အခန်း (၂၃၀၇-၂၃၀၈)
Vol. 171 Ch. 2307-2308
အခန်း(၂၃၀၇)
ကောင်းကင်ယံထက်တွင် ကျန်းချန်နှင့် မိုချန်တို့၏ တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားမိုချန်၏ စွမ်းရည်သည် အလွန်တရာ သန်မာသော်လည်း တိုက်ခိုက်ရေးစွမ်းရည်တွင် နတ်ဘုရင် အဋ္ဌမအဆင့်ထက် မနိမ့်ကျသည့် ကျန်းချန်၏ ရှေ့တွင်မူ မည်သည့် အသာစီးမှ မရှိခဲ့ပေ။
အထူးသဖြင့် ကျန်းချန်က အပြာရောင်ဧကရာဇ်သက်ရှည်ကျင့်စဥ်မှ ဓားကွက်ကို ထုတ်ဖော်လိုက်သည်နှင့် မိုချန်သည် ခုခံရန် ခက်ခဲလာခဲ့ပြီး ကျန်းချန်၏ တိုက်ခိုက်မှုအောက်တွင် တဖြည်းဖြည်း အရေးနိမ့်လာခဲ့သည်။
“အပြာရောင်ဧကရာဇ်ဓားကွက်”
ကျန်းချန်၏ လက်ထဲရှိ ရှေးဟောင်းရွှေရောင်ဓားထံကနေ နတ်အလင်းများသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် အလင်းတံခါးအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အပြာရောင် ပုံရိပ်ယောင် တစ်ခုသည် ထိုတံခါးထဲကနေ ထွက်ပေါ်လာခဲ့ပြီး လက်ထဲမှ အပြာရောင်ဓားကို ဝှေ့ယမ်းလိုက်သည်။
ထိုအပြာရောင် ပုံရိပ်ယောင်၏ ဓားချက်သည် အချိန်နှင့်နေရာလွတ်ကို ဖြတ်ကျော်သွားခဲ့ပြီး မိုချန်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။
“ဝုန်း..”
သူ၏ ခန္ဓာကိုယ်မှ နတ်ဆိုးသွေးများသည် ကောင်ကင်ယံကနေ မိုးစက်များ ကျဆင်းလာသကဲ့သို့ နေရာအနှံ့ လွင့်စင်သွားခဲ့၏။
မိုချန်၏ ခန္ဓာကိုယ်က ကောင်းကင်ယံထက်တွင် မိုင်ပေါင်းသောင်းချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့ပြီး ကောင်းကင်ယံတွင် ကြီးမားသော တွင်းပေါက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။
“အား..”
တွင်းနက်ကြီးထဲကနေ မိုချန်၏ ကမ္ဘာပျက်မတတ် အော်ဟစ်သံက ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင်မူ အနက်ရောင်အလင်းတန်း တစ်ခုသည် တွင်းနက်ကြီးထဲကနေ ပြေးထွက်လာခဲ့သည်။
ထိုအနက်ရောင် အလင်းတန်းမှာ မိုချန်ပင် ဖြစ်သည်။
မိုချန်၏ နှုတ်ခမ်းထောင့်တွင် သွေးများ စီးကျနေခဲ့ပြီး ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် သံချပ်ဝတ်စုံသည်လည်း ကြေမွနေခဲ့ချေပြီ။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကောင်းမွန်သောနေရာ ဟူ၍ မရှိဘဲ ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့သည်။
ကျောဘက်ရှိ အတောင်ပံ တစ်ဖက်ပင်လျှင် အရှင်လတ်လတ်ဖြတ်တောက်ခံလိုက်ရချေပြီ။
မိုချန်က ဒေါသတကြီးဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
နတ်ဘုရင်ပဉ္စမအဆင့် ကျင့်ကြံသူ ဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့ပေ။
“မမျှော်လင့်ဘဲ နတ်ကုန်းမြေတိုက်မှာ မင်းလို ပါရမီရှင်တစ်ယောက် ရှိနေသေးတာကိုး”
သူ၏ ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်တန်ဆာနှင့် လက်ထဲရှိ နတ်ဆိုးဓားတို့သာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အထွတ်အထိပ် လက်နက်များ မဟုတ်ခဲ့လျှင် ထိုကောင်လေး၏ ဓားချက်အောက်တွင် ကျဆုံးသွားလောက်ပြီဖြစ်သည်။
“ငါ့ရဲ့တွက်ချက်မှုက နည်းနည်းတော့ မှားယွင်းသွားခဲ့တယ်”
