← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

ဘတ်စ်ကားဒီဇိုင်း၏ အဆိုးရွားဆုံးအပိုင်းက ထိုမတ်စောက်လှသော လှေကားထစ်များပင်…။ အထုပ်အပိုးများစွာ ပါလာမည့် ခရီးသည်များစီးနှင်းကြမည့် အဝေးပြေးဘတ်စ်ကားကြီး ဖြစ်နေပါလျက်နှင့် လင်းမူလို တစ်အိမ်လုံးကပစ္စည်းများ သယ်လာသည့် ခရီးသည်တစ်ယောက်အတွက် ဒုတိယထပ်သို့ ရောက်ရှိဖို့ အလွန်ခဲယဉ်းလွန်းပါသည်။

အညိုရောင်အိတ်ကြီးကို ခက်ခက်ခဲခဲ သယ်ယူရင်း နောက်ဆုံးတော့ ဒုတိယထပ်သို့ လင်းမူ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သူမရှေ့တွင် စီတန်းနေသော ထိုင်ခုံများကို မြင်လိုက်ရသည်။ ထိုင်ခုံ ၁၅ ခုံခန့်ကို ဒေါင်လိုက် ၃ တန်းခွဲထားပြီး အလျားလိုက် ၅ တန်းခွဲထားသည်။ ထို့ကြောင့် ရှေ့ဆုံးတန်းတွင် ထိုင်ခုံ နှစ်ခုံသာ ရှိပါသည်။

ထိုင်ခုံအတန်းများအကြားရှိ လျှောက်လမ်းများက အလွန်ကျယ်ဝန်းလှပြီး ထိုင်ခုံတစ်ခုံချင်းစီ၏ ကြားထဲမှာလည်း လူနှစ်ယောက် ညှပ်ထိုင်၍ ရလောက်သည့်အထိ နေရာလွတ်တွေ အများကြီးရှိနေပါသည်။

“ဘယ်နားမှာ ထိုင်ချင်လဲ”။ ထိုလူက ကျယ်ဝန်းသည့် အလယ်နေရာတွင် ခရီးဆောင်အိတ်ကို ချရင်း မေးလိုက်ပါသည်။

“ဟိုနားလေး”။ အတွင်းဘက်အကျဆုံး ဒေါင်လိုက်အတန်း၏ နောက်ဆုံး အလျားလိုက်အတန်းကို လင်းမူ လက်ညှိုးထိုးပြလိုက်သည်။

ထိုနေရာက လှေကားနှင့်ကော သန့်စင်ခန်းနှင့်ကော နီးနီးကပ်ကပ်ရှိသဖြင့် အရေးကြုံလာသည့်အခါ လူတွေကြားထဲ တိုးစရာ မလိုဟု လင်းမူ တွေးလိုက်ခြင်းဖြစ်သည်။

လင်းမူညွှန်ပြသည့် ထိုင်ခုံဘေးက နေရာလွတ်ဆီ ထိုလူ ခရီးဆောင်အိတ်ကို တွန်းပို့ပေးခဲ့သည်။ လင်းမူလည်း ထိုင်ခုံနား ရောက်သောအခါ ခရီးဆောင်အိတ်ကို ပြန်ယူလိုက်ပြီး ထိုလူ့အား ဖော်ဖော်ရွေရွေပြုံးပြရင်း ကျေးဇူးတင်လိုက်ပါသည်။

“ကျေးဇူးတင်ပါတယ်… ရှင်သာ ကူညီမပေးရင် ကျွန်မ‌ အပေါ်တောင် ရောက်လာမယ်မထင်ဘူး”

ထိုလူ့ မျက်လုံးတွေထဲ အံ့အားသင့်မှုအရိပ်အယောင်များ ရိပ်ပြေးသွားခဲ့သည်။ သို့သော် ခပ်မြန်မြန်ပဲ ပြန်တည်ငြိမ်သွားခဲ့ပါသည်။ “ရပါတယ်ဗျာ၊ ကိစ္စမရှိပါဘူး”

လင်းမူ ပြုံးပြလိုက်ပြီး ထိုလူအောက်ထပ်သို့ ပြန်ဆင်းသွားသည်ကို ငေးကြည့်နေခဲ့သည်။ သူမ မြင်ကွင်းထဲမှ ထိုလူ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်တည်း လင်းမူမျက်နှာပေါ်ရှိ အပြုံးလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ကာ ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များ အစားထိုး ဝင်ရောက်လာခဲ့ပါသည်။

