← Chapters

အခန်း (၂၃၀၉-၂၃၁၀)

Vol. 171 Ch. 2309-2310

အခန်း (၂၃၀၉-၂၃၁၀)

Vol. 171 Ch. 2309-2310

အခန်း(၂၃၀၉)

မိုထျန်းယင်က သေချာသော အမူအရာဖြင့် ပြောလိုက်သည်။

“အင်မော်တယ်ကျောက်တိုင်ကို ငါကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာပဲ.. ဘယ်လိုမှ အတု မဖြစ်နိုင်ဘူး”

ထိုစကားကိုကြားလျှင် မဟာနတ်ဆိုးဘုရင် အားလုံးသည် စိတ်အား ထက်သန်သွားခဲ့သည်။

“ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင် ထွက်ပေါ်လာပြီ ဆိုမှတော့ နတ်ကုန်းမြေတိုက်ကို အင်အားအပြည့်အဝနဲ့ တိုက်ခိုက်ဖို့က မလွဲမသွေ လုပ်ဆောင်ရမဲ့ကိစ္စပဲ”

“အမှန်ပဲ.. ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင်မှာ အင်မော်တယ်တစ်ပါး ဖြစ်လာစေမဲ့ လျှို့ဝှက်ချက်ရှိတယ်.. အဲဒီအချိန်တုန်းက အစွမ်းထက် ကျင့်ကြံသူတွေ အားလုံး အင်မော်တယ်ကျောက်တိုင် အတွက် တိုက်ခိုက်ခဲ့ကြတယ်"

"ငါတို့ အင်မော်တယ် ကျောက်တိုင်ကို မဖြစ်မနေ ရအောင်ယူရမယ်.. အချိန်ဆွဲမနေဘဲ နတ်ကုန်းမြေတိုက်ကို အင်အား အပြည့်အဝနဲ့တိုက်ခိုက်ဖို့ ချက်ချင်းပဲ အမိန့်ပေးလိုက်ပါ”

“...........”

ထိုအချိန်တွင် အမြဲတစေ သတိကြီးစွာ ထားတတ်သည့် မျက်လုံးသုံးလုံးနှင့် မဟာနတ်ဆိုးဘုရင်သည် မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

“အားလုံးပဲ အင်မော်တယ် ကျောက်တိုင်က အရေးကြီးတယ်ဆိုပေမဲ့လည်း နတ်ကုန်းမြေတိုက်ကို အင်အား အပြည့်အဝနဲ့ တိုက်ခိုက်ဖို့တော့ ငါသဘောမတူဘူး.. အရှင်နတ်ဆိုးဧကရာဇ်နိုးလာမှပဲ ဒီကိစ္စကို ဆွေးနွေးကြရင် မကောင်းဘူးလား”

ထိုနှစ်က နတ်ဘုရားနယ်မြေကို ကျူးကျော်ရာတွင် ကျရှုံးပြီးကတည်းကပင် သူတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် နတ်ဆိုးဧကရာဇ်အဆင့်ရှိ ပုဂ္ဂိုလ်မျိုးကို မမွေးထုတ်နိုင်ခဲ့ပေ။

ဤခေတ်ကာလသို့ ရောက်မှသာ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် နတ်ဆိုးဧကရာဇ် တစ်ပါးကို အဆုံးသတ်တွင် မွေးဖွားနိုင်ခဲ့သည်။

ယခုအခါတွင် နတ်ဆိုးဧကရာဇ်သည် အဆင့်တက်ရန် အတွက် အရေးကြီးသော ကာလတစ်ခုတွင် ရှိနေခဲ့၏။

အဆင့်တက်သွားသည်နှင့်အမျှ နတ်ဆိုးဧကရာဇ်သည် နဝမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားမည် ဖြစ်သည်။

ထိုအဆင့်သည် ကျင့်ကြံခြင်း စကြဝဠာ၏ ကပ်ဘေးအဆင့်ထက်ပင် ကျော်လွန်သည့် မဟာယာနအဆင့် ဖြစ်ပြီး နတ်ဘုရားနယ်မြေ၏ အုပ်စိုးသူအဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဥ်နိုင်သော အဆင့်လည်း ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် နတ်ဆိုးဧကရာဇ်သည် အုပ်စိုးသူအဆင့် ကျင့်ကြံသူ မရှိတော့သည့် နတ်ကုန်းမြေတိုက်ကို တိုက်ခိုက်သိမ်းပိုက်ရန်မှာ လွယ်ကူသွားလိမ့်မည် မဟုတ်ပါလော။

သို့သော်လည်း ယခုအချိန်တွင်မူ သူတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ ခွန်အားသည် နတ်ဘုရားနယ်မြေထက် များစွာ သာလွန်မနေခဲ့ပေ။

