အခန်း (၄)
Vol. 1 Ch. 4
အပေါ်ထပ်သို့ ပြန်ရောက်လာသည်နှင့် လင်းမူ မျက်မှောင်အလွန်ကြုတ်သွားခဲ့သည်။ ထိုင်ခုံမှာ ပြန်ထိုင်လိုက်ပြီး ပြူတင်းပေါက်လေးကို ဟစိလေး ဖွင့်ထားလိုက်ပါသည်။ ထိုပြူတင်းပေါက် ဟစိလေးကြားမှ တိုးဝင်လာသည့် အေးစက်စက်လေညှင်းများက အခြားရနံ့ပေါင်းစုံနှင့် ပေါင်းစည်းသွားပြီး လင်းမူ၏ နှာခေါင်းထဲ ဝင်ရောက်လာပါသည်။
လင်းမူ နှာခေါင်းတစ်ခုလုံး ငရဲကျသလို ခံစားနေရသည်။ သို့သော် နေသားကျအောင် ကြိုးစားလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် ကားကို နာရီ ၂၀ ဝန်းကျင် စီးရဦးမှာဖြစ်သဖြင့် သူများတွေကို မစားဖို့မသောက်ဖို့ တားဆီးလို့ မရနိုင်ပေ။ သူမကိုယ်တိုင်လည်း စားသောက်ရမှာပဲ ဖြစ်သည်။
ထိုစဉ် ညာဘက်အခြမ်းမှ စူးစူးရှရှ အမျိုးသမီးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံနောက်ကို လင်းမူ လိုက်ကြည့်လိုက်ရာ အညိုရောင် ဆံပင်ရှည်ရှည်ကောက်ကောက်နှင့် အမျိုးသမီးတစ်ဦးက ထိုင်ခုံဘေးမှာ ရပ်နေပြီး သူမအနောက်မှာထိုင်နေသည့်လူကို ဒေါသတကြီး စိုက်ကြည့်နေပါသည်။
“နင်လူစကားနားမလည်ဘူးလား! မကန်နဲ့လို့ပြောရင် မကန်နဲ့ပေါ့! နားမလည်ဘူးလားလို့!”
သူမငေါက်နေသည့် လူက နောက်ဆုံးမှရေလျှင် ဒုတိယတန်းမှာ ထိုင်နေတာဖြစ်ပြီး လင်းမူ၏ အရှေ့တန်းလည်း ဖြစ်သည်။ ထို့ကြောင့် သူ့မျက်နှာကို လင်းမူ ကောင်းကောင်းမမြင်ရပါ။ သို့သော် အဝတ်အစားများကို ကြည့်ရသလောက်တော့ အနည်းငယ် ဖရိုဖရဲနိုင်ပြီး ဆံပင်တွေလည်း ရှုပ်ပွနေပါသည်။
အငေါက်ခံနေရသော်လည်း ထိုလူ ဘာမှမတုန့်ပြန်ခဲ့ချေ။ အမျိုးသမီးက တစ်ခွန်းနှစ်ခွန်းလောက် ဆက်ငေါက်ခဲ့ပြီးနောက် ဝါဂွမ်းကို လက်သီးနှင့်ထိုးနေသလို ဘာသက်ရောက်မှုမှ မရှိသဖြင့် သူမ၏ လှလှပပမျက်နှာ ဒေါသဖြင့် ရှုံ့မဲ့သွားခဲ့ရသည်။
ထို့နောက် သူမရှေ့တန်းမှာထိုင်နေသည့် လူကို ထိုင်ခုံချင်းလဲပေးဖို့ သွားတောင်းဆိုလိုက်သည်။ ထိုအခါ ခန္ဓာကိုယ်ကြံ့ကြံ့ခိုင်ခိုင်နှင့် လူကြီးတစ်ယောက် မတ်တပ်ရပ်လာပြီး ခြေနှစ်လှမ်းလောက် လျှောက်လာခဲ့ကာ ဖရိုဖရဲနိုင်သည့်လူဘေးမှာ လာရပ်လိုက်ပါသည်။ သူဘာမှ မပြောဘဲ သတိပေးသည့်သဘောဖြင့် အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့သည်။
