အခန်း (၁၀)
Vol. 1 Ch. 10
အားလုံးလက်ထဲ စက္ကူလုံးလေးတွေ ရောက်သွားသောအခါ ရှားယွင်ယွင်လည်း သူမလက်ထဲရှိ စက္ကူလုံးလေးကို တုန်ယင်စွာ ဖွင့်ကြည့်လိုက်သည်။
နံပါတ် ၀၈…
ရှားယွင်ယွင် ရင်ဘတ်ထဲက အလုံးကြီးကျသွားခဲ့ပြီး သက်ပြင်းချလိုက်မိပါသည်။
သို့သော် သူမနောက်စေ့ကို တစ်ခုခု လာမှန်သည့် ခံစားချက်တစ်ခု ခံစားလိုက်ရသည်။
ရှားယွင်ယွင်လှည့်ကြည့်လိုက်ရာ သူမကို မျက်လုံးပြူးမျက်ဆံပြူးဖြင့် စိုက်ကြည့်နေသည့် ယင်ဟောက်ကို မြင်လိုက်ရလေသည်။
ယင်ဟောက် ဒေါသတကြီး မေးလိုက်သည်။ “မဲနှိုက်ဖို့ မင်းက ဘာလို့ဦးဆောင်ရတာလဲ”
ရှားယွင်ယွင် အလွန်ကြောက်လန့်သွားပြီး ခြေလှမ်းများ နောက်ဆုတ်သွားရင်း ထစ်ငေါ့စွာ ပြောလိုက်သည်။
“ခု… ခုနက ကျွန်မတို့ သဘောတူထားတယ် မဟုတ်ဘူးလား”
“ဘာကို သဘောတူရမှာလဲ၊ ငါသဘောမတူဘူးကွ!”။ အခြားလူတွေထံမှ စက္ကူလုံးတွေကိုပါ ယင်ဟောက် ယူလိုက်ပြီး ရှားယွင်ယွင်ထံသို့ ပစ်ပေါက်လိုက်သည်။ “မင်းညစ်ပတ်ထားမထား ဘယ်သူသိမှာလဲ၊ မင်းနံပါတ်က ဘယ်လောက်လဲ ပြောစမ်း”
“ကျွန်…ကျွန်မက ၈ ပါ… ကျွန်မ မညစ်ပတ်ခဲ့ဘူး၊ အစ်မဖန်ကျီးကို မေးကြည့်၊ အစ်မဖန်ကျီး အားလုံး မြင်တယ်မလား”
ဖန်ကျီးကို ရှားယွင်ယွင် လှည့်ကြည့်လိုက်သည်။ ဖန်ကျီးက ခေါင်းငုံ့ထားပြီး မျက်နှာပေါ်မှာလည်း ခံစားချက် မဲ့နေခဲ့ပါသည်။
သူမအမည်ကို ရှားယွင်ယွင် ထပ်ခေါ်လိုက်မှ ဖန်ကျီး ဖြည်းညှင်းစွာ ခေါင်းမော့လာခဲ့သည်။
ရှားယွင်ယွင် မျက်နှာပေါ်က ကြောက်ရွံ့တုန်လှုပ်မှုများကို မြင်ပြိး ဖန်ကျီး တွန့်ဆုတ်စွာ ပြောလိုက်ပါသည်။
“အဲ… အင်း… သူ မညစ်ပါဘူး…”
“တွေ့လား ကျွန်မ မညစ်ခဲ့ဘူး”။ ရှားယွင်ယွင် စက္ကူနံပါတ် ၀၈ ကို လိပ်ပြာမလုံစွာ လက်ထဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။
သူမ မတ်တပ်ရပ်လိုက်ကတည်းက အင်္ကျီလက်ထဲ နံပါတ် ၀၈ နှင့် ၀၉ တို့ကို ဖွက်ထားခဲ့ခြင်းဖြစ်သည်။ ဒါကို ဖန်ကျီး မမြင်ခဲ့ပါ။
“မညစ်လည်း ဘာလုပ်ရမှာလဲ၊ ဒီအစဉ်အတိုင်းဝင်ဖို့ ငါသဘောမတူဘူးကွာ”
ယာဉ်မယ်ကို အနိုင်မယူနိုင်သော်လည်း သာမန်မိန်းကလေးတစ်ဦးကိုတော့ သူအနိုင်ယူနိုင်စွမ်းရှိပါသေးသည်။
