အခန်း (၉)
Vol. 1 Ch. 9
ခေတ္တကြာသောအခါ ဘတ်စ်ကားကြီး စက်ပြန်နိုးလာပြီး အမှောင်ထုထဲ ငြိမ်သက်စွာ ခရီးဆက်ခဲ့သည်။
ခရီးသည်များကတော့ ဘာတွေဆက်ဖြစ်လာမလဲ မတွေးဝံ့တော့ဘဲ စိတ်ချောက်ချားစွာ စောင့်မျှော်နေကြရပါသည်။
လင်းမူ ပြူတင်းပေါက်နားကပ်ကာ အပြင်သို့ လှမ်းကြည့်လိုက်သည်။ ပတ်ဝန်းကျင်ကို ထင်ထင်ရှားရှား မမြင်ရသော်လည်း ဘတ်စ်ကားကြီး အမှန်တကယ် မောင်းနှင်နေသည်ကိုတော့ သူမ ခံစားနိုင်ပါသည်။ ထို့ကြောင့် သူမတို့အားလုံး ရုပ်ရှင်စတူဒီယိုထဲ ရောက်နေခြင်း မဖြစ်နိုင်ပေ။
အားလုံးအတွေးကိုယ်စီနှင့် မှိုင်တွေနေကြစဉ် အပြာရောင်ဖန်သားပြင်ကြီးပေါ် စာတန်းအသစ်တစ်ခု ပေါ်လာခဲ့ပါသည်။
[ကစားသမားများကို ကစားပွဲရဲ့ ပထမဆုံးအဆင့်မှ ကြိုဆိုလိုက်ပါတယ်]
[----သွေးပူကစားပွဲအဆင့်]
[အနိုင်ရသူတွေက ဘတ်စ်ကားပေါ်မှာ ဆက်နေနိုင်တယ်၊ ရှုံးနိမ့်သူတွေ ဘတ်စ်ကားပေါ်မှ ဆင်းသက်ပေးရမယ်]
[ကစားပွဲတိုင်းမှာ မတူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိနေနိုင်ပါတယ်၊ အနိုင်အရှုံးများကို ကစားပွဲတစ်ခုချင်းစီတိုင်းရဲ့ စည်းမျဉ်းစည်းကမ်းများအရ အဆုံးအဖြတ်ပေးပါတယ်]
အပြာရောင်ဖန်သားပြင်ကြီးပေါ် ထိုစာတန်းများ ၂ မိနစ်ခန့် ပေါ်လာပြီးနောက် စာတန်းအသစ်များ ထပ်ပေါ်လာခဲ့သည်။
[ယခုကစားရမယ့် ပထမဆုံးကစားပွဲကလွဲပြီး နောက်ဆက်တွဲ ကစားပွဲတိုင်းက ညသန်းခေါင်ယံ ၁၂ နာရီတိုင်းမှာ စတင်ပါလိမ့်မယ်]
[တစ်ရက်ကို ကစားပွဲတစ်ခုသာ ကျင်းပပါမယ်]
[ကစားသမားတိုင်းက ကိုယ်ပိုင် အစားအသောက်၊ ကိုယ်ပိုင် ရိက္ခာများကို စီစဉ်ထားရပါမယ်]
[နေ့စဉ် မွန်းတည့်ချိန် ၁၂ နာရီရောက်တိုင်း ပထမထပ်မှာရှိတဲ့ စတိုးဆိုင် ပွင့်လာပါလိမ့်မယ်၊ ကစားသမားများက စတိုးဆိုင်အတွင်း ဝင်ရောက်ပြီး ယခင်ကစားပွဲမှာ ရရှိခဲ့တဲ့ အမှတ်များအလိုက် အမြင့်ဆုံးမှ အနိမ့်ဆုံး အစဉ်အတိုင်း ပစ္စည်းတွေ ဝယ်ယူလဲလှယ်နိုင်ပါလိမ့်မယ်၊ ကစားပွဲတစ်ခုမှာ အမှတ်တူ ရရှိခဲ့တဲ့ ကစားသမားများအတွက် စုစုပေါင်း အမှတ်များအလိုက် ဆုံးဖြတ်ပေးသွားပါမယ်]
