← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

လင်းမူ ဝေ့လည်ကြောင်ပတ် လုပ်မနေဘဲ ကျိုးယုပိုင် ထိုင်လိုက်သည်နှင့်တစ်ပြိုင်တည်း တက်ဘ်လက်ကို ကောက်ကိုင်ကာ တဲ့တိုးမေးလိုက်ပါသည်။

[ဘယ်လိုလဲ၊ အနီရောင်နဲ့ လိမ္မော်ရောင်ကို ဘယ်နှခေါက်မြင်ခဲ့လဲ]

သူမလိုချင်သည့် အဖြေကို အမြန်ဆုံး ပြန်ရခဲ့ပါသည်။

[တစ်ခေါက်ပဲ]

လင်းမူထင်ထားသည့်အတိုင်းပင်။ ထိုအရောင်နှစ်ရောင်က တစ်ကြိမ်တစ်ခါတည်းရှိသော အရောင်များဖြစ်ကြသည်။

လင်းမူ ခေါင်းအနည်းငယ်စောင်းလိုက်ပြီး ယခုအချိန်အထိ ဘာမှ နားမလည်သေးသည့် ရှေ့ဆုံးတန်းမှ လင်မယား နှစ်ယောက်ကို လှမ်းကြည့်လိုက်ပါသည်။

လင်းမူတို့အဖွဲ့ ပန်းချီကားများ၏ ပဟေဠိကို ဖြေရှင်းနိုင်ခဲ့ကာ အဖြေမှန်ကို ရှာတွေ့ခဲ့ပါပြီ။ သို့သော် ကံမကောင်းစွာဖြင့် မှားယွင်းသည့် အရောင်များကို စစချင်း ဝင်ခဲ့ရသည့် လူနှစ်ဦးက ရွေးချယ်ခဲ့ကြလေသည်။ ယခု ကစားသမားတိုင်းကို ထိုအရောင် နှစ်ရောင်မရွေးမိအောင် ဖြောင်းဖြမည်ဆိုလျှင်တောင် နောက်ကျသွားခဲ့ပါပြီ။

လင်းမူ စိတ်ထဲမှ ရယ်မောမိသည်။ အပေါ်ယံတွင်တော့ ဒီကစားပွဲက အားလုံးအတွက် လွတ်လမ်းပေးထားသည်ဟု ထင်ရသော်လည်း တကယ်တမ်းတော့ ကစားသမားများကို စဉ်းစားချိန်ပင် မပေးခဲ့ပါ။

ယာဉ်မယ်၏ သဲလွန်စ စကားကိုသာ မကြားခဲ့ရလျှင် သူမလည်း ဒီကစားပွဲကို ‘ခွေးခွေးချင်းစားသည့်’ ကစားပွဲဟု ထင်မိခဲ့မှာ သေချာပါသည်။

အရာရာကို ပြန်စဉ်းစားရင်း လင်းမူ တက်ဘ်လက်ပေါ်တွင် စာရေးသားလိုက်သည်။

[အဲ့ဒီ မီးလောင်နေတဲ့ ကလေးနှစ်ယောက်ကို တွေ့တုန်းက ကျွန်မ ကြောက်သွားခဲ့တာ၊ အရမ်း… ကျောချမ်းစရာ ကောင်းတာပဲ]

ကျိုးယုပိုင်တစ်ယောက် တက်ဘ်လက်ကို ကိုင်ပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ သူ့လက်ချောင်း သွယ်သွယ်များက တက်ဘ်လက်ဘောင်များကို စည်းချက်ကျကျ ပုတ်နေလေသည်။ သူ့မျက်လုံးများက တက်ဘက်ပေါ်မှာ ရှိနေသော်လည်း အာရုံကတော့ အဝေးတစ်နေရသို့ ရောက်ရှိနေပုံရသည်။

