← Chapters

အခန်း (၇)

Vol. 1 Ch. 7

အခန်း (၇)

Vol. 1 Ch. 7

“ဘုရား! အဲ့တာ ဘာတွေလဲ”

“မျက်…မျက်လုံးတွေလား… မျက်လုံးတွေ ဘာလို့ လေပေါ်ပျံနေတာလဲ!”

ဘတ်စ်ကားအတွင်း ခရီးသည်အားလုံး အုတ်အော်သောင်းတင်းဖြစ်ကုန်ကြပါပြီ။

ခရီးသည်တစ်ဦးက စိတ်ကို တည်ငြိမ်အောင်ထားပြီး သုံးသပ်ပြလိုက်သည်။ “နေကြဦး မကြောက်ကြနဲ့ဦး! ဧကန္တ ဒါ… Reality Show တစ်ခုဖြစ်နိုင်တယ်… ရုပ်သံအစီအစဉ်တစ်ခုလေ၊ ဘတ်စ်ကားအပြင်ဘက်မှာ စတူဒီယိုကြီးတစ်ခု မဖြစ်နိုင်ဘူးလား”

ထိုစကားလုံးများကြောင့် အားလုံး အမှန်တကယ် ငြိမ်သက်သွားကြသည်။

“ဟုတ်တယ်! တစ်ယောက်ယောက် prank လုပ်နေတာပဲဖြစ်မှာ!”

“မျက်လုံးအစစ်တွေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဟုတ်တယ် ဟုတ်တယ်!”

ဒီလို ဆန်းကြယ်သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်လာရသည့်အခါ စည်းဘောင်အတွင်းမှ စဉ်းစားကြည့်လျှင် ကျိုးကြောင်းဆီလျော်ပြီး ယုတ္တိရှိသည့် ရှင်းပြချက် မရှိနိုင်ပေ။

ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ချေက အဖွဲ့အစည်းတစ်ခုခုမှ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုထားပြီး ပုံရိပ်ယောင်တွေ ဖန်တီးထားခြင်း ဖြစ်ပါလိမ့်မည်။

ယာဉ်မယ် ရှေ့ထပ်တိုးလာခဲ့ပြီး ယဉ်ယဉ်ကျေးကျေး လက်ဟန်ပြကာ နိမိတ်မကောင်းသည့် စကားကို ဆိုလိုက်ပြန်သည်။ “ကစားပွဲမှာ ပါဝင်ဖို့ ဆန္ဒမရှိသူများ ဘတ်စ်ကားပေါ်ကနေ အခုချက်ချင်း ဆင်းနိုင်ပါတယ်”

‘အခုချက်ချင်း… ဆင်းရမယ်ဟုတ်လား…’

ခရီးသည်များ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကုန်ကြသည်။

အများစုက Reality Show တစ်ခုခုဖြစ်မည်ဟု ထင်ထားကြသော်လည်း ကားအပြင်ဘက်မှာ မျက်တောင် ဖြည်းညှင်းစွာခတ်နေပြီး သူတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည့် ဧရာမ မျက်လုံးကြီးကို မြင်သောအခါ ကြက်သီးမွေးညှင်းများ ထမိကြဆဲပင်။

“ဒါ Reality Show မဟုတ်ဘူး”။ လင်းမူ ပြောလိုက်သည်။ ထို့နောက် ဘတ်စ်ကားအတွင်းဘက်တစ်ခန်းလုံးကို ညွှန်ပြလိုက်သည်။ “အထဲမှာ ဘာကင်မရာမှ မရှိဘူး”

“ဖွက်ထားတာကော မဖြစ်နိုင်ဘူးလား” ခရီးသည်တစ်ဦးက မဝံ့မရဲမေးလိုက်ပါသည်။

“မဖြစ်နိုင်ဘူး၊ လက်ရှိနည်းပညာနဲ့ ကိုယ်ပျောက်နေတဲ့ ကင်မရာတွေကို ဖန်တီးနိုင်စွမ်း မရှိသေးဘူး”

ထိုစဉ် ကျိုးယုပိုင် လှုပ်လှုပ်ရွရွဖြစ်သွားခဲ့သည်။ ကားအပြင်ဘက်မှ ဧရာမမျက်လုံးကြီးကလည်း သူ့ကို လိုက်ကြည့်နေပါသည်။ အမျိုးသားနှင့် အမျိုးသမီး ရေချိုးခန်းများထံသို့ ကျိုးယုပိုင် လျှောက်သွားခဲ့ပြီး လျှို့ဝှက်ကင်မရာများ ရှိနေမလားအထင်နှင့် ဆိုင်းဘုတ်များကို စစ်ကြည့်လိုက်ပါသည်။

