← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

‘စည်းမျဉ်းစည်းကမ်းတွေလာပြန်ပြီ…”

လင်းမူ မျက်မှောင်ကြုတ်သွားခဲ့သည်။ ယာဉ်မယ်၏ ပါးစပ်မှ ‘စည်းမျဉ်းစည်းကမ်း’ဟူသည့် စကားထွက်လာသည်မှာ နှစ်ကြိမ်တိတိ ရှိနေပါပြီ။

ယင်ဟောက်ကလည်း အလျှော့ပေးမည့်လူ မဟုတ်ပေ။ “ဟုတ်တယ်ကွာ၊ ငါစည်းကမ်းချိုးဖောက်တယ်၊ အဲ့တော့ မင်းဘာလုပ်ချင်လဲ ပြော”

ယာဉ်မယ်: “စည်းမျဉ်းစည်းကမ်းချိုးဖောက်သူတွေကို ဘတ်စ်ကားပေါ်က ဆင်းပေးဖို့ တောင်းဆိုရပါလိမ့်မယ်”

ထို့နောက် ယာဉ်မယ်က ‘ကြွပါ’ဟူသော လက်ဟန်အမူအရာမျိုး လုပ်ပြလိုက်သည်။

“ဘာ… ဘတ်စ်ကားပေါ်က ဆင်းရမယ်ဟုတ်လား”

ယင်ဟောက် နားကြားလွဲသွားသည်ဟု ထင်လိုက်သော်လည်း တစ်စက္ကန့်ပင် မကြာလိုက်ဘဲ ဘတ်စ်ကားကြီး ဘရိတ်အုပ်ကာ ရုတ်တရက် ထိုးရပ်သွားခဲ့သည်။ ထိုင်နေသူတွေကော ထနေသူတွေကော အရှိန်ကြောင့် ပြင်းပြင်းထန်ထန် လွင့်ထွက်သွားကြပါသည်။

လင်းမူလည်း ထိုနည်းလည်းကောင်းပင်။ ရှေ့ခုံကို မျက်နှာနှင့် တည့်တည့်ရိုက်မိပြီး ပြန်ကန်ထွက်လာကာ သူမခုံပေါ် ပြန်လည်ရောက်ရှိသွားခဲ့သည်။

ခရီးသည်အားလုံးနီးပါး ဖူးယောင်ပွန်းပဲ့ဒဏ်ရာများ ရရှိသွားကြပြီး အော်သံတွေ စီစီညံသွားခဲ့သည်။

ဘတ်စ်ကားကြီး လုံးဝ ရပ်တန့်သွားသောအခါ လင်းမူ ပထမဆုံး မြင်လိုက်ရသည့်မြင်ကွင်းက တည်တည်ငြိမ်ငြိမ် ခိုင်ခိုင်မြဲမြဲ မတ်တပ်ရပ်နေဆဲဖြစ်သည့် ယာဉ်မယ်ကိုပင်။

သူမပုံစံက ကျောချမ်းစရာကောင်းလောက်အောင် တည်ငြိမ်လွန်းပါသည်။

အောက်ထပ်မှ ဒုတ်ခနဲမြည်အောင် ဘတ်စ်ကားတံခါးပွင့်သွားသံကို အားလုံး ကြားလိုက်ရသည်။

ယာဉ်မယ်ကို ယင်ဟောက် မျက်လုံးပြူးမျက်ဆံပြူးဖြင့် စိုက်ကြည့်လိုက်သည်။ သူ့ကို အတည်ကြီး မောင်းထုတ်လိမ့်မည်ဟု ယင်ဟောက်ထင်မထားခဲ့ပါ။ ဘရိတ် ရုတ်တရက် အုပ်လိုက်ပုံကို ကြည့်ခြင်းအားဖြင့် ခရီးသည်များ၏ ဘေးကင်းလုံခြုံမှုကိုလည်း အရေးမစိုက်ကြမှန်း သိသာလှသည်။

သူချက်ချင်း ကျိန်ဆဲလိုက်ပါသည်။ “ယာဉ်မယ်တွေနဲ့ ကားဒရိုင်ဘာတွေ ဘယ်တုန်းက ဒီလောက်ထိ စောက်ရမ်း မိုက်ရိုင်းလာတာလဲ!”