မိုချန်က နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီးနောက်တွင် အောက်ဘက်ရှိ တိုက်ပွဲကို လှမ်းကြည့်လိုက်ပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“ကံကောင်းလို့ ဒီသေနာပတိက ကြိုတင်ပြင်ဆင်ထားခဲ့တယ် မဟုတ်ရင်တော့ ဒီနေ့ မင်းလက်ထဲမှာ ကျဆုံးသွားလောက်တယ်”
ကျန်းချန်က ခေါင်းငုံ့လိုက်ပြီး အောက်ဘက်ရှိ အခြေအနေကို အကဲခတ်လိုက်ရာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ဟင်းလင်းပြင်ကောင်းကင်နတ်ဆိုးမျိုးနွယ်စုမှ အစွမ်းထက်နတ်ဆိုးတစ်ပါး၏ ပုံရိပ်ယောင်ကို အမှန်တကယ် ဆင့်ခေါ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထိုဆင့်ခေါ်ထားသော ပုံရိပ်ယောင်သည် အလွန်တရာပင် အစွမ်းထက်ပြီး နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်နိုင်ခြေ ရှိ၏။
၎င်းက ပုံရိပ်ယောင်သက်သက်သာ ဖြစ်သော်လည်း နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ချင်းယန် နတ်ဘုရင်ကို သတ်ဖြတ်လုနီးပါး ဖိနှိပ်ထားနိုင်ခဲ့သည်။
ချင်းယန်နတ်ဘုရင် ဖိနှိပ်ခံထားရ၍ ကျိရှောင်နတ်ဘုရင်တို့လူစုသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။
ဤအတိုင်းသာ ဆက်သွားနေလျှင် အရှေ့ဘက်ဒေသရှိ အင်အားစု တစ်ခုလုံးသည် မကြာမီမှာပင် အပြတ်အသတ်ချေမှုန်းခံရပေတော့မည်။
ကျန်းချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
သူက မိုချန်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်၏။
“မင်းက ကိုယ့်ကိုယ်ကိုယ် သိပ်ယုံကြည်မှု ရှိနေတဲ့ပုံပဲ.. ငါ မင်းကို အချိန်တိုအတွင်း မသတ်နိုင်ဘူးလို့ မင်းထင်နေတာလား”
“ကောင်လေး မင်းက ငါထင်ထားတာထက် ပိုပြီးသန်မာတယ်ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ ငါ့လိုသေနာပတိကို သတ်ဖြတ်ဖို့က အဲဒီလောက်ထိ လွယ်ကူမနေဘူး”
မိုချန်က အေးစက်စက် ပြုံးလိုက်သည်။
ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ အုပ်ချုပ်သူ ၇၂ယောက်ထဲမှ တစ်ယောက်အနေဖြင့် မိုချန်သည် သာမန် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါး မဟုတ်ပေ။
ဆိုရလျှင် အစောပိုင်းက ဓားချက်ကို ကျန်းချန် ထပ်မံ အသုံးမပြုနိုင်သရွေ့ သူ့ကို အချိန်တိုအတွင်း သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ချေ။
သို့သော်လည်း အစောပိုင်းက တိုက်ပွဲသည် ကျန်းချန်ကို အလွန်အမင်း အင်အား ကုန်ခန်းစေခဲ့သည်။
အထူးသဖြင့် နောက်ဆုံးအကြိမ်က ထုတ်သုံးလိုက်သော ဓားချက်သည် ကျန်းချန်၏ ခန္ဓာကိုယ်မှ အင်အားအများစုကို ကုန်ခန်းလုနီးပါး ဖြစ်စေခဲ့၏။
ဤအတွက်ကြောင့် ထိုကောင်လေး အနေဖြင့် ထိုဓားချက်ကိုအသုံးပြု၍ သူ့ကို သတ်ပစ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
“သေချာလို့လား.. ကောင်းပြီလေ ဒါဆိုလည်း မင်းကို သတ်ဖို့ ဘယ်လောက်အထိ လွယ်ကူလည်းဆိုတာ ပြရသေးတာပေါ့”
ကျန်းချန်က အေးစက်စက် ကြုံးဝါးပြီးသည်နှင့် နတ်အလင်းများဖြင့် တောက်ပနေသော ဆန်းကြယ်သည့် ကျောက်တိုင်တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ထွက်ပေါ်လာခဲ့သည်။
“ဝုန်း..”