ထိုအကြည့်က အမျိုးသမီး၏ အော်သံများထက် အနည်းငယ် သက်ရောက်မှု ပိုရှိပုံပေါ်သည်။ ဖရိုဖရဲနှင့်လူ မျက်နှာလွှဲလိုက်ပြီး ပြူတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေလိုက်ပါသည်။
ကြံ့ကြံ့ခိုင်ခိုင်နှင့်လူက မကျေနပ်သေးသယောင်ဖြင့် ငေါက်လိုက်သည်။ “ငါမင်းကို တစ်ခါပဲ သတိပေးမယ်နော်၊ ငါ့ရှေ့မှာ စောက်ရူး ထပ်မထနဲ့”
ထိုစကားကို သုံးသပ်ကြည့်ခြင်းအားဖြင့် သူတို့ပြဿနာတက်ဖူးတာ ဒါပထမဆုံး ဟုတ်ပုံမရပေ။ သို့သော် သတိပေးစကားက သက်ရောက်မှုမရှိလှပါ။ နောက်ဆုံးမှာတော့ ကြံ့ကြံ့ခိုင်ခိုင်နှင့်လူက သူ့နောက်မှာထိုင်သည့် အမျိုးသမီးနှင့် နေရာချင်း လဲပေးလိုက်ပါသည်။
လင်းမူ အကြည့်ပြန်လွှဲလိုက်စဉ် အောက်ထပ်မှ ယာဉ်မယ်တက်လာပြီး ခရီးသည်များကို ရေတွက်လိုက်သည်။ ထို့နောက် ခရီးဆက်မည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။
ဘတ်စ်ကားလည်း ယာဉ်ရပ်နားစခန်းမှ တလိမ့်လိမ့် ထွက်ခွာလာပြီး ယာဉ်ရပ်နားစခန်း၏ ‘တောက်ပသည့် မီးအလင်းရောင်’များကို နောက်မှာ ချန်လှပ်ထားခဲ့ရသည်။
ယာဉ်မယ်က ဒုတိယထပ်ရှိ မီးများအားလုံးကို ပိတ်ပစ်လိုက်သည်။ ဒုတိယထပ်တစ်ထပ်လုံး အမှောင်ကျသွားခဲ့ပြီး ရှေ့ဆုံး ပြူတင်းပေါက်မှန်ကြီးမှ ပြန်နေသည့် အလင်းရောင်တစ်ခုတည်းသာ ရှိပါသည်။
ခရီးသည်တစ်ယောက် အထွန့်တက်ဖို့ ကြံလိုက်စဉ် ယာဉ်မယ်က ဦးစွာ ရှင်းပြလိုက်ပါသည်။ “စိတ်မရှိကြပါနဲ့ လူကြီးမင်းတို့၊ ခရီးသည်အချို့က အိပ်စက်အနားယူဖို့ လိုအပ်တာကြောင့် အဓိက မီးလုံးတွေကို ပိတ်လိုက်ရခြင်း ဖြစ်ပါတယ်၊ ဒါပေမယ့် ထိုင်ခုံတိုင်းရဲ့ ဘေးဘက်မှာ စာဖတ်မီးလေးတွေ စီစဉ်ပေးထားတာကြောင့် အလင်းရောင် လိုအပ်သူတွေက ဖွင့်ထားလို့ရပါတယ်နော်”
ခရီးသည်များလည်း စာဖတ်မီးများကို လိုက်ရှာကြလေသည်။ လင်းမူလည်း လက်ဖြင့် လိုက်စမ်းကြည့်လိုက်ရာ ခလုတ်အသေးလေးတစ်ခုကို ထိမိသွားပါသည်။ ထိုင်ခုံ၏ ညာဘက်အစွန်တွင် လက်ဖြင့် လှည့်ရသော ပန်နယ်လေးတစ်ခု ရှိနေသည်။ အထဲတွင် အလင်းဖျော့ဖျော့ ဖြာထွက်နေသည့် မီးလုံးလေးတစ်လုံး ရှိနေပြီး အခြားထိုင်ခုံများသို့ အလင်းပြန့်မသွားအောင်လည်း သေချာ ထိန်းသိမ်းပေးထားသည်။
ဒီဇိုင်းက အတော်လေး ကောင်းမွန်ပါသည်။ သို့သော် လင်းမူ မလိုအပ်သေးပါ။ ထို့ကြောင့် စာဖတ်မီးကို ပိတ်ပစ်လိုက်ပြီး Eye Mask ကို ထုတ်ကာ အိပ်စက်ဖို့ ပြင်လိုက်ပါသည်။