အကယ်၍သာ အဆင်အခြင်မဲ့ တိုက်ခိုက်မည်ဆိုလျှင် ထပ်မံရှုံးနိမ့်ရန် အလားအလာ အလွန်ပင် မြင့်မား၏။

နတ်ကုန်းမြေတိုက်ကို အောင်မြင်စွာ ကျူးကျော်နိုင်ခဲ့လျှင်ပင် အလွန်ကြီးမားစွာ ပေးဆပ်ရလိမ့်မည် ဖြစ်၏။

“နတ်ဆိုးဧကရာဇ် နိုးထလာမဲ့အချိန်ကို စောင့်ဆိုင်းတာက အန္တရာယ်အကင်းဆုံး ဆိုပေမဲ့လည်း အချိန်နှောင့်နှေးနေရင် အင်မော်တယ်ကျောက်တိုင်နဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ ရှိလာနိုင်တယ်.. အင်မော်တယ်ကျောက်တိုင် အတွက် ငါတို့ ဆုံးဖြတ်ချက်ကို အခုပဲ ချမှဖြစ်မယ်”

မိုထျန်းယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ဒါဆိုလည်း ငါတို့ရဲ့ စည်းမျဥ်းအတိုင်းပဲ ဒီကိစ္စအတွက် မဲပေးကြစို့”

“နတ်ကုန်းမြေတိုက်ကို ချက်ချင်းတိုက်ခိုက်ဖို့ အတွက် ငါသဘောတူတယ်”

“ငါလည်း သဘောတူတယ်”

“.............”

မျက်တောင်တစ်ခတ်အတွင်းမှာပင် မျက်လုံးသုံးလုံးနှင့် မဟာနတ်ဆိုးဘုရင်မှ လွဲ၍ ကျန် မဟာနတ်ဆိုးဘုရင် ခြောက်ပါးစလုံးသည် မိုထျန်းယင်၏ ဆုံးဖြတ်ချက်ကို သဘောတူခဲ့ကြသည်။

ထိုမြင်ကွင်းကိုမြင်လျှင် မျက်လုံးသုံးလုံးနှင့် မဟာနတ်ဆိုးဘုရင်သည် စိတ်ထဲတွင်သာ သက်ပြင်းချလိုက်၏။

ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင်၏ ဆွဲဆောင်မှုသည် အလွန်တရာပင် ကြီးမားလှသည်။

ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု၏ အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်သော မဟာနတ်ဆိုးဘုရင်များ ပင်လျှင် အင်မော်တယ်ကျောက်တိုင် ထွက်ပေါ်လာမှုကြောင့် စိတ်လှုပ်ရှားနေခဲ့ကြပြီ မဟုတ်ပါလော။

“ဒါဆိုလည်း ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံတွေ အားလုံးရဲ့ စည်းတံဆိပ်ကို ချက်ချင်း ချိုးဖျက်ပြီး နတ်ကုန်းမြေတိုက်ကို ကျူးကျော်ဖို့ အခုပဲ အမိန့်ထုတ်လိုက်တော့မယ်”

မိုထျန်းယင်က ထပ်မံ၍ တုံ့ဆိုင်းမနေဘဲ တိုက်ရိုက်ပင် ဆုံးဖြတ်ချက် ချလိုက်သည်။

ထိုအချိန်တွင် မဟာနတ်ဆိုးဘုရင် တစ်ဦးက မိုထျန်းယင်ကို မေးလိုက်၏။

“စစ်မိစ္ဆာမဟာမိတ်အဖွဲ့က ကောင်တွေကို ဘယ်လိုလုပ်မလဲ”

“လောလောဆယ်တော့ သူတို့ကို ဂရုစိုက်မနေနဲ့ ငါတို့ မလှုပ်ရှားသရွေ့ စစ်မိစ္ဆာမြို့မှာရှိတဲ့ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူတွေ အားလုံး အဆင်အခြင်မဲ့ လှုပ်ရှားရဲမှာ မဟုတ်ဘူး”

မိုထျန်းယင်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“တကယ်လို့ သူတို့ လှုပ်ရှားရဲရင် အဲဒီအချိန်က နတ်ကုန်းမြေတိုက်ကို ငါတို့အားလုံး သွားတိုက်ရမဲ့အချိန်ပဲ”

-------------------

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင် ရှစ်ပါးက နတ်ကုန်းမြေတိုက်ကို တိုက်ခိုက်ရန် ဆွေးနွေးနေသောအချိန်တွင် ကျန်းချန်သည် ချင်းလွမ် မျိုးနွယ်စုကနေ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု ဆီသို့ ပြန်လာခဲ့သည်။

“ကျန်းချန်.. မင်းဘာလို့ ဒီလောက်မြန်မြန် ပြန်ရောက်လာရတာလဲ”

သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ကျီရွမ်ရီသည် သံသယဖြင့် မေးလိုက်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြန်ဖြေလိုက်သည်။