ကျန်းချန်၏ လှုံ့ဆော်မှုအောက်တွင် မဟာနဂါး ကျောက်တိုင်သည် ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့်မြေကြီးကိုပင် ဖိနှိပ်နိုင်သည့် ပေတစ်သောင်းအမြင့် ရှိသော နတ်ဘုရားကျောက်တိုင် အဖြစ် ပြောင်းလဲသွားခဲ့ပြီး မိုချန် ဆီသို့ ရွေ့လျားလာခဲ့သည်။
ထိုအခိုက်အတန့်တွင် မိုချန်သည် ပေတစ်သောင်းအမြင့် ရှိသော ကျောက်တိုင်၏ ဖိနှိပ်မှုအောက်တွင် ၎င်း၏ ပတ်ဝန်းကျင်ရှိ အချိန်နှင့် နေရာလွတ်က လုံးဝ အေးခဲသွားသလို ခံစားလိုက်ရ၏။
သူ၏စွမ်းရည်ဖြင့်ပင် သူ၏ လက်ချောင်းများကို လှုပ်ရှားရန် ခဲယဥ်းနေခဲ့ပြီး ပေတစ်သောင်းအမြင့် ရှိသော နတ်ဘုရားကျောက်တိုင်က သူ့ထံသို့ သက်ရောက်လာသည်ကို ကြည့်နေရုံမှတစ်ပါး ဘာမှ မတတ်နိုင်ခဲ့ပေ။
“မသတ်ပါနဲ့”
မိုချန်က ထိတ်လန့် တုန်လှုပ်နေခဲ့ပြီး မျှော်လင့်ချက် ကင်းမဲ့နေခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိုချန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မဟာနဂါးကျောက်တိုင်၏ စွမ်းအားအောက်တွင် ချက်ချင်းဆိုသလို ကြေမွသွားခဲ့သည်။
မဟာနဂါးကျောက်တိုင်ဖြင့် မိုချန်ကို ရှင်းလင်းပြီးနောက်တွင် ပေတစ်သောင်းအမြင့် ရှိသော နတ်ဘုရားကျောက်တိုင်သည် ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် အနည်းငယ် တုန်ခါသွားခဲ့ပြီး တောက်ပသော နတ်အလင်း ဆယ်ခုကို ထုတ်လွှတ်လိုက်သည်။
ထိုနတ်အလင်း ဆယ်ခုသည် အောက်ဘက်ရှိ ဟင်းလင်းပြင်နတ်ဆိုး ဆယ်ပါးကျော်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့၏။
ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား ဆယ်ပါးကျော်သည် ထိုနတ်အလင်းအောက်တွင် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ကြားတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ဤရုတ်တရက် ဖြစ်ရပ်ကြောင့် ကျီရှောင်နတ်ဘုရင်တို့ လူစုသည် တစ်ခဏမျှ မှင်တက်သွားခဲ့ကြသည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ ပဉ္စမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားက ချင်းယန် နတ်ဘုရင်ကို ထိန်းချုပ်ရန်အတွက် အစွမ်းထက် ပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်ချိန်တွင် ကျီရှောင်နတ်ဘုရင်တို့ လူစုသည် အခြေအနေမဟန်မှန်း ရိပ်စားမိလိုက်ကြသည်။
ဆိုရလျှင် သူတို့အားလုံးသည် အသက်စွန့်ရန် အတွက်ပင် ပြင်ဆင်ထားခဲ့ကြပြီးသား ဖြစ်သည်။
သို့ရာတွင် မမျှော်လင့်ဘဲ ကျန်းချန်သည် အရေးကြီးသောအချိန်တွင် မိုချန်ကို သတ်ဖြတ်ပစ်လိုက်ပြီး သူတို့ကို ဝိုင်းရံထားသည့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဆယ်ပါးကျော်ကို တစ်ကွက်တည်းဖြင့် သတ်ပစ်လိုက်မည်ဟု မထင်ထားခဲ့ပေ။
အထူးသဖြင့် ကျိရှောင်နတ်ဘုရင်နှင့် ချင်းလွမ်မျိုးနွယ်စု၏ခေါင်းဆောင် မုရုံချင်းတို့၏ မျက်ဝန်းထဲတွင် အလွန်တရာ အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
တစ်ချိန်က နတ်ဘုရင်အဆင့်ကိုပင် မထိုးဖောက်ရသေးသော ကောင်လေးသည် ယခုအခါတွင် သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို ရှင်းလင်းနိုင်ခဲ့ပြီး ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများကို ကြက်ကလေး၊ငှက်ကလေးကဲ့သို့ သတ်ဖြတ်နိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
လေထုထဲမှ ချင်းယန်နတ်ဘုရင်နှင့် တိုက်ခိုက်နေသော ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုးမျိုးနွယ်စုမှ ပုံရိပ်ယောင်သည်လည်း တိုက်ပွဲအခြေအနေ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် အံ့အားသင့်သွားခဲ့၏။
