← Chapters

အခန်း (၁၃)

Vol. 2 Ch. 13

အခန်း (၁၃)

Vol. 2 Ch. 13

ဖန်သားပြင်ပေါ်မှ အချိန်ရေတွက်မှု မပြည့်ခင် ဝမ်ချိုးယွဲ့ ပြန်တက်လာခဲ့သည်။ သူမက လိမ္မော်ရောင် အင်္ကျီကို ဝတ်ဆင်လာခဲ့ပါသည်။ အခန်းနံပါတ်ထဲမှာ သူမ မြင်ခဲ့ရသည့် အရာများကို ပြန်ပြောပြသောအခါ ကျန်းရှင်းဟိုင် ပြောပြခဲ့သည်များနှင့် တစ်ထေရာတည်း တူညီနေသည်။

နောက်ထပ် ဝင်ရောက်ရမည့်သူက သူတို့သမီးလေး သောအာ ဖြစ်ပါသည်။

ပထမတော့ မိသားစုဝင်တစ်ယောက်ကို တစ်ရောင်စီရွေးချယ်ပြီး အတတ်နိုင်ဆုံး ဘေးကင်းအောင်လုပ်ဖို့ ကျန်းရှင်းဟိုင် ရည်ရွယ်ထားခဲ့သည်။ ထို့အပြင် ယင်ဟောက်က ဘတ်စ်ကားတစ်စီးလုံးမှာ အသန်မာဆုံးနှင့် အန္တရာယ်အများဆုံးလူ ဖြစ်သဖြင့် သူ့အနားမှာ ကပ်နေခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ထင်ခဲ့မိသည်။

သို့သော် ယင်းခိုင်လဲ့၏ စကားလုံးများကို ကြားပြီးနောက် ကစားပွဲ၏ စည်းမျဉ်းစည်းကမ်းများနှင့် ယှဉ်လိုက်လျှင် ယင်ဟောက်၏ ခွန်အားက ဘာမှ သုံးစားလို့မရတော့မှန်း ကျန်းရှင်းဟိုင် နားလည်သွားခဲ့ပါသည်။ ထို့အပြင် ယခု ယင်ဟောက်က လူတိုင်း ပထုတ်နေကြသည့် ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေလေပြီ။

ထို့ကြောင့် ယင်ဟောက်နှင့် မဟာမိတ်ဆက်ဖွဲ့ထားလို့ အကျိုးမရှိနိုင်တော့ပါ။ ကျန်းရှင်းဟိုင် တတိယမြောက်လူ ဖြစ်မလာချင်သလို ယင်ဟောက်နှင့် အရောင်တူအောင်လည်း မရွေးချယ်ချင်ပေ။ ထို့ကြောင့် သောအာကို သူအမြန် သတိပေးလိုက်သည်။

“သောအာ၊ အနီရောင်ကိုရွေးနော်”

အနီရောင်ကို ၂ ယောက် ရွေးချယ်ပြီးပြီဆိုလျှင် အခြားသူတွေလည်း တတိယမြောက်လူ အဖြစ်ခံပြီး ထပ်ရွေးတော့မှာ မဟုတ်ပါ။ အနည်းဆုံးတော့ ယင်ဟောက်နှင့် အရောင်မတူတော့မှာ သေချာသွားပါပြီ။

သောအာက ပါးစပ်ထဲတွင် စုပ်လုံးကို ကိုက်ထားဆဲဖြစ်သည်။ ကျန်းရှင်းဟိုင်၏ စကားကိုကြားပြီးနောက် သူမ ခေါင်းညိတ်ပြလိုက်ပါသည်။ သူမ ခေါင်းပေါ်မှ လိပ်ပြာကလစ်ကလေးကလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။

ယာဉ်မယ် ဖိတ်ကြားသည်ကိုပင် စောင့်မနေတော့ဘဲ သောအော လှေကားလက်ကိုင်တန်းကို ကိုင်ရင်း အောက်ထပ်သို့ ဆင်းသွားလေတော့သည်။

ဖန်သားပြင်ပေါ်မှ အချိန်ရေတွက်မှုလည်း တစ်ဖန် စတင်ခဲ့ပြန်သည်။

လှေကားအောက်ဆင်းသွားသည့် ကလေးမလေးကို လင်းမူ ငေးကြည့်နေခဲ့သည်။ ထိုစဉ် ညာဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပါသည်။

“ဘာတွေစဉ်းစားနေတာလဲ”

ကျိုးယုပိုင်ကို လင်းမူ လှည့်ကြည့်လိုက်သည်။ သို့သော် ကျိုးယုပိုင်၏ မျက်လုံးများက သူမအပေါ်တွင်ရှိမနေဘဲ သူ့ iPad ကိုသာ စူးစူးစိုက်စိုက် ငုံ့ကြည့်နေပါသည်။

