အခန်း (၁၂)
Vol. 2 Ch. 12
ကျန်းရှင်းဟိုင် ခေတ္တ တွန့်ဆုတ်သွားခဲ့ပြီး သူမြင်ခဲ့သမျှကို ပြန်ပြောပြလိုက်သည်။
“အထဲမှာ အင်္ကျီအရောင်က ၁၀ ရောင်ရှိတယ်၊ တစ်ရောင်ကို ၃ ထည်စီ”
ထိုစကားလုံးများကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အားလုံး မျက်မှောင်ကြုတ်သွားခဲ့ကြသည်။ အရောင်က ၁၀ ရောင်၊ တစ်ရောင် ၃ ထည်ဆိုလျှင် စုစုပေါင်း အင်္ကျီ အထည် ၃၀ ရှိပါလိမ့်မည်။ ခရီးသည်က ၂၂ ယောက်သာ ရှိသဖြင့် ရွေးချယ်စရာ မကျန်မှာကို စိတ်ပူဖို့ မလိုတော့ပေ။
ထိုရှုထောင့်မှ တွေးကြည့်လျှင် ကစားပွဲအနိုင်ရဖို့အတွက် အရိပ်အမြွက်ကသာ အဓိက သော့ချက်ဖြစ်နိုင်သည်။ ထို့ကြောင့် နောက်ပိုင်းမှ ဝင်ရောက်သူများက စဉ်းစားချိန် ပိုရပြီး အားသာချက် ပိုရရှိမည်ဖြစ်သည်။
ထိုစဉ် ချုံးလန်၏ အသံထပ်မံထွက်ပေါ်လာခဲ့သည်။ “ကျွန်မတို့အားလုံး ဒီကားပေါ်မှာ အချိန်ကြာကြာ နေရဦးမှာနော်၊ ရှင်လိမ်မပြောတာ ပိုကောင်းလိမ့်မယ်”
ပိန်လှီနေသည့် ကျန်းရှင်းဟိုင်၏ မျက်နှာပေါ် ဒေါသများ ရိပ်ပြေးသွားခဲ့သည်။ “ငါက မင်းတို့ကို ဘာလို့လိမ်ရမှာလဲ၊ မင်းတို့ကို ပြောပြတာထက် ခွေးကို သွားပြောပြတာကမှ ကျေးဇူးပိုသိတတ်ဦးမယ်!”
လိုချင်သည့် အဖြေကို ရလိုက်ပြီဖြစ်သဖြင့် ချုံးလန် ဘာမှ ဆက်မပြောတော့ပေ။
အရောင်က ၁၀ ရောင်… တစ်ရောင်ကို ၃ ထည်စီ…
လင်းမူ မျက်ခုံးပင့်သွားသည်။ ဒီလိုသာဆို ကျိန်းသေပေါက် ‘မ’ ဂဏန်းတွေ ရှိလာနိုင်ပါသည်။ ချီရှင်းချန့် အကြံပြုခဲ့သလို နှစ်ယောက်တစ်တွဲစီ တွဲဖို့ဆိုသည်မှာ အားလုံးအတွက် မဖြစ်နိုင်တော့ပေ။
Wu Du You Ou အရိပ်အမြွက်ကိုသာ ‘နှစ်ယောက်အတွဲများ ဆက်နေခွင့်ရပြီး တစ်ယောက်တည်း သို့မဟုတ် သုံးယောက်တွဲ ဖြစ်နေလျှင် အပယ်ခံရမည်’ဟု အဓိပ္ပာယ်ကောက်လိုက်ပါက အားလုံးအတွက် အကောင်းဆုံး အစီအစဉ်မှာ [3, 3, 2, 2, 2, 2, 2, 2, 2, 2] ဖြစ်လိမ့်မည်။ (သုံးယောက်အတွဲ နှစ်တွဲ၊ နှစ်ယောက်အတွဲ ရှစ်တွဲ)
ထိုအခါ အရောင် ၈ ရောင်ကို လူနှစ်ယောက်စီက ဆင်တူ ရွေးချယ်နိုင်ပါသည်။ သို့သော် ကျန် အရောင် ၂ ရောင်ကိုတော့ လူ သုံးယောက်က ဆင်တူ ရွေးချယ်ဝတ်ဆင်ရလိမ့်မည်။ ထိုအခါ… သုံးယောက်တွဲ နှစ်တွဲဖြစ်သည့် လူ ၆ ယောက်စလုံး အထုတ်ပယ် ခံရပါလိမ့်မည်။