ထင်ထားသည့်အတိုင်းပင်…

လူတွေနှင့် ပတ်သတ်ဆက်ဆံဖို့ဆိုတာ သူမအတွက် အလွန် စိတ်ပင်ပန်းရသည့် အလုပ်တစ်ခုဖြစ်သည်။ VIP အခန်းတွေကို မစပ်စုခဲ့သင့်ဟုပင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိပါသည်။ ဒီလိုသာဆို ထိုလူနှင့် မျက်လုံးချင်း ဆုံခဲ့စရာအကြောင်းလည်း မရှိပေ။

ခရီးဆောင်အိတ်ကို အလျားလိုက်လှဲချလိုက်ပြီး သူမ ထိုင်ခုံအောက်ထဲသို့ ထိုးထည့်ထားလိုက်သည်။ အညိုရောင် အိတ်ကြီးကလည်း ထိုင်ခုံအောက်ထဲ ဆံ့ရုံဆိုသည်သာ ရှိသည်။ အနက်ရောင်ကျောပိုးအိတ်ကိုတော့ သူမထိုင်ခုံဘေးမှာပင် တင်ထားလို့ ရပါသည်။

ကားထဲမှာ အနည်းငယ် အိုက်စပ်စပ် ဖြစ်နေသဖြင့် လင်းမူ လေကာအင်္ကျီကို ချွတ်လိုက်ပြီး သေသေသပ်သပ်ခေါက်ကာ ကျောပိုးအိတ်အပေါ် တင်ထားလိုက်သည်။ ထိုအခါ သူမဝတ်ဆင်ထားသည့် အဖြူရောင်လည်အုပ်ဆွယ်တာလေး အထင်းသား ပေါ်လာခဲ့သည်။

အချိန်အတန်ကြာသည့်အခါ ဒုတိယထပ်ပေါ် ခရီးသည်များဖြင့် ပြည့်နှက်လာပါပြီ။ သူမနောက်မှ လိုက်လာသည့် လင်မယားနှစ်ဦးကတော့ ရှေ့ဆုံးတွင် ထီးထီးထွက်နေသည့် ထိုင်ခုံနှစ်ခုံမှာ ထိုင်လိုက်ကြသည်။ ထိုထိုင်ခုံနှစ်လုံးရှေ့တွင် ပြူတင်းပေါက်မှန်ကြီးတစ်ချပ်ရှိပြီး ကားလမ်းမကို လှမ်းမြင်နေရသဖြင့် ရှုခင်းအလွန်ကောင်းလှပါသည်။ ရှေ့ဆုံးတန်းမှာ ထိုထိုင်ခုံနှစ်လုံးသာ ရှိပြီး ညာဘက်ခြမ်းတွင် အရှေ့ဘက် လှေကားထစ်ရှိနေပါသည်။

လင်းမူထိုင်နေသည့် ခုံတန်းနောက်မှာတော့ အနောက်ဘက် လှေကားထစ်ရှိပြီး ယာဉ်မယ်တစ်ဦးအတွက် သီးသန့်ပြင်ဆင်ထားသည့် ထိုင်ခုံတစ်လုံးလည်း ရှိသည်။

ဒုတိယထပ်ပေါ် ခရီးသည်များ ပြည့်လာသည့်အခါ လင်းမူပြူတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်စဉ် သူမ ထိုင်နေသည့် ထိုင်ခုံ၏ ညာဘက်အခြမ်းမှ ယောက်ျားလေးတစ်ဦး၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ “ရေချိုးခန်းတဲ့လား”

စကားသံပိုင်ရှင်ကို လင်းမူ လှည့်ကြည့်လိုက်သည်။ ထိုလူက အနောက်ဘက်တည့်တည့်သို့ စိုက်ကြည့်နေလေသည်။ လင်းမူလည်း စိတ်ဝင်စားသွားပြီး အနောက်သို့ လှည့်ကြည့်လိုက်ပါသည်။ ဒုတိယထပ်၏ အနောက်ဘက် အဆုံးတွင် တံခါးနှစ်ချပ် ရှိနေပြီး ထိုတံခါးတွေပေါ်မှာ ‘သန့်စင်ခန်း’ဟု ရေးသားမထားဘဲ ‘ရေချိုးခန်း’ဟု ရေးသားထားလေသည်။

အနည်းငယ် ထူးဆန်းနေတာ မှန်သော်လည်း လင်းမူ၏ အလုပ်မဟုတ်ပေ။ ထို့ကြောင့် ဘေးမှာ ထိုင်နေသည့်လူကိုသာ ပြန်လှည့်ကြည့်ကာ အကဲခတ်လိုက်သည်။

