အခန်း (၈)
Vol. 1 Ch. 8
ကိုယ့်ထိုင်ခုံကိုယ် ပြန်သွားသည့် လင်းမူကို မြင်ပြီး အခြားခရီးသည်များလည်း သက်ဆိုင်ရာ ထိုင်ခုံများဆီသို့ ကိုယ်စီ ပြန်သွားခဲ့ကြသည်။ အားလုံး စိတ်ချောက်ချားလွန်းနေသဖြင့် ယာဉ်မယ်၏ အမိန့်ကိုသာ နာခံနိုင်ကြပါသည်။
VIP ခရီးသည်များလည်း အောက်ထပ်ကို ပြန်ဆင်းရတော့မည်ဖြစ်မှန်း နားလည်သွားကြသည်။ သို့သော် ဘတ်စ်ကား၏ ပထမထပ်တွင် VIP ခရီးသည်များအတွက် သီးသန့်အခန်း ၆ ခန်း စီစဉ်ပေးထားခြင်းဖြစ်သည်။
အစကတော့ ဇိမ်ကျသည့် သီးသန်းအခန်းငယ်လေးများဖြစ်ခဲ့သော်လည်း ယခုတော့ ကြောက်စရာကောင်းပြီး မွန်းကြပ်ရသည့် အကျဉ်းခန်းများသဖွယ် ခံစားနေကြပါပြီ။
VIP ခရီးသည်များ တွန့်ဆုတ်နေကြစဉ် ယာဉ်မယ်၏အသံ ထွက်ပေါ်လာခဲ့ပြန်သည်။
“ကစားပွဲတွေကို ပြင်ဆင်ဖို့အတွက် ပထမထပ်ကို အသုံးပြုမယ်လို့ ကျွန်မ သတင်းရထားပါတယ်၊ အဲ့တာကြောင့် VIP ခရီးသည်များရဲ့ အထုပ်အပိုးများကို ကျေးဇူးပြုပြီး ဒုတိယထပ်သို့ ပြောင်းရွှေ့ပေးကြပါ”
ယာဉ်မယ်လက်ထဲ ဘယ်ကမှန်းမသိသည့် ပတ်တီးတစ်လိပ်ရောက်ရှိလာခဲ့ကာ ဒဏ်ရာရထားသည့် သူမလက်ကို ပတ်တီးစည်းနေပြီဖြစ်သည်။ “VIP ခရီးသည်တွေဖြစ်တဲ့အတွက် နှစ်သက်ရာ သာမန်ခရီးသည်နဲ့အတူတူ ရွေးချယ်ပြီး ထိုင်နိုင်ပါတယ်၊ သာမန်ခရီးသည်တွေဘက်က ငြင်းဆန်ခွင့်မရှိပါဘူးနော်”
VIP ခရီးသည်များအတွက် ဒါသတင်းကောင်းပင်။
‘ဒါပေမယ့်… သတင်းရထားတယ်တဲ့လား… ယာဉ်မယ်ကို တစ်ယောက်ယောက်က သတင်းပါးနေတဲ့သဘောလား’
လင်းမူ ထိုသို့ တွေးတောနေစဉ် အောက်ထပ်မှ ဘတ်စ်ကားတံခါး ရုတ်တရက် ဆောင့်ပိတ်သွားသံ ထွက်ပေါ်လာခဲ့သည်။ ဘတ်စ်ကားကို အပြင်ဘက်မှ စောင့်ကြည့်နေသည့် ဧရာမ မျက်လုံးကြီးလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ပါပြီ။
ထိုမျက်လုံးကြီးမရှိတော့ခါမှ ခရီးသည်အားလုံး သက်ပြင်းချနိုင်ကြသည်။ သို့သော် အခြေအနေကတော့ အတော်လေး ချောက်ချားစရာကောင်းနေဆဲပင်။
“ဟယ်လို… အစ်မက လင်းမူမလားဟင်”
ရှားယွင်ယွင်အား လင်းမူလှည့်ကြည့်လိုက်သည်။ ထိုကောင်မလေး မျက်နှာတစ်ခုလုံး သွေးမဲ့ဖြူရော်နေပါသည်။
“အင်း… ဘာဖြစ်လို့လဲ”
VIP ခရီးသည်များ တက်လာတော့မည့် လှေကားကို ကြည့်ရ်ငး ရှားယွင်ယွင် တီးတိုးပြောလိုက်သည်။ “ဟိုလေ… ကျွန်မ အစ်မနဲ့ တစ်ခုံတည်းတူတူ လာထိုင်လို့ရမလားဟင်၊ အောက်ထပ်က လူတွေအတွက် ကျွန်မထိုင်ခုံကို ပေးလို့ရတာပေါ့”