ဘာလျှို့ဝှက်ကင်မရာကိုမှ မတွေ့ခဲ့ရပေ။

“ကားအတွင်းပိုင်း အကန့်တွေက အချောကိုင်ထားတာ၊ ဘာအပေါက်မှမရှိဘူး၊ လေအေးပေးစက် အပေါက်တွေထဲမှာ ထည့်ထားဖို့ကလွဲပြီး တခြားနည်းလမ်းမရှိဘူး၊ ဒါပေမယ့် Reality Show တစ်ခုအတွက် ပြီးပြည့်စုံတဲ့ ရိုက်ချက်တွေ ရဖို့ဆိုရင်တော့ လေအေးပေးစက်အပေါက်တွေထဲ ထည့်ထားမှာမဟုတ်ဘူး၊ ကိုယ်တိုင် စစ်ကြည့်လိုက်ကြလေ”

ထိုင်ခုံတိုင်းမှာ အနည်းဆုံး ဖွင့်နိုင်ပိတ်နိုင်သော စက်ဝိုင်းသဏ္ဌာန် လေအေးပေးစက်အပေါက်တစ်ပေါက်စီ ရှိနေပါသည်။ ထိုအပေါက်များကို ပိတ်ထားပါက ကင်မရာထည့်ဖို့နေနေသာသာ လေပင်မတိုးနိုင်ပေ။

လင်းမူ သူမထိုင်ခုံထံသို့ ပြန်လျှောက်သွားလိုက်ပြီး ခြေဖျားထောက်လျက် အမိုးပေါ်က လေအေးပေးစက်အပေါက်ကို ဖွင့်ကြည့်လိုက်သည်။ လေအေးပိုက်တစ်ချောင်းကလွဲပြီး အခြား ဘာမှ မတွေ့ရပါ။

လင်းမူ ခေါင်းခါလိုက်သည်။ “ဘာမှ မရှိဘူး”

ဝမ်ကျွင်းဟောင်လည်း လင်းမူနည်းတူ သူ့ထိုင်ခုံအပေါ်ရှိ လေအေးပေးစက်အပေါက်ကို သွားဖွင့်ကြည့်လိုက်သည်။ သူလည်း ဘာမှမတွေ့ခဲ့ရပေ။

မကြာခင် ခရီးသည်အားလုံးလည်း လိုက်လံစစ်ဆေးကြည့်ခဲ့ကြသည်။ သို့သော် အဖြေကတော့ အတူတူပင်။

“စိတ်ဝင်စားစရာပဲ၊ ဘယ်သူမှ prank လုပ်နေတာ မဟုတ်ဘူးဆိုတော့ သရဲတွေတကယ်ရှိနေတဲ့သဘောလား”။ လင်းမူအနောက်ဘက်မှ တည်ငြိမ်အေးဆေးပြီး စိတ်ကြီးဝင်နေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

လင်းမူ နောက်လှည့်ကြည့်လိုက်ပါသည်။ အသံပိုင်ရှင်က သူမထိုင်ခုံ၏ ထောင့်ဖြတ်တစ်နေရာမှာ ထိုင်နေသူဖြစ်သည်။ ပရော်ဖက်ရှင်နယ် လုပ်ငန်းယူနီဖောင်းတစ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင်ကိုင်း မျက်မှန်တစ်လက်ကို တပ်ထားသည်။

သို့သော် ဘတ်စ်ကားရုတ်တရက် ဘရိတ်အုပ်လိုက်စဉ်က မျက်မှန်ကိုင်းတစ်ဖက် ကျိုးသွားပုံရသဖြင့် ယခု ထိုမျက်မှန်ကို သူ့လက်ထဲမှာ ကိုင်ထားပါသည်။

စာရင်းနှင့် တိုက်ကြည့်သောအခါ ထိုလူ့အမည်က ထန်ရှို့ဝမ်ဖြစ်မှန်း သိလိုက်ရသည်။

ထို့နောက် ထန်ရှို့ဝမ်က သူ့အိတ်ကပ်ထဲ ထည့်ထားသည့် ဖုန်းကိုထုတ်ပြီး တစ်နေရာရာကို ဆက်ကြည့်ဖို့ ကြံလိုက်ပါသည်။ သူ့လုပ်ရပ်ကို မြင်မှ အားလုံးလည်း သက်ဆိုင်ရာကို ဖုန်းဆက်အကူအညီတောင်းလို့ရသေးမှန်း သတိရကာ ဖုန်းတွေ လိုက်ထုတ်ကြသည်။

အားလုံး ဖုန်းတွေထုတ်လိုက်ပြီး စက္ကန့်ပိုင်းခန့်အကြာတွင် ဖောင်းခနဲမြည်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။ လက်ထဲမှာကိုင်ထားကြသည့် ဖုန်းများ ဗြောက်အိုးတွေလို တစ်လုံးပြီးတစ်လုံး ရုတ်တရက် ပေါက်ကွဲကုန်ကြခြင်းပင်။