မီးလောင်နေသည့် ကလေးနှစ်ယောက်ထက် ကျိုးယုပိုင် အခြားဘာတွေ ထပ်မြင်ခဲ့သေးသလဲဟု လင်းမူ တွေးမိသည်။ ထိုပန်းချီကားထက် ပိုထူးခြားသည့် အရာတွေကို မြင်ခဲ့ရလျှင်တောင် သူမကို ကျိုးယုပိုင် ပြောပြချင်စိတ် ရှိပါ့မလား မသေချာပါ။

နောက်ဆုံးတော့ ကျိုးယုပိုင် Stylus ဖောင်တိန်ကို ကိုင်ရင်း စာပြန်ရေးပေးလိုက်ပါသည်။

[အတွေးမလွန်ပါနဲ့၊ ဘာပဲဖြစ်ဖြစ် အဖြေမှန်ကို သိလိုက်ရပြီပဲဥစ္စာ]

ထိုစာကို ဖတ်ပြီးနောက် ကျိုးယုပိုင်ထံမှ ဘာမှ ထပ်သိရတော့မှာ မဟုတ်မှန်း လင်းမူ နားလည်လိုက်ပါသည်။ ပြဿနာတော့ မရှိပေ။ ရှေ့ဆက်ရမည့် ခရီးက အရှည်ကြီးရှိပါသေးသည်။ ‘တစ်လုတ်တည်းနှင့် မဝနိုင်’ဟူသည့် ဆိုရိုးစကားကို လင်းမူ နားလည်ပါသည်။

ဒီလို ဘေးဒုက္ခအခြေအနေမျိုးမှာ အခြား ဘယ်သူ့ကိုမှ အားကိုးလို့ မရနိုင်ပေ။

ကျိုးယုပိုင်နှင့် လင်းမူတို့ စကားဆက်မပြောကြတော့ချေ။ ဘတ်စ်ကားအတွင်းရှိ အခြေအနေတွေကလည်း စက္ကန့်နှင့်အမျှ တင်းမာလာနေပါသည်။

ကစားသမား အမှတ်စဉ် A1015 ကျူးဖေအာက ခရမ်းရောင်အင်္ကျီကို ရွေးချယ်ခဲ့သည်။ ထို့နောက် ကစားသမား အမှတ်စဉ် A1016 ဟယ်ခန်းက မီးခိုးရောင်ကို ရွေးချယ်ခဲ့ပါသည်။

လင်းမူ လက်ရှိ အရောင်ရွေးချယ်ထားသူများ၏ အခြေအနေကို စိတ်ထဲမှာ စာရင်းပြုစုကြည့်လိုက်ပါသည်။

အရောင်

ကစားသမား

အနီ

ကျန်းရှင်းဟိုင်

လိမ္မော်

ဝမ်ချိုးယွဲ့

အဝါ

ဝမ်ကျွင်းဟောင်

အစိမ်း

လင်းမူ၊ ကျိုးယုပိုင်

အပြာ

ချဲ့ထုံဟွေ့၊ ချောင်းစစ်

ခရမ်း

ရှဲ့ရှစ်ဟွာ၊ ကျူးဖေအာ

ပန်းရောင်

သောအာ၊ လျို့လင်းဖန်

အနက်

ယင်ဟောက်

အဖြူ

ကွမ်းမင်၊ ဖန်ကျီး

မီးခိုး

ခယ့်ပေ၊ ဟယ်ခန်း

အနီ၊ လိမ္မော်၊ အဝါနှင့် အနက်တို့ကလွဲပြီး အခြား အရောင်တိုင်းတွင် အနည်းဆုံး လူ ၂ ယောက်စီ ရှိကြသည်။ အနီရောင်နှင့် လိမ္မော်ရောင်တို့ကို ကျန်ကစားသမားများ ရွေးချယ်နိုင်ချေ ပိုမြင့်လာနေပါပြီ။

ယခု အလှည့်ကျသူက ချီရှင်းချန့်ဖြစ်သည်။ သူ့ကို လင်းမူ မှတ်မိပါသည်။ ကစားပွဲ မစတင်ခင်တုန်းက အားလုံး အတူတူရှင်သန်နိုင်ဖို့ အကြံဉာဏ်ထုတ်ခဲ့သည့် သက်လတ်ပိုင်းလူကြီးပင်။

