အခန်း (၁၄)
Vol. 2 Ch. 14
iPad ကိုင်ထားသည့် လင်းမူ၏လက် လေထဲတွင်ရပ်တန့်သွားကာ ခေါင်းမော့ကြည့်လိုက်ပါသည်။
လှေကားထစ်ထိပ်တွင် ပန်းရောင်အင်္ကျီလေးဝတ်လာသည့် သောအာတစ်ယောက် မသိနားမလည်စွာ ပြောလိုက်သည်။
“သမီးက ပန်းရောင်ကြိုက်တာလေ…”
ကျန်းရှင်းဟိုင်မျက်နှာ ဖြူဆုပ်သွားလေသည်။ ယင်ဟောက်ကိုလည်း မဝံ့မရဲ လှမ်းကြည့်လိုက်မိပါသည်။ သူတို့ မိသားစုဝင် လေးယောက် ယခု မတူညီသည့် အရောင်သုံးရောင်ကို ဝတ်ဆင်ထားကြသည်။ ထို့ကြောင့် ယင်ဟောက်၏ ပစ်မှတ်ထားမှုကို ခံရနိုင်ချေက ပိုမြင့်လာခဲ့ပါပြီ။
ထိုစဉ် ယင်းခိုင်လဲ့ ရုတ်တရက် ထရယ်မောလိုက်သည်။ ထို့နောက် သူ့ရှေ့က ထိုင်ခုံကို ပုတ်ရင်း မေးလိုက်ပါသည်။
“အစ်ကိုယင်ဟောက် ပန်းရောင်ကြိုက်တတ်လား”
ထိုစကားကိုကြားသောအခါ ခရီးသည်အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။ အားလုံးအမြင်တွင် ယင်းခိုင်လဲ့က ရှုံးနိမ့်တော့မှာ သေချာနေသည့် အရှုံးသမားတစ်ယောက်ဖြစ်ကာ တွေ့သမျှလူတိုင်းကို လိုက်ကိုက်နေသည့် ခွေးရူးတစ်ကောင်ပင်။ ကလေးမလေးတစ်ယောက်ကိုတောင် ချမ်းသာပေးမည့်ပုံမပေါ်ပါ။
ယင်ဟောက်မျက်နှာလည်း ပိုမို အကျည်းတန်လာခဲ့သည်။ သူဘာအရောင်ပဲရွေးရွေး ယင်းခိုင်လဲ့က တူညီအောင် လိုက်ရွေးမည်ဖြစ်ကြောင်း အသိပေးနေခြင်းဖြစ်သည်။ ယင်းခိုင်လဲ့ကို သူအရှင်လတ်လတ် ဝါးစားချင်နေပါပြီ။
သို့သော် လင်းမူကတော့ ယင်းခိုင်လဲ့ကို မျက်လုံးမှေးကာ သေချာဆန်းစစ်ကြည့်လိုက်သည်။
‘ထူးဆန်းလိုက်တာ… ယင်းခိုင်လဲ့က ဘာလို့ ဒီလောက် တည်ငြိမ်နေတာလဲ၊ သူ့ကိုယ်သူ အရှုံးသမားလို့ သတ်မှတ်ထားပြီးသားမို့လို့လား၊ အဲ့တာကြောင့် ကြိုးစားချင်စိတ်မရှိတော့ဘဲ ဘာကိုမှ ဂရုမစိုက်တော့တာလား၊ ဒါမှမဟုတ် အရိပ်အမြွက်ရဲ့ ဆိုလိုရင်းအစစ်အမှန်ကို နားလည်ထားလို့ လွတ်လမ်းကို သိနေတာလား’
တစ်ဖက်တွင် သောအာ၏ မိဘနှစ်ပါးဖြစ်သော ကျန်းရှင်းဟိုင်နှင့် ဝမ်ချိုးယွဲ့တို့နှစ်ယောက် ပြောင်းလဲမရတော့သည့် ရလဒ်ကြောင့် အကြီးအကျယ် စိတ်သောက ရောက်နေကြပါပြီ။
ကွမ်းမင်၏ လက်ကို ဝမ်ချိုးယွဲ့ဆုပ်ကိုင်လိုက်ပြီး ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါလိုက်သည်။ “ကွမ်းမင် သားလေး၊ အမေတို့ စကားနားထောင်ြီး လိမ္မော်ရောင်ကို ရွေးခဲ့နော် ကြားလား”
