← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

လင်းမူ တက်ဘ်လက်ကို ပြန်ကိုင်လိုက်ပြီး အသစ်စက်စက်ရထားသည့် သဲလွန်စကို ကျိုးယုပိုင်အား မျှဝေဖို့ ပြင်လိုက်သည်။ သို့သော် ရုတ်တရက် သူမ တွန့်ဆုတ်သွားခဲ့ရလေသည်။

အမှန်အတိုင်းဆိုရလျှင် ဝမ်ကျွင်းဟောင်က အနည်းငယ် ရိုးအပြီး ပွင့်လင်းသူဖြစ်ကာ တစ်စုံတစ်ယောက်နှင့် ပူးပေါင်းမည်ဆိုလျှင် အဆုံးစွန်ထိ သစ္စာရှိသွားမည့်လူမျိုးဖြစ်သည်။

သူရွေးချယ်လိုက်သည့် ‘အဝါရောင်’က ကစားပွဲမှ သတ်မှတ်ထားသည့်အရောင် ဟုတ်မဟုတ် မသေချာသေးခင်မှာပင် သူ့နောက်က လူတွေကို သဲလွန်စတွေအကုန် မျှဝေပေးခဲ့သည်။

သို့သော် ကျိုးယုပိုင်ကတော့ ခြားနားပါသည်။ ဝမ်ကျွင်းဟောင်ထက် အများကြီး ပိုရင့်ကျက်ပြီး တည်လည်း တည်ငြိမ်သည်။ သို့သော် အရေးကြီးသည့်အချက်က ကျိုးယုပိုင်တွင် စဉ်းစားဆင်ခြင်နိုင်စွမ်းနှင့် ဉာဏ်နီဉာဏ်နက်များ ရှိနေသည်။

ကျိုးယုပိုင်သာ နံပါတ် ၁၁ ဖြစ်ခဲ့လျှင် သူဘေးကင်းလုံခြုံဖို့အတွက် နံတ် ၉၊ နံပါတ် ၁၀ တို့နှင့်သာ ပူးပေါင်းဖို့ ရွေးချယ်လိမ့်မည်ဟု လင်းမူ သံသယဝင်မိပါသည်။ နံပါတ် ၁၂ နှင့် ၁၃ တို့ကို သူလှည့်ကြည့်မှာ မဟုတ်ပေ။

သို့သော် လင်းမူ အပြစ်မတင်နိုင်ပေ။ ဒီလို နေရာမျိုးမှာ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ နည်းလမ်းပေါင်းစုံ ထုတ်သုံးကြမှာ သေချာပါသည်။ လင်းမူလည်း ထိုနည်းလည်းကောင်း ခံစားရသည်။

လောလောဆယ် ကျိုးယုပိုင်နှင့် ပူးပေါင်းထားခြင်းမှ အကျိုးအမြတ်သိပ်မရနိုင်ဟု လင်းမူ တွေးထင်မိသည်။ ယာဉ်မယ်က ကစားသမားအားလုံး ‘အနိုင်ရနိုင်သည်’ဟု ဆိုခဲ့သော်လည်း ကျိုးယုပိုင် အနိုင်ရသွားပါက နောက်ထပ် ကစားပွဲများတွင် သူမအတွက် ပြိုင်ဘက်တစ်ယောက် တိုးလာရုံသာရှိလိမ့်မည်…။

ဒီလူသတ်ကစားပွဲများက အလွန်ရက်စက်ကြမ်းတမ်းနိုင်သည့်အပြင် လူတစ်‌ယောက်၏ စိတ်ဓာတ်ခွန်အားကိုလည်း စမ်းသပ်သည်။

သို့သော် ဖွဲ့စည်းထားတာ မကြာသေးသည့် မဟာမိတ်အသစ်စက်စက်ကို လင်းမူ ချက်ချင်း အဆုံးမသတ်စေချင်ပါ။ သူမ သဘောထားသေးသိမ်ရာ ကျလိမ့်မည်။

ဆုံးဖြတ်ချက်တိုင်းကို သတိကြီးကြီးထားကာ ဆုံးဖြတ်သင့်ပါသည်။ အတန်ကြာအောင် စဉ်းစားချင့်ချိန်ပြီးနောက် တက်ဘ်လက်ပေါ်တွင် သူမ ရေးသားလိုက်သည်။

[VIP အခန်းနံပါတ်(၁) ထဲက နံရံပေါ်မှာ ခလုတ်တစ်ခုရှိနေတယ်]

ကျိုးယုပိုင် တက်ဘ်လက်ကို ယူပြီး ဖတ်ကြည့်လိုက်ပါသည်။ ထို့နောက် ချက်ချင်း စာမပြန်ခဲ့ဘဲ အတွေးများသွားခဲ့ပုံရသည်။ စက္ကန့် ၃၀ လောက်ကြာမှ သူ စာပြန်ရေးပေးလိုက်ပါသည်။