ထိုလူက ဝါညိုရောင် ဆံပင်ကောက်ကောက်ရှိပြီး မျက်ခွံနှစ်ထပ်ကို ပိုင်ဆိုင်ထားသည်။ နှာတံမြင့်မြင့်နှင့် ငယ်ရွယ်တောက်ပသည့် မျက်နှာမျိုး ရှိသည်။ မီးခိုးဖြူရောင် ဟူဒီတစ်ထည်နှင့် အညိုရောင်ကာဂိုဘောင်းဘီရှည်များအား ဝတ်ဆင်ထားပါသည်။ သူ့ပုံစံက ဘွဲ့ရထားသည်မှာ မကြာသေးသည့် တက်တက်ကြွကြွ ကောလိပ်ကျောင်းသားတစ်ဦးနှင့် တူလှသည်။

သူကလည်း လင်းမူကို သတိထားမိပါသည်။ လင်းမူ၏ ဆံနွယ်ရှည်များနှင့် မှေးလိုက်လျှင် မြေခွေးတစ်ကောင်နှင့် တူသွားစေသည့် မက်မွန်သီးလို မျက်လုံးတောက်တောက်များက သတိပြုမိစရာကောင်းခြင်းကြောင့် ဖြစ်နိုင်သည်။

“ဟေး ဟိုင်း! အစ်မလည်း ဒီဘတ်စ်ကားနဲ့ ခရီးသွားမှာလား၊ ကျွန်တော်ကောပဲလေ! ကျွန်တော့်နာမည် ‘ဝမ်ကျွင်းဟောင်’ပါဗျ၊ အစ်မနာမည်ကကော”

ဝမ်ကျွင်းဟောင် တောက်တောက်ပပ မျက်လုံးများကို တဖျပ်ဖျပ်ခတ်ရင်း လင်းမူ၏ အဖြေကို စောင့်မျှော်နေခဲ့ပါသည်။

လင်းမူ: “…”

‘ဒီခေတ်လူငယ်တွေကတော့ တော်တော် သွက်လက်ကြပါလား…’

ဝမ်ကျွင်းဟောင်…

သူက ဒီဘတ်စ်ကားပေါ်မှာ လင်းမူ ပထမဆုံး ‘ဆုံ’ခဲ့ရသည့် လူဖြစ်နိုင်သည်။

“ဟယ်လို… ကျွန်မနာမည် လင်းမူပါ”။ လင်းမူ အားတင်းကာ ပြုံးလိုက်ပြီး နှုတ်ဆက်လိုက်ပါသည်။

သို့သော်လည်း ထိုဖော်ဖော်ရွေရွေ အပြုံးက ဝမ်ကျွင်းပေါင်အတွက် ခွင့်ပြုမိန့် ပေးလိုက်သလိုပင်…။ ဘတ်စ်ကား၏ စိတ်ရှုပ်စရာ ဒီဇိုင်းအလွဲအမှားများနှင့် ခရီးသည်များအတွက် အဆင်ပြေအောင် ဘယ်လိုပြုပြင်သင့်ကြောင်း စသည်ဖြင့် ဝမ်ကျွင်းဟောင် မရပ်မနား ပွစိပွစိ သုံးသပ်ပြလေတော့သည်။ လင်းမူကို သူစိမ်းတစ်ယောက်ဟုပင် ထင်ရက်စရာမရှိအောင် စကားတွေ ရင်းရင်းနှီးနှီး ပြောနေခဲ့လေသည်။

လင်းမူလည်း တိတ်တဆိတ်နားထောင်ရင်း ထောက်ခံသည့် အဖြေများ ရံဖန်ရံခါ ပေးလိုက်ပါသည်။ ထိုအဖြေများကြောင့် ဝမ်ကျွင်းဟောင် ပို၍ပင် စိတ်ပျော်ရွှင်သွားခဲ့ရသည်။ စကားလမ်းကြောင်းက ဘတ်စ်ကားအကြောင်းအရာမှ အခြား အကြောင်းအရာများအထိ ရောက်ရှိသွားခဲ့လေသည်။

လင်းမူ အမြန်မတားလျှင် ခရီးဆုံးသည့်တိုင် ဝမ်ကျွင်းဟောင် စကားတွေ ဆက်တိုက် ပြောနေမှာ သေချာသည်။ လင်းမူကတော့ သူမ၏ ‘ဘေးကင်းလုံခြုံသည့်နေရာလေး’မှာ တစ်ယောက်တည်း တိတ်တဆိတ်လေး နားချင်နေပါပြီ။

ထို့ကြောင့် စကားစပ်ကြားတွင် သူမ ဖြတ်မေးလိုက်သည်။ “ဒါနဲ့ ယိုကျိုးကို ဘာကိစ္စနဲ့ သွားမှာလဲဟင်”