ကွမ်းမင် ဘာမှ ပြန်မပြောပေ။ စုပ်လုံးကိုသာ အရသာခံပြီး စားနေပါသည်။ ကွမ်းမင် ဘာမှပြန်မပြောသောအခါ ဝမ်ချိုးယွဲ့ စိတ်ပေါက်သွားပြီး သူ့ပါးစပ်ထဲမှ စုပ်လုံးကို ဆွဲထုတ်ပစ်လိုက်သည်။
ထိုကလေးနှစ်ယောက်က ဘတ်စ်ကားပေါ်မှာ တစ်ချိန်လုံး အလွန် ငြိမ်သက်နေခဲ့ကြပါသည်။ ကစားပွဲမစတင်ခင် ကြောက်စရာ မြင်ကွင်းများကို မြင်ခဲ့ရစဉ်တုန်းကတောင် လုံးဝ မငိုခဲ့ကြပေ။
သို့သော် ယခုတော့ ကွမ်းမင်၏ မျက်ရည်များ ဆည်ကျိုးသလို စီးကျလာခဲ့ပြီး အကျယ်ကြီး အော်ငိုပစ်လိုက်ပါသည်။ အောက်ဆင်းဖို့ ယာဉ်မယ် ဖိတ်ကြားသည့်အခါတွင်တောင် ကွမ်းမင် မလှုပ်ရှားခဲ့ပါ။
သူ့ငိုသံကို ကြားရသောအခါ ခရီးသည်များအားလုံးနီးပါး စိတ်ဆင်းရဲသွားကြပြီး ရင်ထဲ လေးလံသွားခဲ့ကြသည်။
ဝမ်ချိုးယွဲ့လည်း အခြားခရီးသည်များကို ရှက်ကိုးရှက်ကန်းလှည့်ကြည့်ပြီး ကွမ်းမင်ကို တွန်းထုတ်ဖို့ ကြိုးစားပါသည်။ သို့သော် ရှေ့တိုးရမည့်အစား ကွမ်းမင်က နောက်သို့ပင် ပြန်ဆုတ်လာသေးသည်။
ထိုစဉ် သောအာ မတ်တပ်ရပ်လာပြီး ယာဉ်မယ်ထံလျှောက်သွားကာ ချစ်စရာ အသံလေးနှင့် ပြောလိုက်သည်။
“ယာဉ်မယ်မမ၊ သမီးမောင်လေး ကွမ်းမင်က အသက် ၅ နှစ်ပဲ ရှိသေးတာ၊ သူနည်းနည်းကြောက်နေလို့ အောက်ကို ခေါ်သွားပေးပါလား”
ယာဉ်မယ်က အပြုံးဖြင့် ခေါင်းညိတ်လိုက်ပါသည်။ “ဟုတ်ပါပြီ”
ထို့နောက် ကွမ်းမင်ဘေးသို့ ယာဉ်မယ် ရောက်လာပြီး သူ့လက်ကို ဆွဲလိုက်သည်။ အံ့အားသင့်ဖို့ကောင်းစွာဖြင့် ကွမ်းမင် မငြင်းဆန်ခဲ့ဘဲ ယာဉ်မယ်ခေါ်ရာနောက်သို့လိုက်ကာ အောက်ထပ်သို့ ဆင်းသွားခဲ့ပါသည်။
ကွမ်းမင်ကို စိုးရိမ်ပူပန်စွာ ငေးကြည့်ရင်း ဝမ်ချိုးယွဲ့ နောက်ဆုံးတစ်ခေါက် အော်သတိပေးလိုက်သည်။ “ကွမ်းမင်! လိမ္မော်ရောင်ကိုရွေးနော်! အနီဆိုလည်းရတယ်!”
ထိုအခါ ဝမ်ချိုးယွဲ့ကို သောအာ လှည့်ကြည့်လိုက်သည်။ ထို့နောက် အောက်ထပ်သို့ ဆင်းသွားသည့် ကွမ်းမင်ကို ပြန်လှည့်ကြည့်လိုက်ပါသည်။
သောအာ နှုတ်ခမ်းစူလျက် မကျေမနပ်ပြောလိုက်သည်။ “ဒါမယ့် ကွမ်းမင်က အဖြူရောင်ကြိုက်တာကို…”
ထို့ကြောင့် သောအာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။ “ကွမ်းမင် အဖြူရောင်က နောက်ဆုံးကရေရင် နှစ်ခုမြောက်မှာ ရှိတယ်နော်!”
သောအာ၏ စကားကို ကြားပြီးနောက် ဝမ်ချိုးယွဲ့ သွေးတက်သွားသည်။ “နင့်မောင်ကို ဘာလို့ အဖြူရွေးခိုင်းနေတာလဲ!”
ကျန်းရှင်းဟိုင်လည်း သောအာကို မျက်တွင်းဟောက်ပက်ဖြင့် စိုက်ကြည့်လိုက်သည်။ “နင်… နင့်မောင်လေးကို သတ်ဖို့ ကြံနေတာလား!”
