← Chapters

အခန်း (၁၁)

Vol. 2 Ch. 11

အခန်း (၁၁)

Vol. 2 Ch. 11

“အားလုံးအတွက် အဝတ်အစား လုံလုံလောက်လောက်ရှိပြီး ‘Wu Du You Ou’ ဆိုတဲ့ အရိပ်အမြွက်ကိုပဲ ဦးစားပေး စဉ်းစားရမှာများလား”။ ဝမ်ကျွင်းဟောင် သုံးသပ်လိုက်သည်။

ရှေ့ခုံတန်းမှ ခရီးသည်များလည်း တစ်ယောက်ပြီးတစ်ယောက် နောက်လှည့်ကြည့်လာကြပါသည်။

“တစ်နည်းအားဖြင့် အားလုံးကို ကယ်တင်လို့ရနိုင်ချေ ရှိတာပေါ့”။ ခပ်ဝဝ အထက်တန်းကျောင်းသားဘေးတွင် ထိုင်နေသည့် လူတစ်ဦးက မတ်တပ်ရပ်ကာ ပြောလိုက်ပါသည်။

တစ်စုံတစ်ယောက်က လမ်းစဖော်ပေးလိုက်ပြီဖြစ်သဖြင့် အခြားသူတွေလည်း သုံးယောက်တစ်ဖွဲ့၊ ငါးယောက်တစ်ဖွဲ့ ဖွဲ့ကာ စတင်ဆွေးနွေးတိုင်ပင်ကြသည်။

လင်းမူ လက်ပတ်နာရီပေါ်မှ စာရင်းကို ငုံ့ကြည့်လိုက်ပါသည်။

လက်ရှိတွင် VIP ခရီးသည် ခြောက်ဦးအနက် သူမ မသိသေးသည့် လူနှစ်ယောက်သာ ကျန်သည်။ ခပ်ဝဝ အထက်တန်းကျောင်းသားဘေးတွင် ထိုင်နေသည့်လူနှင့် ဝမ်ကျွင်းဟောင်၏ ရှေ့တည့်တည့်တွင် ထိုင်နေသူတို့ ဖြစ်ကြသည်။

ထိုလူတွေကို လင်းမူ မသိသော်လည်း သိနေသူရှိတာတော့ သေချာပါသည်။

သူမနည်းတူ လက်ပတ်နာရီကို ငုံ့ကြည့်နေသည့် ကျိုးယုပိုင်ကို လင်းမူ လှည့်ကြည့်လိုက်သည်။ ကျိုးယုပိုင်က ကစားပွဲ စည်းမျဉ်းစည်းကမ်းများကို ထပ်ခါတလဲလဲ ဖတ်ရှုနေကာ ထိုစာသားများအကြား ပုန်းကွယ်နေသည့် ထောင်ချောက်အချို့ ရှိနေမလား စစ်ဆေးနေခြင်းဖြစ်ပါသည်။

သူဘာထောင်ချောက်မှ မရှာဖွေနိုင်ခင် ဘယ်ဘက်မှ အကြည့်တစ်ချက်ကို ခံစားမိသည်။ လှည့်ကြည့်လိုက်ရာ မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်း ဆုံသွားခဲ့ပါသည်။

လင်းမူအပြုံးဖြင့် မိတ်ဆက်လိုက်သည်။ “ဟယ်လို၊ ကျွန်မနာမည် လင်းမူပါ၊ မနက်က ကျွန်မခရီးဆောင်အိတ်ကို ရှင် ကူသယ်ပေးခဲ့သေးတယ်လေ”

ကျိုးယုပိုင် တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်ပြလိုက်ပါသည်။ “ကျွန်တော်မှတ်မိပါတယ်၊ ကျွန်တော့်နာမည် ကျိုးယုပိုင်ပါ၊ တွေ့ရတာ ဝမ်းသာပါတယ်”

ရင်းနှီးမှုရစေဖို့အတွက် လင်းမူ အပေါ်ယံစကားတချို့ အရင်ပြောချင်ခဲ့သော်လည်း ယခု အခြေအနေက အရေးကြီးနေသည်။ ဝေ့လည်ကြောင်ပတ်လုပ်နေလျှင် အချိန်ဖြုန်းရာသာ ကျမည်ဖြစ်သဖြင့် တဲ့တိုး မေးလိုက်ပါသည်။

“ကျွန်မ မေးချင်တာလေးရှိလို့၊ ခုနက မတ်တပ်ရပ်လိုက်တဲ့ VIP ခရီးသည်နာမည်က ဘယ်သူလဲ”