ယင်ဟောက် ယိုင်တိယိုင်တိုင် မတ်တပ်ပြန်ရပ်လာပြီး ယာဉ်မယ်အား သင်ခန်းစာပေးဖို့ အကြံဖြင့် လက်မြှောက်လိုက်သည်။

သို့သော် ယင်ဟောက်၏လက် လေထဲမှာ ရပ်တန့်သွားခဲ့ရပါသည်။

သူ့ ကောင်မလေးဖြစ်ပုံပေါ်သော ရှဲ့ရှစ်ဟွာက နာကျင်နေသည့် နဖူးကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ယင်ဟောက်ကို ဆွဲထားပြီး တားဆီးလိုက်ပါသည်။ “အာ့ဟောက်၊ ထားလိုက်စမ်းပါ၊ ငါတို့က သူတို့ဘတ်စ်ကားပေါ်မှာ ရှိနေတုန်းပဲနော်”

ယခုအချိန်မှာ ယာဉ်မယ်ကို ရိုက်နှက်လိုက်ခြင်းအားဖြင့် သူ့ဒေါသပြေသွားရုံကလွဲပြီး အခြား ဘာအကျိုးမှ ထူးနိုင်မှာမဟုတ်ပေ။ ရလဒ်က ပြောင်းလဲသွားမှာမဟုတ်သလို ပို၍ပင်ဆိုးသွားနိုင်ပါသည်။

အခြား ခရီးသည်တွေလည်း ဒါကိုနားလည်ကြသဖြင့် ယင်ဟောက်ကို ဝိုင်းဖြောင်းဖြခဲ့ကြသည်။ ‘ကစားပွဲ’အကြောင်း အထွန့်တက်နေတာတွေ ရပ်တန့်လိုက်ကြပြီး ရုတ်တရက် ဘရိတ်အုပ်လိုက်မှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာတွေ အကြောင်းကိုပါ မပြောမိကြတော့ပေ။ ယင်ဟောက်၏ စိတ်လိုက်မာန်ပါ လုပ်ရပ်ကြောင့် သူတို့လို မဆီမဆိုင် ခရီးသည်တွေပါ ဒုက္ခရောက်မှာ စိတ်ပူတာကြောင့်ပင်။

သို့သော် တစ်ခုခုမူမမှန်တာကို လင်းမူ ခံစားမိသည်။ ယင်ဟောက်၏ မျက်နှာက သဘောထားကြီးပြီး တွန့်ဆုတ်နေသည့် မျက်နှာမျိုး မဟုတ်ပါ။ ဒေါသစိတ်ကြောင့် ခွင့်မလွှတ်နိုင်သည့် မျက်နှာထားမျိုးလည်း မဟုတ်ပေ။

သူ့မျက်နှာက… ဇဝေဇဝါဖြစ်မှု၊ ချောက်ချားမှုများနှင့် ပြည့်နှက်နေသော မျက်နှာတစ်ခုပင်…။

ယာဉ်မယ်ကို ယင်ဟောက်မျက်လုံးများ ပြူးကျယ်စွာ ကြည့်ရင်း တုန်ယင်စွာ မေးလိုက်သည်။ “မင်း… မင်းငါ့ကို ဘာလုပ်လိုက်တာလဲ”

ယင်ဟောက် သူ့လက်ကိုသူ အံ့အားသင့်စွာ ကြည့်နေသည်။

လင်းမူ မျက်မှောင်ကြုတ်သွားခဲ့ပါသည်။

‘သူ့လက်တွေကို ထိန်းချုပ်လို့ မရတော့တာများလား…’

