← Chapters

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

Vol. 1 Ch. 5

‘ကစားပွဲဟုတ်လား… ဘာကစားပွဲလဲ’

အပြာရောင်ဖန်သားပြင်ကြီးကို လင်းမူ ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်သည်။ ခရီးသည်တွေလည်း ထိုဖန်သားပြင်ကြီးကို တစ်ယောက်ပြီးတစ်ယောက် သတိပြုမိသွားကြကာ အသံပေါင်းစုံ ထွက်လာခဲ့ပါသည်။

“အဲ့တာဘာကြီးလဲ”

“ကစားပွဲဟုတ်လား၊ ဘယ်က ကစားပွဲလဲ၊ ညသန်းခေါင်ကြီးကို ဘာအရူးထနေကြတာလဲဟ”

ထိုစဉ် ခရီးသည်များအကြားမှ ကျယ်လောင်စူးရှသည့် ရယ်သံတစ်သံထွက်ပေါ်လာသဖြင့် ဒုတိယထပ်ဘတစ်ထပ်လုံး တိတ်ဆိတ်သွားခဲ့သည်။

“ဟားဟားဟားဟားဟား! ညသန်းခေါင်ယံမှာ ပျောက်ကွယ်သွားတတ်တဲ့ ဘတ်စ်ကားအကြောင်းကို မင်းတို့ ကြားဖူးကြတယ်မလား၊ အဲ့ဒီဘတ်စ်ကား တကယ်ရှိနေတာကိုး!”

အသံလာရာဘက်သို့ လင်းမူ လှည့်ကြည့်လိုက်သည်။ ခုနက ပြဿနာဖြစ်ခဲ့သည့် ဖရိုဖရဲပုံစံနှင့်လူက ရုတ်တရက် မတ်တပ်ထရပ်ကာ ကျောချမ်းစရာ လေသံစူးစူးဖြင့် ပြောဆိုနေခြင်းပင်။

သူ့စကားလုံးများကြောင့် ခရီးသည်များအားလုံး သိသိသာသာ မှင်သက်သွားခဲ့ကြပြီး တစ်ကားလုံး အချိန်အတော်ကြာအောင် နိမိတ်မရှိစွာ တိတ်ဆိတ်သွားခဲ့ကြသည်။

ရှေ့ခုံမှာထိုင်နေသည့် ကြံ့ကြံ့ခိုင်ခိုင်လူကြီးက ထိုလူ့နားကို ဒေါသတကြီး လျှောက်လာပြီး အင်္ကျီကော်လံကို ဆွဲကာ သတိပေးလိုက်သည်။ “စောက်အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေရင် ငါမင်းကို တကယ်သတ်ပစ်မှာနော်”

ဒီတစ်ခါတော့ ဖရိုဖရဲနှင့်လူက မတွန့်ဆုတ်ခဲ့ပေ။ ကြံ့ကြံ့ခိုင်ခိုင်လူကြီးကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း လှောင်ပြုံးဟု ထင်ရသော အပြုံးမျိုး ပြုံးပြလိုက်သည်။

ထိုပြဿနာတွေကို လင်းမူ သိပ်အရေးမစိုက်ခဲ့ပါ။ သူမ စိတ်ဝင်စားနေသည်က အပြာရောင်ဖန်သားပြင်ကြီးပေါ်ရှိ စာတန်းများဖြစ်သည်။

‘အဆုံးမဲ့ဆိုတာ ဘာကိုဆိုလိုတာလဲ… ဘတ်စ်ကားက မရပ်တန့်တော့ဘူးဆိုတဲ့ သဘောလား’

အနောက်ဘက်ခုံမှာ ထိုင်နေသည့် ယာဉ်မယ်ကို လင်းမူ လှည့်ကြည့်လိုက်သည်။ ယခု ယာဉ်မယ်က မတ်တပ်ရပ်လာပြီ ဖြစ်ပြီး ပြဿနာဖြစ်နေသည့် လူနှစ်ယောက်ထံ အပြုံးဖြင့် လျှောက်လာခဲ့ပါသည်။

“ခရီးသည်တို့ စိတ်အေးအေးထားကြပါ၊ ယာဉ်ပေါ်မှာ ခရီးသည်အချင်းချင်း ရန်ဖြစ်တာက စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီပါဘူးနော်”

‘စည်းမျဉ်းစည်းကမ်းတဲ့လား…’

လင်းမူ၏ မသိစိတ်က တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သတိပေးနေခဲ့သည်။