အားလုံး၏ ရှုထောင့်မှ ကိုယ်စားဝင်ရောက်ကာ စဉ်းစားကြည့်လိုက်လျှင် အစောပိုင်းမှ ဝင်သွားကြသူများမှာ ဘယ်လိုအရောင်အတွက်မဆို တတိယမြောက်လူ ဖြစ်မလာချင်မှာ သေချာသည်။ နံပါတ် ၂၀ ယောက်မြောက်လူ ဝင်ရောက်သွားပြီးနောက် အခြေအနေက [2, 2, 2, 2, 2, 2, 2, 2, 2, 2] (နှစ်ယောက်အတွဲ ဆယ်တွဲ) ဖြစ်နေလိမ့်မည်။ အရောင် ၁၀ ရောင်ကို လူ ၂ ဦးစီက အညီအမျှ ဆင်တူ ဝတ်ဆင်ထားကြပါလိမ့်မည်။
ထို့ကြောင့် နောက်ဆုံး ဝင်ရောက်ရမည့် ၂ ယောက်က သူတို့ကိုယ်တိုင်အပါအဝင် အခြားလူ ၄ ယောက်၏ သေဆုံးခွင့်နှင့် ရှင်သန်ခွင့်ကို အဆုံးအဖြတ်ပေးရမည့်လူများ ဖြစ်သွားကြလိမ့်မည်။ သူတို့ ဘာအရောင်ပဲ ရွေးချယ်ကြပါစေ ဆင်တူ ဝတ်ဆင်ထားသည့် အခြား လူ ၄ ယောက်နှင့်အတူတူ ထုတ်ပယ်ခံရလိမ့်မည်။
ထိုသို့ တွေးကြည့်လျှင် နောက်ဆုံးမှ ဝင်ရောက်ရမည့် လူနှစ်ယောက်က ရွေးချယ်ခွင့်ပင် မရှိတော့ဘဲ အထုတ်ပယ်ခံရမှာ သေချာနေပါပြီ။
လင်းမူ အတွေးလွန်နေစဉ် အပြုံးမပျက်သည့် ယာဉ်မယ်က ဖော်ရွေစွာ ဖိတ်ကြားလိုက်ပါသည်။ “ကစားသမား အမှတ်စဉ် A1002 ကျေးဇူးပြုပြီး VIP အခန်းနံပါတ်(၁)ထဲ ဝင်ရောက်ပေးပါနော်”
ဝမ်ချိုးယွဲ့ အလွန်စိတ်ဖိစီးသွားခဲ့သည်။ သူမကို ဘယ်သူမှ ဂရုမစိုက်ကြသဖြင့် ခင်ပွန်းဖြစ်သူကိုသာ အပူကပ်နိုင်ပါသည်။ “ရှင်းဟိုင်၊ ကျွန်မ ဘာအရောင်ရွေးသင့်လဲ”
ကျန်းရှင်းဟိုင် ခေတ္တစဉ်းစားလိုက်သည်။ “တခြားအရောင်ကို ရွေးလိုက်၊ ငါနဲ့ မတူစေနဲ့နော်”
ဝမ်ချိုးယွဲ့ သက်ပြင်းချလိုက်သည်။ ထိုတစ်နည်းသာ ရှိပါတော့သည်။
ဝမ်ချိုးယွဲ့ အောက်ဆင်းသွားသည်ကို မြင်သောအခါ သောအာတစ်ယောက် အိတ်ကလေးထဲမှ စုပ်လုံးလေး နှစ်လုံးကို ချက်ချင်းထုတ်လိုက်သည်။ တစ်လုံးကို အခွံခွာပြီး သူမ ပါးစပ်ထဲ ထည့်လိုက်သည်။ ထို့နောက် နောက်တစ်လုံးကိုပါ အခွံ ခွာလိုက်ပြီး သူမ မောင်လေး ကွမ်းမင်ကို ပေးလိုက်ပါသည်။