‘သူငါ့ကို စကားပြောနေတာလား’

လင်းမူ ကြောင်စီစီ ဖြစ်သွားလေသည်။

လင်းမူ၏ အဖြေကို အချိန်အတန်ကြာသည်အထိ မကြားရသဖြင့် ကျိုးယုပိုင် ခေါင်းမော့လာပြီး ထပ်မေးလိုက်ပါသည်။ “ဘာဖြစ်လို့လဲ၊ ကစားပွဲအကြောင်း စဉ်းစားနေတာ မဟုတ်ဘူးလား”

‘ငါ့ကို စကားပြောနေတာပဲ…’

လင်းမူ ပြန်ဖြေဖို့ ကြံလိုက်စဉ် ကျိုးယုပိုင်လက်ထဲရှိ iPad က အကောင်းပကတိအတိုင်း ရှိနေဆဲဖြစ်ပြီး အလုပ်လုပ်နေသေးမှန်း သတိထားမိသွားသည်။

“ရှင့် တက်ဘ်လက်က… အလုပ်လုပ်တယ်လား”

ကျိုးယုပိုင် ခေါင်းညိတ်လိုက်သည်။ “ကျွန်တော်လည်း ခုနကမှ သတိထားမိတာ၊ သူတို့တွေက အပြင်လောကနဲ့ ဆက်သွယ်တာကိုပဲ တားမြစ်ထားတာဖြစ်နိုင်တယ်”

“ရှင်ဘာတွေ တွက်ချက်နေတာလဲ”။ iPad ထဲတွင် စာလုံးများနှင့် ပြည့်နေမှန်း လင်းမူ သတိထားမိပါသည်။

“ကျွန်တော် အကြံဉာဏ်လိုနေတာလေ”

အကြံဉာဏ်လိုနေတယ် ဟုတ်လား…

သူမတို့ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးခဲ့သည်မှာ မကြာသေးသော်လည်း ကျိုးယုပိုင်၏ တည်ငြိမ် အေးဆေးမှုများက သာမန်လူတစ်ယောက်ထက် ပိုမို သာလွန်မှန်း လင်းမူ ရိပ်စားမိပါသည်။

ထူးခြားဆန်းပြားသည့် နေရာတစ်ခုတွင် အန္တရာယ်များသည့် ကစားပွဲများနှင့် ရင်ဆိုင်နေရသဖြင့် တစ်ယောက်တည်း တိုက်ခိုက်ခြင်းက အကောင်းဆုံးနည်းလမ်း မဟုတ်လောက်ပါ။ သို့သော် တစ်စုံတစ်ယောက်ကို အကြွင်းမဲ့ ယုံကြည်ခြင်းကလည်း နည်းလမ်းမှန် မဟုတ်သေးပေ။

“ကျွန်မကတော့ ဘာအကြံဉာဏ်မှ သိပ်မပေးနိုင်ပါဘူး”။ လင်းမူ တိုးညှင်းစွာ ရယ်လိုက်သည်။ “ကျွန်မနဲ့ တိုင်ပင်မယ်ဆိုရင် ရှင်ကမှ ကျွန်မကို အကြံဉာဏ်ပေးနိုင်မယ့်လူမျိုး ဖြစ်နိုင်တယ်”

“ကိစ္စမရှိပါဘူး၊ ခင်ဗျားက နံပါတ် ၁၃ ကျွန်တော်က နံပါတ် ၁၄ လေ၊ ရှေ့ဆင့်နောက်ဆင့် ဝင်ရမယ့်လူတွေဆိုတော့ ဆွေးနွေးတိုင်ပင်လို့ရပါတယ်”

လင်းမူ သေချာစဉ်းစားကြည့်လိုက်ပြီး ဒီမဟာမိတ်က ယာယီ အဆင်ပြေနိုင်သည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ခေါင်းငုံ့ကာ တိုးညှင်းစွာ ပြောလိုက်သည်။

“ကျွန်မ သိပ်ဘဝင်မကျတဲ့အချက်က ပထမဆုံးကစားပွဲမှာတင် လူခြောက်ယောက်ကို တကယ်ထုတ်ပစ်မှာလား”

ခရီးသည် ၂၂ ယောက်တွင် ၆ ယောက် အထုတ်ပယ်ခံလိုက်ရသောအခါ ၁၆ ယောက်သာ ကျန်ပါလိမ့်မည်။

ထိုစကားကြားပြီးနောက် ကျိုးယုပိုင် ဘာမှ ပြန်မပြောခဲ့ပါ။ သူခေတ္တ တိတ်ဆိတ်သွားပြီးနောက် လင်းမူလက်ထဲ iPad ကို ထိုးထည့်ပေးလိုက်သည်။