‘ဖုန်းတွေအကုန်… ပေါက်ကွဲသွားတာလား’

ဘတ်စ်ကား၏ ဒုတိယထပ်တစ်ထပ်လုံး မီးခိုးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ လင်းမူလည်း ကြက်သေသေသွားခဲ့ပါသည်။ သူမ ဖုန်းနံပါတ်ကို ရိုက်နှိပ်ချိန်ပင် မရလိုက်ဘဲ ပေါက်ကွဲသံတွေကို ကြားလိုက်ရခြင်းဖြစ်သည်။

လက်ထဲက မီးခိုးတလူလူထွက်နေသည့် ဖုန်းအပျက်များကို အားလုံး ကြောက်လန့်တကြား လွှတ်ချလိုက်ကြသည်။ သို့သော် သေချာစစ်ဆေးကြည့်လိုက်သောအခါ ဖုန်းတွေပေါက်ကွဲသွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ပေ။

ထိုစဉ် ယာဉ်မယ်က အားနာပါးနာမျက်နှာဖြင့် ပြောလိုက်ပါသည်။ “စိတ်မရှိပါနဲ့ ခရီးသည်တို့၊ ကစားပွဲအချိန်အတွင်းမှာ မညစ်ပတ်နိုင်ဖို့အတွက် မိုဘိုင်းဖုန်းတွေ အသုံးပြုခွင့်မပေးပါဘူး”

“မင်းအမေကို ညစ်ပတ်ရမှာလား!”။ ယင်ဟောက် လက်ထဲမှာ ရှိနေသည့် ဖုန်းအပျက်အပိုင်းအစများဖြင့် ယာဉ်မယ်၏ မျက်နှာတည့်တည့်သို့ ပစ်ပေါက်လိုက်သည်။

သူ့ဖုန်းပေါက်ကွဲသွားခြင်းကြောင့် ယင်ဟောက် အတော်လေး စိတ်ပေါက်သွားပုံရပါသည်။ ဖြစ်ပျက်ခဲ့သည်များကို ဘာမှ မစဉ်းစားနိုင်တော့ဘဲ အနားကလူ‌တွေအကုန်လုံးကို အော်ပြောလိုက်သည်။

“မင်းတို့တွေ ဘာကြောက်နေကြတာလဲ! သူတို့က လူနည်းစု ငါတို့က လူများစုကွ! ဘာမှကြောက်စရာ အကြောင်းမရှိဘူး!”

ယာဉ်မယ်ကို ယင်ဟောက် ပြေးရိုက်ဖို့ ကြိုးစားနေသဖြင့် ရှဲ့ရှစ်ဟွာ မနည်းဆွဲတားထားရသည်။ လူအများစုကလည်း ဖုန်းတွေပေါက်ကွဲသွားမှုကြောင့် ရီဝေနေကြဆဲဖြစ်ကာ ယင်ဟောက်ကို ဝင်တားသည့်လူက လူနည်းစုသာ ရှိသည်။

ယခု သူတို့အားလုံး နားလည်သွားသည့်အရာတစ်ခုတော့ ရှိနေပါသည်။ ဒီယာဉ်မယ်က သွားရှုပ်သင့်သည့်လူ မဟုတ်ပေ။

သို့သော် ယာဉ်မယ်ကတော့ အပြုံးမပျက်ခဲ့ပါ။ သူမမျက်နှာပေါ် လာစင်သည့် ဖုန်းအပိုင်းအစများကို ခါထုတ်လိုက်ပြီး ပြောလိုက်သည်။ “အားလုံးကို ကြိုတင်အသိမပေးခဲ့တာ ကျွန်မအပြစ်ပါ၊ အဲ့တာကြောင့် အပြစ်ဒဏ် ခံယူသင့်တယ်”

ထို့နောက် ပြူတင်းတံခါးတစ်ချပ်ဆီ သူမ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။ ပြူတင်းတံခါးကို ဖွင့်ပြီးနောက် သူမ လက်တစ်ဖက်ကို အမှောင်ထုများ ကြီးစိုးနေသည့် အပြင်ဘက်သို့ ထုတ်လိုက်ပါသည်။

အားလုံး မျက်တောင်ပင် မခတ်နိုင်သေးခင် အပြင်ဘက်မှ ဧရာမမျက်လုံးကြီး အနီးသို့ရောက်လာကာ ထိုမျက်လုံးကြီးထဲမှ စိမ့်ထွက်လာသည့် အရည်တစ်စက်က ယာဉ်မယ်၏လက်ပေါ် ကျလာခဲ့ပါသည်။

“အား!!!!!!”