ကျန်းရှင်းဟိုင်ကလည်း အရူးမဟုတ်ပေ။ ထိုအခန်းထဲမှာ ရှိနေခဲ့စဉ်တုန်းက သေသေချာချာ တွက်ချက်ကြည့်ခဲ့ပြီး အနည်းဆုံး လူ ၆ ယောက် အထုတ်ပယ်ခံရမည်ဖြစ်မှန်း နားလည်ခဲ့ပါသည်။ ထို့ကြောင့် သူ့မိန်းမနှင့် မတူညီသည့် အရောင်ကို ရွေးချယ်ထားခြင်းက ပိုဘေးကင်းလိမ့်မည်။ မဟုတ်ပါက နှစ်ယောက်အတူတူ ထုတ်ပယ်ခံရနိုင်ချေ များပါသည်။
၂၁ ယောက်မြောက်တွင် ဝင်ရောက်ရမည့်သူဖြစ်သည့် ယင်းခိုင်လဲ့လည်း ကစားပွဲစည်းမျဉ်းကို နားလည်သွားခဲ့သည်။ နောက်ဆုံးဝင်ရောက်ရမည့် ၂ ယောက်ထဲမှ တစ်ယောက်ဖြစ်သည့်အနက် သူကစားပွဲကို ရှုံးနိမ့်တော့မှာ သေချာနေပါပြီ။
ယင်းခိုင်လဲ့ သေသေချာချာ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “ဒါဆို နောက်ဆုံးကျန်တဲ့ ၂ ယောက်က အရှုံးသမားတွေဖြစ်မှာ သေချာသွားပြီပေါ့၊ ငါနဲ့အတူတူ ဘယ်အရောင်ကို ခေါ်သွားရမလဲ သေချာစဉ်းစားရမယ်”
ထို့နောက် သူ့ရှေ့က ထိုင်ခုံကို ပုတ်ကာ မေးလိုက်သည်။ “အစ်ကိုယင်ဟောက်က ဘယ်အရောင်ကို ရွေးချင်လဲ၊ အစ်ကိုယင်ဟောက်ရွေးတဲ့အရောင်ကို ကျွန်တော်လိုက်ရွေးပေးမယ်လေ၊ ကျွန်တော့်ကို ၂၁ ယောက်မြောက်မှာ ဝင်ရအောင် စီစဉ်ပေးခဲ့တာ အစ်ကိုယင်ဟောက်ပဲ မဟုတ်လား”
ထိုစကားကြားသောအခါ ယင်ဟောက်မျက်နှာ သွေးပျက်သွားခဲ့သည်။ ယင်းခိုင်လဲ့စကား၏ အဓိပ္ပာယ်ကို သူကောင်းကောင်း နားလည်သည်။
“နံပါတ် ၂၂ ကို မင်းဖာသာမင်း ရွေးခဲ့တာလေ! ငါနဲ့ ဘာဆိုင်လို့လဲ!”
“ငါက ၂၂ လိုချင်ခဲ့တာ၊ ဒါပေမယ့် မင်းက ငါ့အတွက် ၂၁ ကို ရွေးပေးခဲ့တယ်လေ၊ အဲ့တာကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ မင်းကို ငါနဲ့အတူတူ ခေါ်သွားပေးသင့်မှာပေါ့”
ယင်းခိုင်လဲ့နှင့် ယင်ဟောက်တို့၏ ပြဿနာကို ဘယ်သူမှ ဝင်ရှုပ်၍ မရပေ။ သို့သော် သူတို့နှစ်ယောက်၏ စကားတွေကို နားထောင်ရင်း ရှားယွင်ယွင်တစ်ယောက် ခေါင်းအစ ခြေအဆုံး ကြက်သီးမွေးညှင်းများထသွားခဲ့ပါသည်။
သူမက အယောက် ၂၀ မြောက် ဝင်ရမည့်လူဖြစ်သည်။ ယုတ္တိရှိရှိ စဉ်းစားကြည့်လျှင် အခြားနံပါတ်များနှင့် သူမ မခြားနားလှပါ။ သို့သော် ယင်းခိုင်လဲ့၏ ခြိမ်းခြောက်စကားကြောင့် သူမထက် အရင်ဝင်ရောက်မည့်လူ ၁၉ ယောက်လုံးက ယင်ဟောက်နှင့်အရောင်မတူအောင် ကျိန်းသေပေါက် ရွေးချယ်ကြပါလိမ့်မည်။