ထို့အပြင် သူ့ရရှိလိုက်သည့် နံပါတ်က ၂၂ ဖြစ်သည်။ နောက်ဆုံးမှ ဝင်ရမှာကို ယင်ဟောက် လက်မခံနိုင်ပေ။
ဝမ်ကျွင်းဟောင် မတ်တပ်ရပ်ကာ ဝင်ပြောဖို့ ပြင်လိုက်စဉ် လင်းမူက လှမ်းတားလိုက်ပါသည်။
“မင်းသမီးလေးကို ကယ်တင်မယ့် သူရဲကောင်းကြီး လုပ်မလို့လား၊ ဒီလိုအချိန်မျိုးမှာ မျက်စိစပါးမွေးစူးစရာ ဖြစ်ချင်နေတာလား”
လင်းမူ၏ ဆိုလိုရင်းကို ဝမ်ကျွင်းဟောင် နားမလည်နိုင်ဘဲ အူကြောင်ကြောင်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“နံပါတ်တွေက အစဉ်သက်သက်ပါ၊ ကစားပွဲအရိပ်အမြွက်ကမှ အဓိက သော့ချက်ပဲ”။
“အစဉ်သက်သက်တဲ့လား၊ ဒီကစားပွဲမှာ အဲ့ဒီအစဉ်က အရေးပါနေရင် နောက်ကစားပွဲမှာ နင်အားလုံးရဲ့ ပစ်မှတ် ဖြစ်သွားလိမ့်မယ်နော်”
ဝမ်ကျွင်းဟောင် ထိုင်ခုံနောက်ဘက်သို့ ကပ်ကာ တီးတိုးပြောလိုက်သည်။
“မဟုတ်လောက်ပါဘူး အစ်မလင်း… အစ်မလင်း နည်းနည်းပုံကြီးချဲ့ရာ ကျမနေဘူးလား”
လင်းမူပြုံးလိုက်သည်။ “သည်းထိပ်ရင်ဖို အငွေ့အသက်ကို ဖန်တီးပေးတာပါ၊ ဝတ္ထုတွေထဲမှာလည်း ဒီလိုပဲလေ”
ဝမ်ကျွင်းဟောင်: “…”
‘အခုက ဝတ္ထုရေးရမယ့်အချိန်မဟုတ်ဘူး အစ်မလင်း…’
ချောင်းစစ်လည်း ခေါင်းပြူထွက်လာပြီး လင်းမူကို လက်မထောင်ပြလိုက်ပါသည်။
‘ယာဉ်မယ်ရဲ့ရှေ့တည့်တည့်မှာ ထိုင်ရဲတဲ့မိန်းမလို့ မပြောရဘူး’
“အဲ့တာဆို ရှင်က ဘာလုပ်ချင်လို့လဲ”။ ရှားယွင်ယွင် ခိုကိုးရာမဲ့နေသဖြင့် လွတ်လမ်းကို ကိုယ်တိုင် ရှာဖွေရတော့သည်။
“ငါဘာလုပ်ချင်လို့လဲဟုတ်လား၊ ဒီလိုဆိုရင်ကော… အခန်းထဲ ဝင်ရမယ့် အစဉ်ကို ငါဆုံးဖြတ်မယ်”
“မင်းက ဆုံးဖြတ်မယ်ဟုတ်လား၊ မင်းက ဘာကောင်မို့လို့…”။ ယင်ဟောက်အနောက်တွင် ထိုင်နေသည့် ယင်းခိုင်လဲ့ မတ်တပ်ရပ်ကာ စိန်ခေါ်ဖို့ကြံလိုက်စဉ် ကျူးဖေအာက ပြန်ဆွဲချလိုက်ပါသည်။
“ဘာကောင်မို့လို့လဲ ဟုတ်လား”။ ယင်ဟောက် လက်ဆစ်များကျယ်လောင်စွာ ချိုးလိုက်သည်။ “မင်းပြောကြည့်လိုက်လေ”
ယင်းခိုင်လဲ့ မတ်တပ်ပြန်ရပ်လာပြီး ယင်ဟောက်ကို ခေါင်းစောင်းလျက် ကြည့်လိုက်ပါသည်။ “ဘာလဲ မင်းက ထိုးချင်လို့လား”
ယင်ဟောက်မျက်နှာ အကျည်းတန်သွားရလောက်သည့်အထိ ဒေါသထွက်သွားခဲ့သည်။ သို့သော် ဒါသူ့ပိုင်နက်မဟုတ်မှန်း နားလည်ပါသည်။
ရှဲ့ရှစ်ဟွာကလည်း ယင်ဟောက်၏လက်မောင်းကို ဆွဲထားပြီး စိတ်လိုက်မာန်ပါ မလုပ်ဖို့ တားနေလေသည်။