ထိုအခါ သူမတို့အနောက်ဘက်ရှိ ဝန်ထမ်းသီးသန့်ထိုင်ခုံမှာ ထိုင်နေပြီး ပတ်တီးစည်းထားရသည့်လက်ကို စစ်ဆေးနေသော ယာဉ်မယ်အား လင်းမူလှည့်ကြည့်လိုက်ပြီး ရှားယွင်ယွင်ကို မေးလိုက်ပါသည်။ “အစ်မနဲ့တူတူ ထိုင်ချင်တာ သေချာရဲ့လား”
ယာဉ်မယ်၏ ‘မံမီ’လက်ကြီးကို ကြည့်ရင်း ရှားယွင်ယွင်လည်း ကြက်သီးမွေးညှင်းများထသွားခဲ့သည်။ ယာဉ်မယ်၏ ရှေ့တည့်တည့်မှာ ထိုင်ရဖို့က ကျိန်းသေပေါက် အဆင်မပြေနိုင်ပါ။ သို့သော် လက်ရှိ သူမထိုင်ခုံကလည်း မခြားနားလှပေ။ ရှေ့ဘက်ခုံတန်းတွေမှာသာ ထိုင်ခွင့်ရလျှင်…
‘နေပါဦး… ရှေ့မှာ သွားထိုင်လို့ ဘာဖြစ်လဲ၊ ပြောင်းမယ့်ပြောင်းတော့ အရှေ့ဆုံးထိရောက်အောင် သွားသင့်တာပေါ့’
“ကျွန်…ကျွန်မ စဉ်းစားလိုက်ဦးမယ်နော်”။ ရှားယွင်ယွင် တွန့်ဆုတ်စွာ ပြောလိုက်သည်။
လင်းမူ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သုံးတန်းမြောက်တွင် ထိုင်နေသည့် မိန်းကလေးတစ်ဦးထံ ရှားယွင်ယွင် လျှောက်သွားသည်ကို သူမ မြင်လိုက်ရသည်။ ထိုမိန်းကလေးက ဆံပင်တိုပြီး အလွန်ရိုးရှင်းသည့် အဝတ်အစားကို ဝတ်ဆင်ထားကာ အတော်လေး ကြည့်ကောင်းပါသည်။
စာရင်းအရဆိုလျှင် သူမအမည်က ဖန်ကျီးဖြစ်လိမ့်မည်။
ဖန်ကျီးကို ရှားယွင်ယွင်တစ်စုံတစ်ခု တီးတိုးပြောလိုက်သည်။ ထိုင်ခုံအတူတူထိုင်ဖို့ကိစ္စ ဖြစ်ဖို့များပါသည်။ ဖန်ကျီးက အနောက်ဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ရှားယွင်ယွင်လည်း အနောက်သို့ သုတ်သုတ်ပျာပျာ ပြန်လာပြီး အထုပ်အပိုးများသယ်လျက် ရှေ့တက်သွားလေတော့သည်။
မကြာမီ ဒုတိယထပ်သို့ ပထမဆုံး VIP ခရီးသည်ရောက်လာခဲ့သည်။ ဆံပင်ကို မြင့်မြင့်စည်းထားသည့် ကောင်မလေးဖြစ်ကာ သူမအမည်က ချောင်းစစ်ဖြစ်သည်။ သူမနှင့်အတူ ပါလာသည့် အထုပ်အပိုးဟူ၍ ကျောပိုးအိတ်တစ်လုံးသာ ရှိပါသည်။
ဒုတိယထပ်ကို ချောင်းစစ် အကဲခတ်လိုက်ပြီး အော်ပြောလိုက်သည်။
“အားလုံး နားထောင်ကြ! ငါက VIP မို့လို့ အကျိုးခံစားခွင့်တွေ အများကြီးရှိတယ်၊ ဒါပေမယ့် ဘယ်သူ့ကိုမှ ဖိအားမပေးချင်ဘူး၊ အားလုံးထဲမှာ အတူတူထိုင်ချင်တဲ့ ချစ်သူရည်းစားတွေ၊ မိသားစုဝင်တွေရှိရင် အခုပဲ ထိုင်ခုံပြောင်းထိုင်ထားကြနော်၊ သူများ ဘဲတွေ၊ ယောက်ျားတွေနားမှာ ငါ့ကို ထိုင်ရအောင် မလုပ်နဲ့”
