← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

“ကျွန်မတောင်းပန်ပါတယ်! မှားသွားပါတယ်! ထပ်မလုပ်တော့ပါဘူး!”၊ ယာဉ်မယ် တောင်းတောင်းပန်ပန် ပြောလိုက်ပါသည်။

“ကျွန်မတောင်းပန်ပါတယ်! မှားသွားပါတယ်! ထပ်မလုပ်တော့ပါဘူး!”

ဓာတ်ပြားဟောင်းကြီးတစ်ချပ်ကဲ့သို့ ထိုစကားလုံးတွေကိုသာ ထပ်ခါတလဲလဲ ‌ရေရွတ်နေခဲ့သည်။ ဘတ်စ်ကားအတွင်းရှိ အခြေအနေများ အလွန်တင်းမာလာပြီး ဘယ်သူမှ အသက်ဝဝ မရှူရဲကြတော့ပါ။

ထိုတောင်းပန်စကားများကို ယာဉ်မယ် အကြိမ်ကြိမ်အခါခါ ရွတ်ဆိုပြီးမှ ဧရာမမျက်လုံးကြီး မျက်တောင်ခတ်ကာ အမှောင်ထုထဲ ပြန်လည်တိုးဝင်ပျောက်ကွယ်သွားတော့သည်။

ယာဉ်မယ်လည်း ကြိုးပြတ်သွားသော ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ကြမ်းပြင်ပေါ် လဲကျသွားခဲ့ပါသည်။

လင်းမူကို ကျိုးယုပိုင် လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများက အတော်လေး လေးလံမှောင်မိုက်နေခဲ့ပါသည်။

လင်းမူလည်း ရင်တွေတုန်နေဆဲပင်။

‘ယာဉ်မယ်က ငါတို့ကို တရားမဝင်တဲ့ အချက်အလက်တွေ ပြောပြဖို့ ကြိုးစားနေတာလား၊ သူ့အကြောက်တရားက အစစ်အမှန်ပဲ… သူလည်း ဒီကစားပွဲတွေရဲ့ သားကောင်တစ်ကောင်ပဲလား’

ကျိုးယုပိုင်က တက်ဘ်လက်ကို ကမ်းပေးလာပါသည်။

[ဒီနေရာမှာ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ သီအိုရီတွေအကုန် ဘာမှ အဓိပ္ပာယ်မရှိလောက်တော့ဘူး၊ အဓိက သော့ချက်က VIP အခန်းနံပါတ်(၁)ထဲမှာ ရှိနေနိုင်တယ်]

လင်းမူ ခေါင်းညိတ်ထောက်ခံလိုက်သည်။ ယာဉ်မယ်ပြောသည့်စကားသာ အမှန်တကယ်ဆိုလျှင် ကစားသမားအားလုံး အနိုင်ရရှိနိုင်ချေရှိပြီး Wu Du You Ou ဟူသော အရိပ်အမြွက်က ကစားသမားအချင်းချင်း ယှဉ်ပြိုင်ဖို့ မဟုတ်ဘဲ အခန်းထဲက ပဟေဠိကို ဖြေရှင်းဖို့သာ ဖြစ်ပါလိမ့်မည်။

ချဲ့ထုံဟွေ့ကို လင်းမူ လှမ်းကြည့်လိုက်သည်။ ဖန်းကျီကို တစ်စုံတစ်ခု တီးတိုးပြောခဲ့သဖြင့် ချဲ့ထုံဟွေ့က သဲလွန်စ တစ်ခုခုကို သိထားလောက်သည်။

သိပ်မကြာလိုက်ဘဲ အဖြူရောင် အင်္ကျီကို ဝတ်ဆင်လျက် ဖန်ကျီး ပြန်တက်လာခဲ့သည်။ ဖန်ကျီးက ကွမ်းမင်နှင့် အင်္ကျီအရောင် ဆင်တူပါသည်။

ကြမ်းပြင်ပေါ်ထိုင်နေသည့် ယာဉ်မယ်ကို ဖန်ကျီးမြင်ပြီး ဇဝေဇဝါဖြစ်သွားခဲ့သည်။

သို့သော် ယာဉ်မယ်က ဖြည်းဖြည်းချင်း မတ်တပ်ပြန်ရပ်လာကာ ချွေးတွေစိုရွှဲနေသော မျက်နှာကို သုတ်လျက် ဘာမှမဖြစ်ခဲ့သလို တာဝန်ပြန်ထမ်းဆောင်ခဲ့ပါသည်။