“အရှေ့ဘက်ဒေသကို ကျူးကျော်လာတဲ့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ပြဿနာကို ဖြေရှင်းပြီးသွားပြီ ဆိုတော့ ပြန်လာရတာပေါ့”

“ဒီလောက်အထိ မြန်မြန် ဖြေရှင်းပြီးသွားတာလား”

ကျန်းချန်သည် လူသားဧကရာဇ်နန်းတော်၏ နံပါတ်တစ် ပါရမီရှင် ကျန်းရွမ်ကို ဖိနှိပ်ကာ လူသားဧကရာဇ်နန်းတော်၏ နန်းလျာ ဖြစ်လာခဲ့မှန်း သိထားသော်လည်း ကျီရွမ်ရီသည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ရသည်။

ယခု တစ်ကြိမ် အရှေ့ဘက်ဒေသကို ကျူးကျော်လာသည့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွင် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များ ဆယ်ယောက်ထက် မနည်းပေ။

ထိုအထဲတွင် အစွမ်းအထက်ဆုံးမှာ သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဖြစ်၏။

ဤမျှအထိ အစွမ်းထက်သော အင်အားကို ကျန်းချန်သည် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ခဲ့သည်မှာ လွန်လွန်းရာ ကျနေသည် မဟုတ်ပါလော။

“ခေါင်း‌ဆောင်ကျီ.. အရှေ့ဘက်ဒေသရဲ့ အကျပ်အတည်းကို ဖြေရှင်းပြီးသွားပြီ ဆိုတော့ ကျွန်တော် အလယ်ပိုင်းဒေသကို ပြန်လိုက်ဦးမယ်.. ခေါင်းဆောင်ကျီတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက မူလကတည်းက လူသားဧကရာဇ် နန်းတော်ရဲ့ အဖွဲ့ဝင်တွေပဲ ဆိုတော့ ခေါင်း‌ဆောင်ကျီတို့ ဆန္ဒရှိသရွေ့ လူသားဧကရာဇ်နန်းတော်ဆီ ပြန်လာလို့ရပါတယ်”

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ကျွန်တော်ရှိနေသရွေ့ လူသားဧကရာဇ်နန်းတော်ထဲက ဘယ်သူမှ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို မထိပါးစေရဘူး”

“ကောင်းပြီ ဒါဆို မင်းအမေ ဘိုးဘွားနယ်မြေက ထွက်လာတာနဲ့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက လူသားဧကရာဇ်နန်းတော်ဆီ ပြန်လာခဲ့ပါ့မယ်”

ကျန်းချန်ထံမှ စကားကို ကြားလျှင် ကျီရွမ်ရီ၏ မျက်ဝန်းထဲ၌ အလွန်တရာပင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ နှစ်ပေါင်းသန်းချီ ကြိုးစားအားထုတ်မှုများသည် အဆုံးသတ်တွင် အလဟဿမဖြစ်ခဲ့ဘဲ ယခုဆိုလျှင် လူသားဧကရာဇ်နန်းတော်သို့ပင် ပြန်နိုင်တော့မည် မဟုတ်ပါလား။

ကျီရွမ်ရီနှင့် ခဏမျှ စကားပြောဆိုပြီးနောက်တွင် ကျန်းချန်သည် ကူရွှယ်သောင်းကို သွားရောက် ရှာဖွေခဲ့ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကိုလည်း အလယ်ပိုင်းဒေသသို့ ပြောင်းရွှေ့ရန် တောင်းဆိုခဲ့သည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက်တွင် ကျန်းချန်သည် အရှေ့ဘက်ဒေသတွင် ဆက်လက် မနေတော့ဘဲ အလယ်ပိုင်းဒေသသို့ ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ အရှေ့ဘက်ဒေသမှ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု ပြဿနာသည် အစသာလျှင် ရှိနေသေးသည်။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် သိပ်မကြာမီ ကာလအတွင်း နတ်ကုန်းမြေတိုက်သည် အတိတ်ကာလက ကဲ့သို့ပင် ဟင်လင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ဘက်ပေါင်းစုံကနေ ကျူးကျော်မှုကို ရင်ဆိုင်ရပေတော့မည်။

ထိုမတိုင်မီ သူက လူသားဧကရာဇ်နန်းတော်မှ သူ့ကို ဆန့်ကျင်နေသော အင်အားစုများကို ဖြေရှင်းရမည် ဖြစ်ပြီး လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံကာ လူသားဧကရာဇ်နန်းတော်ကို အပြည့်အဝ ထိန်းချုပ်ရမည် ဖြစ်၏။

သို့မဟုတ်လျှင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက နတ်ကုန်းမြေတိုက်ဆီ အင်အား အလုံးအရင်းဖြင့် ဆင်းသက်လာသောအခါတွင် သူက ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုနှင့် မည်ကဲ့သို့ ယှဥ်ပြိုင်ရပါမည်နည်း။