[ကစားပွဲမှာ ရရှိလာတဲ့ ငွေကတ်များကို စတိုးဆိုင်မှာ အခြေခံရိက္ခာများဝယ်ယူဖို့အတွက် အသုံးပြုနိုင်ပါတယ်]
[ကစားပွဲမှာ ရရှိလာတဲ့ စိန်ကတ်များကို စတိုးဆိုင်မှာ ကစားပွဲနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေဝယ်ယူဖို့အတွက် အသုံးပြုနိုင်ပါတယ်]
ထိုစာတန်းများလည်း ၂ မိနစ်ခန့် ကြာပြီးနောက် အသစ်ပြောင်းလဲသွားခဲ့သည်။
[အားလုံး ကံကောင်းကြပါစေ]
‘ရှုံးနိမ့်သူတွေက… ဘတ်စ်ကားပေါ်က ဆင်းရမယ်တဲ့လား…’
အားလုံး အသက်ရှူကြပ်သွားကြသည်။ ခုနက မြင်ကွင်းကိုသာ မမြင်ခဲ့ရလျှင် ‘ဘတ်စ်ကားပေါ်မှဆင်းရမည်’ ဟူသော အပြစ်ဒဏ်က ဆိုးရွားမည်မဟုတ်ဟု တွေးမိကြလိမ့်မည်။
ဘတ်စ်ကားပေါ်မှ ဆင်းလျှင် ဘယ်လိုအရာမျိုးနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ယာဉ်မယ်နှင့် စည်းမျဉ်းစည်းကမ်းများက တိတိကျကျ မပြောခဲ့သော်လည်း သူတို့မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရပြီးပြီဖြစ်သည်။
ဒီဘတ်စ်ကားပေါ်မှ ဆင်းရခြင်းက… သေဆုံးခြင်းနှင့် ညီမျှပါလိမ့်မည်။
အပြာရောင်ဖန်သားပြင်ပေါ်မှာ ကံကောင်းပါစေဟူသော စာတန်းသာရှိနေပြီး ဘာမှ ဆက်မပြောင်းလဲတော့သဖြင့် လင်းမူ လက်ကောက်ဝတ်ပေါ်မှ လက်ပတ်နာရီထံ အကြည့်ရောက်သွားခဲ့ပါသည်။
ထိုစဉ် အနောက်ဘက်မှ ယာဉ်မယ်၏ အသံ ထွက်လာခဲ့သည်။
“ကစားသမားတို့၊ ကစားပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်း နားမလည်တာရှိရင် လက်ကောက်ဝတ်ပေါ်က လက်ပတ်နာရီတွေမှာ စစ်ဆေးကြည့်နိုင်ပါတယ်နော်၊ လက်ပတ်နာရီထဲမှာ ကိုယ်ရေးအချက်အလက်၊ ဂိမ်းအမှတ်၊ စိန်ကတ်၊ ငွေကတ်၊ ကစားပွဲပစ္စည်း၊ ကစားပွဲစည်းမျဉ်းစည်းကမ်း စတာတွေ ပါဝင်ပါတယ်”
“သတိတော့ပေးထားပါရစေ၊ လက်ပတ်နာရီပေါ်က အချက်အလက်တွေက ကိုယ်ရဲ့ ကိုယ်ပိုင် လျှို့ဝှက် အချက်အလက်တွေမို့ အခြားသူတွေကို ထုတ်မပြပါနဲ့၊ ထုတ်ပြမိရင် ဖြစ်လာတဲ့ အကျိုးဆက်ကို ကိုယ်တိုင်သာ ခံစားရပါလိမ့်မယ်”
တစ်ခုံတည်းအတူတူထိုင်နေသည့် ခရီးသည်များ ဖိအားတစ်ခုကို ရုတ်တရက်ခံစားလိုက်ကြရပြီး နာရီပတ်ထားသည့် လက်တွေကို အလျှင်အမြန်ဖွက်လိုက်ကြပါသည်။
လင်းမူလည်း လက်ပတ်နာရီပေါ်မှ အချက်အလက်များကို စစ်ကြည့်လိုက်သည်။