‘ထိုင်ခုံလဲလို့ရတယ်တဲ့လား…’
အလယ်တန်းမှာ စုဝေးနေကြသည့် မိန်းကလေးများကို မြင်ပြီး ရှဲ့ရှစ်ဟွာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ သူမထိုင်ခုံက ယာဉ်မယ်နှင့် အတော်လေး အလှမ်းဝေးသော်လည်း လှေကားထစ်နှင့် ဘေးချင်းကပ်လျက်မှာ ရှိနေပါသည်။ အောက်သို့ ငုံ့ကြည့်လိုက်ပါက ဒရိုင်ဘာ၏ ထိပ်တည့်တည့်ကို မြင်နေရသည်။ ယာဉ်မယ်ကတောင် ဒီလောက် ကြောက်ဖို့ကောင်းနေပါက ဒရိုင်ဘာကလည်း သာမန်မဖြစ်နိုင်ပေ။
VIP တွေတောင် ထိုင်ခုံပြောင်းလဲခွင့်ရှိပြီး ယာဉ်မယ်ကလည်း တားဆီးဖို့ အစီအစဉ်ရှိပုံမပေါ်သဖြင့် ထိုင်ခုံပြောင်းလဲခြင်းက ‘စည်းမျဉ်းစည်းကမ်း’ ချိုးဖောက်ရာ ကျမည်မထင်ပါ။
ယင်ဟောက်ကို အတူတူထိုင်ဖို့ သူမ ပြောလိုက်သည်။ ရင်ထဲက ဒေါသတွေကို ပုံချစရာမရှိသည့် ယင်ဟောက်တစ်ယောက် သူမအသံကို ကြားသောအခါ စိတ်မရှည်စွာ မော့ကြည့်လိုက်ပါသည်။
ယင်ဟောက် ဒေါသကြီးတတ်မှန်းသိသဖြင့် ရှဲ့ရှစ်ဟွာ မဝံ့မရဲပြောလိုက်သည်။ “ကျွန်မတို့ ဟိုနားမှာ သွားထိုင်ရအောင်လေ”
ယင်ဟောက် ဘာမှပြန်မပြောသော်လည်း သူ့ပစ္စည်းများကို လျော့တိလျော့ရဲကောက်ရင်း ရှဲ့ရှစ်ဟွာနှင့်အတူတူ ထွက်သွားလေတော့သည်။
ထိုင်ခုံတစ်ခုံလွတ်သွားတာကို ချောင်းစစ်မြင်ပြီး သွားထိုင်ဖို့ ကြံလိုက်စဉ် အရှေ့ဘက် လှေကားမှ VIP ခရီးသည် စုံတွဲတစ်တွဲတက်လာလေသည်။ ဆံပင်ပန်းရောင် highlight ဖောက်ထားသည့် ကောင်မလေး ကျူးဖေအာ နှင့် သူ့ကောင်လေး ယင်းခိုင်လဲ့တို့ ထိုထိုင်ခုံမှာ ဝင်ထိုင်လိုက်ကြပါသည်။
သူမ ‘သေသေချာချာ’ ရွေးချယ်ထားသည့် ထိုင်ခုံလေး အလုခံလိုက်ရသဖြင့် ချောင်းစစ် စိတ်တိုသွားခဲ့သည်။ ရန်သွားတွေ့ချင်ခဲ့သော်လည်း တစ်ဖက်က နှစ်ယောက်ဖြစ်နေသဖြင့် လက်လျှော့လိုက်ဖို့သာ ဆုံးဖြတ်ခဲ့သည်။
သူမရှေ့တည့်တည့်တွင် အခြားထိုင်ခုံလွတ်တစ်ခုံရှိနေပါသေးသည်။ ရှားယွင်ယွင် ထိုင်ခဲ့သည့်နေရာလည်းဖြစ်သည်။
သို့သော် တည်နေရာကမကောင်းလှပါ။ ထိုခုံ၏ အနောက်ဘက်တွင် ပတ်တီးစည်းထားသည့်လက်ကို စစ်ဆေးနေသည့် ယာဉ်မယ်အား ချောင်းစစ် မြင်နေရသည်။ ချောင်းစစ်တွန့်ဆုတ်နေစဉ် ကျိုးယုပိုင်ရောက်လာပြီး ရှားယွင်ယွင်ထိုင်ခဲ့သည့် ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပါသည်။
“ဟေ့! အဲ့ဒီခုံကို ကျွန်မအရင်တွေ့တာ”။ ချောင်းစစ် ရှေ့တိုးလာပြီး ပြောလိုက်သည်။
