← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

နိုဝင်ဘာလ၏ ရာသီဥတုမှာ ခန့်မှန်းရခက်လှသည်။ အချို့သူများမှာ ဂွမ်းအနွေးထည်ထူထူကြီးများကို ဝတ်ဆင်ထားကြသော်လည်း အချို့မှာမူ လည်ရှည်ပါးပါးလေးများကိုသာ ဝတ်ဆင်ထားကြသည်။

အညိုရောင် လေကာအင်္ကျီလေးကို ဝတ်ဆင်ထားသည့် လင်းမူတစ်ယောက် အေးစက်စက် ငွေရောင်ထိုင်ခုံပေါ်မှာထိုင်ရင်း ဖုန်းထဲက သတင်းများကို စိတ်ဝင်တစား ဖတ်ရှုနေခဲ့သည်။

သူမဘေးတွင် အဝါရောင် ခရီးဆောင်အိတ်တစ်လုံး ရှိနေပြီး လေးလံမည့်ပုံစံနှင့် အညိုရောင်အဝတ်အိတ်ကြီး တစ်လုံးလည်း ရှိနေပါသေးသည်။ ထိုင်ခုံက အလွန်ကျယ်သဖြင့် ခရီးဆောင်အိတ်ကြီးနှင့် အနက်ရောင် ကျောပိုးအိတ်တစ်လုံးတို့ကို သူမဘေးမှာ ချထားလိုက်သည်။ ဒီလိုထားမှ သူမ ပစ္စည်းတွေကို စိတ်ချနိုင်ပါလိမ့်မည်။

သတင်းများကို ဖတ်ရှုပြီးနောက် လက်မှတ်ဂိတ်ကို လင်းမူ ပျင်းရိပျင်းတွဲ မော့ကြည့်လိုက်ပါသည်။ ဘတ်စ်ကားများကို စနစ်တကျ စီတန်းကာ ရပ်ထားသော်လည်း မည်သည့်ကားမှ ထွက်မည့်ပုံစံ မပေါ်ပေ။

လင်းမူ ဖုန်းထဲက အချိန်ကို ငုံ့ကြည့်လိုက်သည်။ အချိန်ကား ၁၄ နာရီ ၂၀ မိနစ် (နေ့လယ် ၂ နာရီ ၂၀ မိနစ်)။

ဘတ်စ်ကားပေါ်တက်ရန် နာရီဝက်သာ လိုပါတော့သည်။ ထို့ကြောင့် အနက်ရောင်ကျောပိုးအိတ်ထဲမှ ဘတ်စ်ကားလက်မှတ်ကို လင်းမူ ကြိုထုတ်ထားလိုက်သည်။

_ကျန့်ယွီမှ ယိုကျိုးသို့ ခရီးစဉ်_

မြန်နှုန်းမြင့် ရထားလတ်မှတ် သို့မဟုတ် လေယာဉ်လက်မှတ်တို့ကို လင်းမူ မဖြတ်နိုင်ခဲ့သဖြင့် အလှမ်းဝေးကွာသည့် ဘတ်စ်ကားဂိတ်ကိုသာ ပင်ပင်ပန်းပန်း လာခဲ့ရပြီး ငြီးငွေ့စရာကောင်းသည့်လူတွေနှင့်အတူ ဘတ်စ်ကားစီးဖို့ ဆုံးဖြတ်ခဲ့ရပါသည်။

တွေးကြည့်လျှင် ထူးတော့ ထူးဆန်းလှသည်။ နိုဝင်ဘာလဖြစ်သဖြင့် အားလပ်ရက်ဟူသည် မရှိပေ။ နှစ်သစ်ကူးပိတ်ရက်ရောက်ဖို့ အဝေးကြီးလိုသေးသလို စနေ၊ တနင်္ဂနွေပင် မရောက်သေးပေ။ သို့သော် အခြား ရထားလက်မှတ်၊ လေယာဉ်လက်မှတ်တွေ အားလုံး ရောင်းကုန်နေပြီး၊ ဘတ်စ်ကားများထဲမှာပင် ဒီဘတ်စ်ကားတစ်စီးတည်းကိုသာ လင်းမူ ရွေးချယ်နိုင်ခဲ့လေသည်။

အေးစက်စက် ထိုင်ခုံပေါ်မှာ ကျောမှီရင်း အခြား ဘတ်စ်ကားတွေ ဂိတ်ဆိုက်၊ ထွက်ခွာနေကြသည်ကို လင်းမူ ငေးကြည့်နေခဲ့သည်။ ဘတ်စ်ကားဂိတ်ရှိ တီဗွီအကြီးကြီးပေါ်မှာလည်း အချက်အလက်အသစ်တွေ ဆက်တိုက်ဆိုသလို တက်လာခဲ့သည်။