------------------

ပြာလဲ့လဲ့ ကောင်းကင်ယံထက်တွင် ကျန်းချန်သည် လက်နှစ်ဖက်ကို ဟန်ပါပါနောက်ပစ်ကာ အလယ်ပိုင်းဒေသ ဆီသို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။

ထိုအခိုက်အတန့်တွင် ကျန်းချန်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားခဲ့၏။

သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ရှေးဟောင်း ကျောက်စိမ်းပြား တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင်မူ ကျန်းဝူရ၏ ပုံရိပ်ယောင်သည် ရှေးဟောင်းကျောက်စိမ်းတံဆိပ်ပြား ထဲကနေ ထွက်ပေါ်လာခဲ့၏။

ဤရှေးဟောင်း ကျောက်စိမ်းတံဆိပ်ပြားကို ကျန်းဝူရက ကျန်းချန်အား ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး တံဆိပ်ပြားထဲတွင် ကျန်းဝူရ၏ ဝိညာဥ်အသိစိတ်ကို ထည့်သွင်းထားသောကြောင့် ကျန်းချန်နှင့် အချိန်မရွေး ဆက်သွယ်နိုင်စွမ်း ရှိသည်။

“အဖေ.. သားကို ရုတ်တရက် အလောတကြီး ဆက်သွယ်လိုက်တာဆိုတော့ လူသားဧကရာဇ်နန်းတော်မှာ တစ်ခုခုအပြောင်းအလဲ ရှိလို့လား”

ကျန်းဝူရ၏ ပုံရိပ်ယောင်ကို ကြည့်ရင်း ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ မေးလိုက်သည်။

“ဟုတ်တယ် ချန်အာ.. သိပ်မကြာခင်ကပဲ လူသားဧကရာဇ်မြို့တော်က နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူ သုံးယောက်ရဲ့ အရှိန်အဝါတွေ ပျောက်ကွယ်သွားခဲ့တယ်.. ငါခန့်မှန်းတာမမှားဘူးဆိုရင် ဒီသုံးယောက်က မင်းဆီကို လာနေကြတာ သေချာသလောက်ပဲ.. ချန်အာ မင်းအခုဘယ်မှာလဲဆိုတာ ငါ့ကို ပြောပါ.. ငါ အခုချက်ချင်း မင်းဆီ လာခဲ့မယ်”

ကျန်းဝူရ၏ မျက်နှာက အလွန်တရာပင် လေးနက်နေခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းရည်က ထူးခြားပြီး နတ်ဘုရင်သတ္တမအဆင့်နှင့်ပင် ယှဥ်နိုင်သော စွမ်းရည် ရှိသော်လည်း နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူ သုံးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ရန်မှာ အလွန်ပင် အန္တရာယ်များလှသည် မဟုတ်ပါလား။

“အဖေ. ဒီသုံးယောက်က သားဆီကို တကယ်ပဲ လာနေတယ်ဆိုရင် သူတို့တွေ သေချာပြင်ဆင်ပြီးမှ လာကြမှာပဲ.. သားရဲ့ ခန့်မှန်းချက်သာ မမှားဘူး ဆိုရင် အဖေ့အနေနဲ့ အခုအချိန်မှာ လူသားဧကရာဇ်နန်းတော်ကနေ ထွက်လာဖို့ မလွယ်လောက်ဘူး”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူသုံးယောက်က နည်းနည်းတော့ ကိုင်တွယ်ရ ခက်ခဲပေမဲ့လည်း သားကို အနိုင်ယူနိုင်မှာတော့ မဟုတ်ဘူး”

“ချန်အာ.. လူသားဧကရာဇ်နန်းတော်ရဲ့ နတ်ဘုရင် သတ္တမအဆင့် အဘိုးကြီးတွေက မင်းထင်သလောက် မရိုးရှင်းဘူး.. မင်း လုံးဝပေါ့ဆလို့မဖြစ်ဘူး”

ကျန်းဝူရက အလျင်အမြန်ပင် သတိပေးလိုက်သည်။

“သားနားလည်ပါတယ်.. အဖေ စိတ်ချပါ”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ကျန်းဝူရနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်ကာ ကြယ်တာရာမြစ်ဘက် ဆီသို့ တိုက်ရိုက်ပင် လှမ်းကြည့်လိုက်သည်။

အကယ်၍ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ သုံးယောက်သည် သူ့ကို လမ်းခုလတ်တွင် လုပ်ကြံချင်သည်ဆိုလျှင် အရှေ့ဘက်ဒေသနှင့် အလယ်ပိုင်းဒေသကို ပိုင်းခြားထားသော တားမြစ်နယ်မြေ ဖြစ်သည့် ကြယ်တာရာမြစ်သည် သေချာပေါက် အကောင်းမွန်ဆုံး နေရာတစ်ခုပင် မဟုတ်ပါလား။