လက်ရှိ အခြေအနေကို ကြည့်ရသလောက် ချီရှင်းချန့် အနီရောင်နှင့် လိမ္မော်ရောင်တို့ကို ရွေးချယ်နိုင်ချေက ၅၀% ရှိနေပါသည်။

အရာရာကို ကံစီမံရာအတိုင်းသာ လက်ခံရပါတော့မည်။

အံ့အားသင့်ဖို့ကောင်းစွာဖြင့် ချီရှင်းချန့်က အဝါရောင်ကို ဝတ်ဆင်ပြီး ပြန်လာခဲ့လေသည်။ ကြက်ကန်းဆန်အိုး တိုးသွားခြင်းပဲလား၊ သူတစ်စုံတစ်ခုကို သိထားခြင်းကြောင့်ပဲလား ဘယ်သူမှ မပြောနိုင်ပါ။

ထို့နောက် အလှည့်ကျသူ ထန်ရှို့ဝမ် အောက်ထပ်သို့ ဆင်းသွားပြီး အဝါရောင်ကိုပဲ ရွေးချယ်ကာ ပြန်တက်လာခဲ့သည်။

ဝမ်ကျွင်းဟောင် မှင်သက်သွားခဲ့သည်။ သူရွေးချယ်ခဲ့သည့် အဝါရောင်က ရုတ်တရက်ကြီး ပေါ်ပြူလာ ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

အနောက်ဘက်မှ လင်းမူကတော့ မျက်နှာထား မပြောင်းလဲဘဲ အားလုံးကို စောင့်ကြည့်နေခဲ့သည်။ ထန်ရှို့ဝမ်ကို သူမ အကဲခတ်လိုက်ပါသည်။

ရွှေရောင်ကိုင်းမျက်မှန်ကို တပ်ဆင်ထားပြီး ‘ပညာတတ် လူယုတ်မာ’ ပုံစံမျိုး ပေါက်နေသူဖြစ်သည်။ တော်ဝင်မျိုးနွယ်တစ်ယောက်လို တည်ငြိမ်နေခြင်းတော့ မဟုတ်ဘဲ ဖော်ရွေတတ်သည့် ဝမ်ကျွင်းဟောင်နှင့် ဆန့်ကျင်ဘက် ဖြစ်နေပါသည်။

ထန်ရှို့ဝမ်ကို လင်းမူ ၂ စက္ကန့်မျှသာ ကြည့်ခဲ့ပြီး ကျိုးယုပိုင်ဘေးတွင် ထိုင်နေသည့် ချုံးလန်ထံ အကြည့်ရောက်သွားခဲ့သည်။ ချုံးလန်ကိုတော့ လင်းမူ အတော်လေး စိတ်ဝင်စားပါသည်။ သူမ ဘာအရောင် ရွေးချယ်မလဲ လင်းမူ သိချင်မိသည်။

၅ မိနစ်ဟူသည့်အချိန် အလျှင်အမြန် ကုန်ဆုံးသွားခဲ့ပြီး ချုံးလန် အစိမ်းရောင်ကို ဝတ်ဆင်ရင်း အေးအေးလူလူ ပြန်တက်လာခဲ့လေသည်။

ရှေ့ဆုံးတန်းတွင် ထိုင်နေသည့် လင်မယားနှစ်ယောက် ချုံးလန်ကို နားမလည်နိုင်စွာ စိုက်ကြည့်နေကြသည်။

ယခု အနီရောင်၊ လိမ္မော်ရောင်နှင့် အနက်ရောင်တို့ကို လူတစ်ယောက်စီသာ ရွေးချယ်ထားကြသေးသည်။ ထို့ကြောင့် ရွှေရောင်မျက်မှန်တပ်ထားသည့်လူနှင့် ထိုအမျိုးသမီးတို့က လူနှစ်ယောက်ရှိပြီးသား အစိမ်းနှင့် အဝါတို့ကို ဘာကြောင့် ရွေးချယ်ခဲ့ကြမှန်း လင်မယားနှစ်ယောက် နားမလည်နိုင်ကြပေ။