ညနေ သုံးနာရီပင် မထိုးသေးဘဲ ဖန်သားပြင်ပေါ်မှာ နောက်ဆုံးခရီးစဉ်တစ်ခုသာ ကျန်နေပါတော့သည်။ ထို့ကြောင့် လင်းမူတို့ ဘတ်စ်ကားက ယနေ့အတွက် နောက်ဆုံး ဘတ်စ်ကားဖြစ်မှန်း သိလိုက်ရသည်။

ကြည့်ရသလောက်တော့ ယခု နားနေခန်းထဲမှာ ထိုင်စောင့်နေကြသည့် လူတိုင်းနီးပါးက သူမနဲ့အတူတူ ခရီးနှင်ရမည့် ခရီးသည်များ ဖြစ်ပုံရသည်။

လင်းမူ ဘေးပတ်လည်ကို အကဲခတ်ကြည့်လိုက်ရာ လူအယောက် ၂၀ ဝန်းကျင်ခန့် ရှိမည်ဟု ခန့်မှန်းမိသည်။ ထိုသူများထဲတွင် ကလေးနှစ်ယောက်နှင့် လင်မယားတစ်စုံမှာ မျက်စိကျစရာအကောင်းဆုံးဖြစ်သည်။ ဇနီးဖြစ်သူမှာ ဝါညိုရောင် ဆံနွယ်များကို ခပ်နိမ့်နိမ့် စည်းထားပြီး အလွန်ရိုးရှင်းသည့်ပုံစံပေါက်သည်။ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူထက်ပင် ပိုပိန်ပါးနေပြီး အရိုးခြောက်ဟု ထင်ရလောက်သည့်အထိ မျက်နှာတွေချောင်ကျနေခဲ့ပါသည်။

သို့သော် ကလေးနှစ်ယောက်မှာမူ ဆန့်ကျင်ဘက်အနေဖြင့် ဝဖြိုးကျန်းမာနေကြသည်။ ထူးဆန်းသည်မှာ မိဘနှစ်ပါးက ကုတ်အင်္ကျီထူထူများ ဝတ်ဆင်ထားကြသော်လည်း ကလေးများကိုမူ ပါးလွှာသည့် အဝတ်အစားများသာ ဝတ်ဆင်ပေးထားခြင်းပင်။ လိပ်ပြာကလစ်လေးနှင့် ကလေးမလေးက ခပ်ပါးပါး လက်ရှည်အင်္ကျီကိုသာ ဝတ်ဆင်ထားရသဖြင့် အလွန်ချမ်းအေးနေပုံရပြီး နှာရည်များပင် ထွက်နေရှာလေသည်။

အနီးနားရှိ အသက် ၅၀ ဝန်းကျင်ခန့်ရှိပြီး ဦးထုပ်အနက်ဆောင်းထားသူ အဒေါ်ကြီးတစ်ဦးက စေတနာဖြင့် ဝင်မေးလိုက်လေသည်။

“ကလေးတွေ ဘာလို့ ပါးပါးလေးတွေ ဝတ်ထားကြတာလဲ၊ သူတို့ချမ်းနေမှာပေါ့”

ထိုအခါ ပြန်ပေးသမားတစ်ဦးနှင့် ဆုံလိုက်ရသည့်နှယ် ဇနီးဖြစ်သူ ထိတ်လန့်သွားပြီး ကလေးမလေးကို အတင်းဆွဲခေါ်လိုက်လေသည်။ ထို့နောက် အဒေါ်ကြီးအား သံသယကြီးစွာ စိုက်ကြည့်လိုက်ပါသည်။ ထိုအကြည့်ကြောင့် အဒေါ်ကြီးပင် အနည်းငယ် လန့်သွားခဲ့ရသည်။

ခေတ္တကြာပြီးနောက် ပတ်ဝန်းကျင်၏ စူးစမ်းသော အကြည့်များကြောင့် ဇနီးဖြစ်သူ ဖိအားများသွားပြီး ပြန်ဖြေလိုက်ပါသည်။ “ကလေးတွေကို အဝတ်အစားအရမ်းအထူကြီးတွေ ဝတ်မပေးသင့်ဘူး၊ အဲ့တာမှ အသက်ကြီးလာရင် ခံနိုင်ရည်ရှိမှာ”