အခန်း(၂၃၀၉)ပြီး၏။

အခန်း(၂၃၁၀)

အရှေ့ဘက်ဒေသနှင့် အလယ်ပိုင်းဒေသကြားတွင် ကြီးမားသော မြစ်ကြီးတစ်စင်းသည် အဆက်မပြတ် စီးဆင်းနေခဲ့သည်။

ထိုနေရာသည် အရှေ့ဘက်ဒေသနှင့် အလယ်ပိုင်းဒေသတို့၏ နယ်နိမိတ်မျဥ်း ဖြစ်သလို နတ်ကုန်းမြေတိုက်၏ ကျော်ကြားသော တားမြစ်နယ်မြေ ဖြစ်သည့် ကြယ်တာရာမြစ်လည်းဖြစ်သည်။

ကြယ်တာရာမြစ်၏ ဧရိယာသည် အလွန်အမင်း အန္တရာယ်များပြီး နတ်ဘုရင်အဆင့် ကျင့်ကြံသူ မဟုတ်လျှင် မဝင်ရောက်နိုင်ပေ။

သာမန် နတ်ဘုရင်အဆင့် ကျင့်ကြံသူပင်လျှင် ကြယ်တာရာမြစ်၏ ဧရိယာအတွင်း ဝင်ရောက်မိလျှင် အသက်ဆုံးရှုံးနိုင်သည့် အန္တရာယ် ရှိ၏။

သို့သော်လည်း နတ်ဘုရင်သတ္တမအဆင့် ကဲ့သို့ ကျင့်ကြံသူများအတွက်မူ ကြယ်တာရာမြစ် ကဲ့သို့ အန္တရာယ်ရှိသော ပတ်ဝန်းကျင်သည် ဘာမှမဟုတ်ပေ။

ဤအခိုက်အတန့်တွင် ကြယ်တာရာမြစ်၏ အထက်ရှိ လေထုထဲတွင် ပုံရိပ်သုံးခုသည် တိတ်တဆိတ် ပုန်းကွယ်နေကြသည်။

ထိုပုံရိပ်သုံးခုသည် အခြားသူများ မဟုတ်ဘဲ လူသားဧကရာဇ်စစ်ဆေးပွဲတွင် ကြီးကြပ်ခဲ့ကြသည့် ကျန်းထျန်းကျွင်းတို့ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူသုံးဦးပင် ဖြစ်သည်။

“ကျန်းထျန်းကျွင်း.. ငါတို့ တကယ်ပဲ ဒီနေရာမှာ ကျန်းချန်ကို ကြားဖြတ်တိုက်ခိုက်မှာလား.. ငါတို့ လှုပ်ရှားလိုက်တာနဲ့ နောက်ပြန်လှည့်လို့ မရတော့ဘူးနော်”

ရဲ့မျိုးနွယ်စုမှ နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူက တုံ့ဆိုင်းစွာ ပြောလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ဖြစ်စဥ်တွင် ရဲ့မျိုးနွယ်စုသည် ပါဝင်ပတ်သက်ခဲ့သော်လည်း သူကိုယ်တိုင်ကမူ ပါဝင်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့် ရဲ့မျိုးနွယ်စုမှ နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူသည် ထိုပြဿနာထဲသို့ ဝင်ရောက်ရန် ဆန္ဒမရှိ ဖြစ်နေခဲ့သည်။

အကယ်၍ ကျန်းချန်ကို ကြားဖြတ်တိုက်ခိုက်ခြင်းသည် အောင်မြင်ခဲ့လျှင် ကိစ္စ မရှိသော်လည်း ကျရှုံးသွားခဲ့လျှင်မူ အကျိုးဆက်များသည် မှန်းဆ၍ပင် မရပေ။

“အဲဒီကောင်က လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက ပါရမီရှင်ရဲ့ မျိုးဆက်ပဲ.. ဒီနေ့ သူ့ကို မရှင်းလင်းနိုင်ဘူးဆိုရင် သူ လူသားဧကရာဇ်ဖြစ်လာမှာကို ဘယ်သူမှာ တားဆီးနိုင်တော့မှာ မဟုတ်ဘူး.. သူသာ လူသားဧကရာဇ်ဖြစ်လာပြီး အတိတ်ကဖြစ်ရပ်တွေကို ပြန်လည် ဖော်ထုတ်ခဲ့ရင် ငါတို့အနေနဲ့ အဆုံးသတ် လုံးဝ မကောင်းနိုင်ဘူး”

ကျန်းထျန်းကျွင်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“စိတ်မပူပါနဲ့.. အဲဒီကောင်လေးက အရမ်းသန်မာတယ် ဆိုပေမဲ့ ငါတို့သုံးယောက် ပူးပေါင်းလိုက်ရင်တော့ သူဘယ်လိုမှ ယှဥ်နိုင်မှာ မဟုတ်ဘူး”