နောက်ထပ် အလှည့်ကျသူက ကစားသမားအမှတ်စဉ် A1020 ရှားယွင်ယွင်ဖြစ်သည်။ ရှားယွင်ယွင် ခေါင်းကို ငုံ့ထားရင်း မတ်တပ်ရပ်လိုက်ပါသည်။

အခြေအနေက သူမ စီစဉ်ထားသလို ဖြစ်မလာခဲ့ပေ။ သူမ အလှည့်သို့ ရောက်ရှိချိန်တွင် ယင်ဟောက်ရွေးချယ်ထားသည့် အနက်ရောင်က နှစ်ယောက်မရှိသည့် တစ်ခုတည်းသော အရောင်အဖြစ် ကျန်နေလိမ့်မည်ဟု ရှားယွင်ယွင် ထင်ထားခဲ့ပါသည်။

သို့သော် အံ့အားသင့်ဖို့ကောင်းစွာဖြင့် အနီရောင်နှင့် လိမ္မော်ရောင်တို့ကို သူမ ရွေးချယ်နိုင်ပါသေးသည်။

ကစားပွဲ၏ အရိပ်အမြွက်ကို ရှားယွင်ယွင် နားမလည်ပါ။ သို့သော် ယင်ဟောက်နှင့် အရောင်တူအောင် မရွေးချယ်ချင်တာတော့ သေချာသည်။

သူမ အောက်ဆင်းဖို့ ကြံလိုက်စဉ် ဖန်ကျီးက သူမလက်ကို ရုတ်ရက် လှမ်းဆွဲလိုက်သည်။ ရှားယွင်ယွင် ကြောင်စီစီဖြင့် လှည့်ကြည့်လိုက်ပါသည်။

ဖန်ကျီး နာကျင်နေသည့် ပုံစံမျိုးဖြင့် ပြောလိုက်သည်။ “ငါနဲ့ အရောင်တူတာကိုရွေး (အဖြူရောင်)”

ရှားယွင်ယွင် မျက်လုံးများ အရောင်လက်သွားခဲ့သည်။ သို့သော် ဘာမှပြန်မပြောခဲ့ဘဲ အောက်ထပ်သို့ ဆင်းသွားခဲ့ပါသည်။

ထိုအပြုအမူကို လင်းမူ သတိထားမိသည်။ ကစားပွဲအစတုန်းက အားလုံးကို ကံစမ်းမဲနှိုက်ဖို့ ရှားယွင်ယွင် အကြံပေးခဲ့သည့် အချိန်ကို လင်းမူ ပြန်မြင်ယောင်မိပါသည်။

လင်းမူ ကံစမ်းမဲနှိုက်ဖို့ အလှည့်ကျသောအခါ ရှားယွင်ယွင်လက်ထဲတွင် စက္ကူလုံး ၇ လုံး ကျန်နေသင့်တာ ဖြစ်သော်လည်း ၅ လုံး သို့မဟုတ် ၆ လုံးသာ ကျန်နေသည်ဟု လင်းမူ ထင်မိသည်။ ထိုအချိန်တုန်းက ရှားယွင်ယွင် လက်ကို အမြန်ရုတ်သိမ်းခဲ့ခြင်းကြောင့် လင်းမူ သေချာ မကြည့်နိုင်ခဲ့ပါ။

ရှားယွင်ယွင် ပြန်တက်လာသောအခါ အပြာရောင် အင်္ကျီကို ဝတ်ဆင်ထားမှန်း အားလုံးမြင်လိုက်ရသည်။ ဖန်ကျီး အလွန်အံ့အားသင့်သွားပုံပေါ်သော်လည်း ရှားယွင်ယွင်က မမြင်ချင်ယောင်ဆောင်ကာ ထိုင်ခုံမှာ ရီဝေစွာသာ ပြန်ထိုင်နေလိုက်ပါသည်။ သူမတို့နှစ်ယောက်အကြား အနည်းငယ် အနေခက်စရာ ဖြစ်လာခဲ့သည်။