ထိုစဉ် သူမဘေးမှာ ထိုင်နေသည့် မိန်းကလေးတစ်ဦး ရုတ်တရက် အနားကပ်လာကာ မေးလိုက်သည်။ “ဟယ်လို အစ်မ… အစ်မမှာ… ဟိုဟာပါလားဟင်”
Eye Mask ကို ကိုင်ထားသည့် လင်းမူလက် လေထဲမှာ ရပ်တန့်သွားခဲ့သည်။
ဆံပင်ဂုတ်ဝဲလေးနှင့် မျက်နှာတစ်ခုလုံး ရှက်သွေးဖြာကာ နီမြန်းနေသော ကောင်မလေးကို သူမ လှည့်ကြည့်လိုက်သည်။ သူမ ပုံစံက အလွန်ငယ်ရွယ်မည့်ပုံစံပင်။
လင်းမူ ကြောင်စီစီ ဖြစ်နေတာကိုမြင်ပြီး ကောင်မလေးက လက်ဟန်ခြေဟန်ပြကာ ရှင်းပြဖို့ ကြိုးစားသည်။ “အဲ့တာက… အစ်မသိပါတယ်… အဲ့တာလေ…”
ထိုကောင်မလေး၏ လက်ဟန်တွေကိုကြည့်ရင်း လင်းမူမျက်မှောင်ကြုတ်လျက် မေးလိုက်ပါသည်။ “လစဉ်သုံးပစ္စည်းကို ပြောတာလား”
ထိုစကားလုံး ထွက်လာသည်နှင့် ကောင်မလေး ပျာပျာယာယာဖြစ်သွားပြီး ဘေးတဝိုက်ကို လှည့်ကြည့်လိုက်မိသည်။ ဘယ်သူမှ ဂရုမစိုက်မှန်းမြင်ခါမှ ခေါင်းညိတ်ပြလိုက်ပါသည်။ “ဟုတ်တယ် ဟုတ်တယ်”
လင်းမူ Eye Mask ကို ချလိုက်ပြီး တစ်ခုထုတ်ပေးဖို့ ပြင်လိုက်သည်။ သို့သော် စိတ်ပြောင်းသွားပုံရပြီး ညသုံး pad တစ်ထုပ်လုံးကို ကျောပိုးအိတ်ထဲမှ ထုတ်ကာ ဖော်ဖော်ရွေရွေ အပြုံးဖြင့် ပေးလိုက်ပါသည်။
“ကျေးဇူးတင်ပါတယ် တစ်ခုဆို ရပါပြီ”
ကောင်မလေးက ကျေးဇူးတင်စကားဆိုလိုက်ပြီး အထုပ်ထဲမှ တစ်ခုသာ ဆွဲထုတ်ဖို့ ပြင်လိုက်သည်။ သို့သော် လင်းမူ တားလိုက်ပါသည်။ “ခရီးစဉ်က နာရီ ၂၀ ဝန်းကျင် ကျန်သေးတာ၊ တစ်ခုတည်းနဲ့ ဘယ်လောက်မလဲ၊ ယူလိုက်ပါ၊ အခု အစ်မ မလိုအပ်သေးဘူး”
ကော်ငမလေးမျက်နှာက အကြွေးတစ်ခု တင်သွားသကဲ့သို့ ပိုမိုရှက်ရွံ့သွားခဲ့သည်။ ဒါကို လင်းမူ သတိထားမိပြီး အစက စကားများများပြောဖို့ အစီအစဉ်မရှိသော်လည်း အနည်းငယ် နှစ်သိမ့်ပေးခဲ့ပါသည်။ “ဘာမှမဖြစ်ပါဘူး၊ လူတိုင်းကြုံရတဲ့ အခက်အခဲပဲဥစ္စာ၊ ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်ဘူး၊ စိတ်မပူနဲ့”
သူမကို အရေးပါသူတစ်ယောက်အဖြစ် သူများတွေမြင်သွားမှာကို လင်းမူ မလိုလားပေ။
ကောင်မလေးလည်း ကျေးဇူးထပ်တင်ကာ အောက်ထပ်သို့ ဆင်းသွားခဲ့ပါသည်။
အနှောင့်အယှက်မရှိတော့သဖြင့် လင်းမူ ဆက်အိပ်လိုက်တော့သည်။
ဘာတွေပဲ ဖြစ်ခဲ့ပါစေ သူမအတွက်က ခြားနားမှုမရှိပေ။ စရိုက်မျိုးစုံ၊ လူမျိုးစုံနှင့် ဆုံတွေ့ရသော်လည်း တူညီသည့် စကားလုံးတွေကိုသာ ပြောဆိုနေရသည့် ငြီးငွေ့စရာ ဘဝကြီးတစ်ခုပင်။