ထို့ကြောင့် နံပါတ် ၂၀ မြောက်တွင် ဝင်ရောက်ရမည့် ရှားယွင်ယွင်က [2, 2, 2, 2, 2, 2, 2, 2, 2, 1] အခြေအနေမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်။ (နှစ်ယောက်အတွဲ ကိုးတွဲနှင့် လူတစ်ယောက်)
ထိုတစ်ခုတည်းသော ‘1’ က ယင်ဟောက် ဖြစ်နေပါလိမ့်မည်။ ရှားယွင်ယွင် ရွေးချယ်ရမည့်အလှည့်ကို ရောက်သောအခါ ယင်ဟောက်နှင့် အရောင်တူ ရွေးချယ်ဖို့၊ သို့မဟုတ် အခြား နှစ်ယောက်အတွဲတစ်ခုအတွက် တတိယမြောက်လူ ဖြစ်လာဖို့သာ ရှိတော့သည်။
‘မ’ ဂဏန်း အုပ်စုများက ထုတ်ပယ်ခံရမည့် အုပ်စုများဖြစ်နေလျှင် သူမ ဘယ်လိုပဲ ရွေးချယ်ပါစေ ကျိန်းသေပေါက် ရှုံးနိမ့်ပါလိမ့်မည်။ ထို့ကြောင့် နံပါတ် ၂၀ ဖြစ်သည့် သူမလည်း နံပါတ် ၂၁ နှင့် ၂၂ တို့ကဲ့သို့ပင် အရေးနိမ့်နေပြီဖြစ်သည်။
ရှားယွင်ယွင် ခေါင်းတွေ မူးဝေလာခဲ့သည်။ ‘ဘာလို့ ငါ့ကျမှ ဒီလိုဖြစ်ရတာလဲ’
သူမဘေးတွင် ထိုင်နေသည့် ဖန်ကျီးကို ရှားယွင်ယွင် လှည့်ကြည့်လိုက်သည်။ ဖန်ကျီးကလည်း သူမနည်းတူ စိုးရိမ်ပူပန်နေပြီး မျက်မှောင်ကြုတ်နေခဲ့သည်။
‘သူက ဘာတွေစိတ်ပူစရာရှိလို့လဲ…’ ဟု ရှားယွင်ယွင်တွေးလိုက်သည်။
ရှားယွင်ယွင် နားမလည်နိုင်ပါ။ သို့သော် ဖန်ကျီး၏ လက်ပတ်နာရီပေါ်ရှိ အမှတ်စဉ် A1007 ကို မြင်သွားခဲ့ပြီး နားလည်သဘောပေါက်သွားခဲ့သည်။ သူမ မှတ်မိတာသာ မမှားလျှင် ယင်ဟောက်က 08 ယောက်မြောက်ဖြစ်ပြီး ဖန်ကျီး၏ အနောက်တည့်တည့်တွင် ရှိနေသည်။
ယင်ဟောက် အရှေ့မှ ဝင်ရောက်ရမည့်လူများက ယင်ဟောက်နှင့် အရောင်မတူအောင် ရွေးချယ်ခွင့်မရှိကြပေ။ အဘယ့်ကြောင့်ဆိုသော် ယင်ဟောက်ကိုယ်တိုင်က မရွေးချယ်ရသေးခြင်းကြောင့်ပင်။ ထို့ကြောင့် သူတို့နှင့် တူညီသည့်အရောင်ကို ယင်ဟောက် ရွေးလိုက်မည်လား ဆိုတာကိုသာ စိုးရိမ်ပူပန်ကြရလိမ့်မည်။
ထိုအတွေးကြောင့် ရှားယွင်ယွင် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
‘ဧကန္တ… ဧကန္တ ယင်ဟောက်က နောက်ဆုံးကျန်နေတဲ့ ‘1’ မဖြစ်ချင်ဘဲ သူ့ရှေ့က ဝင်သွားတဲ့လူတစ်ယောက်ယောက်ကို ရွေးပြီး ‘2’ ဖြစ်အောင် လုပ်လိုက်မယ်ဆိုရင်ကော’
ယခု ရှားယွင်ယွင် လုပ်ဖို့လိုအပ်တာဆိုလို့ လူသတိထားမိစရာမဖြစ်အောင် နေထိုင်ဖို့သာ ရှိတော့သည်။