အခန်း (၁၈)
Vol. 2 Ch. 18
စားပွဲရှည်ကြီးကို လင်းမူ သေသေချာချာ အကဲခတ်လိုက်သည်။ စားပွဲအတွင်းတွင် ထည့်သွင်းထားသည့် မီးလုံးလေးများက အမှောင်ထဲတွင် ချောက်ချားစရာကောင်းသည့် အလင်းရောင်တချို့ကို ပေးစွမ်းနေပါသည်။ သတိထားမိစရာဟူ၍ ထိုမီးလုံးလေးများနှင့် အရောင် ၁၀ မျိုးရှိသည့် အင်္ကျီတွေသာ ရှိပါသည်။
နေပါဦး…
လင်းမူ မျက်လုံးများ မှေးစင်းသွားသည်။
“တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး…”
“တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး… ခြောက်…?”
လင်းမူ စားပွဲနားကို ထပ်ကပ်လိုက်ပြီး မီးလုံးလေးများကို တစ်လုံးချင်း ရေတွက်လိုက်သည်။ သေချာပါသည်။ ဘယ်ဘက်ခြမ်းရှိ မီးလုံးများက ညာဘက်ခြမ်းထက် တစ်လုံးပိုနေလေသည်။
ဒါဆို…
လင်းမူ မီးလုံးလေးများကို လက်ဖြင့် အသာအယာ စမ်းကြည့်လိုက်သည်။ ၃ လုံးမြောက်ကို ရောက်သောအခါ အနည်းငယ် ထိုးထွက်နေသည့် အရာတစ်ခုကို လက်ဖြင့် စမ်းမိပါသည်။ တွန့်ဆုတ်မှုမရှိဘဲ သူမ ဖိချလိုက်သည်။
ချက်ချင်းဆိုသလို နံရံပေါ်မှာ ပန်းချီကားများစွာ ရုတ်တရက် ပေါ်လာခဲ့ပါသည်။ အမှောင်ကျနေသည့်အခန်းလည်း တဖြည်းဖြည်း လင်းလာခဲ့သည်။
လင်းမူ ရီဝေသွားခဲ့ပါသည်။ ဝမ်ကျွင်းဟောင်ပြောခဲ့သည့်အတိုင်းပင်။
ပန်းချီကားများက အလွန်စိတ္တဇဆန်သည်။ သူမ မြင်နေရသည့် ‘ပန်းချီကား’များက ခဲပန်းချီ၊ ဆီဆေးပန်းချီ၊ မင်ဆေးပန်းချီ၊ ရောင်စုံခဲတံများဖြင့် ရေးဆွဲထားသည့်ပန်းချီ စသည်ဖြင့် ပန်းချီပေါင်းစုံကို ပေါင်းစပ်ထားသကဲ့သို့ အလွန်ရှုပ်ထွေးလှသည်။
Wu Du You Ou…
အရိပ်အမြွက်အရဆို အားလုံးထဲမှာ တစ်ကြိမ်တစ်ခါတည်း အသုံးပြုထားသည့် အရောင်တစ်ရောင် ရှိနေလိမ့်မည်။ သို့သော် နံရံက ကြီးမားလွန်းပါသည်။ စားပွဲရှေ့က နံရံပေါ်မှာသာ ပန်းချီကားတွေ ရှိနေခြင်းမဟုတ်ဘဲ နံရံလေးဖက်စလုံးနှင့် မျက်နှာကြက်ပေါ်မှာပါ ပန်းချီကားများဖြင့် ပြည့်နှက်နေလေသည်။
ထို့အပြင် အရောင်က ၁၀ ရောင်တည်း ရှိခြင်းမဟုတ်ဘဲ အစိမ်းရင့်၊ အစိမ်းနု၊ မြစိမ်းရောင် စသည်ဖြင့် အရောင်ခွဲတွေကိုပါ မြင်နေရသည်။
‘ဒါတွေကို ဘယ်လိုခွဲခြားရမှာလဲ… အင်္ကျီတစ်ထည်ချင်းစီကိုယူပြီး အရောင်တိုက်ရှာရမှာလား…’
ထိုသို့လုပ်ဖို့ ၅ မိနစ်တည်းနှင့် မလုံလောက်နိုင်ပေ။
ရင်ထဲက ပဋိပက္ခများကို ဖိနှိပ်ရင်း လင်းမူ အရေးမကြီးသည့် မေးခွန်းများကို ဘေးဖယ်ထားလိုက်သည်။ ပထမဆုံး သူမ အနီရောင်ကို ရှာဖွေပါမည်။