သို့သော် အိပ်ရာနိုးလာသည့်အခါ သူမ နားလည်ထားသည့် ကမ္ဘာကြီးက အကြီးအကျယ် ပြောင်းလဲသွားတော့မှာကိုတော့ လင်းမူ မသိနိုင်ခဲ့ချေ။
[တင်း-တင်း-တင်း~ တင်! ညသန်းခေါင်ယံအချိန် ရောက်ရှိပါပြီ၊ ဘတ်စ်ကားပေါ်မှ ခရီးသည်အားလုံးကို ကြိုဆိုပါတယ်]
ရုတ်တရက်ထွက်ပေါ်လာသည့် အသံက ဘတ်စ်ကားတစ်စီးလုံးမှာ ပဲ့တင်သံထပ်သွားခဲ့သည်။ အိပ်မက်လှလှ မက်နေသည့် ခရီးသည်များလည်း သိပ်အရေးမစိုက်ခဲ့ဘဲ ခန္ဓာကိုယ်အနေအထားပြောင်းကာ ဆက်အိပ်ဖို့ ကြံလိုက်ကြသည်။
[တင်း-တင်း-တင်း~ တင်! ညသန်းခေါင်ယံအချိန် ရောက်ရှိပါပြီ၊ ဘတ်စ်ကားပေါ်မှ ခရီးသည်အားလုံးကို ကြိုဆိုပါတယ်]
ဘတ်စ်ကားပေါ်က အသိပေးသံ ထပ်ထွက်လာသောအခါ လက်မောင်းမှာ တက်တူးအပြည့်ထိုးထားသည့် ကြံ့ကြံ့ခိုင်ခိုင် လူကြီး သည်းမခံနိုင်ဘဲ ထဆဲလိုက်လေသည်။
“မင်းအမေကို ကြိုဆိုတာလား! လူတွေအိပ်နေတာ နားမလည်ကြဘူးလားကွ!”
လင်းမူလည်း လန့်ဖျပ်ကာ နိုးသွားသည်။ သူမ နိုးလာရသည်က ဘတ်စ်ကား၏ အသိပေးသံကြောင့်ကော၊ ကြံ့ကြံ့ခိုင်ခိုင်လူကြီး၏ ဆဲသံကြောင့်ကော မဟုတ်ပါ။ လျစ်လျူရှုဖို့ ခဲယဉ်းလွန်းသည့် နိမိတ်ဆိုးခံစားချက်ကြီးတစ်ခု သူမရင်ထဲ ဖြစ်တည်လာတာကြောင့်သာ…။
လင်းမူ ထိုင်ခုံပေါ်မှာ ခါးမတ်မတ် ထထိုင်လိုက်သည်။ သူမ ရင်ဘတ်တွေ မြင့်ချည်နိမ့်ချည် အလွန်လှုပ်ရှားနေပါသည်။ ဘတ်စ်ကားပေါ်က လူအတော်များများလည်း နိုးတစ်ဝက်မနိုးတစ်ဝက်ဖြင့် မကျေမနပ် ညည်းတွားနေကြသည်။
ထိုအခါမှ ဒုတိယထပ်တစ်ထပ်လုံး ပိန်းပိတ်အောင် အမှောင်ကျနေမှန်း လင်းမူ သတိထားမိသွားပါသည်။ သူမ မအိပ်စက်ခင်တုန်းက လူအချို့ စာဖတ်မီးတွေဖွင့်ပြီး ဖုန်းတွေ၊ tablet တွေ အသုံးပြုနေသေးတာကို မှတ်မိသေးသည်။
ထိုစဉ် ထိုင်ခုံအနောက်ဘက်မှ ခပ်ဖျော့ဖျော့ မီးအလင်းရောင်တစ်ခုထွက်လာခဲ့သည်။ လင်းမူ ထိုင်ခုံကြားထဲမှ ချောင်းကြည့်လိုက်ရာ အနောက်ဘက်တွင် အပြာရောင် မျက်နှာကြီးတစ်ခုက သူမကို သွားရှစ်ချောင်းပေါ်အောင် ပြုံးပြပြီး ကြည့်နေတာကို မြင်လိုက်ရပါသည်။
“ခရီးသည်တစ်ခုခုများ အလိုရှိလို့လား”
လင်းမူ ကိုယ့်ကိုယ်ကိုယ် သတ္တိကြောင်သူဟု မသတ်မှတ်ဖူးပါ။ ညပေါင်းများစွာ လမ်းမတွေပေါ်မှာ တစ်ယောက်တည်း လျှောက်လှမ်းဖူးခဲ့သလို လူသူကင်းမဲ့သည့် လမ်းကြိုလမ်းကြားတွေထဲကိုလည်း ဖြတ်သန်းခဲ့ဖူးသည်။ သို့သော် ယခု ထိုယာဉ်မယ်၏ အပြုံးကြောင့် ရင်တုန်ပန်းတုန်ကာ လန့်ဖျပ်သွားသည် ဆိုတာကိုတော့ ဝန်ခံရပါလိမ့်မည်။