သူက လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်ကာ ချင်းယန်နတ်ဘုရင်ကို နောက်သို့ ဆုတ်စေခဲ့ပြီး ပေတစ်သောင်းအမြင့် ရှိသော နတ်ဘုရားကျောက်တိုင်ကို စိုက်ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ မယုံကြည်နိုင်စွာ ရေရွတ်သံသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ချက်ချင်းဆိုသလိုပဲ့တင်ထပ်သွားခဲ့သည်။
“အင်မော်တယ်ကျောက်တိုင်ပါလား.. မင်း.. မင်းလက်ထဲမှာ အင်မော်တယ်ကျောက်တိုင် ဘယ်လိုလုပ်ပြီး ရှိနေတာလဲ”
ထိုစကားကိုကြားလျှင် ဟင်းလင်းပြင်ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ ပုံရိပ်ယောင်ကို စိုက်ကြည့်နေသည့် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“မင်းက အင်မော်တယ်ကျောက်တိုင်ကို သိနေတယ်လား”
သူ၏ လက်ထဲရှိ မဟာနဂါးကျောက်တိုင်ကို နတ်ကုန်းမြေတိုက်ကို ကျူးကျော်လာသော ကျင့်ကြံသူများက အင်မော်တယ်ကျောက်တိုင်ဟု ခေါ်ဆိုခဲ့ကြသည်။
ဆိုရလျှင် ဤအရာကို အင်မော်တယ်ကျောက်တိုင် ဟူ၍ သိရှိသူ အလွန်တရာပင် နည်းပါးလှ၏။
သို့သော်လည်း သူ၏ရှေ့ရှိ ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုးမျိုးနွယ်စုမှ ပုံရိပ်ယောင်သည် တစ်ချက်ကြည့်ရုံဖြင့်ပင် အင်မော်တယ်ကျောက်တိုင်ကို သိရှိနေသည်မှာ ကျန်းချန်ကို အမှန်တကယ်ပင် အံ့အားသင့်စေခဲ့သည်။
ရှေးခေတ်ကာလက ကပ်ဘေးကြီး ပြီးသွားကတည်းကပင် နတ်ဘုရားနယ်မြေသည် ကြေမွသွားခဲ့ပြီး ထာဝရဟင်းလင်းပြင် ဖြစ်ပေါ်လာခဲ့ကာ ထိုမှတစ်ဆင့် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု ပေါ်ပေါက်လာခဲ့သည်။
ကျန်းချန်က ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို ထာဝရဟင်းလင်းပြင်ကနေ မွေးဖွားလာသည့် သက်ရှိအသစ်များဟု အမြဲတစေ ယုံကြည်ထားခဲ့သည်။
ယခု ကြည့်ရသည်မှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ဇာစ်မြစ်သည် သူထင်ထားသလောက် ရိုးရှင်းပုံမရပေ။
ကျန်းချန်၏ စိတ်ထဲတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့သော ကျင့်ကြံသူများနှင့် ပတ်သက်နေနိုင်သည်ဟု ခပ်ရေးရေး ခန့်မှန်းမိခဲ့သည်။
“ငါတို့ မျိုးနွယ်စုက ထာဝရဟင်းလင်းပြင်မှာ ခြေကုပ်ယူပြီး အင်မော်တယ်ကျောက်တိုင်ကို ရှာဖွေဖို့ အတွက် နတ်ကုန်းမြေတိုက်ကို ကျူးကျော်ဖို့ အမိန့်ပေးခံထားရတဲ့ မျိုးနွယ်စုပဲ”
ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ ပုံရိပ်ယောင်က ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေမဲ့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ဘာအောင်မြင်မှုမှ မရရှိခဲ့ဘူး.. နောက်ဆုံးတော့လည်း အင်မော်တယ်ကျောက်တိုင်က ငါ့ရဲ့ရှေ့မှာ ထွက်ပေါ်လာခဲ့ပြီပဲ”
ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ ပုံရိပ်ယောင်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် ကျဥ်းမြောင်းသွားခဲ့သည်။
သူက ဟင်လင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စု၏ ပုံရိပ်ယောင်ကို အေးစက်စက် စိုက်ကြည့်လိုက်၏။
သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များသည် ချက်ချင်းဆိုသလို ပျံ့လွင့်လာခဲ့သည်။
“လက်စသတ်တော့ မင်းတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့တဲ့ အင်မော်တယ်ကျင့်ကြံသူတွေနဲ့ တကယ်ပဲ ပတ်သက်နေတာကိုး”
အခန်း(၂၃၀၇)ပြီး၏။
အခန်း(၂၃၀၈)
“ဟုတ်တယ် ငါတို့မျိုးနွယ်စုက အင်မော်တယ်ကျောက်တိုင်အတွက် ဒီနတ်ဘုရားနယ်မြေ စကြဝဠာမှာ အထူးတလည် နေထိုင်ခဲ့ကြတာပဲ”
ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ ပုံရိပ်ယောင်က ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်သည်။
“ကောင်လေး အင်မော်တယ်ကျောက်တိုင်ကို လိမ်လိမ်မာမာနဲ့ ငါ့ဆီ လွှဲပေးစမ်း”
ရှေးခေတ်ကာလက သူတို့သည် သူတို့၏ စကြဝဠာထဲတွင် အင်မော်တယ်ကျောက်တိုင်ကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။
သို့သော်လည်း တိုက်ပွဲဖြစ်ပွားနေစဥ် အတွင်း အင်မော်တယ်ကျောက်တိုင်သည် နတ်ဘုရားနယ်မြေ စကြဝဠာထဲကို ကျဆင်းသွားခဲ့၏။
ထို့နောက်တွင်မူ သူတို့သည် နတ်ဘုရားနယ်မြေကို ကျူးကျော်မှု စတင်ပြုလုပ်ခဲ့ကြသည်။
သို့သော်လည်း နတ်ဘုရားနယ်မြေ၏ အင်ပြည့်အားပြည့် ခုခံမှုနှင့် ရင်ဆိုင်နေရကာ အဆုံးသတ်တွင် အင်မော်တယ်ကျောက်တိုင်ကို ရှာမတွေ့ခဲ့ရုံတင်မက နတ်ဘုရားနယ်မြေကနေ မောင်းထုတ်ခြင်းကိုပါ ခံခဲ့ရ၏။
သူတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကမူ အင်မော်တယ်ကျောက်တိုင် တည်နေရာကို ခြေရာခံနိုင်ရန် အတွက် နတ်ဘုရားနယ်မြေတွင် အမြစ်တွယ်၍ ကျန်ရစ်နေခဲ့ကြသည်။
စစ်ပွဲပြီးဆုံးသွားသောအခါတွင် နတ်ဘုရားနယ်မြေသည် အလွန်အမင်း အားနည်းသွားခဲ့သည်။
ထို့ကြောင့် ယင်းအခွင့်အရေးကို အရယူကာ အင်မော်တယ်ကျောက်တိုင်ကို ရှာဖွေရန်အတွက် သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို တိုက်ခိုက်ခဲ့သော်လည်း အဆုံးသတ်တွင် ကျရှုံးခဲ့ရပြန်သည်။
မမျှော်လင့်ဘဲ ဤတစ်ကြိမ် နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ဒေသကို ကျူးကျော်စဥ်တွင် အင်မော်တယ်ကျောက်တိုင်ကို ရှာဖွေ တွေ့ရှိခဲ့ချေပြီ။
ယင်းက သံဖိနပ် ပေါက်ပြဲအောင် ရှာနေစဥ်က လုံးဝ မတွေ့ဘဲ အားစိုက်စရာမလိုဘဲ အမှတ်မထင် တွေ့ရှိသွားသည် ဟူသော စကားကဲ့သို့ပင်။
ဒဏ္ဍာရီများအရ အင်မော်တယ်ကျောက်တိုင် ထဲတွင် အင်မော်တယ် တစ်ပါး ဖြစ်လာစေမည့် လျှို့ဝှက်ချက်များ ဖုံးကွယ်ထားသည်ဟု ဆိုကြ၏။
အကယ်၍ သူတို့သာ အင်မော်တယ်ကျောက်တိုင်ကို ရရှိခဲ့လျှင် ယင်းသည် သူတို့ မျိုးနွယ်စု အတွက် သေချာပေါက် ကြီးကျယ်သည့် အခွင့်အရေးတစ်ခု ဖြစ်လာပေလိမ့်မည်။
“မင်းက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ မဟာနတ်ဆိုးဘုရင် ရှစ်ပါးထဲက တစ်ပါးပဲ ဖြစ်ရမယ်.. တကယ်လို့ မင်းကိုယ်တိုင် လာခဲ့မယ်ဆိုရင်တော့ ငါ့ရှေ့မှာ ဒီစကားကိုပြောဖို့ အရည်အချင်း ရှိကောင်းရှိနိုင်လိမ့်မယ်.. အခုလို ပုံရိပ်ယောင်လောက်နဲ့တော့ ငါ့ရှေ့မှာ လေလုံးထွားတာ မလွန်လွန်းဘူးလား”
ကျန်းချန်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ ပုံရိပ်ယောင်ကို စူးစိုက်၍ ကြည့်လိုက်ပြီး မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
“အင်မော်တယ်ကျောက်တိုင်ကို လွှဲပေးမယ်ဆိုရင် ငါတို့မျိုးနွယ်စု အနေနဲ့ မင်းတို့ နတ်ဘုရားနယ်မြေနဲ့ ငြိမ်းချမ်းရေးအတွက် စဥ်းစားပေးမယ်”
ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ ပုံရိပ်ယောင်က အေးစက်စက်ပြောလိုက်သည်။
“ဒီလိုမှမဟုတ်ရင်တော့ ငါတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက နတ်ဘုရားနယ်မြေ တစ်ခုလုံးကို အပြတ်အသတ် ချေမှုန်းပစ်မယ်”
ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ ပုံရိပ်ယောင်၏ စကားအဆုံးတွင် ကျန်းချန်သည် အပိုစကားများ ဆက်လက် ပြောမနေတော့ဘဲ ပေတစ်သောင်းအမြင့် ရှိသော အင်မော်တယ်ကျောက်တိုင်ကို အသုံးပြုကာ ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စု၏ ပုံရိပ်ယောင်ကို ပြင်းပြင်းထန်ထန်ပင် ရိုက်ချလိုက်သည်။
“ဝုန်း..”
