← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

နှစ်မိနစ်ခန့် ကြာပြီးနောက် ဘတ်စ်ကားကြီး ဂိတ်မှ တလိမ့်လိမ့် ထွက်ခွာလာခဲ့သည်။

လင်းမူ ဖုန်းထဲက မြေပုံကို စစ်ကြည့်သောအခါ အနီးဆုံး အဝေးပြေးယာဉ်ရပ်နားစခန်းရောက်ဖို့ သုံးနာရီကျော်လိုသေးမှန်း သိလိုက်ရသည်။

ထို့ကြောင့် နားကြပ်တပ်ကာ သီချင်းအေးအေးလေးများဖွင့်လျက် အလင်းပေါက် ခန်းဆီးလိုက်ကာများကို ဆွဲပိတ်လိုက်ပြီး Eye Mask တစ်ခုတပ်ကာ အိပ်စက်အနားယူဖို့ ပြင်လိုက်ပါသည်။

ဘတ်စ်ကားကြီးက ငြိမ့်ငြိမ့်လေးမောင်းနေသဖြင့် အသာအယာယိမ်းထိုးနေပုံက ကလေးပုခက်လွဲပေးနေသလိုပင်။ ထိုင်ခုံတွေကိုလည်း ၄၅ ဒီဂရီအထိ လှဲချလို့ရသဖြင့် လင်းမူ၏ အငှားတိုက်ခန်းလေးအတွင်းမှ ကုတင်လေးထက်ပင် သက်တောင့်သက်သာ ပိုရှိနေပါသေးသည်။

တီးတိုးစကားပြောသံများ၊ အထုပ်အပိုးမွှေနှောက်သံများ၊ စားသောက်နေကြသံများ စသည်ဖြင့် နားကြပ်အပြင်ဘက်မှ ဝင်ရောက်လာသော ဗလုံးဗထွေးအသံတချို့ကို လင်းမူ ကြားနိုင်နေဆဲဖြစ်သည်။ သို့သော် လင်းမူအဖို့တော့ ထိုအသံများက သားချော့တေးသဖွယ် ပြောင်းလဲသွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။

သို့သော် ဒုတိယထပ်၏ PVC ကြမ်းပြင်ပေါ် တက်လာသည့် လေးလံတည်ငြိမ်သော ခြေသံများကြောင့် လင်းမူ အိပ်မက်များ အနှောင့်အယှက် ဖြစ်သွားခဲ့ရသည်။ အဝေးမှ တဖြည်းဖြည်း နီးကပ်လာသည့် ခြေသံများက လင်းမူ၏ နှလုံးခုန်သံနှင့် ထပ်တူကျနေသကဲ့သို့ အလွန်သာယာငြိမ့်ညောင်းနေပြီး သူမကို အိပ်စက်နေရာမှ ဖြည်းဖြည်းချင်း ဆွဲနှိုးနေသလိုပင်။

လင်းမူ မျက်လုံးများကို ဖွင့်မကြည့်ဘဲ ဆက်လက်အိပ်စက်နေခဲ့သည်။ ထိုခြေသံတွေ သူမဘေးနားမှ ဖြတ်သွားပြီး နောက်တည့်တည့်မှာ ရုတ်တရက် ရပ်တန့်သွားတာကို လင်းမူ သတိပြုမိသည်။

‘ယာဉ်မယ်လေးများလား…’

သို့သော် လင်းမူအများကြီး မစဉ်းစားခဲ့ဘဲ ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်အောင် လှည့်လိုက်ရင်း နှစ်နှစ်ခြိုက်ခြိုက် ပြန်လည်အိပ်ပျော်သွားခဲ့သည်။

ဘတ်စ်ကားပေါ်က ရုတ်တရက်ဆန်သော အသိပေးသံတစ်သံထွက်ပေါ်လာမှ လင်းမူ အိပ်မက်လှလှများကို နှုတ်ဆက်ခဲ့ရပါသည်။

[တင်း-တင်း-တင်း-တင်း! စူးယွမ်ယာဉ်ရပ်နားစခန်းကို ရောက်ရှိပါပြီ]