ကျိုးယုပိုင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ဝမ်ကျွင်းဟောင်က စက်ရုပ်တစ်ရုပ်လို ခေါင်းလှည့်လာပြီး အံ့အားသင့်နေသည့် ပုံစံဖြင့် တီးတိုး မေးလိုက်ပါသည်။

“အစ်မလင်း အဲ့ဒီလူအကြောင်း ဘာလို့မေးနေတာလဲ၊ အဲ့ဒီလူမှာ ထူးခြားချက်တစ်ခုခု ရှိနေလို့လား”

လင်းမူ မဖြေနိုင်ခင် ကျိုးယုပိုင်က ဦးစွာ ဖြေလိုက်သည်။

“ချီရှင်းချန့်၊ VIP အခန်းနံပါတ်(၁)က ချီရှင်းချန့်၊ ကစားသမား နံပါတ်(၁)”

‘ဒါဆို သူက ချီရှင်းချန့်ပေါ့…’

ဝမ်ကျွင်းဟောင် ခေါင်းညိတ်လိုက်သည်။ “ဪ… သူက နံပါတ် 001 ကိုး”

ချီရှင်းချန့်က သက်ကြီးပိုင်း ကစားသမားအုပ်စုထဲ ပါဝင်ပြီး အလွန်တည်ငြိမ်ပါသည်။ ထို့ကြောင့် သူတစ်စုံတစ်ခုကို သုံးသပ်ပြလိုက်တိုင်း အားလုံးက တလေးတစား နားထောင်တတ်ကြသည်။

ယခုလည်း ချီရှင်းချန့်တစ်ယောက် အားလုံးကို လေးလေးနက်နက် ရှင်းပြနေပါသည်။

“Wu Du You Ou ဆိုတဲ့ အရိပ်အမြွက်ရဲ့ အဓိပ္ပာယ်က တစ်ယောက်တည်းဖြစ်နေတဲ့လူတွေ ထုတ်ပယ်ခံရပြီး အရောင်တူ ရွေးချယ်ထားတဲ့လူတွေက ဆက်နေခွင့်ရမယ်လို့ ဆိုလိုတာဖြစ်နိုင်တယ်၊ ခရီးသည်စုစုပေါင်းက ၂၂ ယောက် ရှိတာလေ၊ အဲ့တော့ နှစ်ယောက်စီ တူညီတဲ့အရောင်ကို ရွေးချယ်မယ်ဆိုရင် ဘယ်သူမှ ထုတ်ပယ်ခံရမှာ မဟုတ်ဘူး”

သူ့အသံက ကျယ်လောင်ပြတ်သားသဖြင့် ဒုတိယထပ်တစ်ထပ်လုံး ကြားနိုင်ပါသည်။

“အဲ့လောက် ရိုးရှင်းပါ့မလား”။ နောက်ဆုံးတန်းတွင် ထိုင်နေသည့် ချုံးလန်က အေးစက်စွာ ပြောလိုက်သည်။ “ဟိုလူ[ကျန်းရှင်းဟိုင်] ပြန်လာတဲ့အချိန်အထိ စောင့်တာ ပိုကောင်းမယ်ထင်တယ်၊ ဒါပေမယ့် သူအမှန်အတိုင်း ပြောပြပါ့မလားဆိုတဲ့အပေါ်မှာလည်း မူတည်သေးတယ်၊ သူအမှန်အတိုင်း ပြောပြမယ်ဆိုရင်တော့ ကျွန်မတို့ နည်းလမ်းစောစော ရှာလို့ရတာပေါ့”

ယင်ဟောက်လည်း ထိုစကားများကို နားထောင်ရင်း အတွေးလွန်သွားခဲ့သည်။ သူ့နံပါတ်က 008 ဖြစ်သဖြင့် စောလည်းမစော နောက်လည်းမကျပေ။ သို့သော် အနိုင်ရနိုင်မည့် အဓိကသော့ချက်ကို သူ့နောက်မှ လူတွေရှာတွေ့သွားလျှင် သူ အမြှောက်စာဖြစ်သွားနိုင်ပါသည်။

လင်းမူ၏ အကြည့်က ချုံးလန်ထံရောက်ရှိသွားခဲ့သည်။ ချုံးလန်၏ ပခုံးထိရှည်သော အနက်ရောင် ဆံနွယ်များက အလွန်ဖြောင့်စင်းနေပြီး အနက်ရောင်ဖဲကြိုးဖြင့် စုကာစည်းထားသည်။ အနက်ရောင် အင်္ကျီလက်ရှည်ကို အစိမ်းရင့်ရောင် အပေါ်ထပ်ဖြင့် ရောစပ်ကာ ဝတ်ဆင်ထားသည်။