ခေါင်းကို ၃၆၀ ဒီဂရီလှည့်ကာ တစ်ခန်းလုံးကို ရှာဖွေလိုက်သည်။ နောက်ဆုံးတော့ ဘယ်ဘက်နံရံ၏ ထောင့်တစ်နေရာတွင် အနီရောင်ကို ရှာတွေ့ခဲ့ပါသည်။
သို့သော် အနည်းငယ်ထူးဆန်းနေသည်။ အနီရောင်က အနည်းငယ် ပါးလွှာပြီး လိမ္မော်ရောင်နှင့် ရောစပ်ထားသည့် ပန်းချီကားတစ်ချပ်ဖြစ်နေပါသည်။ အနီရောင်များ ဝန်းရံနေသည့် လိမ္မော်ရောင် မီးတောက်မီးလျှံများကို ရေးဆွဲထားခြင်း ဖြစ်သည်။
အရောင်တွေကိုသာ အာရုံစိုက်ထားသဖြင့် ပန်းချီကား၏ အကြောင်းအရာကို လင်းမူ သိပ်သတိမပြုမိခဲ့ချေ။ အကြောင်းအရာကို နားလည်သွားချိန်မှာတော့ လင်းမူ သွေးပျက်ချောက်ချားသွားခဲ့ရလေတော့သည်။
ထိုမီးတောက်မီးလျှံများအကြားတွင် ကောင်ကလေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်တို့ ရှိနေသည်။
ဘယ်လိုချောက်ချားစရာကောင်းသည့် သရဲကားမဆို ယခုအခိုက်အတန့်တွင် လင်းမူ ခံစားနေရသည့် ထိတ်လန့်ကြောက်ရွံ့မှုမျိုးကို ပေးစွမ်းနိုင်မှာ မဟုတ်ပါ။
ပန်းချီကားထဲတွင် မီးလောင်ကျွမ်းနေသည့် ကလေးနှစ်ယောက်က ပြုံးနေကြလေသည်။ သူတို့အပြုံးက ယာဉ်မယ်၏ အပြုံးထက်ပင် ပိုမိုကြောက်ရွံ့စရာကောင်းနေပါသည်။
လင်းမူ စိတ်ချောက်ချားမိသော်လည်း အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင်ထားခဲ့သည်။ အသက်ကို ဝဝရှူပြီး ပန်းချီကားနား ကပ်လာခဲ့ပါသည်။
အနီးကပ် စစ်ဆေးကြည့်လိုက်သောအခါ ကလေးနှစ်ယောက်၏ ဘေးပတ်လည်တွင် ခဲတံတစ်ချောင်းနှင့် အိမ်ပုံသဏ္ဌာန်လေးတစ်ခု ရေးဆွဲထားသည်ကို သတိထားမိသည်။ ရုတ်တရက်ကြည့်လိုက်လျှင် မီးလောင်နေသည့် အိမ်တစ်လုံးထဲ ပိတ်မိနေသည့် ကလေးနှစ်ဦးဟု ထင်ရစေသည်။
ဒါ သွေးရိုးသားရိုး ပန်းချီကားမဟုတ်ဟု လင်းမူ ခံစားနေရသည်။ သူမ အသက်ဝဝ ထပ်ရှူလိုက်ပြီး စိတ်ဖိစီးစွာဖြင့် အခန်းထဲ ဆက်ရှာဖွေခဲ့သည်။ အနီနှင့် လိမ္မော်တို့ ရောစပ်ထားသည့် ပန်းချီကားတစ်ချပ်ကို ရှာတွေ့ခဲ့သဖြင့် ထိုအရောင်နှစ်ရောင်ကို အသုံးပြုထားသည့် အခြားပန်းချီကားများ ရှိနေသေးသလား စစ်ဆေးကြည့်ဖို့ လိုအပ်ပါသည်။
အခန်းထဲက နေရာတိုင်းကို ပိုက်စိပ်တိုက် ရှာဖွေခဲ့သော်လည်း အနီရောင်နှင့် လိမ္မော်ရောင်တို့ကို ထပ်မတွေ့ရတော့ပေ။
သူမ တစ်ခုခုလွဲချော်နေခြင်း မဟုတ်လျှင် အနီရောင်နှင့် လိမ္မော်ရောင်တို့က တစ်ကြိမ်တစ်ခါတည်းရှိနေသည့်(Du) အရောင်များ ဖြစ်မှန်း သေချာနေပါပြီ။
‘ဒါဆို… အနီနဲ့ လိမ္မော်ကို ဘယ်သူတွေ ရွေးခဲ့တာလဲ…’
ကစားသမားများကို လင်းမူ ပြန်မြင်ယောင်ကြည့်လိုက်သည်။
ကျန်းရှင်းဟိုင်နဲ့ ဝမ်ချိုးယွဲ့…! ကလေးမိဘနှစ်ယောက်ပဲ!