သို့သော် ကြံ့ကြံ့ခိုင်ခိုင်လူကြီးကတော့ ဂရုစိုက်ပုံမပေါ်ပေ။ ဖရိုဖရဲနှင့်လူ၏ ကော်လံကို လွှတ်ပေးလိုက်ပြီး ယာဉ်မယ်အပေါ် ဒေါသပုံချလိုက်ပါသည်။

“ဘာစည်းမျဉ်းစည်းကမ်းလဲ၊ ဘာကို ချိုးဖောက်တာလဲ၊ ငါမင်းတို့ကို မေးချင်နေတာ တော်တော်ကြာပြီ၊ ဒီလောက် သံသယဖြစ်စရာကောင်းတဲ့လူတွေကို ဘာလို့ ကားပေါ်တက်ခွင့်ပေးခဲ့တာလဲ၊ ဟိုမှာ ကလေးနှစ်ယောက် ပါလာတယ်နော်”။ ရှေ့ဆုံးတန်းမှာထိုင်နေသည့် ကလေးနှစ်ယောက်ကို သူ လက်ညှိုးထိုးပြလိုက်သည်။

“တစ်ခုခုဖြစ်သွားရင် မင်းတို့တာဝန်ယူပေးမှာလား၊ ပြီးတော့ ညကြီးသန်းခေါင် ကားပေါ်မှာ ဘာတွေ ထလုပ်နေတာလဲ၊ မင်းတို့ ကြောင်နေကြတာလား”

ရှေ့ဆုံးတန်းမှ ကောင်ကလေးနှင့် ကောင်မလေး အိပ်ချင်မူးတူး နိုးလာကြပြီး နောက်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

“ဟုတ်ပ ဘာတွေဖြစ်နေကြတာလဲ၊ ဘတ်စ်ကားစီးရလို့ နဂိုကတည်းက ပင်ပန်းနေတာကိုကွာ”

“စိတ်ရှုပ်ဖို့ကောင်းလိုက်တာ၊ ဒီခရီးကတော့ တကယ့်ငရဲပဲ”

ယာဉ်မယ်က ဘာမှပြန်မပြောဘဲ ပြုံးသာ ပြုံးနေသည်။

ထိုစဉ် လှေကားထစ်ထံမှ မိန်းကလေးတစ်ဦး၏အသံ ထွက်ပေါ်လာခဲ့သည်။ အိပ်ချင်မူးတူးဖြင့် သန်းဝေနေသော်လည်း သူမအသံက ကြည်လင်ပြတ်သားလှပါသည်။ “ဘာတွေဖြစ်နေကြတာလဲ၊ ညကြီးသန်းခေါင် ဘာတွေ ဆူညံနေတာလဲ”

ဆံပင်ကို ခပ်မြင့်မြင့်စည်းထားသည့် မိန်းကလေးတစ်ယောက် ပထမထပ်မှ တက်လာပြီး လက်ပိုက်လျက် မေးလိုက်သည်။ ထို့နောက် ဒုတိယထပ် တစ်ထပ်လုံးကို အကဲခတ်ကာ နောက်ဆုံးတော့ ရှေ့ဆုံးက အပြာရောင် ဖန်သားပြင်ကြီးပေါ် မျက်စိရောက်သွားခဲ့ပါသည်။

“အဆုံးမဲ့ ဘတ်စ်ကားတဲ့လား၊ ကစားပွဲတဲ့… စိတ်ဝင်စားစရာကောင်းလိုက်တာ”

သူမ ပုံစံက အခြားခရီးသည်များနှင့် မတူညီဘဲ အမှန်တကယ် စိတ်ဝင်စားနေသည့်ပုံစံပင်။

သူမနောက်မှ လိုက်လာသူက VIP အခန်းနံပါတ်(၃)မှ လူဖြစ်သည်။ သူတို့မျက်လုံးချင်း ခေတ္တဆုံသွားပြီး ထိုလူလည်း အပြာရောင် ဖန်သားပြင်ကြီးကို မြင်သွားခဲ့ပါသည်။

ထို့နောက် အခန်းနံပါတ် (၄)၊ (၅)၊ (၆) အသီးသီးတို့မှ ခရီးသည်တွေလည်း အပေါ်ထပ်သို့ တက်လာကြပြီး စိတ်ဝင်စားစရာ အပြာရောင်ဖန်သားပြင်ကြီးကို မြင်သွားကြပါသည်။

ခရီးသည်အားလုံး စုစည်းသွားခြင်းကြောင့်လား မသိနိုင်သော်လည်း ဖန်သားပြင်ပေါ်က ပုံရိပ်များ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ အပြာရောင်မျက်နှာပြင်ပေါ်မှာ စာတန်းတွေ ပေါ်လာခြင်းပဲဖြစ်သော်လည်း စာသားတွေကတော့ ပြောင်းလဲသွားပါပြီ။