[ အမည်: လင်းမူ
လိင်: မ
အသက်: ၂၆ နှစ်
စုစုပေါင်းရမှတ်: ၀
ငွေကတ်: ၀
စိန်ကတ်: ၀
ကစားပွဲအထောက်အကူပြုပစ္စည်း: မရှိ
ကစားပွဲမှတ်တမ်း: မရှိ ]
ကိုယ်ရေးအချက်အလက်မျက်နှာပြင်မှ ထွက်ပြီး ကစားပွဲစည်းမျဉ်းစည်းကမ်းများကို ဖွင့်ဖတ်ကြည့်သောအခါ အပြာရောင်ဖန်သားပြင်ပေါ်ရှိ အချက်အလက်များနှင့် အတူတူပဲဖြစ်နေပါသည်။
ထို့နောက် သွေးပူကစားပွဲအဆင့်ဟူသော ပထမကစားပွဲကို သူမနှိပ်ကြည့်လိုက်သည်။ ထိုအခါ စာလုံးကြီးကြီး ခြောက်လုံးသာ ပေါ်လာခဲ့သည်။
[မကြာမီ စတင်မည်…]
ယာဉ်မယ်က အားလုံးကို လက်ပတ်နာရီစမ်းသပ်ဖို့အတွက် မိနစ်အနည်းငယ်သာ အချိန်ပေးခဲ့ပြီး ဆက်ပြောလိုက်ပါသည်။
“အခြားကန့်ကွက်စရာမရှိတော့ဘူးဆိုရင် သွေးပူကစားပွဲအဆင့်ရဲ့ ပထမဆုံးကစားပွဲ စတင်ပါတော့မယ်”
ယာဉ်မယ်၏ လေသံတွင် ပျော်ရွှင်မှုနှင့် မျှော်လင့်တောင့်တမှုတို့ ရောယှက်ပါဝင်နေသည်ကို ကြားလိုက်ရသဖြင့် လင်းမူ ကိုယ့်နားကိုယ် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
ထိုစဉ် အပြာရောင်ဖန်သားပြင်ကြီး ရုတ်တရက် လှုပ်ရှားသွားပြီး အနောက်ရောင်နောက်ခံ၊ အဖြူရောင် စာသားတို့အဖြစ် ပြောင်းလဲသွားခဲ့သည်။
[သွေးပူကစားပွဲအဆင့် - ပထမကစားပွဲ: အရောင်နှင့် ID]
[ကစားပွဲအကြောင်းအရာ - ဘတ်စ်ကား ပထမထပ်ရှိ VIP အခန်းနံပါတ်(၁)ထဲသို့ဝင်ပြီး လက်ရှိ id ကို သတ်မှတ်ပေးမယ့် အဝတ်အစားအရောင်တစ်ရောင်ကို ရွေးချယ်ဝတ်ဆင်ပါ]
[ကစားပွဲအရိပ်အမြွက်: Wu Du You Ou]
[ကစားပွဲစည်းမျဉ်းစည်းကမ်း: အခန်းထဲဝင်ရောက်ကြမယ့် အမှတ်စဉ်ကို ကစားသမားများကိုယ်တိုင် ရွေးချယ် သတ်မှတ်နိုင်ပါတယ်၊ အခန်းထဲကို တစ်ကြိမ်တစ်ယောက်သာ ဝင်ခွင့်ရှိပါမယ်၊ အခန်းထဲဝင်ရောက်တာနဲ့ သတ်မှတ်ချိန်စတင်ပါမယ်၊ သတ်မှတ်ချိန်က ၅ မိနစ်ပါ၊ ကစားပွဲအရိပ်အမြွက်နဲ့ ကိုက်ညီမှုရှိတဲ့ အရောင်ကို ရွေးချယ်သူတွေ ဘတ်စ်ကားပေါ်မှာ ဆက်နေနိုင်ပါတယ်၊ ကိုက်ညီမှုမရှိသူတွေကတော့ ဘတ်စ်ကားပေါ်မှ ဆင်းပေးရပါမယ်]
[ကစားပွဲ ၁၀ မိနစ်အတွင်း စတင်ပါတော့မယ်…]