ယင်ဟောက်ခေါင်းညိတ်လိုက်ပြီး ရွယ်ထားသည့်လက်ကို ပြန်ချလိုက်ပါသည်။ ထို့နောက် ယင်းခိုင်လဲ့တို့ ထိုင်နေသည့် ထိုင်ခုံကို ညွှန်ပြလိုက်သည်။ “မင်းတို့ ဘယ်သူ့ထိုင်ခုံမှာ ထိုင်နေတာလဲဆိုတာ မမေ့လိုက်နဲ့ဦး”
ယင်ဟောက်ဆိုလိုချင်သည့် သဘောက သူသာ ထိုင်ခုံနေရာဖယ်မပေးလျှင် ယင်းခိုင်လဲ့တို့စုံတွဲ အတူတူထိုင်နိုင်မှာ မဟုတ်ပါ။
သို့သော် ယင်းခိုင်လဲ့က ဒါတွေကို ဂရုစိုက်နေမည့်လူမျိုး မဟုတ်ပေ။ သူက VIP ခရီးသည်တစ်ယောက်ဖြစ်သဖြင့် ထိုင်ချင်သည့်နေရာမှာ ထိုင်ခွင့်ရှိသည်။
“ငါဒီမှာထိုင်နေတာ မင်းသဘောမတူဘူးပေါ့”။ ယင်းခိုင်လဲ့ မျက်ခုံးပင့်ကာ ပေါ့ပါးသော်လည်း စိန်ခေါ်သည့် လေသံမျိုးဖြင့် ပြောလိုက်သည်။
ထိုအသံကို ဝမ်ကျွင်းဟောင် တစ်နေရာရာမှာ ကြားဖူးနေသလို ခံစားလိုက်ရသည်။
ထိုစကားကြားသောအခါ ယင်ဟောက် ရုတ်တရက် ရယ်မောလိုက်ပြီး အန္တရာယ်များသည့် မျက်လုံးများဖြင့် ယင်းခိုင်လဲ့ကို စိုက်ကြည့်လိုက်သည်။
“ကောင်းပြီလေ… မင်းက သူရဲကောင်းကြီး သိပ်လုပ်ချင်နေမှတော့ နံပါတ် ၂၂ ကို မင်းယူရဲ့လား”။ ယင်းခိုင်လဲ့ဘေးမှ ကျူးဖေအာကို ယင်ဟောက် ရည်ရွယ်ချက်ရှိရှိ ကြည့်လိုက်သည်။ သို့သော် သူ့အကြည့်က ယင်းခိုင်လဲ့အနောက်မှာ ရှိနေသည့် ကျန်းကွေ့ထုံထံကို ချက်ချင်း ရောက်ရှိသွားခဲ့ပါသည်။
ဘယ်သူတွေကို ဘယ်လောက်ပဲ ကြည့်မရဖြစ်နေပါစေ အားလုံးထဲမှာ ကျန်းကွေ့ထုံကို ယင်ဟောက် အမုန်းတီးဆုံးဖြစ်သည်။ ထို့ကြောင့် ကျန်းကွေ့ထုံကို လက်ညှိုးထိုးကာ သူပြောလိုက်ပါသည်။
“နေဦး ဟိုကောင်… မင်းက နံပါတ် ၂၂ ယူရမယ်”
ကျန်းကွေ့ထုံ: “…”
ထို့နောက် ယင်းခိုင်လဲ့ကို သူလက်ညှိုးထိုးလိုက်သည်။ “မင်းက နံပါတ် ၂၁”
နောက်ဆုံးတော့ ရှားယွင်ယွင်ကို ယင်ဟောက်လက်ညှိုးထိုးလိုက်ပါသည်။ “မင်းက နံပါတ် ၂၀ ယူလိုက်ပေါ့၊ မင်းတို့နှစ်ယောက်ကို ရှေ့ဆင့်နောက်ဆင့် ဝင်ခွင့်ပေးမယ်လေ”
ယင်ဟောက် ရည်ရွယ်ချက်ရှိရှိ လုပ်နေမှန်း ယင်းခိုင်လဲ့ သိသဖြင့် အကြောက်တရားစိုးစင်းမျှမပါသည့် လေသံဖြင့် သူပြောလိုက်သည်။ “မင်းက နောက်ဆုံးမှ ဝင်ရမှာကို ကြောက်နေတာမလား၊ ၂၁ တွေဘာတွေလုပ်မနေနဲ့၊ ငါ ၂၂ ယူပြီး နောက်ဆုံးမှ ဝင်မယ်”