“ဪ စိတ်မရှိပါနဲ့”။ ကျိုးယုပိုင် ထပေးဖို့ ပြင်လိုက်ပါသည်။
သို့သောင် ချောင်းစစ် စိတ်ပြောင်းသွားခဲ့သည်။ “ထားလိုက်ပါတော့ တခြားနေရာမှာပဲ သွားထိုင်တော့မယ်”
ယာဉ်မယ်နှင့် ခပ်ဝေးဝေးမှာနေတာကောင်းမည်ဟု ချောင်းစစ် တွေးလိုက်ပါသည်။ ယာဉ်မယ်က ခေါင်းမော့လိုက်ရုံနှင့် သူမကို မြင်နေရသည်။ သူမကတော့ ခေါင်းလှည့်ကြည့်မှ ယာဉ်မယ်ကို မြင်နိုင်မှာဖြစ်သည်။ ထို့ကြောင့် အနေအထားက အလွန်ကြက်သီးထစရာ ကောင်းလွန်းပါသည်။
ယာဉ်မယ်၏ ရှေ့တည့်တည့်တွင် ထိုင်နေရဲသော ‘သတ္တိခဲကြီး’ လင်းမူကို ချောင်းစစ် ကြည့်လိုက်သည်။ ထို့နောက် လှေကားထစ်ကို ကျောပေးလျက် အဝံ့တရဲ ထိုင်နေသော ချုံးလန်ကိုလည်း သူမ လှမ်းကြည့်လိုက်သေးသည်။
အခြား ခရီးသည်များကိုပါ ချောင်းစစ် အကဲခတ်ကြည့်လိုက်သည်။ အမျိုးသမီးများအနက် အနက်ရောင်ဦးထုပ်နှင့် အဒေါ်ကြီးတစ်ယောက်တည်းသာ တစ်ဦးတည်းထိုင်နေခြင်းဖြစ်သည်။ သို့သော် ထိုအဒေါ်ကြီးကလည်း အနည်းငယ် ထူးဆန်းနေပါသည်။
ချောင်းစစ် ထိုင်ခုံရွေးရခက်နေစဉ် နောက်ထပ် VIP နှစ်ဦး ထပ်တက်လာခဲ့သည်။ တစ်ဦးက ခပ်ဝဝကောင်လေးနှင့် အတူထိုင်ဖို့ ရွေးချယ်ပြီး နောက်တစ်ဦးကတော့ ဝမ်ကျွင်းဟောင်ရှေ့ရှိ ပိန်ပိန်ပါးပါးလူနှင့်ထိုင်ဖို့ ရွေးလိုက်ပါသည်။
ဒုတိယထပ်တစ်ထပ်လုံးတွင် နောက်ဆုံးအတန်း နှစ်တန်းမှအပ တစ်ဦးတည်းထိုင်နေသည့် အမျိုးသမီးဟူ၍ အနက်ရောင်ဦးထုပ်နှင့် အဒေါ်ကြီးတစ်ဦးသာ ရှိတော့သည်။
ထိုစဉ် ချောင်းစစ်ကို ဝမ်ကျွင်းဟောင် စပ်စုစွာ လှည့်ကြည့်လိုက်ပါည်။ ချောင်းစစ် အဒေါ်ကြီးနှင့် သွားထိုင်လိမ့်မည်ဟု ဝမ်ကျွင်းဟောင်ထင်ထားခဲ့သည်။
သို့သော် ဝမ်ကျွင်းဟောင်၏ ရိုးရိုးအအ ချိုချိုမြိန်မြိန် ပုံစံလေးကိုမြင်ပြီး သူ့နား ချောင်းစစ် လျှောက်လာခဲ့သည်။
“ငါ့အတွက် နေရာနည်းနည်းဖယ်ပေးစမ်း”။ ချောင်းစစ်ပြောလိုက်သည်။
ဝမ်ကျွင်းဟောင် မျက်လုံးပြူးသွားသည်။ “ဒီမှာထိုင်မလို့လား”
“အဲ့တော့ နင်ဘာလုပ်ချင်လို့လဲ”။ ချောင်းစစ်၏ အသံမှာ ခြိမ်းခြောက်သည့် အရိပ်အယောင် ပါဝင်နေသည်။
“ငါ… ငါဘာလုပ်ချင်ရမှာလဲ”
သူအမှန်တကယ်ပြောချင်သည်က: ‘ငါဘာလုပ်ရဲမှာလဲ’
ဝမ်ကျွင်းဟောင် အံကြိတ်လိုက်ပြီး သူမအတွက် ထိုင်ခုံနေရာအနည်းငယ် ဖယ်ပေးလိုက်ပါသည်။
[သွေးပူကစားပွဲအဆင့်]