လင်းမူ အသက်ရှူသံများ မတည်မငြိမ် ပြန်ဖြစ်လာသည်။ ဘတ်စ်ကားတစ်စင်းလုံးတွင် ကလေးနှစ်ယောက် မိဘဟူ၍ ထိုနှစ်ယောက်သာ ရှိပါသည်။ သူတို့ ကလေးတွေကလည်း ကောင်ကလေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်တို့ ဖြစ်သည်။
ဒါတိုက်ဆိုင်မှုပဲလား…
လင်းမူ အချိန်အတော်ကြာအောင် ကြက်သေသေသွားခဲ့ပြီး လက်ပတ်နာရီ တုန်ခါသွားခါမှ အသိစိတ်ပြန်ကပ်လာခဲ့သည်။ အချိန် ၃၀ စက္ကန့်သာ ကျန်တော့မှန်း အသိပေးခြင်း ဖြစ်ပါသည်။
ယခု ‘ပြီးပြည့်စုံသည့်’အရောင်ကို ရွေးချယ်ဖို့ အလွန်နောက်ကျသွားပါပြီ။ လောလောဆယ် ဘယ်သူမှ မရွေးရသေးသည့် အရောင်ဟူ၍ အစိမ်းရောင်သာ ရှိသဖြင့် လင်းမူ အစိမ်းရောင် အင်္ကျီကို ဆွဲယူပြီး အခန်းထဲမှ အမြန်ထွက်လာခဲ့ပါသည်။
အပေါ်ထပ်သို့ လင်းမူ ပြန်ရောက်ရှိလာသောအခါ အချိန်ရေတွက်မှုက ၅ စက္ကန့်အလိုတွင် ရပ်တန့်သွားခဲ့သည်။
လင်းမူ အပြေးအလွှား လာခဲ့ရသဖြင့် အသက်ရှူသံများ ပြင်းထန်နေပါသည်။ သူမ ခေါင်းမော့ကြည့်လိုက်သောအခါ ပထမဆုံးမြင်လိုက်ရသည့်မြင်ကွင်းက ရှေ့ဆုံးတန်းမှာထိုင်နေသည့် မိသားစုဝင် ၄ ဦးဖြစ်သည်။ အထူးသဖြင့် အနီရောင်နှင့် လိမ္မော်ရောင်တို့ အသီးသီးဝတ်ဆင်ထားကြသည့် မိဘနှစ်ပါးကို သူမ မြင်ပါသည်။
ကောင်မလေးက လက်ချောင်းလေးများဖြင့် ကစားနေပြီး ကောင်ကလေးကတော့ အဝေးကို အူတူတူဖြင့် ငေးကြည့်နေပါသည်။
ဆူညံသောင်းကျန်းတတ်သည့် ကလေးများကို လင်းမူ သဘောမကျတတ်ပါ။ သို့သော် ဒီကလေးနှစ်ယောက်က ‘အလွန့်အလွန်’ တည်ငြိမ်လွန်းနေသည်။
ယခင်က ဘာမှ သိပ်မစဉ်းစားခဲ့သော်လည်း ယခု ထိုအကြောင်း တွေးမိလေလေ ထူးထူးဆန်းဆန်း ခံစားချက်တစ်ခုကို ပိုခံစားလာရလေလေပင်။
သူမ ရင်ထဲ လေးလံလာခဲ့သည်။ ဒီကစားပွဲက အားလုံးထင်ထားသလို မရိုးရှင်းလောက်ပါ။ ကစားပွဲထက် ကစားပွဲ၏ ‘ရည်ရွယ်ချက်’ကို သိရှိဖို့က ပိုအရေးကြီးလာခဲ့လေပြီ။
အခြားသူတွေ သေသေရှင်ရှင် လင်းမူ ဂရုမစိုက်ပါ။ ဘတ်စ်ကားပေါ်မှာ သူများတွေ ဆက်နေနိုင်ဖို့အတွက် သူမ ရွေးချယ်ထားသည့် အင်္ကျီကို ချွတ်ပေးမှာလည်း မဟုတ်ပါ။ ဘယ်သူမှ ဒီဘတ်စ်ကားပေါ်မှ မဆင်းချင်ကြမှာ သေချာပါသည်။