[ ကစားသမား စာရင်း ]

[ 001 - ချီရှင်းချန့်

002 - ယင်းခိုင်လဲ့

003 - ကျိုးယုပိုင်

004 - ဟယ်ခန်း

005 - ကျူးဖေအာ

006 - ချောင်းစစ်

007 - ကျန်းရှင်းဟိုင်

008 - ကွမ်းမင်

009 - ဝမ်ချိုးယွဲ့

010 - သောအာ

011 - လျို့လင်းဖန်

012 - ခယ့်ပေ

013 - ယင်ဟောက်

014 - ချဲ့ထုံဟွေ့

015 - ဖန်ကျီး

016 - ရှဲ့ရှစ်ဟွာ

017 - ဝမ်ကျွင်းဟောင်

018 - ထန်ရှို့ဝမ်

019 - ကျန်းကွေ့ထုံ

020 - လင်းမူ

021 - ရှားယွင်ယွင်

022 - ချုံးလန် ]

လင်းမူ ထိုအမည်စာရင်းကို ကြည့်လိုက်ပြီး စိတ်ထဲမှ အမြန်တွက်ချက်ကြည့်လိုက်ရာ ထိုင်ခုံတည်နေရာအတိုင်း စီစဉ်ထားခြင်းဖြစ်မှန်း ရိပ်မိသွားခဲ့သည်။

ထိုစဉ် စာရင်းပေါ်ရှိ အမည်နှစ်ခုက နေရာပြောင်းလဲသွားခဲ့သည်။ 013 - ယင်ဟောက်နှင့် 016 - ရှဲ့ရှစ်ဟွာတို့ပင်။

ဖရိုဖရဲလူနှင့် ပြဿနာဖြစ်သဖြင့် သူတို့နှစ်ယောက် ထိုင်ခုံနေရာလဲခဲ့ကြသည်ကို လင်းမူ မှတ်မိပါသည်။

‘ဒီစာရင်းကို တစ်ယောက်ယောက်က တိုက်ရိုက်ထိန်းချုပ်နေတာလား…’

ရှဲ့ရှစ်ဟွာနှင့် နေရာချင်းလဲခံလိုက်ရသည့် သူ့အမည်ကို မြင်သောအခါ ယင်ဟောက် ဒေါသပိုထွက်သွားခဲ့သည်။ “မင်းတို့ ရူးနေတာလား၊ ဒီကစားပွဲမှာ ငါပါမယ်လို့ ဘယ်တုန်းက ပြောခဲ့မိလို့လဲ!”

အားလုံးထဲမှာ ယင်ဟောက်က အသန်မာဆုံးဖြစ်ပြီး စိတ်ကလည်း လူနှင့်အချိုးကျကာ အလွန်ကြီးပါသည်။

သို့သော် ယာဉ်မယ်က နည်းနည်းလေးမှ ထိတ်လန့်သွားပုံ မပေါ်ခဲ့ပေ။ အပြုံးမပျက်ဘဲ တုန်လှုပ်စရာကောင်းသည့် စကားလုံးများကို သူမ ဆိုခဲ့ပါသည်။

“ခရီးသည် မေ့သွားပြီထင်တယ်၊ ဘတ်စ်ကားပေါ် မတက်ခင်တုန်းက ခရီးသည်တို့ရဲ့ လက်မှတ်တွေကို ‘ကစားပွဲ ဝင်ရောက်ခြင်း’ ဆိုတဲ့ အနီရောင် တံဆိပ် ရိုက်နှိပ်ပေးခဲ့တယ်လေ၊ အဲ့ဒီလက်မှတ်တွေ ကျွန်မလက်ထဲ အပ်ထားပြီးပြီ ဆိုတော့ ကစားပွဲထဲ ပါဝင်ဖို့ သဘောတူလိုက်တာနဲ့ အတူတူပဲပေါ့”

အားလုံး ကြောင်စီစီဖြစ်သွားခဲ့ကြသည်။

သူတို့ခေါင်းထဲ ပေါ်လာသည့် မေးခွန်းနှစ်ခု ရှိနေပါသည်။

ပထမမေးခွန်းမှာ: ‘လက်မှတ်ပေါ်မှာ ‘ကစားပွဲဝင်ရောက်ခြင်း’ဆိုတဲ့ တံဆိပ်တကယ် ရိုက်နှိပ်ပေးခဲ့တာလား’