ထိုမြင်ကွင်းကို မြင်လျှင် ပုံရိပ်ယောင်က မျက်နှာပျက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဆိုးစွမ်းအားများကို ထုတ်ဖော်ကာ ပေတစ်သောင်းအမြင့် ရှိသော အင်မော်တယ် ကျောက်တိုင်ကို ခုခံလိုက်သည်။
သို့ရာတွင် ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စု၏ ပုံရိပ်ယောင်က အစွမ်းထက်သော်လည်း သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အဆင့်လောက်သာ စွမ်းအားများ ထုတ်ဖော်နိုင်သည် ဖြစ်ရာ အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
“ကောင်လေး မင်း စောင့်နေပါ.. ငါတို့မျိုးနွယ်စုက မင်းကို သေချာပေါက် အလွှတ်ပေးမှာ မဟုတ်ဘူး”
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ ပုံရိပ်ယောင်သည် အင်မော်တယ်ကျောက်တိုင်၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး ကောင်းကင်နှင့်မြေကြီး ကြားတွင် ဒေါသတကြီး ကြုံးဝါးလိုက်သော အသံတစ်သံသာ ကျန်ရစ်ခဲ့တော့၏။
ကျန်းချန်က ပုံရိပ်ယောင်၏ စကားကို လုံးဝ ဂရုစိုက်မနေခဲ့ပေ။
သူက ချင်းယန်နတ်ဘုရင်၏ ရှေ့တွင် ချက်ချင်းဆိုသလိုပေါ်လာခဲ့ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟင်းလင်းပြင် နတ်ဆိုးတွေ အရှေ့ဘက်ဒေသကို ကျူးကျော်လာတဲ့ ကိစ္စက ဖြေရှင်းပြီးသလောက် ဖြစ်သွားပြီ.. ငါအခု ထပ်ပြီး ပါဝင်ဖို့ မလိုတော့ဘူး မဟုတ်လား”
“မလိုတော့ပါဘူး”
ချင်းယန်နတ်ဘုရင်က နဖူးမှ ချွေးစေးများကို သုတ်ကာ ဖြေလိုက်သည်။
ချင်းယန်နတ်ဘုရင်သည် ကျန်းချန် မည်မျှ အစွမ်းထက်သည်ကို ကြားဖူးထားသော်လည်း ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများကို မျက်ဝါးထင်ထင် မြင်လိုက်ရသောအခါတွင် ထိုကောင်လေးက သူကြားသိထားသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းမှန်း နားလည်သွားခဲ့သည်။
ထိုကောင်လေး၏ လက်ထဲတွင် သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားပင်လျှင် အလွယ်တကူ အသတ်ခံလိုက်ရ၏။
ဆိုရလျှင် ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူထက်ပင် မနိမ့်ကျနိုင်ပေ။
“ဟင်လင်းပြင်နတ်ဆိုးတွေထဲမှာ ရှန်းထူလို့ ခေါ်တဲ့ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါး ရှိတယ်.. သူ့ကိုတော့ သတ်စရာမလိုဘူး.. ဟင်လင်းပြင်နတ်ဆိုးမျိုးနွယ်စု ဆီပဲ ပြန်ခိုင်းလိုက်ပါ”
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ဓားအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ယံထဲသို့ တိုးဝင်၍ ပျောက်ကွယ်သွားခဲ့သည်။
--------------------
ထာဝရဟင်းလင်းပြင် ထဲတွင် ကြီးမားသော အနက်ရောင် မှော်ဗိမာန်ကြီးတစ်ခုသည် မျောလွင့်နေခဲ့သည်။