“ကစားသမား အမှတ်စဉ် A1008 ကျေးဇူးပြုပြီး VIP အခန်းနံပါတ်(၁)ထဲ ဝင်ရောက်ပေးပါနော်”

နောက်ဆုံးတော့ ယင်ဟောက်၏ အလှည့်ကို ရောက်ရှိလာပါပြီ။ ‘အဝါကတ်’ဖြင့် အရှက်ကွဲရလောက်အောင် သတိပေးခံထားရသော်လည်း မာနကိုမလျှော့သေးဘဲ ခေါင်းမော့ရင်ကော့လျက် အောက်ထပ်သို့ ဆင်းသွားလေသည်။

ယင်ဟောက်၏ ဟန်ဆောင်ကောင်းမှုကို ယင်းခိုင်လဲ လက်ခုပ်လက်ဝါးတီးပြီး ချီးကျူးချင်မိသည်။ ကျူးဖေအာကတော့ တိတ်တဆိတ်သာ ထိုင်နေပြီး သူမ မျက်လုံးများက ပြူတင်းပေါက် အပြင်ဘက်ရှိ အမှောင်ထုထဲကိုသာ ငေးကြည့်နေခဲ့ပါသည်။

၃ မိနစ်ခန့်ကြာပြီးနောက် ယင်ဟောက် အနက်ရောင်အင်္ကျီကို ဝတ်ဆင်ပြီး ပြန်တက်လာခဲ့ပါသည်။

ထို့နောက် သူ့ကောင်မလေး ရှဲ့ရှစ်ဟွာအလှည့်ကို ရောက်ပြီဖြစ်ကာ အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ ရှဲ့ရှစ်ဟွာ၏ ပုံစံက တစ်စုံတစ်ခုကို အလွန်အမင်း စိုးရွံ့နေပုံရပြီး ခြေလှမ်းများ အလွန်လေးလံနေခဲ့ပါသည်။

မိနစ်အနည်းငယ်ကြာသောအခါ ရှဲ့ရှစ်ဟွာ ခရမ်းရောင်အင်္ကျီကို ဝတ်ဆင်ပြီး ပြန်တက်လာခဲ့လေသည်။

“ခရမ်းရောင်ကြီးလား”။ ယင်ဟောက် ကြောင်စီစီဖြစ်သွားပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။

ဒီတစ်ခါတော့ ယင်းခိုင်လဲ့ အမှန်တကယ် လက်ခုပ်လက်ဝါးတီးခဲ့ပါသည်။ ခုနက သူ့ကောင်မလေးရှေ့မှာ ယင်ဟောက် ဘယ်လို သူရဲကောင်းဆန်ပြခဲ့မှန်း ယင်းခိုင်လဲ့ မှတ်မိပါသေးသည်။

‘သူရဲကောင်းဆန်မှု’ဆိုတာ လှပသည့်စကားလုံးဖြစ်သော်လည်း ယင်ဟောက်၏ အကြံအစည်အစစ်အမှန်က ဘာမှန်း လူတိုင်းသိကြသည်။ ထို့ကြောင့် ဒီလို လှောင်ပြောင်သရော်နိုင်မည့်အခွင့်အရေးကို ယင်းခိုင်လဲ့ လုံးဝ လက်မလွှတ်နိုင်ပါ။

“အောင်မယ်လေး အစ်ကိုကြီး ယင်ဟောက်ရယ်…”။ ယင်းခိုင်လဲ့ ဝါးလုံးကွဲ ရယ်မောလိုက်ပါသည်။ “မင်းရဲ့ ချစ်ချစ်လေးကတောင် မင်းနဲ့ ‘စုံတွဲဝတ်စုံ’ ဆင်တူမဝတ်ချင်ဘူးထင်တယ်နော်၊ ကံဆိုးလိုက်တာကွာ”

ယင်ဟောက်စိတ်ထဲ ယင်းခိုင်လဲ့ကို ကြမ်းပြင်ပေါ်လှဲချပြီး အမှုန့်ကြိတ်ပစ်ချင်စိတ်များ တဖွားဖွားပေါ်လာခဲ့သည်။ သို့သော် သူတို့နှစ်ယောက်စလုံးက သေလမ်းကို အတူတူလျှောက်ရတော့မည့်လူများဖြစ်သဖြင့် ယင်းခိုင်လဲ့ကို စိတ်ကျေနပ်ခွင့် လုံးဝ မပေးနိုင်ပါ။

ထိုမြင်ကွင်းကို ကြည့်ရင်း လင်းမူ ခေါင်းခါလိုက်မိသည်။

‘ဒီလူတွေ နားမလည်ကြသေးဘူးပဲ’