ဦးထုပ်နက်နှင့် အဒေါ်ကြီးလည်း ကြားဝင်မပါတော့ပေ။ ထို့နောက် ဝိုင်းကြည့်နေကြသူတွေအားလုံးလည်း အကြည့်ပြန်လွှဲလိုက်ကြပါသည်။

၁၄ နာရီ ၄၅ မိနစ် ထိုးသောအခါ လက်မှတ်စစ်ဖို့ အချိန်ရောက်လာပြီဖြစ်သည်။ လင်းမူ ပါလာသည့် အထုပ်အပိုးများကို ယူဆောင်လိုက်ပြီး လေးလံလှသည့် ခရီးဆောင်အိတ်ကြီးကို တွန်းရင်း ဂိတ်နားသို့ ရောက်လာခဲ့ပါသည်။ ထိုစဉ် ရုံငယ်လေးတစ်ခုအတွင်းမှ ဘတ်စ်ကားဂိတ် ဝန်ထမ်းတစ်ဦး ထွက်လာခဲ့ပါသည်။

ထိုဝန်ထမ်းကို မြင်လိုက်သည်နှင့် အခြားသူတွေလည်း စတင် တန်းစီလိုက်ကြပြီး လူတန်းရှည်ကြီးတစ်ခု ချက်ချင်း ဖြစ်သွားခဲ့သည်။

စက္ကန့်ပိုင်းခန့် ကြာပြီးနောက် ထောင့်ချိုးတစ်ခုမှ ဘတ်စ်ကားတစ်စီး ထွက်ခွာလာပြီး ခပ်လှမ်းလှမ်းမှာ ရပ်တန့်သွားခဲ့ပါသည်။ ထိုဘတ်စ်ကားက လင်းမူတို့ စီးနှင်းရမည့် ဘတ်စ်ကားဖြစ်သည်။

သို့သော် ထိုဘတ်စ်ကားက အခြားသော ဘတ်စ်ကားများနှင့် သိသိသာသာ ကွဲပြားနေသည်။ ဘတ်စ်ကားတစ်စီးလို အရွယ်အစာမျိုးမဟုတ်ဘဲ အကြီးမားဆုံးဟူသည့် မီးသတ်ကားကြီးတစ်စီးထက်ပင် ပိုမိုကြီးမားနေခဲ့ပါသည်။ အသိသာဆုံးက ၎င်း၏ အကျယ်ဖြစ်ပြီး ၃ မီတာခန့်ရှိမည်ဟု လင်းမူ ခန့်မှန်းမိသည်။ သာမန်ဘတ်စ်ကားများအတွက် အကျယ်ကို အမြင့်ဆုံး ၂.၅ မီတာသာ ခွင့်ပြုပေးထားသည်။

ထူးဆန်းလှသည့် ဘတ်စ်ကားကြီးအကြောင်း လင်းမူ သေချာမစဉ်းစားနိုင်ခင် လက်မှတ်စစ်ဝန်ထမ်း ရောက်ရှိလာပြီး ဂိတ်ကို ဖွင့်ပေးလိုက်ပါသည်။ လင်းမူ လက်မှတ်ပြလိုက်ရာ ဝန်ထမ်းက အနီရောင် အမှတ်သားတစ်ခုဖြင့် တံဆိပ်နှိပ်ပေးလိုက်ပြီး လင်းမူထံ ပြန်ပေးလိုက်ပါသည်။

ထို့နောက် လင်းမူ ခရီးဆောင်အိတ်ကြီးကို ဆွဲရင်း တလိမ့်လိမ့် နီးကပ်လာသည့် ဘတ်စ်ကားကြီးကို သတ်မှတ်ထားသည့် နေရာမှာ စောင့်နေလိုက်ပါသည်။

ရှေ့သို့ ဘတ်စ်ကားကြီး ရောက်ရှိသောအခါ လင်းမူ အနီးကပ်အကဲခတ်ကြည့်လိုက်သည်။

ဘတ်စ်ကား၏ အမိုးထက်တွင် နားရွက်များကဲ့သို့ ထိုးထွက်နေသော အရာနှစ်ခုရှိနေသည်။ အရှေ့ဘက် လေကာမှန်ကြီးကို အလယ်မှ နှစ်ခြမ်းပိုင်းခြားထားသဖြင့် အလွန်ကြီးမားသော မျက်လုံးအစုံနှင့် တူနေလေသည်။