“ယို… ယိုကျိုးဟုတ်လား”

ဝမ်ကျွင်းဟောင် ခေတ္တမှင်သက်သွားခဲ့သည်။ သူအသိစိတ်ပြန်ကပ်လာသောအခါ ခုနကလို တက်ကြွမှုမရှိတော့ဘဲ သိသိသာသာကြီး တွန့်ဆုတ်သွားခဲ့လေသည်။

“ကျွန်တော်… အပန်းဖြေခရီးထွက်တာပါ… အဲ့ဒီနေရာက သဘာဝရှုခင်းတွေလှတဲ့နေရာ မဟုတ်ဘူးလား”

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ယိုကျိုးတွင် သတ္တုတွင်းတစ်ခုကို ဒေသခံရွာသားများ ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် နိုင်ငံတော်အတွင်း အလွန်နာမည်ကြီးသည့် ဒေသတစ်ခုဖြစ်လာခဲ့သည်။

ထိုသတ္တုတွင်းမှာ နိုင်ငံတော်ထဲတွင် ကျောက်စိမ်းအမြောက်အများ ထုတ်လုပ်ပေးနိုင်သည့် တစ်ခုတည်းသော သတ္တုတွင်းဖြစ်ကာ ထိုသတ္တုတွင်းမှ ထွက်သော ကျောက်စိမ်းပမာဏမှာ မြန်မာနိုင်ငံထက်ပင် အများကြီး ပိုသာလွန်သည်ဟု ဆိုကြသည်။

လင်းမူ ခေါင်းညိတ်လိုက်ပါသည်။ ထူးခြားသည့် ဒေသတစ်ခုဖြစ်သည့်အတွက် ယိုကျိုးကို ခရီးသွားဧည့်သည် အမြောက်အများက စိတ်ဝင်စားကြတာ မှန်ပါသည်။

သူမတို့နှစ်ယောက်အကြားက စကားဝိုင်းလည်း အနေခက်စရာအခြေအနေဖြင့် ရပ်ဆိုင်းသွားခဲ့ရပါသည်။

ကံကောင်းစွာဖြင့် ဘတ်စ်ကားပေါ် ခရီးသည်များအားလုံး ရောက်ရှိနေကြပြီဖြစ်ကာ ယာဉ်မယ်လည်း အပေါ်ထပ်သို့ တက်လာခဲ့လေပြီ။

ယာဉ်မယ်မလေးက ရှေ့လှေကားမှ တက်လာခြင်းဖြစ်ပြီး ရှေ့ဆုံးမှာထိုင်နေသည့် ကလေးနှစ်ယောက်နှင့် လင်မယားအား ချက်ချင်း မြင်သွားပါသည်။ ထို့ကြောင့် သူမ အနားကပ်ကာ သတိပေးလိုက်သည်။

“ဒီက လူကြီးမင်းတို့၊ ကျွန်မတို့ဘတ်စ်ကား လက်မှတ်တွေက တစ်ခုံကို တစ်ယောက်ပဲ လိုက်ပါခွင့်ရှိတာပါ၊ လူကြီးမင်းတို့ရဲ့ ကလေးတွေ လက်မှတ်မပါရင် လိုက်ပါခွင့် မရှိပါဘူးနော်”

ခရီးသည်များအားလုံး ဝိုင်းကြည့်ကုန်ကြသည်။

ဇနီးဖြစ်သူမှာ အလွန်ဒေါသထွက်သွားခဲ့ပါသည်။ “ကလေးတွေအတွက် ငါတို့ လက်မှတ်မဝယ်ခဲ့ဘူး၊ ဒါပေမယ့် သူများထိုင်ခုံလုနေတာမှ မဟုတ်တာ၊ ငါ့ကလေးနဲ့ငါ တစ်ခုံတည်းထိုင်တာတောင် ထိုင်လို့မရဘူးလား”

ထိုင်ခုံကတော့ နှစ်ယောက်အတူတူ ထိုင်ဖို့အတွက် အမှန်တကယ် ကျယ်ဝန်းပါသည်။

သို့သော် ယာဉ်မယ်က စိတ်ရှည်ရှည်ထားပြီး ဆက်ရှင်းပြလိုက်သည်။ “စိတ်မရှိပါနဲ့ အန်တီ၊ ဒါတွေက စည်းမျဉ်းစည်းကမ်းတွေမို့လို့ပါ၊ ခရီးသည်အားလုံး ဘေးကင်းလုံခြုံစေဖို့အတွက် တစ်ခုံကို တစ်ယောက်ပဲ ထိုင်ခွင့်ရှိပါတယ်”