[အဖြေက လျှို့ဝှက်ခလုတ်တစ်ခုအပေါ်မှာ မူတည်နေတာဆို ဒီကစားပွဲက ကျွန်တော်ထင်ထားတာထက် ပိုရိုးရှင်းနေတာပဲ]

ကျိုးယုပိုင်ပြောတာ မှန်ပါသည်။ သူမတို့ ပူးပေါင်းစဉ်းစားခဲ့ကြသည့် သီအိုရီတွေ၊ လျှို့ဝှက်ချက်တွေ၊ မြှုပ်ကွက်တွေ အားလုံးထက် သာမန် လျှို့ဝှက်ခလုတ်လေးတစ်ခုက အများကြီး ပိုရိုးရှင်းသည်။

ထို့ကြောင့် တွေးစရာများ ပေါ်လာခဲ့ပြန်သည်။ ကစားသမားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုကို တားမြစ်ထားသည့်အပြင် စည်းမျဉ်းစည်းကမ်းတွေကလည်း လွန်လွန်ကြူးကြူး ရက်စက်နေခြင်း မဟုတ်ပါက ဒီခရီးစဉ်၏ ရည်ရွယ်ချက် အစစ်အမှန်မှာ ဘာဖြစ်နိုင်မည်းနည်း။

မကြာမီ ချောင်းစစ် အပြာရောင်အင်္ကျီကို ဝတ်ဆင်ရင်း ပြန်တက်လာခဲ့သည်။

ချောင်းစစ်ထိုင်ချလိုက်သောအခါ လင်းမူ မတ်တပ်ရပ်လိုက်ပါသည်။ သူမ စိတ်ဖိစီးနေသည်။ သို့သော် စိတ်ဝင်စားမှုက အကြောက်တရားကို လွှမ်းမိုးထားလေသည်။

ယာဉ်မယ်၏ ဖော်ဖော်ရွေရွေ ဖိတ်ကြားမှုအောက်တွင် လင်းမူ ခြေတစ်လှမ်းချင်းစီလှမ်းရင်း အောက်ထပ်သို့ ဆင်းသွားခဲ့တော့သည်။

ချောင်းစစ် ထိုင်လိုက်သည်နှင့်တစ်ပြိုင်တည်း ဝမ်ကျွင်းဟောင် မေးမြန်းလိုက်ပါသည်။

[နင်နားလည်ခဲ့လား]

ချောင်းစစ် စိတ်ပျက်လက်ပျက်ပုံစံဖြင့် ခေါင်းခါလိုက်ပါသည်။

[ခလုတ်က နံရံပေါ်မှာ ရှိတာမဟုတ်ဘူး! ငါ့မှာ အဲ့ဒီခလုတ်ကို လိုက်ရှာရင်း အချိန်တော်တော် ဖြုန်းခဲ့ရတာ၊ နောက်ဆုံးတော့ စားပွဲခြေထောက်ကို မတော်တဆ တိုက်လိုက်မိမှ ရှာတွေ့သွားတယ်၊ နင်ငါ့ကို ဘယ်လို သဲလွန်စ ပေးလိုက်တာလဲ]

ဝမ်ကျွင်းဟောင် တုန်လှုပ်သွားခဲ့သည်။ [မဖြစ်နိုင်တာ! ငါ့တုန်းက အဲ့ဒီခလုတ် နံရံပေါ်မှာရှိနေတာ သေချာပါတယ်!]

ဝမ်ကျွင်းဟောင်၏ အတည်ပေါက် မျက်နှာကို ကြည့်ရင်း ချောင်းစစ်လည်း မှင်သက်သွားခဲ့သည်။

ခလုတ်က နှစ်ခုရှိနေတာလား…

ချောင်းစစ် စနောက်နေခြင်းမဟုတ်မှန်း ဝမ်ကျွင်းဟောင်လည်း ရိပ်မိသဖြင့် သူ့ယုံကြည်ချက်များ ယိမ်းယိုင်လာခဲ့သည်။

[ဒါဆို နင်ဘာလို့ အပြာရောင်ရွေးခဲ့တာလဲ]

ချောင်းစစ်ပြန်ဖြေလိုက်သည်။ [နင့်ရှေ့ကလူ အပြာရောင်ရွေးထားလို့လေ၊ အဲ့ဒီလူ တစ်ခုခုသိနေမယ်ထင်လို့ သူနဲ့တူအောင် လိုက်ရွေးလိုက်တာ]

ဝမ်ကျွင်းဟောင် တိတ်တဆိတ် ခေါင်းညိတ်လိုက်ပါသည်။ သူ့ရင်ထဲမှာတော့ စိုးရိမ်ပူပန်မှုတွေ တလိမ့်လိမ့် တက်လာခဲ့လေပြီ။