ယင်ဟောက် ဦးနှောက်ထဲ ရုတ်တရက် မီးပွင့်သွားခဲ့ပြီး အရှက်မရှိစွာ ပြောလိုက်ပါသည်။ “ဟား ဟုတ်တယ်! ငါ နံပါတ် ၂၂ နေရာကနေ ဝင်ရမှာ ကြောက်နေတာ! မင်းက မကြောက်ဘူး သတ္တိရှိတယ်ဆိုတော့ မင်း နောက်ဆုံးမှဝင်ပေါ့”
ထို့နောက် သူ့လက်ချောင်းများကို ထောင်ကာ ရေတွက်ဖို့ ပြင်လိုက်သည်။ “တခြားသူတွေက…”
“အဲ… အစ်ကိုကြီး…”
ယင်ဟောက် စကားမဆုံးခင် တစ်စုံတစ်ယောက်၏ ကပ်ဖားရပ်ဖားလုပ်သံတစ်သံ ထွက်လာခဲ့ပါသည်။ “ကျွန်မတို့ မိသားစုကို ရှေ့ဆုံးကျတဲ့ နံပါတ်လေးတွေ ပေးလို့ရမလားဟင်”
ထိုလူတွေကို ယင်ဟောက် အကဲခတ်လိုက်သည်။ ကလေးနှစ်ယောက်ပါသည့် လင်မယားဖြစ်ပါသည်။
ယင်ဟောက်ထက် အသက်ကြီးမှန်း သိသာသော်လည်း ‘အစ်ကိုကြီး’ဟု ခေါ်ဆိုနေရခြင်းက လေးစားမှုနှင့် ကြောက်ရွံ့မှုတို့ ပြသနေပါသည်။
သွေးပျက်စရာကောင်းပြီး အပြောင်းအလဲမြန်ဆန်သည့် ခရီးစဉ်မှာ လူအချို့က မျက်နှာဖုံးအသစ်တွေကို အလျှင်အမြန် တပ်ဆင်လိုက်ကြလေပြီ။
ယင်ဟောက်ခေါင်းညိတ်လိုက်သည်။ ဒီလိုအချိန်မျိုးမှာ သူ့ကို တလေးတစား ဆက်ဆံပါက သူ့ဘက်ကလည်း ငဲ့ညှာပေးပါမည်။ သို့သော် ငဲ့ညှာမှုက အလကားမဟုတ်ပေ။
“ကောင်းပြီလေ၊ ငါမင်းတို့ မိသားစုကို နံပါတ် ၁၊ ၂၊ ၃၊ ၄ အသီးသီးပေးမယ်၊ ဒါပေမယ့်တစ်ခုတော့ရှိတယ်၊ အထဲကနေ ပြန်ထွက်လာတာနဲ့ အထဲမှာအခြေအနေဘယ်လိုရှိလဲဆိုတာ ငါ့ကိုပြောရမယ်”
ကျန်းရှင်းဟိုင်နှင့် ဝမ်ချိုးယွဲ့တို့နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ပြီး ခေါင်းညိတ်လိုက်ကြပါသည်။
“ဟုတ်ကဲ့ပါ စိတ်ချပါအစ်ကိုကြီး”
ယာဉ်မယ်နှင့် ရန်ဖြစ်ခဲ့စဉ်တုန်းက မောက်မာမှုမျိုး ကျန်းရှင်းဟိုင်တွင် မရှိတော့ချေ။ ယခု သူ့ပုံစံက အခြားတစ်ယောက်လိုပင်။
သို့မဟုတ် တစ်ကားလုံးမှာ ယာဉ်မယ်နှင့် ရန်ဖြစ်ဖူးတာဆိုလို့ သူတို့နဲ့ ယင်ဟောက်သာရှိခြင်းကြောင့် ဖြစ်နိုင်သည်။
‘သံချေးတက်သော်လည်း သံအဖြစ်ရှိနေဆဲ’ဟူသည့် သဘောတရားကို ယင်ဟောက်လက်ခံကာ ပိန်ညှောင်နေသည့် ကျန်းရှန်းဟိုင်အား လက်ညှိုးထိုးလျက် ပြောလိုက်သည်။
“မင်းက နံပါတ် ၁၊ မင်းမိန်းမက နံပါတ် ၂၊ မင်းကလေး နှစ်ယောက်က နံပါတ် ၃ နဲ့ ၄”
ကျန်းရှင်းဟိုင် စိတ်ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်ပါသည်။ စောစောဝင်ပါက ရွေးချယ်စရာအဝတ်အစားရှိမှာ သေချာပါသည်။