လင်းမူ မျက်လုံးများကို လေးလံစွာ ဖွင့်ကြည့်လိုက်သည်။ ကားတစ်စင်းလုံး အလင်းရောင်များ မှေးမှိန်နေခဲ့ပါပြီ။ ပြူတင်းပေါက် အပြင်ဘက်သို့ လင်းမူ လှမ်းကြည့်လိုက်သည်။ ကောင်းကင်ကြီးကလည်း ပိန်းပိတ်အောင် မှောင်နေပြီး ကျောချမ်းစရာ မီးပြာပြာလေးတွေကိုသာ ရံဖန်ရံခါ မြင်နေရပါသည်။

ညအချိန်ပင် ရောက်နေလေပြီ…။

သူမ ဒီလောက်ထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလိမ့်မည်ဟု လင်းမူ ထင်မထားခဲ့ပေ။ အိပ်လို့ကောင်းလွန်းသဖြင့် မျက်လုံးတွေ တစ်ချက်လောက် ပြန်မှိတ်လိုက်သည်နှင့် အိပ်မက်ကမ္ဘာထဲ ပြန်ရောက်သွားတော့မလို ခံစားနေရသည်။

သို့သော် သူမနောက်တွင် နေရာယူထားသည့် ယာဉ်မယ်လေးက မတ်တပ်ရပ်လိုက်ပြီး မိုက်ခ်ကလေးနှင့် ကြေညာလိုက်သည်။

“လူကြီးမင်းတို့ရှင်၊ အခုရောက်ရှိနေတာကတော့ စူးယွင်ယာဉ်ရပ်နားစခန်းဖြစ်ပြီး ကျွန်မတို့ရဲ့ အဝေးပြေးယာဉ် ပထမဆုံး ရပ်နားမယ့် ယာဉ်ရပ်နားစခန်းလည်းဖြစ်ပါတယ်၊ ကျွန်မတို့ရဲ့ ယာဉ်က စုစုပေါင်း ယာဉ်ရပ်နားစခန်း နှစ်ခုမှာပဲ ရပ်နားသွားမှာပါ။ နောက်ထပ် ရပ်နားမယ့် ယာဉ်ရပ်နားစခန်းကတော့ ဂိတ်ဆုံးကို ရောက်ဖို့ နှစ်နာရီအလိုမှာ ရှိတဲ့ ချီယွမ်ယာဉ်ရပ်နားစခန်းပဲ ဖြစ်ပါတယ်”

“ဒါ့ကြောင့် နောက်ထပ် နာရီ ၂၀ ဝန်းကျင်လုံးလုံး ကျွန်မတို့ရဲ့ အဝေးပြေးယာဉ်ဟာ ဘယ်ယာဉ်ရပ်နားစခန်းမှာမှ နားခိုမှာ မဟုတ်သလို ရပ်တန့်ပေးမှာလည်း မဟုတ်ပါဘူး။ အချိန်ယူပြီးတော့ ရိက္ခာတွေ လုံလုံလောက်လောက် စုဆောင်းပေးကြပါရှင်၊ ယာဉ်ပေါ်မှာ အစားအသောက်အပို ပေးမှာမဟုတ်ပါဘူး၊ ထပ်ပြောပါမယ်ရှင်… အားလုံးအတွက် ယာဉ်ရပ်နားချိန် မိနစ် ၃၀ ရပါမယ်၊ ကျေးဇူးပြုပြီး နာရီ ၂၀ ဝန်းကျင် ခရီးလမ်းအတွက် ရိက္ခာတွေ ကြိုတင် ဝယ်ယူ စုဆောင်းပေးကြပါရှင်”

ခရီးသည်များလည်း နိုးတစ်ဝက်မနိုးတစ်ဝက်နှင့် ပြူတင်းပေါက်အပြင်ဘက်ကို အားလုံးနီးပါး ပြိုင်တူ ကြည့်လိုက်ကြပါသည်။

အပြင်ဘက်မှာ ဘတ်စ်ကားများ၊ ထရပ်ကားများ ပါကင်ထိုးထားကြပြီး အလယ်တည့်တည့်မှာတော့ မီးရောင်များ အလွန်လင်းထိန်နေသည့် ယာဉ်ရပ်နားစခန်းကြီး ရှိနေပါသည်။

“အောက်ဆင်းပြီးတစ်ခုခု သွားစားကြစို့”။ ခရီးသည်တစ်ဦး ပြောပြောဆိုဆိုဖြင့် မတ်တပ်ရပ်လိုက်သည်။