ဘာကြောင့်မှန်းမသိဘဲ အချို့ကံကြမ္မာတွေကို အစကတည်းက သတ်မှတ်ထားပြီးသားဟု လင်းမူ ခံစားလိုက်ရသည်။
ထို့နောက် ကျိုးယုပိုင်ထံ သူမအကြည့် ရောက်သွားခဲ့သည်။ အစက သူမအတွက် ကျိုးယုပိုင် ဘာမှအသုံးမဝင်နိုင်ဟု လင်းမူ တွေးခဲ့သော်လည်း ယခု သူ့အကူအညီကို လိုအပ်နေပါပြီ။
ထို့ကြောင့် သူ့ဘေးနားသို့လျှောက်သွားကာ ဘေးချင်းကပ်လျက် ထိုင်ချလိုက်သည်။ ကျိုးယုပိုင်၏ အံ့အားသင့်နေသော မျက်နှာကို လျစ်လျူရှုလိုက်ပြီး နားထဲ အမြန်တီးတိုးပြောလိုက်ပါသည်။
“အနီရောင်နဲ့ လိမ္မော်ရောင်ကို အာရုံစိုက်ထား၊ ခလုတ်က နံရံပေါ်မှာ ရှိချင်မှ ရှိလိမ့်မယ်၊ တခြားဘာမှ ရွေးစရာမရှိဘူးဆိုရင် အစိမ်းရောင်ကိုပဲ ရွေးခဲ့လိုက်”
ကျိုးယုပိုင် ဆက်မေးချင်ခဲ့သော်လည်း လင်းမူ မျက်နှာလွှဲသွားပြီဖြစ်ကာ သူမထိုင်ခုံမှာသူမ ပြန်ထိုင်နေပါပြီ။
ကျိုးယုပိုင် အောက်ထပ်ဆင်းဖို့ မတ်တပ်ရပ်လိုက်စဉ်တွင် ဝမ်ကျွင်းဟောင်က လင်းမူအား တက်ဘ်လက် ကမ်းပေးလိုက်ပါသည်။
[အစ်မလင်းအလှည့် ခလုတ်က နံရံပေါ်မှာ ရှိနေလား၊ ချောင်းစစ်တုန်းက စားပွဲခြေထောက်မှာ ရှိနေတာတဲ့]
လင်းမူ စာပြန်လိုက်သည်။ [ငါ့ခလုတ်က မီးလုံးတစ်လုံးပေါ်မှာ၊ တည်နေရာ အမြဲတမ်း ပြောင်းလဲနေတာထင်တယ်]
ဝမ်ကျွင်းဟောင် စိတ်သက်သာရာရသွားခဲ့သည်။ သူပေးလိုက်သည့် သဲလွန်စကြောင့် လင်းမူ ဒုက္ခမရောက်ခဲ့ပါ။
[ပန်းချီကားတွေကော မြင်ခဲ့သေးလား၊ ဘာပန်းချီကားတွေလဲ၊ ကျွန်တော် ဘာမှ နားမလည်ခဲ့ဘူး]
လင်းမူ တက်ဘ်လက်ကို ကိုင်ရင်း အတွေးနယ်လွန်သွားခဲ့သည်။ ခလုတ်တည်နေရာများက ပြောင်းလဲသွားသော်လည်း ပန်းချီကားများကတော့ အတူတူပဲ ဖြစ်လောက်သည်။
လင်းမူ ခေါင်းထဲ တွက်ချက်ကြည့်လိုက်ပါသည်။ အနီရောင်နှင့် လိမ္မော်ရောင်တို့ကို ‘တစ်ကြိမ်တစ်ခါတည်းရှိသော’ အရောင်များဖြစ်ကာ အန္တရာယ်အရောင်များဟု သတ်မှတ်လိုက်လျှင် ဘေးကင်းသည့် ကျန်အရောင် ၈ ရောင်နှင့် အင်္ကျီ ၂၄ ထည် ကျန်လိမ့်မည်။
ကစားသမားအရေအတွက်က ၂၂ ယောက် ရှိသဖြင့် အနီနှင့် လိမ္မော်တို့ကို ရွေးချယ်သူမရှိလျှင် အားလုံး အနိုင်ရနိုင်ပါသည်။ ယာဉ်မယ် ပေးခဲ့သည့် သဲလွန်စက မမှားနိုင်ပေ။