ဒုတိယမေးခွန်းကတော့: ‘ကားလက်မှတ်ကို ဘာလို့ ‘ကစားပွဲဝင်ရောက်ခြင်း’ဆိုတဲ့ တံဆိပ် ရိုက်နှိပ်ပေးရတာလဲ’

ခရီးသည်များအကြား ပွစိပွစိပြောသံများ စီစီညံသွားခဲ့သည်။

ဝမ်ကျွင်းဟောင်က လင်းမူကို လှည့်မေးလိုက်ပါသည်။ “အစ်မလင်း၊ လက်မှတ်ပေါ်က အနီရောင်တံဆိပ်ကို မြင်ခဲ့လား၊ အဲ့လို တံဆိပ်မျိုး ကားလက်မှတ်ပေါ် ဘာလို့ ရိုက်နှိပ်ပေးရတာလဲ”

လင်းမူ ခေါင်းခါပြလိုက်သည်။ သူမ တံဆိပ်ကို မြင်ခဲ့သော်လည်း ဘာရေးသားထားမှန်း သေသေချာချာ မကြည့်ခဲ့မိပါ။ ဂိတ်မှာတုန်းက ရုပ်ဆိုးဆိုး အနက်ရောင်ကြောင်မျက်နှာနှင့် ဆင်တူသည့် ဘတ်စ်ကားကြီးကိုသာ သူမ အာရုံစိုက်ခဲ့မိသည်။

ထိုစဉ် ခပ်ဝဝ ကောင်လေးတစ်ယောက် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူ့အသံက လူငယ်သံ မပျောက်သေးပေ။ “ကျွန်… ကျွန်တော် မြင်လိုက်တယ်”

အသံလာရာကို လင်းမူ လှမ်းကြည့်လိုက်သည်။ လက်မှတ်စစ်စဉ်တုန်းက သူမနောက်တွင် ရှိနေခဲ့သည့် ကောင်လေးဖြစ်သည်။ ဖန်သားပြင်ပေါ်က စာရင်းနဲ့အတူ လင်းမူ တိုက်ကြည့်လိုက်ရာ သူ့အမည်က ခယ့်ပေဖြစ်မှန်း သိလိုက်ရသည်။

ခယ့်ပေ၏ စကားကြောင့် သူ့ရှေ့မှာ ထိုင်နေသည့် ကလေးမိခင် လှုပ်လှုပ်ရွရွဖြစ်သွားခဲ့သည်။ ထို့နောက် ဝမ်ချိုးယွဲ့က မကျေမနပ်လှည့်ပြောလိုက်ပါသည်။ “အဲ့တာဆိုလည်း အစောကြီးကတည်းက ဘာလို့မပြောတာလဲ”

“ကျွန်… ကျွန်တော် ဘာမှသိပ်မစဉ်းစားမိခဲ့လို့ပါ”။ ခယ့်ပေ မျက်နှာ နီမြန်းသွားပြီး အမြန်ပြန်ထိုင်နေလိုက်ပါသည်။ သူ့ပုံစံက လူအာရုံစိုက်ခံရမှာကို ကြောက်နေသည့်အလား။

ယင်ဟောက်ကတော့ အလျှော့မပေးသေးပေ။ “အဲ့တော့ဘာဖြစ်လဲ၊ မင်းတို့ငါ့ကို ကြိုတင်အသိပေးတာမျိုး ရှိခဲ့လို့လား၊ မရှိရင် ငါလည်း မပါနိုင်ဘူးကွာ! မပါရုံတင်မဟုတ်ဘူး မင်းတို့ကို တိုင်ပါ တိုင်ဦးမှာ!”

စိတ်ကြိုက် ကြုံးဝါးပြီးနောက် ယင်ဟောက် ပြန်ထိုင်နေလိုက်ပါသည်။

‘တိုင်မယ်တဲ့လား…’

ဝန်ထမ်းတစ်ဦးအတွက် တိုင်ကြားခံရခြင်းက အဆိုးရွားဆုံး အခြေအနေတစ်ခုဖြစ်သည်။

သို့သော် ယာဉ်မယ်ကတော့ လုံးဝ မတုန်လှုပ်ခဲ့ပေ။ ထို့အစား ယင်ဟောက် မျက်စိရှေ့တည့်တည့်သို့ ရောက်လာပြီး သတိပေးလိုက်ပါသည်။

“ခရီးသည်၊ ကစားပွဲအတွက် လက်မှတ်ဖြတ်ခဲ့ပြီး ပါဝင်ဖို့ ငြင်းဆန်နေမယ်ဆိုရင် စည်းမျဉ်းစည်းကမ်း ချိုးဖောက်ရာ ကျပါလိမ့်မယ်”

All Chapters