လင်းမူလည်း ဗိုက်တွေ တဂွီဂွီမြည်နေလေသည်။ တစ်နေ့လုံးမှ သူမ ပေါင်မုန့်တစ်လုံးသာ စားရပါသေးသည်။ ထို့ကြောင့် ဗိုက်ဆာနေသည်မှာ မထူးဆန်းလှပေ။

သူမ ကားပေါ်မှဆင်းဖို့ ကြံလိုက်စဉ် ဝမ်ကျွင်းဟောင် ခေါင်းပြူထွက်လာပြီး ရုတ်တရက် ပြောလိုက်ပါသည်။ “အစ်မလင်း၊ ကျွန်တော်တစ်ခုခု လိုက်ကျွေးပါရစေ”

လင်းမူ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့ပါသည်။ တစ်စုံတစ်ယောက်က ဒီလိုကမ်းလှမ်းလာတာမျိုးကို လင်းမူ မကြုံခဲ့ရတာ အချိန်အတော်ကြာလေပြီ။

“ကားပေါ်စရောက်တုန်းက အစ်မလင်းကို ကျွန်တော် စကားတွေများပြီး စိတ်အနှောင့်အယှက်ပေးခဲ့မိလို့ အားနာနေတာ”။ ဝမ်ကျွင်းဟောင် အားနာပါးနာ ပြုံးလိုက်ပါသည်။ အိပ်ချင်မူးတူး မျက်လုံးများဖြင့် သူမကို တောင်းတောင်းပန်ပန် ကြည့်နေပြီး လက်ချောင်းတွေကလည်း ဂနာမငြိမ်နိုင်ဘဲ ခုံပေါ်မှာဖိအိပ်ခဲ့သဖြင့် ပြားချပ်သွားသည့် ဆံပင်တွေကို ဖွာနေခဲ့ပါသည်။

“ရပါတယ်၊ ဒါပေမယ့် ကျွန်မလည်း ဗိုက်ဆာနေတာ၊ အတူတူသွားကြမယ်လေ”

‘၂၄ နာရီပဲလိုတော့တာပါ’

လင်းမူ တစ်ယောက်တည်း စိတ်ထဲမှ တွေးလိုက်သည်။ ‘၂၄ နာရီပဲ လိုတော့တာ’

လင်းမူ၏ သဘောတူညီမှုကို ရပြီးနောက် ဝမ်ကျွင်းဟောင် ထိုင်ခုံခါးပတ်ကို စိတ်လှုပ်ရှားစွာဖြုတ်လိုက်ပါသည်

“ဟူး… နောက်ဆုံးတော့ လေကောင်းလေသန့်ရှူရတော့မယ်၊ ခုနက ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တာ၊၊ အစ်မလင်းကော ဘယ်လိုနေလဲ”

လင်းမူ အကြည့်ပြန်လွှဲလိုက်ပြီး ထိုင်ခုံပေါ်က အနွေးထည်ကိုယူလျက် ကျောပိုးအိတ်လွယ်လိုက်ကာ ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ “အဆင်ပြေပါတယ်”

ထို့နောက် သူတို့နှစ်ယောက် ကားပေါ်မှအတူတူ ဆင်းခဲ့ကြပြီး ယာဉ်ရပ်နားစခန်းသို့ ဦးတည်လာခဲ့ကြသည်။ ယာဉ်ရပ်နားစခန်းဟူသည်ထက် အသေးစား ရှော့ပင်းမောလေးနှင့် ပိုတူပါသည်။ လိုအပ်တာမှန်သမျှကို ဒီနေရာမှာ ဝယ်ယူနိုင်လိမ့်မည်။ အချိန်သာရှိပါက ရှော့ပင်ထွက်လို့ကောင်းမည့် နေရာတစ်ခုဟုပင် ထင်ချင်စရာဖြစ်သည်။

သို့သော် ယာဉ်မယ်က နာရီဝက်သာ အချိန်ရမည်ဟု ဆိုထားသဖြင့် ကားနှင့်အနီးဆုံးမှာရှိသည့် ခေါက်ဆွဲဆိုင်ကို ရွေးချယ်လိုက်ကြပါသည်။