သို့သော် နောက်ထပ် ‘အန္တရာယ်’ အရောင်တစ်ရောင် ရှိနေသေးလျှင် အရောင် ၇ ရောင်နှင့် အင်္ကျီ ၂၁ ထည်သာ ကျန်တော့မည်။ ထိုအခါ တစ်စုံတစ်ယောက် ကျိန်းသေပေါက် ထုတ်ပယ်ခံရပါလိမ့်မည်။
ထို့ကြောင့် အရောင်နှစ်ရောင်သာ ‘အန္တရာယ်’အရောင်တွေ ဖြစ်ခွင့်ရှိသည်။ အခန်းထဲက မျက်နှာပြင် ငါးခုပေါ်တွင် သူမ မမြင်လိုက်မိသည့် လိမ္မော်ရောင်နှင့် အနီရောင်များ ရှိနေဦးမလား သိရဖို့အတွက် ကျိုးယုပိုင် ပြန်လာသည့်အချိန်အထိ စောင့်ရပါမည်။
[ပန်းချီကားတွေက အရမ်းရှုပ်ပြီး အချိန်က တိုလွန်းတော့ အာရုံသိပ်မစိုက်နိုင်ခဲ့ဘူး] လင်းမူ စာပြန်ရေးပေးလိုက်သည်။
သူမကိုယ်တိုင် မသေချာသေးသရွေ့ သူများကို သတင်းအမှား မပေးချင်ပေ။ ဝမ်ကျွင်းဟောင် စိတ်ဓာတ်ကျသွားပုံရသည်။ ပန်းချီကားများ၏ ပဟေဠိကို မဖြေရှင်းနိုင်သေးသရွေ့ သူတို့ ရွေးချယ်မှုတွေက မသေချာမရေရာသည့် နယ်ပယ်မှာသာ ရှိနေပါဦးမည်။
တက်ဘ်လက်ကို ပြန်ပေးပြီးနောက် ရှေ့ဆုံးတန်းမှာ ထိုင်နေသည့် ကလေးနှစ်ယောက်ကို လင်းမူ လှမ်းကြည့်လိုက်သည်။ ထိုကလေးနှစ်ယောက်က ဘာမှနားမလည်နိုင်သေးသည့် အရွယ်များဖြစ်ကြသော်လည်း ဒီလို အန္တရာယ်များသည့် ကစားပွဲတစ်ခုထဲ ရောက်လာခဲ့ကြသည်။
အနီရောင်နှင့် လိမ္မော်ရောင်တို့ကသာ အမှန်တကယ် ‘အန္တရာယ်’အရောင်များဖြစ်ပြီး သူတို့မိဘနှစ်ပါး ထုတ်ပယ်ခံလိုက်ရသည့်အခါ ကလေးနှစ်ယောက် ဘာဆက်ဖြစ်မလဲ မပြောနိုင်ပါ။
ရိုးရှင်းသည်ဟုထင်ရသော်လည်း ကြောက်စရာကောင်းသည့် ကစားပွဲတွင် ကလေးနှစ်ယောက်က အလွန်ငယ်ရွယ်ပြီး ခိုကိုးရာ မဲ့လှသည်။ နောက်ကစားပွဲများအတွင်း သူတို့နှစ်ယောက် အမြှောက်စာများ ဖြစ်မသွားနိုင်ဟု ဘယ်သူမှ အာမ မခံနိုင်ပေ။
အချိန်ကြာလာသည်နှင့်အမျှ ကစားပွဲ၏ ‘အစွယ်’များကလည်း တဖြည်းဖြည်း ပေါ်လာမှာ သေချာပါသည်။
လင်းမူ ခေါင်းခါလိုက်ပြီး အတွေးများကို ထုတ်ပစ်လိုက်သည်။
ထိုစဉ် ကျိုးယုပိုင် ပြန်ရောက်လာခဲ့ပါသည်။ အစိမ်းရောင် အင်္ကျီကို ရွေးချယ်ဝတ်ဆင်ခဲ့ပြီး သူ့မျက်လုံးများက အလွန် ဝမ်းနည်းညှိုးငယ်နေပုံပေါက်နေလေသည်။