လက်မှတ်ဖြတ်စဉ်တုန်းက ထိုင်ခုံတစ်လုံးကို လူတစ်ယောက်သာ ထိုင်ခွင့်ရှိသည်ဟု သေသေချာချာ ဖော်ပြထားမှန်း လင်းမူ မှတ်မိသည်။ ကလေးတွေလည်း လူကြီးတန်းတူ ထိုင်ခုံလက်မှတ်ဖိုး အကုန်အကျခံရမည်ဖြစ်ပြီး ခရီးက ဝေးလံလွန်းသဖြင့် ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစကလေးများကို လက်မခံကြောင်း စည်းကမ်းချက်တွင် ဖော်ပြထားသည်။ စည်းမျဉ်းစည်းကမ်းများကို ထိုလင်မယား အလေးမထားခဲ့ခြင်းသာ ဖြစ်ပါလိမ့်မည်။

ယာဉ်မယ်က သေချာရှင်းပြသော်လည်း လင်မယားနှစ်ယောက် လက်မခံခဲ့ပေ။ ခင်ပွန်းဖြစ်သူ ရုတ်တရက် ဒေါသပေါက်ကွဲသွားခဲ့သည်။

“ငါတို့ ဘတ်စ်ကားပေါ်တောင် ရောက်နေပြီလေ! ကလေးနှစ်ယောက်ကို ကားဂိတ်မှာ ပစ်ချထားခဲ့စေချင်လို့လား၊ ငါတို့ကို ဘေးကင်းလုံခြုံအောင် ပို့ဆောင်ပေးရမှာ ကားသမားရဲ့တာဝန်! ကလေးနဲ့မိဘ အတူတူထိုင်နေတာနဲ့ ဘာဆိုင်လို့လဲ၊ ပြီးတော့ ထိုင်ခုံတွေကလည်း အကြီးကြီးတွေပဲ၊ နှစ်ယောက်ထိုင်ခုံတွေ မဟုတ်ဘူးလား”

လင်မယားနှစ်ယောက်ကို ယာဉ်မယ်မလေး စကားချင်းယှဉ်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် အနေခက်စွာသာ ပြုံးလိုက်မိသည်။ ထိုလင်မယားနှစ်ယောက် စိတ်ရူးပေါက်ပြီး ကလေးတွေကို ဘတ်စ်ကားဂိတ်မှာ တကယ်ထားခဲ့မှ ပြဿနာတက်ပါလိမ့်မည်။

“စိတ်မရှိပါနဲ့ အန်ကယ်၊ ခရီးသည်အားလုံး ဘေးကင်းလုံခြုံစေဖို့ ကျွန်မတို့ ကျိန်းသေပေါက် စောင့်ရှောက်ပေးမှာပါ”။

ယာဉ်မယ်လည်း လင်မယားနှစ်ယောက်နှင့် စကားဆက်များတော့ဘဲ ဒုတိယထပ်ရှိ လက်မှတ်များကို ကောက်ယူဖို့ ကြေညာလိုက်ပါသည်။

“ခရီးသည်များ လက်မှတ်ကလေးတွေ အသင့်ပြင်ထားပေးကြပါရှင်၊ မိနစ်ပိုင်းအတွင်း ဘတ်စ်ကားထွက်ခွာတော့မှာ ဖြစ်တာကြောင့် ထိုင်ခုံခါးပတ်လေးတွေလည်း ကြိုပတ်ပေးထားကြပါနော်”

ယာဉ်မယ်လေး၏ အသံက ချိုမြိန်နူးညံ့ကာ မျက်နှာပေါ်မှာလည်း ပရော်ဖက်ရှင်နယ်ဆန်သည့် အပြုံးတစ်ခု ရှိနေခဲ့ပါသည်။ ခုနက အငြင်းပွားမှုမှာ သူမအတွက် ဘာမှမဟုတ်သလိုပင်။

ထိုင်ခုံတစ်လုံးတွင် ခါးပတ်တစ်ခုသာပါမှန်း လင်းမူသတိထားမိသည်။ အခြားခရီးသည်တွေလိုပဲ သူမလည်း ဘာမှ အထွန့်မတက်ခဲ့ဘဲ စည်းကမ်းချက်အတိုင်း ထိုင်ခုံခါးပတ် ပတ်လိုက်ပါသည်။

ရှေ့ဆုံးတန်းမှာတော့ လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း ရွေးချယ်စရာမရှိတော့ဘဲ ဆူပုတ်ပုတ်ဖြင့် မကျေမနပ် ထိုင်ခုံခါးပတ် ပတ်လိုက်ရတော့သည်။

All Chapters