မှာယူပြီး မိနစ်အနည်းငယ်ကြာသောအခါ အငွေ့တထောင်းထောင်းထနေသည့် ခေါက်ဆွဲပူပူနှစ်ပန်းကန် ရောက်ရှိလာသည်။ လင်းမူနှင့် စကားများနေသည့် ဝမ်ကျွင်းဟောင်တစ်ယောက် ခေါက်ဆွဲပန်းကန်များ ရောက်လာသည်နှင့် ခေါင်းပင်မဖော်နိုင်ဘဲ အားရပါးရစားလေတော့သည်။

သိပ်မကြာလိုက်ဘဲ သူ့ပန်းကန်ပြောင်စင်သွားခဲ့သည်။ လင်းမူ ပန်းကန်ထဲမှာတော့ ခေါက်ဆွဲတွေ အတော်များများ ရှိနေဆဲပင်။

“စိတ်မရှိပါနဲ့နော်… ကျွန်တော် ဗိုက်တော်တော်ဆာနေလို့ပါ”။ ဝမ်ကျွင်းဟောင် ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောရင်း ပြောလိုက်ပါသည်။

“ဝရဲ့လား၊ မဝရင် ထပ်မှာဦးနော်၊ အချိန်လိုပါသေးတယ်”။ လင်းမူ ပြောလိုက်သည်။

“ဝပါတယ် ဝပါတယ်၊ ခဏနေရင် စတိုးဆိုင်မှာ တခြားမုန့်လေးဘာလေးတွေ ဝယ်ဦးမယ်လေ”။

အမှန်ပင်၊ ယာဉ်မယ်က ‘ရိက္ခာတွေ’စုဆောင်းဖို့လိုသည်ဟု ပြောထားသည်။

‘ဒါပေမယ့် ဘာလို့ ‘ရိက္ခာ’လို့ သုံးနှုန်းတာလဲ…’

လင်းမူ အနည်းငယ် ရီဝေသွားခဲ့သည်။ သူမ ခေါင်းမော့ကြည့်လိုက်သောအခါ ဝမ်ကျွင်းဟောင်က ကလေးတစ်ယောက်လို ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုနေပါသည်။

‘ဘာပဲဖြစ်ဖြစ်ပါလေ… ယာဉ်မယ်က သူပြောတတ်သလို ပြောတာနေမှာပေါ့’

လင်းမူ ခေါက်ဆွဲကို ခပ်မြန်မြန်စားလိုက်သည်။ ဘတ်စ်ကားပေါ်မှာတုန်းက အလွန်ဗိုက်ဆာနေခဲ့သော်လည်း အမှန်တကယ် စားရချိန်မှာတော့ သိပ်အများကြီး မစားနိုင်ခဲ့ပေ။

လင်းမူ စားပြီးသွားသောအခါ ဝမ်ကျွင်းဟောင်က အလုအယက် တကာခံ ငွေရှင်းပေးဖို့ ကြိုးစားပါသည်။ လင်းမူ မတားခဲ့ပေ။ ထို့နောက် ခေါက်ဆွဲဆိုင်နှင့် ဘေးချင်းကပ်လျက်မှာ ရှိနေသည့် ၂၄ နာရီ စတိုးဆိုင်ထဲ နှစ်ယောက်တူတူ ဝင်သွားခဲ့ပါသည်။

ဝမ်ကျွင်းဟောင်က ဆိုဒါ ၄ ဘူး၊ ရေသန့် ၂ ဘူး၊ ဒိန်ချဉ် ၁ ဘူးနှင့် အသင့်စားခေါက်ဆွဲခြောက် ၂ ဘူးတို့ ဝယ်လိုက်သည်။ ထမင်းလုံးတွေ ယူနေသည့် လင်းမူကိုမြင်ပြီး သူလည်း အတုခိုးကာ ၂ ဘူးလောက် လိုက်ယူလိုက်ပါသည်။ ထို့နောက် ကြက်ဥများ၊ ဝက်ပေါင်ချောင်းများနှင့် အခြားအရံအစားအသောက်များကိုပါ ဝယ်ယူခဲ့သည်။ မလုံလောက်သေးဟု ခံစားရသဖြင့် တွေ့ကရာ မုန့်ပဲသရေစာများကိုပါ ယူဆောင်လာခဲ့ပါသည်။