ယာဉ်မယ်ကလည်း ယင်ဟောက်ပြောနေသည့် စကားလုံးများကို နားမလည်သည့်ပုံစံမျိုး လုပ်ပြနေသည်။

ထို့နောက် နံပါတ် 003 ကျိုးယုပိုင်ကို လင်းမူ လှမ်းကြည့်လိုက်သည်။ ဘရိတ်အုပ်လိုက်သည့် အရှိန်ကြောင့် သူယခု အမျိုးသမီး ရေချိုးခန်းတံခါးကို ကျောမှီလျက်သား ရှိနေပြီး သူ့လက်ပေါ်မှာ ရှိနေသည့် လက်ပတ်နာရီအား စူးစမ်းနေလေသည်။

“နေပါဦး… အားလုံး ကိုယ့်လက်ကိုယ် ကြည့်လိုက်ကြစမ်း၊ အကုန်လုံးမှာ လတ်ပတ်နာရီတွေ ရှိကြလား”

ထိုစကားပြောလိုက်သူက ကျိုးယုပိုင်မဟုတ်ဘဲ ဝမ်ကျွင်းဟောင်ဖြစ်သည်။ သူ့ဘယ်ဘက်လက်ပေါ်က ထူးထူးဆန်းဆန်း လက်ပတ်နာရီကို မြှောက်ပြလိုက်ပါသည်။

ထိုအခါမှ အားလုံးလည်း သူတို့လက်ပေါ်သို့ ဘယ်အချိန်ကမှန်းမသိ ထူးထူးဆန်းဆန်း ရောက်ရှိနေသည့် လက်ပတ်နာရီများကို သတိပြုမိသွားကြပါသည်။

ထိုစကားကိုကြားတော့ ယာဉ်မယ်က အပြုံးဖြင့် ရှင်းပြလိုက်သည်။ “အဲ့တာက ကစားသမားတို့ရဲ့ id ကို ကိုယ်စားပြုမယ့် လက်ပတ်နာရီလေးတွေပဲ ဖြစ်ပါတယ်၊ ကစားသမားတိုင်းမှာ လက်ပတ်နာရီတစ်လုံးစီ ရှိကြလိမ့်မယ်၊ ဂိမ်းအမှတ်တွေ၊ ငွေကတ်တွေ၊ စိန်ကတ်တွေနဲ့ အခြားရရှိထားတဲ့ ပစ္စည်းတွေကို စစ်ဆေးဖို့ အသုံးပြုနိုင်ပါတယ်”

“တကယ်ကြီးလား…”။ ပထမထပ်မှ တက်လာသည့် လူ ၆ ဦးအနက်မှ တစ်ဦးက ဇဝေဇဝါဖြစ်စွာမေးလိုက်သည်။ ထိုလူက ဆံပင်ကို အနောက်သို့ ပိပြားအောင်ဖိကာ သေသေသပ်သပ် ဖြီးထားသည်။ ထိုလူမှာ ယင်ဟောက်လို ဒေါသမကြီးဘဲ စိတ်ဝင်တစား မေးလိုက်ပါသည်။ “အဲ့တာဆို ငါတို့ ကစားပွဲမှာ မပါချင်ရင် ဘတ်စ်ကားပေါ်က ဆင်းပေးလိုက်ရုံပေါ့ ဟုတ်လား”

ထိုလူ့ကို လင်းမူ အကဲခတ်လိုက်သည်။ ကားဘရိတ်အုပ်လိုက်စဉ်က ထိုလူ လှေကားလက်ရန်းကို ကိုင်ထားသဖြင့် အခြားသူတွေလိုမျိုး လွင့်ထွက်မသွားခဲ့ပေ။

ယာဉ်မယ်က ထိုလူ့ကို လှည့်ကြည့်လိုက်ပါသည်။ “မှန်ပါတယ်၊ တံခါးတွေ ဖွင့်ပေးထားပါတယ်၊ ကစားပွဲမှာ မပါဝင်ချင်တဲ့ ခရီးသည်တို့က အထုပ်အပိုးတွေကို ယူဆောင်ပြီး ဘတ်စ်ကားပေါ်ကနေ ချက်ချင်း ဆင်းနိုင်ပါတယ်”