လင်းမူ iPad ကို ငုံ့ကြည့်လိုက်ရာ စာသားတချို့ကို မြင်လိုက်ရပါသည်။

[‘Du’(တရုတ်စကားလုံး)ဆိုတာ ‘မ’ဂဏန်းကို ဆိုလိုတာလား၊ ဒါမှမဟုတ် ‘တစ်’ဆိုတဲ့ ဂဏန်းကို ကိုယ်စားပြုတာလား]

ထိုအချက်ကို ကျိုးယုပိုင် ဘဝမကျဖြစ်နေခဲ့သည်။ ‘မ’ဂဏန်းကို ကိုယ်စားပြုခြင်းဆိုလျှင် နှစ်ယောက်အတွဲမဟုတ်သည့် သုံးယောက်အတွဲများကို ဆိုလိုကာ လူ ၆ ယောက် ထုတ်ပယ်ခံရလိမ့်မည်။

သို့သော် ‘တစ်’ဟူသည့် ဂဏန်းကို ကိုယ်စားပြုခြင်းဆိုလျှင်တော့ ဖြစ်နိုင်ချေအသစ်တွေ ရှိလာခဲ့ပါပြီ။ ဥပမာအားဖြင့် အရောင်တစ်ရောင်တည်းကို တစ်ယောက်တည်း ရွေးချယ်ခဲ့ကြသူများပါ ထုတ်ပယ်ခံရနိုင်ချေ ရှိလာပြီဖြစ်သည်။

ဥပမာ ကစားပွဲတစ်ခုလုံးတွင် အနီရောင်ရွေးလိုက်သူဟူ၍ ကျန်းရှင်းဟိုင်တစ်ဦးတည်းရှိပါက သူထုတ်ပယ်ခံရလိမ့်မည်။

သို့သော် ထိုဖြစ်နိုင်ချေက နည်းပါးပါသည်။ အရောင်က ၁၀ ရောင်ရှိပြီး ကစားသမားက ၂၂ ယောက်ရှိသည်။ ထို့ကြောင့် သရေပွဲဖြစ်သွားနိုင်ပြီး ဒုတိယအချီ ရှိလာနိုင်ပါသည်။

ကျိုးယုပိုင်၏ မှတ်စုများကို လင်းမူ ဖတ်ကြည့်ရင်း ဂဏန်း သုံးတန်းကို မြင်သွားသည်။ ပထမအတန်းနှစ်တန်းတွင် ဂဏန်း ၁၀ လုံးစီ ရှိပြီး နောက်ဆုံးအတန်းမှာတော့ ဂဏန်း ၂ လုံးသာ ရှိပါသည်။

ဒါ ကစားသမားအရေအတွက်နှင့် ကိုက်ညီမှုရှိသည်။ သို့သော် နောက်ဆုံးနှစ်ယောက်ကို ကျိုးယုပိုင်က မျဉ်းတစ်ကြောင်းဖြင့် ရေးခြစ်ပြီး ဖျက်ထားလေသည်။

‘ဒါဆို ထုတ်ပယ်ခံရမယ့် နှစ်ယောက်ကို မဂဏန်းအုပ်စုတွေကနေ ထပ်ရွေးချယ်မှာလို့ သူလည်းထင်နေတယ်ပေါ့၊ ဒါပေမယ့် ဘာလို့ နှစ်ယောက်လဲ’

iPad ပေါ်တွင် လင်းမူ စာရေးပြလိုက်သည်။

[ဒုတိယအချီ ရှိနေသေးတယ်လို့ ရှင်ထင်လို့လား]

ထို့နောက် ကျိုးယုပိုင်လက်ထဲ iPad ပြန်ထည့်ပေးဖို့ ပြင်လိုက်သည်။

ထိုစဉ် သောအာ ပြန်ရောက်လာခဲ့ပါသည်။ သူမ ပါးစပ်ထဲ စုပ်လုံးကို ကိုက်ထားဆဲဖြစ်ပြီး ဆံပင်ပေါ်မှ လိပ်ပြာ ကလစ်ကလေးကလည်း သူမ လမ်းလျှောက်လိုက်တိုင်း အတောင်ခတ်နေဆဲဖြစ်သည်။ ချစ်စရာကောင်းသည့် နတ်သူငယ်လေးတစ်ကောင်လိုပင်။

သို့သော် လူတစ်ယောက်က မယုံကြည်နိုင်သော အသံမျိုးဖြင့် ရုတ်တရက် ထအော်လိုက်ပါသည်။ “နင်… နင်ဘာလို့ အနီဝတ်မလာတာလဲ!”

All Chapters