လင်းမူကတော့ အများကြီး မဝယ်ယူခဲ့ပေ။ ပေါင်မုန့် ၂ ထုပ်၊ ဒိန်ချဉ် ၁ ဘူး၊ သစ်သီးဖျော်ရည် ၁ ဘူး၊ ထမင်းလုံး ၂ ဘူးနှင့် ရေသန့် ၂ ဘူးတို့ ဝယ်ယူခဲ့သည်။ နာရီ ၂၀ ဝန်းကျင်လောက်အတွက် အစားအသောက် အများအပြားလိုအပ်မှာမဟုတ်ဟု သူမ တွေးမိသည်။ သူမ အငှားတိုက်ခန်းမှာ နေထိုင်စဉ်အခါတုန်းက တစ်နေ့လုံးနေမှ အသင့်စားခေါက်ဆွဲတစ်ဘူးသာ စားတတ်ပါသည်။

စတိုးဆိုင်ထဲမှ ထွက်လာကြသောအခါ ဝမ်ကျွင်းဟောင်က လင်းမူကို မုန့်ပဲသရေစာတချို့ လက်ဆောင်ပေးဖို့ ကြိုးစားသည်။

လင်းမူက သူများတွေအပေါ်မှာ အခွင့်အရေးမယူတတ်ပါ။ သို့သော် ဟန်ဆောင်ပန်ဆောင် ငြင်းဆန်နေရမှာကိုလည်း သဘောမကျသဖြင့် မုန့်တစ်မျိုးကိုသာ ရွေးချယ်လိုက်ပြီး ကျန်တာအကုန် ပြန်ပေးလိုက်ပါသည်။ ဒါမှ ဝမ်ကျွင်းဟောင်လည်း ကျေနပ်သွားလိမ့်မည်။

လူမှုဆက်ဆံရေးတွင် အေးတိအေးစက်နိုင်ခြင်းက လူတွေကို နေရခက်စေသော်လည်း စိတ်လှုပ်ရှားမှု လွန်ကဲခြင်းက တူညီသော အကျိုးသက်ရောက်မှုမျိုး ရှိစေနိုင်ပါသည်။ ထို့ကြောင့် ရံဖန်ရံခါ အစွန်းနှစ်ဖက်၏ ကြားမှာ သင့်လျော်စွာ နေထိုင်တတ်ဖို့က အရေးကြီးသည်။

သို့သော် ဝမ်ကျွင်းဟောင်၏ စိတ်ကတော့ ထင်သလောက် မရိုးရှင်းခဲ့ပေ။ လမ်းတစ်လမ်းလုံး တစ်ခုခုကို အောင့်အီးသည်းခံလာရပုံပေါ်သည်။

ဘတ်စ်ကားနားသို့ သူတို့ ပြန်ရောက်လာချိန်တွင်တော့ သည်းမခံနိုင်တော့ဘဲ ဝမ်ကျွင်းဟောင် မေးလိုက်ပါသည်။ “ဒါနဲ့ အစ်မလင်းကကော ဘာလို့ ယိုကျိုးကို သွားမှာလဲ”

နေ့လယ်ခင်းတုန်းက သူ့ကို လင်းမူ ထိုမေးခွန်း မေးကာ စကားဖြတ်ခဲ့သည်။ ထိုအချိန်တုန်းက ဝမ်ကျွင်းဟောင် အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့သဖြင့် ပြန်မေးဖို့ မေ့လျော့သွားခဲ့ပါသည်။

လင်းမူလည်း မအံ့ဩပေ။ သူအနှေးနဲ့အမြန် မေးလာလိမ့်မည်ဟု ကြိုခန့်မှန်းထားပြီးသား ဖြစ်သည်။ ယခု မေးလာပြီ ဖြစ်သဖြင့် သူမ ခန့်မှန်းထားတာမှန်သည်ဟူသော ဘဝင်ခိုက်မှုမျိုးပင် ခံစားလိုက်ရသည်။

လင်းမူ ခန့်မှန်းရခက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။ “ကျွန်မလည်း ခရီးထွက်လာခဲ့တာလေ၊ ဒါပေမယ့် ရှင်နဲ့တော့ သိပ်မတူလောက်ဘူး၊ ကျွန်မက အချိန်အကြာကြီးနေရမှာ”

