယင်းအတွက်ကြောင့် ဤဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားများကိုသာ ရှင်းလင်းနိုင်မည် ဆိုလျှင် မိုချန် တစ်ယောက်တည်း ဖြစ်သွားမည် ဖြစ်ပြီး အရှေ့ဘက်ဒေသတွင် လှိုင်းထန်အောင်လုပ်ရန် မျှော်လင့်ချက် မရှိနိုင်တော့ပေ။
ချင်းယန်နတ်ဘုရင်သည် ဤအတွက်ကြောင့် ကျန်းချန်က မိုချန်နှင့် တိုက်ခိုက်နေစဥ် အတွင်း ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများကို အရင်ရှင်းပစ်ရန် ဆုံးဖြတ်လိုက်ခြင်းသာ။
“ချင်းယန်နတ်ဘုရင်.. မင်းမှာ အစွမ်းထက် စစ်ကူတစ်ယောက် ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါပေမဲ့လည်း ငါတို့ခေါင်းဆောင်က ပြင်ဆင်မှုတချို့ လုပ်ထားခဲ့တယ်.. ဒီလိုမှမဟုတ်ရင် ဒီနေ့ မင်းလက်ထဲမှာ ငါတို့ တကယ်ပဲ ဒုက္ခရောက်သွားနိုင်တယ်”
“ဝုန်း..”
သူတို့ ဆီသို့ ပြေးဝင်လာသည့် ချင်းယန်နတ်ဘုရင်ကို ကြည့်ပြီး ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
သိပ်မကြာခင်မှာပင် သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ဆန်းကြယ်သည့် အနက်ရောင် တံဆိပ်ပြား တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
ထို့နောက် ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် လက်ထဲမှ အနက်ရောင် နတ်ဆိုးတံဆိပ်ပြားကို လှုံ့ဆော်လိုက်ရာ ဆန်းကြယ်သော နတ်ဆိုးအလင်း တစ်ခုသည် တံဆိပ်ပြားထဲကနေ ထွက်ပေါ်လာခဲ့သည်။
ထိုနတ်ဆိုးအလင်းသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး လေထဲတွင် ဆန်းကြယ်သည့် တွင်းနက်ကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျောဘက်တွင် တောင်ပံပါသည့် အနက်ရောင်ပုံရိပ်ယောင် တစ်ခုသည် ထိုဆန်းကြယ်သည့် တွင်းနက်ထဲကနေ တိုက်ရိုက်ပင် ထွက်ပေါ်လာခဲ့၏။
ယင်းအနက်ရောင်ပုံရိပ်ယောင်ကို မြင်လျှင် ချင်းယန်နတ်ဘုရင်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
ထိုအနက်ရောင် ပုံရိပ်ယောင်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ပြိုင်ဘက်ကင်းပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။
၎င်းက ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ လက်ထဲမှ တံဆိပ်ပြားကို ကြားခံအဖြစ် အသုံးချကာ နေရာလွတ်ကို ဖြတ်ကျော်၍ ပုံရိပ်ယောင် အဖြစ် တိုက်ရိုက်ရောက်ရှိလာခြင်း ဆိုလည်းမမှားပေ။
သို့ရာတွင် ပုံရိပ်ယောင် တစ်ခုသာ ဖြစ်သော်လည်း ချင်းယန်နတ်ဘုရင်သည် ထိုပုံရိပ်ယောင်ထံကနေ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
၎င်းက သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား မိုချန်နှင့် ယှဥ်လျှင်ပင် နိမ့်ကျလိမ့်မည်ဟု သူ မထင်ပေ။
ချက်ချင်းဆိုသလိုပင် ချင်းယန်နတ်ဘုရင်၏ မျက်နှာသည် အလွန်တရာ လေးနက်သွားခဲ့သည်။
ကျန်းချန်က မိုချန်ကို ထိန်းထားနိုင်သရွေ့ ချင်းယန်နတ်ဘုရင်သည် သူ၏ စွမ်းရည်ဖြင့် ဆိုလျှင် ကျန်ရှိသည့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားများကို အလွယ်တကူ ရှင်းလင်းနိုင်မည်ဟု မူလက ထင်မှတ်ထားခဲ့၏။
သို့သော်လည်း အနက်ရောင် ပုံရိပ်ယောင် ရုတ်တရက် ရောက်ရှိလာသည့် အတွက် အခြေအနေသည် အဆိုးဘက်ကို ဦးတည်သွားခဲ့ချေပြီ။
အကယ်၍ သူ့ကို ဤပုံရိပ်ယောင်က ထိန်းထားခဲ့မည် ဆိုလျှင် ကျန်ရှိသည့် သူတို့ဘက်မှ လူအနည်းငယ်သည် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားများ၏ ပြိုင်ဘက် လုံးဝ ဖြစ်နိုင်မည် မဟုတ်ပေ။
“ဝုန်း..”
ချင်းယန်နတ်ဘုရင် အတွေးနက်နေစဥ်မှာပင် နေရာလွတ်ကို ဖြတ်ကျော်လာသည့် အနက်ရောင်ပုံရိပ်ယောင်သည် ချင်းယန်နတ်ဘုရင်ကို အသက်ရှူချိန်ပင် မပေးခဲ့ပေ။
ထိုပုံရိပ်ယောင်က လက်ဝါးရိုက်ချက်ဖြင့် ချင်းယန်နတ်ဘုရင်ကို တိုက်ခိုက်လိုက်သည်။
ချင်းယန်နတ်ဘုရင်ကလည်း မပေါ့ဆရဲဘဲ သူ၏ ခွန်အားများကို အလျင်အမြန် ထုတ်ဖော်ကာ ပြန်လည် ရင်ဆိုင်လိုက်၏။
ယင်းအချိန်မှာပင် ကျန်ရှိသည့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဆယ်ယောက်ကျော်သည် ကျိရှောင်နတ်ဘုရင်တို့ ဆီသို့ တိုက်ရိုက်ပင် ပြေးဝင်သွားခဲ့ကြသည်။
အင်အားအရရော၊ အရေအတွက်အရပါ များစွာ သာလွန်နေသည့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများနှင့် ရင်ဆိုင်ကြချိန်တွင် ကျိရှောင်နတ်ဘုရင်တို့ လူစုသည် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
တစ်ခဏ အတွင်းမှာပင် ကျိရှောင်နတ်ဘုရင်တို့ လူစုသည် လုံးဝ အန္တရာယ်ရှိသည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။
အခန်း(၂၃၀၆)ပြီး၏။