ပြူတင်းပေါက်အပြင်ဘက်သို့ လင်းမူ လှမ်းကြည့်လိုက်သည်။ အပြင်မှာ ပိန်းပိတ်အောင် မှောင်မိုက်နေပါသည်။ ဘတ်စ်ကား၏ အတွင်းဘက် အလင်းရောင်ကြောင့် ကားနံဘေးရှိ ကတ္တရာလမ်းမကိုသာ ခပ်ရေးရေးလေး မြင်နေရသည်။

ထို့အလွန်တွင်မူ အရာရာကို အမှောင်ထုက ဝါးမျိုထားခဲ့သည်။ လမ်းမပေါ်မှာ လမ်းမီးတိုင်တွေ မရှိသလို အခြားသော ဖြတ်သွားဖြတ်လာ ကားတွေလည်း တစ်စီးမှရှိမနေဘဲ ခြောက်ကပ်တိတ်ဆိတ်နေခဲ့ပါသည်။

အမှောင်ထုက ဆိတ်ငြိမ်ပြီး ကျောချမ်းစရာကောင်းလွန်းလှသည်။

ထိုစဉ် တစ်စုံတစ်ခုက ဘတ်စ်ကား၏ နောက်တည့်တည့်သို့ ဝုန်းခနဲမြည်အောင် ရုတ်တရက် ဝင်တိုက်လာခဲ့သည်။

ဘတ်စ်ကားကြီးတစ်စီးလုံး လှုပ်ခါသွားတာကို လင်းမူ ခံစားလိုက်ရပါသည်။ ကားအနောက်ဘက်မှ အော်သံတွေ ထွက်လာတာကိုလည်း ကြားလိုက်ရသည်။

အော်သံတွေကို အရင်ကြားပြီးမှ ဘတ်စ်ကားကြီးကို ဝင်တိုက်ခဲ့သည့် ‘အရာ’များကို လင်းမူ မြင်လိုက်ရလေသည်။

ချက်ချင်းဆိုသလို လင်းမူ ခေါင်းအစခြေအဆုံး ထုံကျင်သွားခဲ့ပါသည်။

အဘယ့်ကြောင့်ဆိုသော် ထိုအရာများက သာမန်အရာများမဟုတ်ဘဲ မျက်လုံးတွေ ဖြစ်နေတာကြောင့်ပင်။

ပထမတွင် မျက်လုံးတစ်လုံးနှစ်လုံးကိုသာ မြင်ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အမှောင်ထုထဲမှ မျက်လုံးပေါင်းများစွာ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာခဲ့ပါသည်။

ထိုမျက်လုံးများက လေထဲမှာ ပျံဝဲနေကြပြီး ဘတ်စ်ကားပြူတင်းပေါက် မှန်များကိုလည်း ရံဖန်ရံခါ ဝင်တိုက်နေခဲ့သည်။

သူမအဝတ်အစားများကို တစ်စုံတစ်ယောက်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ပြင်းပြင်းထန်ထန် တုန်ယင်နေတာကိုလည်း လင်းမူ ခံစားမိပါသည်။

ထို့နောက်တွင်တော့ လင်းမူတစ်ယောက် ဘဝမှာ ရွံစရာကောင်းဆုံးဟု ဆိုနိုင်သည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

မရေမတွက်နိုင်အောင် များပြားသည့် မျက်လုံးသေးသေးလေးများက နှစ်ခြမ်းစီ ကွဲထွက်သွားကြပြီး အခြားသော မျက်လုံးများနှင့် အတူပေါင်းစပ်ကာ တစ်ခုတည်းသော ဧရာမ မျက်လုံးကြီးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

ဘတ်စ်ကားအတွင်းရှိ ခရီးသည်အားလုံးကို ထိုမျက်လုံးကြီး စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့ပါသည်။

All Chapters