“ငါတို့ သုံးယောက် လူသားဧကရာဇ်မြို့တော်ကနေ ထွက်လာတာကို ကျန်းဝူရ သိမှာသေချာတယ်.. ကျန်းဝူရ လိုက်လာရင် ဘယ်လိုလုပ်မလဲ”

ထိုအချိန်တွင် ကျီမျိုးနွယ်စုမှ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူက လေးနက်စွာ ပြောလိုက်သည်။

ထိုအချိန်က လူသားဧကရာဇ်နန်းလျာကို ဝိုင်းဝန်း လုပ်ကြံခဲ့ကြသည့် တရားခံထဲတွင် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုသည်လည်း ပါဝင်ခဲ့သည်။

အထူးသဖြင့် သူက ထိုဖြစ်ရပ်၏ တရားခံများထဲမှ တစ်ဦးဖြစ်၍ ကျန်းချန်နှင့် အဆင်ပြေရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

ယခု သူလုပ်နိုင်သည့် တစ်ခုတည်း‌သောအရာမှာ ကျန်းချန်ကို ဤနေရာ၌ ကြားဖြတ်တားဆီးကာ ရှင်းလင်းရန်ပင် ဖြစ်သည်။

သို့မှသာ လူသားဧကရာဇ် အရိုက်အရာကို ကျန်းချန် ဆက်ခံနိုင်မည့် အခွင့်အရေးအား တားဆီးနိုင်လိမ့်မည် မဟုတ်ပါလား။

“ဒီကိစ္စကို ငါစဥ်းစားထားပြီးသားပါ.. လူသားဧကရာဇ်မြို့တော်မှာ ကတည်းက ငါ အားလုံးစီစဥ်ထားပြီးပြီ.. ကျန်းဝူရအနေနဲ့ လူသားဧကရာဇ်မြို့ကနေ ထွက်လာဖို့ ဘယ်လိုမှ အခွင့်အရေးရှိမှာ မဟုတ်ဘူး”

ကျန်းထျန်းကျွင်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

“ဒ့ါအပြင် မင်းတို့နှစ်ယောက် ကျန်းချန်နဲ့ ပတ်သက်ပြီး ဘာမှ စိတ်မပူနဲ့.. ဒီတစ်ကြိမ် ငါကျန်းမျိုးနွယ်စုရဲ့ နတ်ဘုရားတားမြစ်ဓားကို ယူလာခဲ့တယ်.. ဒီဓားက အဲဒီကောင်လေးရဲ့ စွမ်းရည်ကို ကန့်သတ်နိုင်တဲ့အတွက် ငါတို့ သူ့ကို အလွယ်လေး သတ်နိုင်လိမ့်မယ်”

ကျန်းထျန်းကျွင်းက ကျန်းဝူရ လိုက်လာ၍ မရစေရန် အစီအစဥ်များ ပြုလုပ်ထားရုံတင်မက နတ်ဘုရား တားမြစ်ဓားကိုသာ ယူလာသည်ဟု ကြားလိုက်ရလျှင် ကျီမျိုးနွယ်စုမှ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူသည် စိတ်အေးသွားခဲ့သည်။

ယခုအခါတွင် သူတို့သည် ပြီးပြည့်စုံသော အစီအစဥ်ကို ပြုလုပ်ထားခဲ့ရာ ကျန်းချန်သာ ပေါ်လာရဲလျှင် မုချ သေရလိမ့်မည် မဟုတ်ပါလား။

--------------------

ကောင်းကင်ယံထက်တွင် ပျံသန်းရင်း သိပ်မကြာခင်မှာပင် ကျန်းချန်သည် ကြယ်တာရာမြစ်၏ ဧရိယာ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက်တွင် သူက ကြယ်တာရာမြစ်၏ ဧရိယာ ဆီသို့ တိုက်ရိုက်ပင် လှမ်းဝင်လိုက်၏။

ကျန်းချန်၏ လက်ရှိ အစွမ်းဖြင့်ဆိုလျှင် ကြယ်တာရာမြစ်အထက်ရှိ လေပြင်းများသည် သူ့အပေါ်တွင် မည်သည့်သက်ရောက်မှုမှ ရှိမနေခဲ့ပေ။

သူက ကြယ်တာရာမြစ်၏ အထက်ကောင်းကင်ယံကနေ အေးအေးလူလူ လျှောက်လှမ်းနေခဲ့သည်။

ထိုသို့ လျှောက်လှမ်းရင်း ကျန်းချန်သည် သူ၏ ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး လေထု တစ်နေရာသို့ စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“ကျန်းထျန်းကျွင်း.. မင်းရောက်နေမှတော့ ဘာလို့ ထွက်မလာသေးတာလဲ”