ထိုအနက်ရောင်မှော်ဗိမာန်၏ ခန်းမကြီး တစ်ခုထဲတွင် ကျောဘက်တွင် အတောင်ပံပါသည့် အနက်ရောင်ပုံရိပ် တစ်ခုသည် ငြိမ်သက်စွာ ထိုင်နေခဲ့၏။။
ရုတ်တရက် မလှုပ်မယှက် ထိုင်နေသည့် ထိုအနက်ရောင်ပုံရိပ်သည် ခန္ဓာကိုယ် တုန်ယင်သွားခဲ့ပြီး မှိတ်ထားသော သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် ဤပုံရိပ်သည် သူသတ်ဖြတ်ခဲ့သည့် ဟင်းလင်းပြင် ကောင်းကင်နတ်ဆိုး မျိုးနွယ်စုမှ ပုံရိပ်ယောင်နှင့် တထေရာတည်း တူညီနေမှန်း တစ်ချက် ကြည့်ရုံဖြင့်ပင် သိနိုင်လိမ့်မည် ဖြစ်သည်။
“ငါ့ရဲ့ ပုံရိပ်ယောင်တောင် ဖျက်ဆီးခံလိုက်ရပြီ ဆိုတော့ နတ်ကုန်းမြေတိုက်ရဲ့ အရှေ့ဘက်ဒေသကို တိုက်ခိုက်တဲ့ကိစ္စက ကျရှုံးသွားခဲ့ပြီလို့ပဲ သတ်မှတ်ရတော့မယ်.. ဘာပဲဖြစ်ဖြစ် ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင်ကို ရှာတွေ့လိုက်တာက အမြတ်ပဲ”
အနက်ရောင်ပုံရိပ်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်ရာ အလင်းတန်း ခုနစ်ခု ထွက်ပေါ်လာခဲ့ပြီး မတူညီသော လမ်းကြောင်းခုနစ်ခု ဆီသို့ ပျံသန်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပဲ အနက်ရောင်ပုံရိပ်သည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ်တစ်စက္ကန့်တွင် အနက်ရောင်ပုံရိပ်သည် ပလ္လင်ရှစ်ခု အစဥ်လိုက် ရှိနေသည့် ခန်းမတစ်ခုထဲတွင် ပေါ်လာခဲ့ပြီး ပလ္လင်တစ်ခု ပေါ်တွင် ဝင်ထိုင်လိုက်သည်။
အနက်ရောင်ပုံရိပ် ပလ္လင်ပေါ် ထိုင်ပြီး မကြာမီမှာပင် ခန်းမထဲ၌ နေရာလွတ် လှိုင်းလုံး ခုနစ်ခု ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး အရှိန်အဝါချင်း တူညီသော ပုံရိပ်ခုနစ်ခုသည် ကျန်ပလ္လင်ခုနစ်ခုပေါ်တွင် ပေါ်လာခဲ့ကြသည်။
“မိုထျန်းယင်.. မင်းဘာလို့ ငါတို့ မဟာနတ်ဆိုးဘုရင်တွေကို ဒီလောက်အထိ အလောတကြီး ဆင့်ခေါ်လိုက်ရတာလဲ”
သာမန်ထွားကျိုင်းပြီး ဦးချိုတစ်ချောင်း ပါရှိသည့် နတ်ဆိုး တစ်ပါးက မိုထျန်းယင်ကို ကြည့်ကာ ခန်းမ၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
ဤနေရာတွင် ရှိနေသည့် ပုံရိပ်ရှစ်ခုသည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင်ရှစ်ပါး ဖြစ်ကြပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အစွမ်းအထက်ဆုံး ဖြစ်သည့် နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ရှစ်ပါး ဆိုလည်းမမှားပေ။
မိုထျန်းယင်က အေးစက်စက် ပြန်ဖြေလိုက်သည်။
“သိပ်မကြာခင်ကပဲ နတ်ဆိုးတားမြစ် နယ်မြေတစ်ခုကို ထိုးဖောက်ပြီး နတ်ကုန်းမြေတိုက်ရဲ့ အရှေ့ပိုင်းဒေသကို ကျူးကျော်ဖို့ ငါကြိုးစားခဲ့တယ်.. ဒီနေ့ ငါမင်းတို့ကို ဒီနေရာမှာ စုဝေးခိုင်းလိုက်တာက ဒီကိစ္စအတွက် ဆွေးနွေးဖို့ပဲ”