မှန်၏ အောက်ဘက် အလယ်တည့်တည့်တွင် မီးလုံးကြီးတစ်လုံးရှိကာ ၎င်း၏ ဘေးပတ်ပတ်လည်တွင် မီးလုံးအသေးလေးများစွာ ဝန်ရံထားသဖြင့် ကြောင်တစ်ကောင်၏ နှာခေါင်းပေါက်၊ နှုတ်ခမ်းမွေးပေါက်များအလား ထင်မှတ်ရသည်။

အောက်ဆုံးတွင်မူ ကားမျက်နှာပြင် အထက်ပိုင်းနှင့် လိုင်စင်ပြားတို့ကို ပိုင်းခြားထားသည့် M ပုံသဏ္ဌာန် မျဉ်းကြောင်းလေးတစ်ကြောင်းရှိနေပါသည်။

ရည်ရွယ်ချက်ရှိရှိ ဒီဇိုင်းဖန်တီးထားခြင်းလား၊ သူမ စိတ်ထင်တာကြောင့်ပဲလား မပြောတတ်သော်လည်း ကားအရှေ့ မျက်နှာစာ တစ်ပြင်လုံးက ‘ရုပ်ဆိုးပြီး အကျည်းတန်လှသည့် လေးထောင့်သဏ္ဌာန် ကြောင်မျက်နှာကြီး’နှင့် ဆင်တူလှလေသည်။

ဘတ်စ်ကားကြီး ရပ်တန့်သွားသောအခါ ယာဉ်မယ်တစ်ဦး ဆင်းလာပြီး မိုက်ခ်တစ်လုံးကို ကိုင်ရင်း ကြေညာလိုက်ပါသည်။

“VIP ခရီးသည်များ ရှေ့တံခါးပေါက်ကနေ တက်ပေးကြပါရှင်၊ VIP ခရီးသည်များအတွက် ထိုင်ခုံများက ပထမထပ်မှာ ရှိပါတယ်၊ သာမန် ခရီးသည်များကတော့ အနောက်ဘက် တံခါးပေါက်မှ တက်ပေးကြပါရှင်၊ ထိုင်ခုံများ ဒုတိယထပ်မှာ ရှိပါတယ်”

ဒီဘတ်စ်ကားအတွက် VIP လက်မှတ်များရှိမှန်း လင်းမူ မှတ်မိသည်။ သို့သော် သူမ ဝယ်ခါနီးတွင် အားလုံး ရောင်းကုန်သွားကြပါပြီ။

ခရီးသည်များ စနစ်တကျ တန်းစီလိုက်ကြသည်။ သို့သော် ကလေးနှစ်ယောက်နှင့် လင်မယားကတော့ တတွတ်တွတ် ညည်းညူနေကြပါသည်။

“ဘာတွေ အလုပ်လာရှုပ်နေကြတာလဲမသိဘူး၊ ရှေ့တံခါးတွေကော နောက်တံခါးတွေကော… စိတ်ပျက်စရာပဲ”

ခင်ပွန်းဖြစ်သူကလည်း ထောက်ခံလိုက်သည်။ “တော်တော် လှည့်ကွက်များကြပါလား၊ အရှေ့ပေါက်ကဝင်လည်း ပထမထပ်ကိုပဲ အရင်ရောက်မှာ မဟုတ်ဘူးလား”

လင်းမူကတော့ ဘာကိုမှ အထွန့်မတက်ဘဲ အနောက်တံခါးပေါက်သို့ တည့်တည့်လျှောက်သွားလိုက်ပါသည်။ ဘတ်စ်ကားကြီးထဲ ဝင်လိုက်သည်နှင့် လင်းမူ ပထမဆုံးမြင်လိုက်ရသည့်အရာက ခရီးသည်များ ရေသောက်သုံးဖို့ ပြင်ဆင်ပေးထားသည့် ရေတိုင်ကီကြီးတစ်လုံးပင်။

ဝင်ပေါက်၏ ဘယ်ဘက်ခြမ်းတွင် အမျိုးသမီးသန့်စင်ခန်းရှိပြီး မျက်နှာချင်းဆိုင်တွင် အမျိုးသား သန့်စင်ခန်းရှိသည်။ ဝင်ပေါက်၏ ညာဘက်ခြမ်းတွင်တော့ အခန်းငယ်လေးများ ရှိနေပါသည်။ ထိုအခန်းငယ်လေးများက VIP ခရီးသည်များ၏ အခန်းများ ဖြစ်ပုံရသည်။