ကျန်းချန်၏ စကားသံ ဆုံးသည်နှင့် ပုံရိပ်သုံးခုသည် လေထုထဲကနေ ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်သုံးခုမှာ လူသားဧကရာဇ် စစ်ဆေးပွဲတွင် ကြီးကြပ်ခဲ့ကြသည့် ကျန်းထျန်းကျွင်းတို့ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ သုံးဦးပင် ဖြစ်သည်။

သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် ကျန်းထျန်းကျွင်းတို့ သုံးယောက်ကို ကြည့်ပြီး ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာခဲ့၏။

“မင်းတို့တွေ ငါ့ကို ဒီလောက်ထိ သတ်ချင်နေကြတာလား”

ကျန်းထျန်းကျွင်း၏ မျက်ဝန်းများက အလွန်တရာပင် အေးစက်နေခဲ့သည်။

“မင်းကို မသတ်ရင် မင်း လူသားဧကရာဇ် ဖြစ်လာပြီး ငါတို့ကို ပြန်သတ်တဲ့အထိ ငါတို့က စောင့်ဆိုင်းနေရမှာလား”

ထိုစကားကိုကြားလျှင် ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

“အခုအချိန်မှာ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို ကျူးကျော်ဖို့ ပြင်ဆင်နေကြပြီ.. ငါအနေနဲ့ အတိတ်က ဖြစ်ရပ်တွေကို ပြန်မဖော်ချင်တော့ဘူး.. မင်းတို့တွေ ဒီနေရာမှာပဲ ရပ်လိုက်မယ် ဆိုရင် အချိန်မီပါသေးတယ်”

“မင်းရဲ့စကားကို ငါတို့ ယုံမယ်များ ထင်နေလား”

ကျန်းထျန်းကျွင်းက ကျန်းချန်ကို လူသတ်ငွေ့လွှမ်းသောအကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။

“အပိုစကားတွေ ပြောမနေနဲ့တော့.. သိပ်မကြာခင် ဒီကြယ်တာရာမြစ်က မင်းရဲ့သင်္ချိုင်း ဖြစ်လာတော့မယ်”

ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ရင်း ကျန်းထျန်းကျွင်းတို့ သုံးယောက်ကို အထက်စီးဆန်စွာ ကြည့်လိုက်သည်။

“ဘာလို့ မင်းတို့တွေက ငါ့ကို သတ်နိုင်မယ်လို့ ဒီလောက်အထိ ယုံကြည်မှု ရှိနေရတာလဲ”

“ငါတို့ ဒီကို လာရဲမှတော့ အပြည့်အဝ ပြင်ဆင်ခဲ့ပြီးသားပဲ.. ဒါကြောင့် မင်းဒီနေ့ သေချာပေါက် သေရလိမ့်မယ်”

ထိုစကားကို ပြောနေစဥ် ကျန်းထျန်းကျွင်းက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ဓားနှင့် ခပ်ဆင်ဆင်တူသော လက်နက်တစ်ခုသည် ကျန်းချန်၏ ဦးခေါင်းထက်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ထိုလက်နက်ကနေ အစီအရင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ပတ်ပတ်လည်ကို လုံးဝ ပိတ်ဆို့ထားလိုက်သည်။

“ကျန်းချန်.. ဒီလက်နက်က ငါတို့ ကျန်းမျိုးနွယ်စုရဲ့ နတ်ဘုရားတားမြစ်ဓားပဲ.. ဒီလက်နက်က နတ်ဘုရင်အဆင့် ကျင့်ကြံသူရဲ့ စွမ်းအားကို ကန့်သတ်နိုင်စွမ်းရှိတယ်.. ဒီလက်နက်ရဲ့ စွမ်းရည်ကြောင့် မင်းရဲ့ စွမ်းအားက အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းလောက် အားနည်းသွားခဲ့ပြီ”

ကျန်းထျန်းကျွင်းက မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

“သေချာရဲ့လား.. ဒါဆိုလည်း စမ်းကြည့်လိုက်လေ”

ကျန်းချန်က မျက်ခုံးပင့်ကာ ပြောလိုက်၏။

“နတ်ဘုရားတားမြစ်ဓားရဲ့ စွမ်းအားကန့်သတ်မှုအောက်မှာ မင်း ငါတို့ကို ဘယ်လိုယှဥ်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”

နတ်ဘုရားတားမြစ်ဓားပေါ်တွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူများကို ဖိနှိပ်နိုင်သည့် ဆန်းကြယ်သော စွမ်းအင်တစ်ခု ရှိနေမှန်း ကျန်းချန် ခံစားမိခဲ့သည်။

သို့ရာတွင် အပြာရောင်ဧကရာဇ်သက်ရှည် ကျင့်စဥ်ကို ကျင့်ကြံခဲ့စဥ်က စ၍ ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရင် စွမ်းအားများသည် အင်မော်တယ် ကျင့်စဥ်ဖြင့် သန့်စင်ခြင်းခံထားရပြီဖြစ်ရာ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများသည် သာမန် စွမ်းအားများ မဟုတ်တော့ပေ။