ဖန်သားပြင်ကြီးကို စူးစူးဝါးဝါးစိုက်ကြည့်ရင်း ကစားသမားများအားလုံး အာရုံကြောများ တင်းမာကုန်ကြသည်။
ယခုလောက်ဆို ဘတ်စ်ကားပေါ်မှ မဆင်းရဖို့အရေး ကစားပွဲများကို နိုင်အောင် ကစားရမည်ဖြစ်ကြောင်း အားလုံး နားလည်နေကြပါပြီ။
ယာဉ်မယ်၏အသံ ထပ်မံထွက်ပေါ်လာခဲ့သည်။
“အခုချိန်စကပြီး အခန်းအတွင်းဝင်ရောက်မယ့်အစဉ်ကို ဆွေးနွေးဆုံးဖြတ်ဖို့အတွက် ကစားသမားများမှာ အချိန် ၁၀ မိနစ်ခန့်ရှိပါမယ်”
‘အခန်းထဲဝင်ရမယ့် အစဉ်ဟုတ်လား…’
အားလုံး တွေဝေသွားခဲ့ကြသည်။
‘ဘာမှမသိဘဲ ငါတို့က ဘယ်လို ဆွေးနွေးရမှာလဲ’
သူတို့ အနိုင်ရဖို့ လိုအပ်မှန်း သိသော်လည်း အနိုင်ရအောင် ဘယ်လိုလုပ်ရမှန်း မသိကြသေးပါ။ ထို့အပြင် အရိပ်အမြွက်ကလည်း ဘာကိုဆိုလိုမှန်း မသေချာပေ။
ခရီးသည်များအကြား တီးတိုးပြောသံများ ထွက်ပေါ်လာခဲ့ပါသည်။
“ကစားပွဲက ဘယ်လိုမှန်း မသိဘူးဆိုတော့ ကစားသမား အမည်စာရင်းအတိုင်းပဲ ဝင်ကြရအောင်လေ”
ပထမဆုံး အကြံပြုလိုက်သူက ချောင်းစစ်ဖြစ်နေသဖြင့် လင်းမူ အံ့အားသင့်သွားခဲ့ရသည်။ ဒီလို ထူးထူးဆန်းဆန်း ကစားပွဲတွေကို ချောင်းစစ် အမှန်တကယ် စိတ်ဝင်စားနေပုံရသည်။
အမှန်ပင်။ စောစောဝင်ခြင်းက ကောင်းသလား၊ နောက်ကျမှ ဝင်ခြင်းက ကောင်းသလား ဘယ်သူမှ မပြောနိုင်သဖြင့် ချောင်းစစ်၏ အကြံပြုချက်ကို အားလုံးနီးပါး ထောက်ခံလိုက်ကြပါသည်။
သို့သော် စူးရှသော အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ “ငါသဘောမတူဘူး”
နောက်ဆုံးတန်း၏ နောက်ဆုံးခုံတွင်ထိုင်နေသော ချုံးလန် မတ်တပ်ရပ်လိုက်ပါသည်။
“တကယ်လို့ အခန်းထဲမှာ အဝတ်အစားက ၂၁ ထည်ပဲ ရှိနေမယ်ဆိုရင်ကော၊ နောက်ဆုံးဝင်ရတဲ့လူက ရွေးချယ်စရာရှိမှာ မဟုတ်ဘူး”
အားလုံး ရင်တုန်သွားခဲ့ကြသည်။ အရိပ်အမြွက်နှင့် မကိုက်ညီသည့် အရောင်ကို ရွေးချယ်မိပါက ဘတ်စ်ကားပေါ်မှ ဆင်းရပါလိမ့်မည်။
ဘယ်သူမှ မဆင်းချင်ကြပေ။
ရှားယွင်ယွင်လည်း စိတ်ဖိစီးနေလေပြီ။ အရှေ့ဘက်ခုံမှာ ပြောင်းထိုင်နေခဲ့သော်လည်း အမည်စာရင်းပေါ်တွင် သူမ အမည်က ၂၁ ယောက်မြောက်မှာ ရှိနေဆဲဖြစ်သည်။
‘အခန်းထဲမှာ အဝတ်အစား အထည် ၂၀ ပဲ ရှိရင် ဘယ်လိုလုပ်မလဲ…’
“ကံစမ်းမဲ နှိုက်ကြရအောင်လေ”။ ရှားယွင်ယွင်အကြံပေးလိုက်သည်။