သူမ ပုံစံက ရိုးရိုးယဉ်ယဉ်ပုံစံမျိုးဖြစ်သော်လည်း နှုတ်မှထွက်လာသည့် စကားလုံးများက အလွန်စူးရှ ပြတ်သားလှပါသည်။

ပထမတစ်ခေါက်တုန်းက သူမ မကျေနပ်ကြောင်းကို ပေါ်တင်ထုတ်ပြောခဲ့ခြင်းဖြစ်သော်လည်း ဒုတိယတစ်ခေါက်ကတော့ ယင်ဟောက်၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေခြင်း ဖြစ်ပါလိမ့်မည်။

သူမ အလွန်အတင့်ရဲသည်ဟု ဆိုရမည်။ ယင်ဟောက်သာ ခေါင်းသုံးတတ်လျှင် ချုံးလန် ဘာတွေကြံစည်နေမှန်း ခန့်မှန်းနိုင်ပါလိမ့်မည်။ သို့သော် ယင်ဟောက်က လေးလေးနက်နက် စဉ်းစားနိုင်စွမ်းမရှိပေ။

သို့သော် ထိုစကားလုံးများကြောင့် ဝမ်ချိုးယွဲ့ကတော့ ကျိန်းသေပေါက် တုန်လှုပ်သွားခဲ့ပါသည်။

ပထမတော့ သူမတို့လင်မယားနှစ်ယောက် ရွေးချယ်စရာမရှိမည်စိုးသဖြင့် အားလုံးထက်အရင် ဝင်ရောက်ဖို့ ကြံရွယ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုတော့ ရွေးချယ်စရာမရှိမည်ကို ဘယ်သူမှ စိုးရိမ်မနေကြဘဲ ‘အရိပ်အမြွက်’ကိုသာ ဦးစားပေး စဉ်းစားနေကြလေသည်။

‘ကျန်းရှင်းဟိုင်သာ အရောင်မှားပြီး ရွေးလိုက်ရင် ဘယ်လိုလုပ်မလဲ…’

ထို့အပြင် သူမက ဒုတိယ ဝင်ရောက်ရမည့်လူဖြစ်သည်။

“နင်ပြောတဲ့အတိုင်းဆို ဘယ်အရောင်ကို ရွေးသင့်တာလဲ”။ ဝမ်ချိုးယွဲ့ မတ်တပ်ရပ်လိုက်ပြီး စိုးရိမ်ပူပန်မှုများဖြင့် မေးလိုက်သည်။

“မေးခွန်းကောင်းပဲ၊ ဒါပေမယ့် ဘာအရောင်တွေ ရှိမှန်းတောင် မသိသေးဘဲ ဘယ်သူက ဘာပြောနိုင်မှာလဲ”။ ကျူးဖေအာ မကျေမနပ် ဝင်ပြောလိုက်ပါသည်။

ယင်ဟောက်ကို ကပ်ဖားရပ်ဖားလုပ်နေခဲ့ကြသည့် လင်မယားနှစ်ယောက်ကို ကျူးဖေအာ အမြင်မကြည်ပါ။

သိပ်မကြာမီ အချိန်အကန့်အသတ် ၅ မိနစ်တွင် စက္ကန့် ၃၀ သာ ကျန်တော့သည်။ နောက်ဆုံးတော့ လှေကားထစ်မှ ကျန်းရှင်းဟိုင် ပြန်ပေါ်လာခဲ့ပါပြီ။

သူပေါ်လာသည်နှင့်တစ်ပြိုင်တည်း ဖန်သားပြင်ပေါ်မှ အချိန်ရေတွက်မှုလည်း သုည ပြန်ဖြစ်သွားခဲ့သည်။

ကျန်းရှင်းဟိုင် ခပ်ပါးပါး အနီရောင် အပေါ်ထပ်အင်္ကျီလေးတစ်ထည်ကို ဝတ်ဆင်လာမှန်း အားလုံး မြင်လိုက်ရပါသည်။ စည်ပင်သန့်ရှင်းရေးဝန်ထမ်းများ ဝတ်ဆင်သည့် အပေါ်ထပ်အင်္ကျီမျိုးဖြစ်သည်။

ထို့နောက် ယင်ဟောက်နား လျှောက်သွားပြီး အချက်အလက်အချို့ တီးတိုးပြောပြဖို့ ကြံလိုက်သည်။ သို့သော် ယင်ဟောက်က စိတ်မရှည်တော့ပေ။

“အားလုံးကြားအောင် ပြောလိုက်စမ်းပါ၊ ဘာမှ ဖုံးကွယ်စရာမလိုဘူး”

All Chapters