သောအာကတော့ ဂရုမစိုက်ပေ။ ထိုင်ခုံမှာ ပြန်ထိုင်ရင်း တီးတိုးရေရွတ်လိုက်သည်။ “ကွမ်းမင်က အဖြူရောင်ကြိုက်တာကို…”
ရှေ့ဘက်ခုံတန်းမှ ခရီးသည်များအားလုံးနီးပါး ထိုမိသားစုဆီကိုသာ မျက်စိရောက်နေကြသည်။
ဝမ်ချိုးယွဲ့နှင့် ကျန်းရှင်းဟိုင်တို့နှစ်ယောက် ဘာမှဆက်မလုပ်နိုင်တော့သဖြင့် စိတ်တည်ငြိမ်အောင်ထားပြီး ပြန်ထိုင်နေလိုက်ရတော့သည်။ စိတ်ထဲမှလည်း ကွမ်းမင် လိမ္မော်ရောင် သို့မဟုတ် အနီရောင်ကို ရွေးပါစေဟု ဆုတောင်းနေခဲ့ကြသည်။
လင်းမူ အကြည့်ပြန်လွှဲလာသောအခါ ကျိုးယုပိုင်က သူမလက်ထဲ iPad ပြန်ထည့်ပေးလာပါသည်။
[ဒုတိယအချီ ရှိသေးပြီး စည်းမျဉ်းကလည်း ပထမအချီနဲ့တူတူပဲဆိုရင် သရေပွဲ ထပ်ဖြစ်နိုင်တာပဲလေ၊ အဲ့တာကြောင့် မရှိနိုင်လောက်ဘူး ထင်တယ်]
ထိုစဉ် လင်းမူ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။
[VIP အခန်းနံပါတ်(၁)က အင်္ကျီ ၁၀ စုံကို တန်းစီထားနိုင်လောက်အောင် ကျယ်မယ်လို့ ရှင်ထင်လား]
‘အဖြူရောင်က နောက်ဆုံးမှရေလျှင် နှစ်ခုမြောက်မှာ ရှိသည်’ဟူသော သောအာလေး၏ စကားကြောင့် အင်္ကျီများကို အလျားလိုက် တန်းစီထားမှန်း သိသာပါသည်။
သို့သော် ထို VIP အခန်း အတွင်းဘက်ကို လင်းမူ မြင်ဖူးသည်။ ထိုင်ခုံနေရာက လူထိုင်ဖို့အတွက် ကျယ်ဝန်းသော်လည်း အင်္ကျီ ၁၀ စုံကို သေသေသပ်သပ် စီရီထားဖို့အတွက်တော့ အနည်းငယ် ကျဉ်းမြောင်းနေပါလိမ့်မည်။
VIP အခန်းနံပါတ်(၁)က ခြားနားနေမလားဟု လင်းမူ သိချင်မိသည်။
ထိုအကြောင်း မစဉ်းစားမိခဲ့တာကြောင့်လား မသိသော်လည်း ကျိုးယုပိုင် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ သူ့အခန်းအခြေအနေကို ပြန်မြင်ယောင်ကြည့်ဖို့ ကြိုးစားလိုက်ပါသည်။
ထိုစဉ် ဝမ်ကျွင်းဟောင် ခေါင်းပြူထွက်လာပြန်ပြီး တီးတိုးမေးလိုက်သည်။ “အစ်မလင်း၊ ကျွန်တော်တို့ မဟာမိတ် ဖွဲ့သင့်တယ်ထင်လား”
ကျိုးယုပိုင်၏ အကြည့်က ဝမ်ကျွင်းဟောင်ထံရောက်သွားသည်။ ဒုတိယထပ်တစ်ခုလုံး တိတ်ဆိတ်နေသဖြင့် ဝမ်ကျွင်းဟောင်၏အသံက တိုးညှင်းသော်လည်း အတော်များများ ကြားသွားကြပါသည်။
လင်းမူက နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ ‘တိုးတိုးနေ’ဟု အချက်ပြလိုက်ပြီး ကျိုးယုပိုင်၏ iPad ကို လက်ညှိုးထိုးပြလိုက်ပါသည်။
ဝမ်ကျွင်းဟောင် အသည်းအသန်ခေါင်းညိတ်လိုက်ပြီး အံ့အားသင့်မှုဖြင့် မျက်လုံးပြူးသွားသည်။
‘တက်ဘ်လက်တွေ သုံးလို့ရကြသေးတယ်ပေါ့၊ ပြီးတော့ မဟာမိတ်တောင် ဖွဲ့ပြီးသွားကြပြီလား!’
ဝမ်ကျွင်းဟောင်လည်း ချက်ချင်းခေါင်းငုံ့သွားပြီး စက္ကန့်ပိုင်းအတွင်း သူ့ ကိုယ်ပိုင်တက်ဘ်လက်ကို ထုတ်လိုက်ကာ လှုပ်ခါပြလိုက်သည်။
လင်းမူ နားလည်သည့်သဘောဖြင့် ခေါင်းညိတ်လိုက်သည်။ ယာယီမဟာမိတ်အဖွဲ့အတွင်း လူတစ်ယောက် ထပ်တိုးလာပြန်ပါပြီ။
ထို့နောက် ကျိုးယုပိုင်က လင်းမူကို တက်ဘ်လက် ကမ်းပေးလိုက်သည်။ [သူတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ တွေးထားတာလား]
လင်းမူ အကျဉ်းချုံးပြန်ရေးပေးလိုက်သည်။
[ကျွန်မ တစ်ယောက်တည်းမဟုတ်ဘူး၊ လူများလေလေ ရွေးချယ်စရာများလေလေပဲ]