၁၀ ယောက်မြောက် ဝင်ရမည့်လူက ရှိနေသည်ဟုပင် မထင်ရေသော အထက်တန်းကျောင်းသားလေး ခယ့်ပေဖြစ်သည်။ ချောက်ချားနေသော မျက်နှာဖြင့် သူအောက်ထပ်သို့ဆင်းသွားပြီး မီးခိုးရောင်ဝတ်ကာ ပြန်တက်လာခဲ့သည်။

သူ့ရွေးချယ်မှု မှန်ကန်သလား မပြောနိုင်သေးသော်လည်း အနည်းဆုံးတော့ ဘယ်သူမှ မရွေးရသေးသည့် အရောင်တစ်ရောင်ကို ရွေးနိုင်ခဲ့ပါသည်။

“ဝမ်ကျွင်းဟောင်၊ နင့်အလှည့်ရောက်ပြီ”။ ချောင်းစစ်က သတိပေးလိုက်သည်။

ဝမ်ကျွင်းဟောင် ခေါင်းညိတ်လိုက်သည်။ သူ့မျက်နှာက စစ်ချီတော့မည့် တပ်သားတစ်ဦးသဖွယ် ဆုံးဖြတ်ချက် ပြတ်သားခိုင်မာနေပါသည်။ သို့သော် အောက်မဆင်းခင် လင်းမူကို နောက်ဆုံးတစ်ကြိမ် လှည့်မေးလိုက်သည်။

“အစ်မလင်း… ကျွန်တော် ရွေးချယ်မှု မှန်နိုင်မယ်ထင်လား”

လင်းမူ မျက်လုံးမှေးစင်းသွားပြီး ၂ စက္ကန့်လောက် သေချာစဉ်းစားလိုက်သည်။ “အခန်းရဲ့ အတွင်းဘက်အနေအထားကို သေချာ အာရုံစိုက်ခဲ့၊ Wu Du You Ou ရဲ့ အဓိပ္ပာယ်က ကစားသမားတွေနဲ့ ပတ်သတ်နေတာမဟုတ်လောက်ဘူး၊ အဲ့ဒီအခန်းထဲမှာ ရှိနေတဲ့ အရာတစ်ခုခုကို ရည်ညွှန်းတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်”

ဝမ်ကျွင်းဟောင် အသက်ဝဝရှူလိုက်သည်။ ၅ မိနစ်ဟူသည်မှာ အလွန်တိုတောင်းသည့်အချိန်ဖြစ်မှန်း နားလည်သော်လည်း အနည်းဆုံးတော့ ကြိုးစားကြည့်ရပါမည်။

“ကစားသမား အမှတ်စဉ် A1011 ကျေးဇူးပြုပြီး ဝင်ရောက်နိုင်ပါပြီ”

ယာဉ်မယ်၏အသံ ထွက်ပေါ်လာသောအခါ ဝမ်ကျွင်းဟောင် အောက်ထပ်သို့ ဆင်းသွားခဲ့ပါသည်။ အပေါ်ထပ်တွင် ကျန်ခဲ့သူများအားလုံး အလွန်စိတ်ဖိစီးနေကြလေသည်။

အရောင်ရွေးချယ်ထားပြီးသားလူတွေက ဘာအချက်အလက်မှ ပေးမှာမဟုတ်မှန်း သူတို့ နားလည်လိုက်ကြပါပြီ။ ဒီလိုအခြေအနေမျိုးမှာ လူတိုင်းက ‘ရယူ’လိုကြသော်လည်း ဘယ်သူကမှ ‘မမျှဝေ’ချင်ကြပေ။

ဖန်သားပြင်ပေါ်မှ အချိန်ကလည်း တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပါသည်။ ဒီတစ်ခေါက် အခြားသူတွေထက် ပိုမိုကြာမြင့်နေသလို ခံစားလိုက်ရသည်။ ဖန်သားပြင်ကို အားလုံးမော့ကြည့်လိုက်သောအခါ အချိန်က ၁၅ စက္ကန့်သာ ကျန်ပါတော့သည်။

အချိန်ကျော်လွန်မှုပြစ်ဒဏ်ကြောင့် အပြစ်ပေးခံရမည့် ပထမဆုံးကစားသမား ပေါ်လာတော့မည်ဟု အားလုံး တွေးလိုက်ကြသည်။

၅ မိနစ်ပြည့်ဖို့ ၃ စက္ကန့်အလိုတွင် လှေကားထစ်မှ ဝမ်ကျွင်းဟောင် ခေါင်းပြူထွက်လာပါသည်။ အဝါရောင်တောက်တောက် အင်္ကျီကို သူရွေးချယ်ခဲ့လေသည်။