“ဒီလိုကိစ္စတွေကို မင်းပဲ အမြဲတမ်း တာဝန်ယူနေကြ မဟုတ်လား.. ဘာလို့ငါတို့ကို ဆွေးနွေးဖို့ခေါ်နေသေးတာလဲ”
နောက်ထပ် မဟာနတ်ဆိုးဘုရင် တစ်ပါးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် မိုထျန်းယင်က လေးနက်စွာ ပြောဆိုလိုက်၏။
“အဲဒီလိုမဟုတ်ဘူး အရှေ့ဘက်ဒေသကို တိုက်ခိုက်တဲ့နတ်ဆိုးတွေ အားလုံး ချေမှုန်းခံလိုက်ရပြီ”
“ဘာလဲ မင်းရဲ့ကျူးကျော်မှုက အလုပ်မဖြစ်တဲ့ အတွက် နတ်ကုန်းမြေတိုက် တစ်ခုလုံးကို အင်အားအပြည့်နဲ့ တိုက်ခိုက်ဖို့ စီစဥ်တော့ မလို့လား”
“နတ်ကုန်းမြေတိုက်ကို အင်အားအပြည့်နဲ့တိုက်ခိုက်ဖို့က မလွဲမသွေ လုပ်ရမဲ့ကိစ္စပဲ”
“မိုထျန်းယင် မင်းရူးသွားပြီလား.. အခုငါတို့တွေက နတ်ဘုရားနယ်မြေက နတ်ဘုရင်တွေရဲ့ ထိန်းချုပ်မှုကို ခံထားရလို့ အလွယ်တကူ မလှုပ်ရှားနိုင်ဘူး ဆိုတာ မင်းလည်း သိနေတာပဲ မင်းဒီတစ်ကြိမ် သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးကို စေလွှတ်လိုက်တာတောင် အားလုံးရှုံးနိမ့်ပြီး ပြန်လာခဲ့ကြတာကို ကြည့်ရင် နတ်ကုန်းမြေတိုက်က ကိုင်တွယ်ရ မလွယ်ကူဘူး ဆိုတာ သိသာနေတာပဲ"
"တကယ်လို့ မင်းက အခြေအနေကို နားမလည်ဘဲ အင်အားအပြည့်အဝနဲ့ တိုက်ခိုက်မယ်ဆိုရင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု အတွက် ဘာအကျိုးကျေးဇူးမှ ရလာမှာမဟုတ်ဘူး”
မျက်လုံးသုံးလုံး ပါသည့် မဟာနတ်ဆိုးဘုရင် တစ်ပါးက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
“ငါ ဒီနေရာဆီ မင်းတို့ကို ဆင့်ခေါ်လိုက်မှတော့ နတ်ကုန်းမြေတိုက်ကို တိုက်ခိုက်ဖို့ ခိုင်လုံတဲ့အကြောင်းပြချက် ရှိနေလို့ပေါ့ကွ”
ထိုစကားကိုပြောနေစဥ် မိုထျန်းယင်၏ မျက်ဝန်းများသည် လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် သူက လေးနက်သော လေသံဖြင့် ပြောလိုက်၏။
“သိပ်မကြာခင်ကပဲ ငါ့ရဲ့ ပုံရိပ်ယောင် တစ်ခုက နေရာလွတ်ကို ဖြတ်သန်းပြီး အင်မော်တယ်ကျောက်တိုင်ကို ရှာတွေ့ခဲ့ပြီ.. ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင်က နတ်ကုန်းမြေတိုက်မှာ ပေါ်လာခဲ့ပြီ”
မိုထျန်းယင်၏ စကားကိုကြားလျှင် ခန်းမထဲတွင် ရှိသည့် မဟာနတ်ဆိုးဘုရင် ခုနစ်ပါး၏ မျက်နှာ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
သူတို့၏ အကြည့်အားလုံးသည် မိုထျန်းယင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့၏။
ဦးချိုတစ်ချောင်း ပါသည့် ခန္ဓာကိုယ် ထွားကျိုင်းသော မဟာနတ်ဆိုးဘုရင်သည် မိုထျန်းယင်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
သူ၏ အသက်ရှူနှုန်းသည်ပင် တစ်ခဏအတွင်း မြန်ဆန်လာခဲ့သည်။
“မိုထျန်းယင် ဒါတကယ်ပဲလား.. အင်မော်တယ်ကျောက်တိုင်က တကယ်ပဲ နတ်ကုန်းမြေတိုက်မှာ ပေါ်လာတာလား”
အခန်း(၂၃၀၈)ပြီး၏။