နောက်လူတွေအားလုံး အနီ၊ လိမ္မော်နှင့် အနက်ရောင်တို့ကို ရှောင်ဖယ်နေကြသဖြင့် ကျန်းရှင်းဟိုင် စိတ်တွေ စတင် လေးလံလာခဲ့ပါပြီ။ ထို့ကြောင့် သူမေးလိုက်သည်။

“အနီရောင်ကို ဘယ်သူမှ မရွေးကြဘူး… အနီရောင်က မမှန်ကန်တဲ့အရောင်လား”

ဘယ်သူမှ ပြန်မဖြေကြပေ။ လင်းမူတို့ ခုံတန်းသို့ ကျန်းရှင်းဟိုင်အကြည့်ရောက်သွားသည်။ “မင်းတို့ အဖြေမှန် သိထားကြတာလား”

သူအဖြေတစ်ခု အသည်းအသန်လိုအပ်နေပါပြီ။ ကျန်ရှင်းဟိုင်၏ ပိန်ပိန်လှီလှီမျက်နှာက ခြောက်သွေ့နေသည့် သစ်ကိုင်းခြောက်လို ဖြစ်နေပြီး မျက်လုံးများ ပြူးထွက်နေကာ ကြောက်စရာကောင်းလွန်းလှသည်။

ကျန်းရှင်းဟိုင်၏ အကြည့်ကြောင့် ဝမ်ကျွင်းဟောင် လိပ်ပြာမလုံဖြစ်သွားခဲ့သည်။ ချောင်းစစ်ကတော့ လက်ချောင်းများကို ကစားရင်း မသိချင်ယောင် ဆောင်နေပါသည်။ ကျိုးယုပိုင်နှင့် လင်းမူတို့နှစ်ယောက်ကလည်း အတွေးကိုယ်စီနှင့် အလုပ်များနေခဲ့ကြသည်။

ဘယ်သူမှ ပြန်မဖြေကြသဖြင့် ကျန်းရှင်းဟိုင်၏ မျက်နှာ အလွန်ရှုံ့တွသွားခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် ယင်ဟောက်ကို ကျန်းရှင်းဟိုင် မကျေနပ်ပါ။ သူ့ကို အားကိုးလို့ရမည်ဟု ကျန်းရှင်းဟိုင် ထင်ခဲ့သော်လည်း ထိုလူက အသံသာရှိပြီး အဆန်မရှိသူဖြစ်သည်။

ပိန်ပိန်ပါးပါးနှင့် ဗလမရှိသည့် ယင်းခိုင်လဲ့လို လူမျိုးကတောင် သူ့ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ ယင်ဟောက်၏ ဆုံးဖြတ်ချက်ကြောင့် ကျန်းရှင်းဟိုင် အားလုံးထက်အရင် ဝင်ခဲ့ရပြီး ‘စမ်းသပ်ခံမျောက်’ဖြစ်သွားခဲ့ရသည်။

“ရူးချင်ယောင် ဆောင်မနေကြနဲ့ကွ!”။ ကျန်းရှင်းဟိုင် ငေါက်လိုက်သည်။

“တစ်ယောက်က အဝါ၊ တစ်ယောက်က အစိမ်း၊ တစ်ယောက်က အပြာရွေးခဲ့ကြတယ်… မင်းတို့ နောက်လူတွေ အဖြေသိပြီးသားမလား၊ ငါတို့ကို နည်းနည်းလေးတောင် မပြောပြနိုင်ဘူးလား၊ တော်တော် နှလုံးသားမဲ့ကြတာပဲ!”

ဘယ်သူမှ မတုန့်ပြန်ခဲ့ကြပေ။

All Chapters