ယာဉ်မယ်လည်း လက်ထဲကဖုန်းကို ချလိုက်ပြီး မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားသည့် လင်းမူအား ကြောင်စီစီ ကြည့်လိုက်ပါသည်။ ဖုန်းထဲမှ အပြာရောင်မီးအလင်းရောင်က ယာဉ်မယ်၏ မျက်နှာပေါ်မှာ ထင်ဟပ်နေခဲ့ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အမှောင်ထုထဲ သူမမျက်နှာ ကြောက်စရာကောင်းနေခြင်းသာ ဖြစ်ပါလိမ့်မည်။
ဘာမှမဟုတ်ကြောင်းပြောဖို့ လင်းမူကြံလိုက်စဉ် အသိပေးသံထပ်ထွက်လာပြန်သည်။ ခုနက စကားလုံးတွေနဲ့ တစ်ထေရာတည်း တူညီသည့် အသိပေးသံဖြစ်ပါသည်။
လင်းမူ အကြောင်းအရင်းကို မေးမြန်းဖို့ ပြင်လိုက်စဉ် ပိန်းပိတ်အောင်မှောင်နေခဲ့သည့် ဒုတိယထပ်တစ်ထပ်လုံး မျက်လုံးများ စူးရှသွားရလောက်အောင် ရုတ်တရက် မီးတွေလင်းထိန်သွားခဲ့သည်။ ထိုအခါ တစ်ထပ်လုံး ဆဲဆိုသံများဖြင့် ပြည့်နှက်သွားလေတော့သည်။
“ဘယ်မြေနိုးက မီးတွေဖွင့်လိုက်တာလဲ!”
“စောက်ရူးလား! ဘယ်ကောင့်လက်ချက်လဲ!”
“ဒီပုံစံနဲ့ ငါတို့ဘယ်လိုအိပ်ရတော့မှာလဲကွာ…!”
ဘာတွေဖြစ်နေမှန်း ဘယ်သူမှ မသိကြပေ။ လင်းမူ လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ရာ အချိန်ကား 12:03 AM ရှိနေပါပြီ။
‘ဒီအချိန်ကြီး ခရီးသည်တွေကို နှိုးရအောင် အရေးကြီးကိစ္စရှိလို့များလား…’
ယာဉ်မယ်ကို လင်းမူ လှည့်မေးဖို့ ပြင်လိုက်စဉ် ရုတ်တရက် ကြက်သေသေသွားခဲ့ရသည်။
နေပါဦး…
‘လက်ပတ်နာရီ… ငါဘယ်တုန်းက လက်ပတ်နာရီဝတ်ဖူးလို့လဲ’
သူမလက်ပေါ် ရောက်ရှိနေသည့် လက်ပတ်နာရီက သတ္တုကိုယ်ထည်နှင့် ဖန်တီးထားခြင်းဖြစ်ပြီး ထူးဆန်းသည့် ဒီဇိုင်းရှိသည်။
လင်းမူ ဘာမှမစဉ်းစားနိုင်ခင် အလွန်စူးရှသည့် အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ အလင်းလာရာ အရပ်သို့ လင်းမူ အလိုလိုလှမ်းကြည့်လိုက်မိပါသည်။
ရှေ့ဆုံးမှာရှိနေသည့် ဧရာမ ပြူတင်းပေါက်ကြီးက ယခုတော့ အပြာရောင်ဖန်သားပြင်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့လေပြီ။ ထိုဖန်သားပြင်ကြီးပေါ်မှာ စကားလုံးအချို့ ထင်ထင်ရှားရှား ပေါ်လာခဲ့ပါသည်။
[ အဆုံးမဲ့ ဘတ်စ်ကားပေါ်မှ ကြိုဆိုပါတယ် ]
[ မကြာမီ ကစားပွဲ စတင်ပါတော့မယ်… ]