ယင်ဟောက်က နံပါတ်များကို ဆက်လက် သတ်မှတ်ပေးခဲ့သည်။ သူ့ကိုယ်သူ နံပါတ် ၈ အဖြစ် သတ်မှတ်ပြီး သူ့ကောင်မလေး ရှဲ့ရှစ်ဟွာကို နံပါတ် ၉ အဖြစ် သတ်မှတ်ပေးလိုက်သည်။
ဝမ်ကျွင်းဟောင်က နံပါတ် ၁၁၊ ချောင်းစစ်က နံပါတ် ၁၂၊ လင်းမူက နံပါတ် ၁၃ ဖြစ်သည်။
မကြာမီ အချိန် ၁၀ မိနစ်ပြည့်ပြီဖြစ်ကာ လက်ပတ်နာရီများပေါ်တွင် အခန်းတွင်း ဝင်ရောက်ရမည့် အစဉ်နံပါတ်များ အသီးသီး ပေါ်လာခဲ့ကြပါသည်။ အားလုံး ယင်ဟောက် သတ်မှတ်ပေးထားသလိုပင်။
ဘတ်စ်ကားပေါ်ရှိ ဖြစ်ရပ်တိုင်းကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေပြီး အချက်အလက်များကို တိုက်ရိုက် ပြောင်းလဲနေသည့်အလား ထင်ရသည်။
ယာဉ်မယ်က ဖန်သားပြင်ကြီးရှေ့သို့ လျှောက်လာခဲ့သည်။ သူမအပြုံး ယခင်ကထက်ပိုမိုတောက်ပနေခဲ့သည်။ မျက်နှာကလည်း နွေးထွေးမှုတို့ဖြင့် ပြည့်နှက်နေသည်။ သို့သော် အခြားသူတွေအမြင်မှာတော့ ယာဉ်မယ်၏ အမူအရာတိုင်းက သွေးပျက် ချောက်ချားစရာကောင်းလွန်းနေပါသည်။
“၁၀ မိနစ် ပြည့်ပါပြီ၊ အခု သွေးပူကစားပွဲအဆင့်ရဲ့ ပထမဆုံးကစားပွဲ ‘အရောင်နှင့် ID’ တရားဝင် စတင်ပြီဖြစ်ကြောင်း ကြေညာပါတယ်”
“ကျေးဇူးပြုပြီး ကစားပွဲအရိပ်အမြွက်ဖြစ်တဲ့ ‘Wu Du You Ou’ ကို အာရုံစိုက်ပေးကြပါ၊ ပြီးတော့ ကစားသမားတိုင်းမှာ အဝတ်အစားရွေးချယ်ဖို့ အချိန် ၅ မိနစ်သာ ရှိပါမယ်၊ သတ်မှတ်ချိန် ကျော်လွန်သွားရင်တော့ ကစားပွဲမှ ထုတ်ပယ်ခံရပါမယ်။ အခန်းနံပါတ်(၁)ထဲကို ကစားသမားအမှတ်စဉ် A1001 ဝင်ရောက်နိုင်ပါပြီ”
ကျန်းရှင်းဟိုင် မတ်တပ်ရပ်လိုက်ပြီး တစ်စက္ကန့်လေးတောင် မဖြုန်းတီးရဲဘဲ အောက်ထပ်သို့ ဆင်းကာ VIP အခန်းနံပါတ်(၁)အတွင်း ဝင်သွားခဲ့ပါသည်။
သူဆင်းသွားပြီး သိပ်မကြာလိုက်ဘဲ အနက်ရောင်ဖန်သားပြင်ပေါ်မှာ အချိန် ၅ မိနစ် ရေတွက်မှု စတင်ခဲ့လေသည်။
… … …
[စာရေးသူ မှတ်ချက်]
ကစားသမားတစ်ဦး၏ အမှတ်စဉ်က A1020 ဆိုလျှင်-
‘A’က [သွေးပူကစားပွဲအဆင့်]ကို ရည်ညွှန်းခြင်းဖြစ်ပြီး
‘1’ကတော့ [သွေးပူကစားပွဲအဆင့်ရဲ့ ပထမဆုံးကစားပွဲ]ကို ဆိုလိုခြင်းဖြစ်ပါတယ်။
‘020’ကတော့ ကစားသမားရဲ့ အမည်စာရင်းနံပါတ်ပါ။