အနီ၊ လိမ္မော်၊ အဝါ၊ အပြာ၊ ခရမ်း၊ ပန်းရောင်၊ အဖြူ၊ အနက်၊ မီးခိုးရောင်…

လင်းမူ စိတ်ထဲမှ ရေတွက်ကြည့်လိုက်ရာ အရောင် ၉ ရောင်တိတိ ရှိနေပါပြီ။

ဝမ်ကျွင်းဟောင် စိတ်လှုပ်ရှားလွန်ပြီး သိသိသာသာ တုန်ယင်နေလေသည်။ သူရှာဖွေတွေ့ရှိခဲ့သည့် အကြောင်းအရာကို ကားတစ်စီးလုံးအား အော်ပြောဖို့ ကြံနေပုံရသည်။

ထို့ကြောင့် လင်းမူ ချက်ချင်း နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ တိုးတိုးတိတ်တိတ်နေဖို့ သတိပေးလိုက်ပါသည်။

ဝမ်ကျွင်းဟောင်လည်း နားလည်သွားပြီး မျက်နှာပိုးသတ်လျက် ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။ ထို့နောက် သူ့ဘေးမှာ ထိုင်နေသည့် ချောင်းစစ်ကို သူသိရှိခဲ့သည့် အချက်အလက်များ တီးတိုးပြောပြလိုက်သည်။

ချောင်းစစ်၏ အလှည့်ကို ရောက်ရှိပြီဖြစ်သဖြင့် အောက်သို့ ဆင်းသွားခဲ့ပါသည်။

ထိုအခါ ဝမ်ကျွင်းဟောင် တက်ဘ်လက်ကို ကိုင်ပြီး လင်းမူအတွက် မက်ဆေ့တစ်စောင် အသည်းအသန် ရေးသားလိုက်သည်။

[နံရံပေါ်မှာ ခလုတ်တစ်ခုရှိတယ်! အဲ့ဒီ ခလုတ်ကို ထိလိုက်ရင် နံရံပေါ်မှာ ပန်းချီကားတွေ ပေါ်လာလိမ့်မယ်! ဒါပေမယ့် ပန်းချီကားတွေက ရှုပ်ထွေးပြီး စိတ္တဇဆန်လွန်းလို့ ကျွန်တော် အချိန်မီ အကဲမခတ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် အဖြေက ပန်းချီကားတွေထဲမှာ ရှိနေတာ သေချာတယ်!]

ခလုတ်တစ်ခုဟုတ်လား…

ပန်းချီကားတွေဟုတ်လား…

လင်းမူ အမြန်စာပြန်ရေးပေးလိုက်သည်။ [ပန်းချီကားတွေက ဘာပုံတွေလဲ]

ဝမ်ကျွင်းဟောင်: [မျိုးစုံပဲ… လူပုံတွေကော၊ ရှုခင်းပုံတွေကော ရှုပ်ထွေးနေတာပဲ၊ ဒါပေမယ့် သဲလွန်စက အဲ့ဒီထဲမှာ ရှိနေတာ သေချာတယ်!]

ပန်းချီကားဟူသည်မှာ အရောင်များကို ဗဟိုပြုသော အနုပညာဖြစ်သည်။ ထို့အပြင် ကစားသမားများတွင် ရွေးချယ်စရာအရောင် ၁၀ ရောင်ရှိနေပါသည်။

[ပန်းချီကားထဲက အဖြေမှန်လို့ထင်လို့ နင်အဝါရောင် ရွေးလိုက်တာလား]

ဝမ်ကျွင်းဟောင်: [မဟုတ်ပါဘူး၊ အဝါနဲ့ အစိမ်းပဲ သုံးထည်စီကျန်တာမို့လို့ ကျွန်တော်ရွေးလိုက်တာ၊ ကျွန်တော် သုံးယောက်အုပ်စုထဲ ပါသွားမယ်ဆိုရင်တောင် အနည်းဆုံးတော့ ကိုယ်သဘောကျတဲ့အရောင်ကို ရွေးလိုက်မလားလို့၊ ကျွန်တော်က အစိမ်းထက် အဝါကို ပိုသဘောကျတယ်လေ ဟဲဟဲ]

လင်းမူ: “…”

အင်း… အနည်းဆုံးတော့ ပန်းချီကားတွေနဲ့ ပတ်သတ်တဲ့ သဲလွန်စ ရခဲ့တာပဲလေ။

All Chapters