ယခုအချိန်မှာ ကံစမ်းမဲနှိုက်ခြင်းထက် မျှတသည့်နည်းလမ်း မရှိနိုင်ပေ။
ထိုအကြံက ကောင်းမွန်သော်လည်း ကံစမ်းမဲတွေ ဖန်တီးဖို့အတွက် အနည်းဆုံး စာရွက်နှင့် ဘောပင်တို့ လိုအပ်သည်။
“စာရွက်နဲ့ ဘောပင် ပါတဲ့လူရှိလားဟင်”။ ရှားယွင်ယွင် မေးလိုက်သည်။
အားလုံး ခေါင်းခါလိုက်ကြသည်။ ဘယ်သူ့မှာမှ မရှိပါက ယာဉ်မယ်ကိုသာ တောင်းဆိုရပါလိမ့်မည်။
အနောက်ဘက်ဆုံးတွင် ခပ်ပြုံးပြုံး ရပ်နေသည့် ယာဉ်မယ်ကို ရှားယွင်ယွင် လှည့်ကြည့်လိုက်ပြီး သူမရင်ထဲ အေးစိမ့်သွားခဲ့ပါသည်။ အချိန်အတော်ကြာအောင် တွန့်ဆုတ်သွားပြီးနောက် သူမ ခေါင်းငုံ့ကာ ဖန်ကျီးကို ပြောလိုက်သည်။ “အစ်မ ဖန်ကျီး…”
“ကျွန်…ကျွန်တော့်မှာပါတယ်”
ရှားယွင်ယွင် စကားမဆုံးခင် ရှေ့ခုံမှာ ထိုင်နေသည့် ခယ့်ပေက စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းတို့ကို ခေါင်းပေါ် ကိုင်မြှောက်ပြလိုက်ပါသည်။
‘တော်သေးတာပေါ့!’
ထိုစာရွက်နှင့် ဘောပင်တို့ကို ရှားယွင်ယွင် အမြန်ယူလိုက်သည်။ ထို့နောက် စာရွက်ကို စတုရန်းကွက် ၂၅ ကွက် အညီအမျှဖြဲလိုက်သည်။ ၃ ကွက်ကို ဖယ်လိုက်ပြီး ကျန် ၂၂ ကွက်တွင် နံပါတ် ၀၁ မှ ၂၂ အထိ ရေးသားလိုက်ပါသည်။ ထို့နောက် စက္ကူလုံးလေးများဖြစ်သွားအောင် လုံးခြေပစ်လိုက်သည်။
အားလုံး အသင့်ဖြစ်ကြသောအခါ ရှားယွင်ယွင် စက္ကူလုံးများကို ယူဆောင်ပြီး တစ်ခုံချင်းစီကိုသွားကာ ကံစမ်းမဲ နှိုက်စေခဲ့သည်။
“ကျွန်မက နံပါတ်တွေရေးထားတဲ့လူဆိုတော့ မျှတအောင် နောက်ဆုံးကျန်တာကို ယူပါ့မယ်”
အခြားသူတွေလည်း ကန့်ကွက်မှုမရှိပေ။ ထို့ကြောင့် ကျန်းရှင်းဟိုင်၏ ထိုင်ခုံမှစတင်ပြီး အနောက်ဘက်သို့ S သဏ္ဌာန် မဲနှိုက်စေခဲ့သည်။
အခြားတစ်ဖက်သို့ လှည့်နေစဉ် ရှားယွင်ယွင်လက်ကို အနည်းငယ်လှုပ်ခါလိုက်သည်။ ထိုအခါ သူမ အင်္ကျီလက်ရှည်ထဲ ထည့်ဖွက်ထားသည့် နံပါတ် ၀၈ နှင့် နံပါတ် ၀၉ တို့ ထွက်လာခဲ့ပါသည်။
ဒီလိုအခြေအနေမျိုးမှာ သူမ အများကြီးဖွက်ထားလို့ မရပေ။ ထို့ကြောင့် ရှေ့ကျသည့် နံပါတ်နှစ်ခုကိုသာ ဖွက်ထားပြီး နေရာကောင်းကောင်းရဖို့ ဆုတောင်းခဲ့ရပါသည်။