“အစ်မလင်းလည်း ခရီးထွက်လာတာ ဟုတ်လား”။ ဝမ်ကျွင်းဟောင်၏ လေသံတွင် သံသယအရိပ်အယောင်များ ရောယှက်ပါဝင်နေပါသည်။

“အင်း ဟုတ်တယ်၊ ဒီဘတ်စ်ကားပေါ်က လူတစ်ဝက်ကျော်ကျော်လောက် အပန်းဖြေခရီးထွက်လာကြတာလို့ ထင်တာပဲ”။ လင်းမူ ဂရုမစိုက်စွာ ပြန်ဖြေလိုက်သည်။

ယိုကျိုးဟူသည်မှာ နာမည်ကြီး ခရီးသွားနေရာတစ်ခုဖြစ်သည်။ သဘာဝရှုခင်းများလှပသည့်အပြင် သတ္တုတွင်းတွေလည်း အများကြီး ရှိသဖြင့် လူတိုင်း မျက်မြင် တွေ့ချင်ကြမှာ သေချာပါသည်။

ဝမ်ကျွင်းဟောင် ခေါင်းသာညိတ်လိုက်ပြီး ဘာမှ ဆက်မမေးတော့ချေ။ သူတို့နှစ်ယောက် ဘတ်စ်ကားပေါ် အတူတူ ပြန်တက်လာခဲ့ကြပါသည်။

လင်းမူ အပေါ်ထပ်သို့ တက်ရန်ပြင်လိုက်စဉ် VIP အခန်းများရှေ့ရှိ လျှောက်လမ်းမှတဆင့် ကားဒရိုင်ဘာ ဧရိယာသို့ လှမ်းကြည့်လိုက်မိပါသည်။ ဒရိုင်ဘာထိုင်ခုံတွေက ဒုတိယထပ်ရှိ ထိုင်ခုံများနှင့် ဆင်တူပါသည်။

အသက်ငယ်ငယ် ဒရိုင်ဘာနှင့် အသက်ကြီးကြီး ဒရိုင်ဘာ နှစ်ယောက်ရှိပြီး နှစ်ယောက်စလုံး ထိုင်ခုံမှာ အိပ်စက်အနားယူနေကြသည်။ အသက် ၅၀ ဝန်းကျင် အမျိုးသမီးကြီးတစ်ဦးကလည်း ယာဉ်မယ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ဘက်ခြောက်များ စိမ်ထားသည့် ဖန်ခွက်နှစ်ခွက်ကိုကိုင်ရင်း ဒရိုင်ဘာနှစ်ဦးထံ လျှောက်သွားခဲ့သည်။

ဘတ်စ်ကားပေါ်မှာ ဒရိုင်ဘာနှစ်ဦး၊ ယာဉ်မယ်နှစ်ဦးရှိမည်ဟု လင်းမူ ခန့်မှန်းမိသည်။ ယာဉ်မယ်အငယ်လေးက ဒုတိယထပ်မှာ ထိုင်ရပြီး အသက်ကြီးကြီး ယာဉ်မယ်ကတော့ ဒရိုင်ဘာတွေအနားမှာ ထိုင်ရပုံပေါ်သည်။

လင်းမူတစ်ချက်နှစ်ချက်သာ လှမ်းကြည့်လိုက်ပြီး ဝမ်ကျွင်းဟောင်နှင့်အတူတူ အပေါ်ထပ်သို့ ဆက်တက်လာခဲ့ပါသည်။

ဘတ်စ်ကားဒုတိယထပ်၏ လေထုက လေးလံပြီး အနံ့ပေါင်းစုံထွက်နေသည်။ အလုံပိတ်ခန်းဖြစ်သဖြင့် ပြူတင်းပေါက်တွေ အားလုံးကို ပိတ်ထားရပြီး လေဝင်လေထွက်ဟူ၍ လှေကားထစ်နှစ်ခုသာ ရှိနေပါသည်။ ထို့ကြောင့် နှာခေါင်းကို မျိုးစုံဒုက္ခပေးသော အနံ့ဗုံးကြီးသဖွယ် ဖြစ်နေလေသည်။

All Chapters