--- --- ---

တစ်ဖက်တွင် လင်းမူတစ်ယောက် VIP အခန်းနံပါတ်(၁)ရှေ့မှာ မတ်တပ်ရပ်နေခဲ့ပါသည်။ တံခါးကို တွန်းဖွင့်လိုက်ရာ ချက်ချင်းဆိုသလို အလွန်စူးရှသည့် အလင်းရောင်တစ်ခု ဖြာထွက်လာသဖြင့် မျက်လုံးများကို အမြန်ပိတ်လိုက်ရသည်။

လင်းမူ မျက်လုံးများ ပြန်ဖွင့်ကြည့်လိုက်သောအခါ ထိုစူးစူးရှရှ အလင်းရောင် ပျောက်ကွယ်သွားခဲ့ပါပြီ။ သူမ ရောက်ရှိနေသည့်နေရာက အလွန်မှောင်မိုက်နေသည့် အခန်းတစ်ခန်းဖြစ်ပြီး ခပ်ဖျော့ဖျော့ အစိမ်းရောင် အလင်းအချို့သာ ရှိနေသည်။

အခန်း၏ အနားသတ်များကို သူမ မမြင်ရချေ။ သူမ မြင်နိုင်တာဆိုလို့ ၃ မီတာခန့် ရှည်လျားသည့် စားပွဲရှည်တစ်လုံးသာ ရှိသည်။ စားပွဲပေါ်တွင် သေသေသပ်သပ် စီရီထားသည့် အရာများက အရောင် ၁၀ ရောင်ရှိသော အဝတ်အစားများ ဖြစ်ကြသည်။

အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ ခရမ်း၊ ပန်းရောင်၊ အဖြူ၊ အနက်၊ မီးခိုးရောင်…

ရှေ့က မြင်ကွင်းတွေကို ကြည့်ရင်း သူမ ဘတ်စ်ကားပေါ်မှာ ရှိနေသေးရဲ့လားဟု သံသယဖြစ်စရာပင် မလိုတော့ပါ။ ဒီဧရာမအခန်းကြီးက ဘတ်စ်ကားပေါ်မှာ လုံးဝ မဖြစ်နိုင်ပေ။

လင်းမူ စားပွဲဆီ အမြန်လျှောက်လာခဲ့သည်။ သို့သော် စားပွဲနှင့် နီးကပ်လာလေလေ ခံစားချက်တွေ ပိုမို ထူးဆန်းလာလေလေပင်။

စားပွဲ၏ ရှေ့တည့်တည့်တွင် နံရံတစ်ခုရှိနေသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။ အခန်းထဲ စဝင်လာခဲ့စဉ်က စားပွဲတစ်လုံးကိုသာ မြင်ခဲ့ရပြီး အမှောင်ကျနေသည့် အခန်းထဲ နံရံတစ်ခုကို ဘယ်လိုရှာရမလဲဟု လင်းမူ စိတ်ပူနေခဲ့သည်။

သို့သော် စားပွဲနားကပ်လာသည်နှင့် နံရံကြီးကလည်း ထင်ထင်ရှားရှား ပေါ်လာခဲ့ပါသည်။

လင်းမူ ကိုယ့်မျက်လုံးကိုယ် ခေတ္တ သံသယဝင်သွားခဲ့ပြီး နံရံမျက်နှာပြင်ကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ အလွန်ချောမွေ့နေပြီး ဘာခလုတ်မှ ရှိမနေပါ။

ဝမ်ကျွင်းဟောင် ပြောသည့်စကားအရဆို ခလုတ်က နံရံပေါ်မှာသာ ရှိလိမ့်မည်။ သူမ လက်ဖြင့်စမ်းရင်း သေသေချာချာ ထပ်စစ်ဆေးကြည့်လိုက်ပါသည်။

စားပွဲခုံ အနားသတ်များတွင် ထည့်သွင်းထားသည့် ခပ်ဖျော့ဖျော့ စိမ်းဝါအလင်းရောင်များ၏ အကူအညီဖြင့် နံရံအစွန်းထိ သူမ လိုက်ရှာခဲ့သည်။

ဘာမှ မတွေ့ခဲ့ရပါ…။

လင်းမူ ဆန့်ကျင်ဘက်အရပ်တွင် ထပ်မံရှာဖွေခဲ့သည်။ သို့သော် ဘာမှ မရှိပေ။ လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သောအခါ အချိန် ၂ မိနစ်ပင် ကုန်လွန်သွားပါပြီ။ အချိန်က သူမ မျှော်လင့်ထားသည်ထက် ပိုမို မြန်ဆန်နေခဲ့သည်။

လင်းမူ အခန်းအလယ်တည့်တည့်တွင် မတ်တပ်ရပ်ရင်း စားပွဲကို ပြန်လှည့်ကြည့်လိုက်ပါသည်။ ဝမ်ကျွင်းဟောင်ကတော့ သူမကို လိမ်မှာ မဟုတ်ပါ။ လိမ်စရာအကြောင်းမရှိပေ။

ထို့ကြောင့် ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိတော့သည်။

ခလုတ်၏ တည်နေရာ ပြောင်းလဲသွားခြင်းသာ…

All Chapters