တိတ်ဆိတ်နေသည့် ညအမှောင်ထုထဲ စူးစူးဝါးဝါးအော်သံတစ်ခုထွက်လာခဲ့ပြီး အားလုံးကို ကြက်သီးမွေးညှင်းများ ထသွားစေခဲ့သည်။ ခရီးသည်များအားလုံး သွေးချောက်ချားစွာဖြင့် အနောက်သို့ ဆုတ်သွားခဲ့ကြသည်။ အသားများ မီးလောင်ကျွမ်းသွားသည့် ရနံ့က သူတို့နှာခေါင်းထဲ တိုးဝင်လာခဲ့ပါသည်။

အပြစ်ဒဏ်ခံယူပြီးသည်နှင့် ယာဉ်မယ်က လက်ကို ပြတ်ရုတ်သိမ်းလိုက်သည်။ သူမလက်ဖျံတစ်လျှောက်လုံး မည်းကြုတ်သွားခဲ့ပြီး လက်ချောင်းတွေလည်း ထိန်းမရနိုင်အောင် တုန်ယင်နေခဲ့ပါသည်။

နာကျင်မှုကြောင့် ယာဉ်မယ်တစ်ကိုယ်လုံး ဖုတ်ကောင်တစ်ကောင်လို တွန့်လိမ်ကောက်ကွေးသွားခဲ့သည်။ အချိန်အတန်ကြာမှ ခါးကိုဖြည်းညှင်းစွာ ပြန်မတ်ရင်း သွေးမဲ့ဖြူရော်နေသော နှုတ်ခမ်းများဖြင့် တစ်လုံးချင်း မေးလိုက်ပါသည်။ “ကစားပွဲကနေ… နှုတ်ထွက်ချင်တဲ့… ခရီးသည်များ ရှိပါသေးသလား”

ကစားပွဲမှ နှုတ်ထွက်ရမည်ဆိုလျှင် ဘတ်စ်ကားပေါ်မှ ဆင်းရမှာသေချာသည်…။

အားလုံး တိတ်ဆိတ်ကုန်ကြပါသည်။ ဒီဖြစ်ရပ်ကို ဉာဏ်မမီနိုင်ကြသော်လည်း ဘတ်စ်ကားပေါ်မှဆင်းမည့်ကိစ္စကို ဘယ်သူမှ ထပ်မပြောရဲကြတော့ပေ။

စက္ကန့်ပိုင်းလောက်အထိ တိတ်ဆိတ်သွားကာ ကန့်ကွက်မှုမရှိသဖြင့် မျက်နှာဖြူဖပ်နေသည့် ယာဉ်မယ်က သွားရှစ်ချောင်းပေါ်အောင် အားတင်းပြုံးကာ ပြောလိုက်သည်။

“အတည်ပြုလိုက်ပါပြီ၊ ဘယ်သူမှ နှုတ်ထွက်ဖို့ အစီအစဉ်မရှိပါဘူး၊ ဒါဆို ခရီးသည်များအားလုံး ကျေးဇူးပြုပြီး သက်ဆိုင်ရာ ထိုင်ခုံမှာ ပြန်ထိုင်ပေးကြပါနော်၊ ခရီးဆက်ပါမယ်”

အားလုံး မလှုပ်ရှားရဲသေးကြဘဲ ကြက်သေသေနေကြဆဲဖြစ်သည်။

လင်းမူတစ်ဦးတည်းသာ ထိုင်ခုံသို့ပြန်ဖို့ ကြံရွယ်လိုက်ပါသည်။ သို့သော် သူမလက်တစ်ဖက် လေးလံနေတာကို ခံစားမိသည်။ လှည့်ကြည့်လိုက်ရာ သူမလက်ကို ကောင်မလေးတစ်ယောက်် အားကိုးတကြီးဖက်ထားသည်ကို မြင်လိုက်ရပါသည်။

သူမဘေးမှာ ထိုင်သည့် ဂုတ်ဝဲဆံပင်တိုနှင့် ကောင်မလေးကို လင်းမူ မှတ်မိသည်။ စာရင်းနှင့် တိုက်ကြည့်လျှင် သူမ အမည်က ရှားယွင်ယွင်ဖြစ်မှန်း သိနိုင်ပါလိမ့်မည်။

လင်းမူ လှုပ်ရှားသွားတာကို သတိထားမိသောအခါ ရှားယွင်ယွင်လည်း အသိစိတ်ပြန်ကပ်ကာ အမြန်လွှတ်ပေးလိုက်ပါသည်။ ထို့နောက် နှုတ်မှလည်း ကပျာကယာ တောင်းပန်လိုက်သည်။ “တောင်းပန်ပါတယ်၊ စိတ်မရှိပါနဲ့ရှင်”

လင်းမူ ကိစ္စမရှိကြောင်း ခေါင်းခါပြလိုက်ပါသည်။

All Chapters