ထိုအခန်းငယ်များကို မြင်ခါမှ VIP လက်မှတ်ဟု ဘာကြောင့် ခေါ်ဆိုရကြောင်းနှင့် ဘတ်စ်ကားကြီး ဘာကြောင့် ၃ မီတာကျော် ကျယ်နေရကြောင်း လင်းမူ နားလည်သွားခဲ့ပါသည်။ အခန်းငယ်က ၆ ခန်းရှိပြီး တစ်ဖက်တစ်ချက်စီမှာ ၃ ခန်း ရှိပုံ ရသည်။

လင်းမူ ဒုတိယထပ်သို့ တက်ဖို့ ပြင်လိုက်စဉ် အခန်းငယ် နံပါတ်(၃)မှ ခရီးသည် တံခါးဖွင့်လျက် ထွက်လာပါသည်။ ထို့ကြောင့် အခန်းထဲကို လင်းမူ အနည်းငယ် အကဲခတ်ခွင့် ရခဲ့ပါသည်။

အခန်းထဲမှာ အတော်လေး ကျယ်ပြန့်ပြီး ခေါက်နိုင်ဖြန့်နိုင်သည့် သားရေထိုင်ခုံတစ်လုံး ပါဝင်သည်။ ထို့နောက် ရှေ့မှာ စားပွဲတစ်လုံး ရှိနေပြီး ထိုင်ခုံအောက်တွင် ခရီးဆောင်အိတ်များ ထည့်သွင်းနိုင်သည့် အကန့်ကျယ်ပါသည်။ ခြေချစရာ နေရာတွေလည်း အများကြီး ရှိပါသည်။ ရထား၊ လေယာဉ်များ၏ စံနှုန်းမျိုးနှင့် ယှဉ်လျှင်ပင် ဒီအခန်းက အလွန်အဆင့်မြင့်လွန်းသည်ဟု ထင်ရသည်။

လင်းမူ အခန်းထဲကို စိတ်ရောက်လွန်းနေသဖြင့် သူမကို အခန်းနံပါတ်(၃)မှ ခရီးသည်က စောင့်ကြည့်နေမှန်း သတိမထားမိခဲ့ပေ။ အနောက်ဘက်မှ ခရီးသည်များ၏ အသံတွေကို ကြားခါမှ လင်းမူ အသိစိတ်ပြန်ကပ်သွားခဲ့ပြီး အခန်းနံပါတ်(၃) ခရီးသည်၏ အကြည့်ကို သတိမူမိသွားခဲ့ပါသည်။

“အကူအညီလိုလို့လား”

ထိုလူ့ထံ လင်းမူ အကြည့်ရောက်သွားခဲ့သည်။ ထိုလူက မီးခိုးနှင့်အဖြူရောင်အကွက်များပါသည့် ဆွယ်တာပေါ်တွင် စိမ်းညိုရောင် သားရေဂျတ်ကတ်ကို ဝတ်ဆင်ထားပြီး သာမန်ဘောင်းဘီရှည်တစ်ထည်ကို ဝတ်ဆင်ထားသည်။ သူ့ပုံစံက အသက် ၃၀ ဝန်းကျင် ရှိပုံပေါ်ပြီး လူကြီးလူကောင်းဆန်ကာ တည်ငြိမ်မည့်ပုံပေါက်သည်။

“ရပါတယ် ကျေးဇူး-…”

လင်းမူ ဆုံးအောင် မငြင်းနိုင်ခင် ထိုလူက သူမရှေ့သို့ ရောက်ရှိလာလေပြီ။ ထို့နောက် လင်းမူ၏ ခရီးဆောင်အိတ်ကို ခက်ခက်ခဲခဲ မ,လိုက်ပါသည်။

လင်းမူ၏ ‘ရပါတယ်’ဟူသော စကားသံကို ကြားပြီးနောက် သူ ခေတ္တရပ်တန့်သွားခဲ့သော်လည်း ဖော်ဖော်ရွေရွေ အပြုံးဖြင့် ပြန်ပြောလိုက်ပါသည်။ “ရပါတယ် ကျွန်တော်ကူသယ်ပေးပါရစေ”

ထို့နောက် ခရီးဆောင်အိတ်ကြီးကို သယ်ရင်း မတ်စောက်ပြီး ကျဉ်းမြောင်းလှသည့် လှေကားထက် တက်သွားခဲ့သည်။ လင်းမူလည်း အညိုရောင်အိတ်ကြီးကို အမြန်ဆွဲကာ လိုက်လာခဲ့ပါသည်။

All Chapters