သို့ဖြစ်၍ သူ့အပေါ်တွင် နတ်ဘုရားတားမြစ်ဓား၏ သက်ရောက်မှုသည် လုံးဝ မရှိသလောက်ပင်။

ကျန်းထျန်းကျွင်းက ချက်ချင်း မလှုပ်ရှားသေးဘဲ ကျန်းချန်၏ အခြေအနေကို အကဲခတ်နေခဲ့သည်။

ကျန်းချန်သည် ကျန်းရွမ်ကိုပင် ယှဥ်နိုင်ခဲ့သဖြင့် ကိုင်တွယ်ရမလွယ်ကူမှန်း သူကောင်းစွာ သိသည်။

ကျန်းချန်အနေဖြင့် နတ်ဘုရားတားမြစ်ဓား၏ အစီအရင်အတွင်း အချိန်ကြာကြာ ရှိလေလေ ပို၍ ဖိနှိပ်ခံရလေလေ ဖြစ်ရာ သူ့အနေဖြင့် ယခု လုပ်ဆောင်မည်ရမှာ အချိန်ဆွဲဖို့သာ ဖြစ်သည်။

အချိန်ကြာလေလေ အခြေအနေက သူတို့ဘက်တွင် ပိုအလေးသာလေလေ မဟုတ်ပါလော။

ကျန်းချန်က ကျန်းထျန်းကျွင်း၏ အကြံအစည်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် သိသော်လည်း ဂရုစိုက်မနေခဲ့ပေ။

သူ၏ အကြည့်က ကျီမျိုးနွယ်စုမှ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ ဆီသို့ ရောက်ရှိသွားခဲ့သည်။

“မင်းက ကျီထုံဟွာ မဟုတ်လား.. လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက ဖြစ်စဥ်ရဲ့ အဓိကတရားခံတွေ ထဲမှာ မင်းလည်း ပါတယ်လို့ ငါကြားထားတယ်”

“အဲဒီတော့ ဘာဖြစ်လဲ”

ကျီမျိုးနွယ်စု၏ နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူက ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်သည်။

“ငါက အဓိကတရားခံတွေ ထဲက တစ်ယောက် ဖြစ်နေလည်း ဒီနေ့က မင်းရဲ့ သေနေ့ပဲ ကောင်လေး”

ကျီထုံဟွာ စကားပြောဆိုနေစဥ်မှာပင် ကျန်းချန်သည် လက်ဟန်များ ပြုလုပ်လိုက်ပြီး ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ဖြင့် ကျီထုံဟွာကို တိုက်ခိုက်လိုက်သည်။

ထိုစည်းတံဆိပ်သည် ကျီထံဟွာကို တုံ့ပြန်ရန်ပင် အခွင့်အရေး လုံးဝ မပေးခဲ့ပေ။

“ဝုန်း..”

စည်းတံဆိပ်က ကျီထုံဟွာ၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့ပြီး ခန္ဓာကိုယ်ကနေ ရွှေရောင်နတ်ဘုရားသွေးများ ပန်းထွက်လာခဲ့ကာ ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ကျီထုံဟွာ၏ ခန္ဓာကိုယ်သည်လည်း တစ်ခဏ အတွင်းမှာပင် မိုင်ပေါင်းဆယ်ချီ လွင့်စင်သွားခဲ့ပြီး လမ်းတစ်လျှောက်ရှိ နေရာလွတ်ကို ကြီးမားသော နေရာလွတ် အက်ကြောင်းကြီး ဖြစ်သွားစေခဲ့သည်။

“နတ်ဘုရင်သတ္တမအဆင့် အစောပိုင်း ကျင့်ကြံမှုလောက်နဲ့ ငါ့ကိုသတ်ဖြတ်ဖို့ မင်းဘယ်ကနေ သတ္တိတွေရလာတာလဲ ဆိုတာ ငါတကယ် နားမလည်တော့ဘူး”

ကျန်းချန်က တစ်ကွက်တည်းဖြင့်ပင် ကျီထုံဟွာကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။

သူ၏ အမူအရာက အလွန်တရာပင် အေးစက်နေခဲ့၏။

သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်ယံကို အုပ်စိုးသော ဧကရာဇ်တစ်ပါး ကဲ့သို့ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

ကျီထုံဟွာ၏ အဖြစ်ဆိုးကိုမြင်လျှင် ကျန်းထျန်းကျွင်းနှင့် ရဲ့မျိုးနွယ်စုမှ ကျင့်ကြံသူ တို့သည် ချက်ချင်းဆိုသလို ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏။

အခန်း(၂၃၁၀)ပြီး၏။

All Chapters