အခန်း (၂၀)
Vol. 2 Ch. 20
ထူးတော့ ထူးဆန်းနေပါသည်။ သူတို့ စကားများနေကြသည်မှာ ကြာပြီဖြစ်သော်လည်း ယာဉ်မယ်က ယင်းခိုင်လဲ့ကို အောက်ဆင်းဖို့ မဖိတ်ကြားသေးပါ။
သို့သော် ယင်းခိုင်လဲ့က ရုတ်တရက် ဝင်ပြောလိုက်ပါသည်။
“ကဲပါ ကဲပါ၊ ခင်ဗျားနဲ့အတူတူ အနီရောင်ရွေးမယ့်လူမရှိလို့ ဒေါသထွက်နေတာလား၊ ရတယ်၊ ကျွန်တော်ရွေးလိုက်မယ်၊ အဲ့ဒါမှ ခင်ဗျားတစ်ယောက်တည်း အထီးမကျန်မှာ”
ယင်းခိုင်လဲ့ ခါးထောက်လျက် ယုံကြည်မှုအပြည့်ဖြင့် မတ်တပ်ရပ်လိုက်ပါသည်။
အဖြေမှန်ကို သိထားပြီးသားလူတွေအားလုံး အသက်ရှူ ကြပ်သွားခဲ့ကြသည်။
‘ဒီလူ ကိုယ့်သေတွင်းကိုယ်တူးမှာကို ငါတို့ ဒီတိုင်း ရပ်ကြည့်နေကြတော့မှာလား’
ဝမ်ကျွင်းဟောင် တစ်ခုခု ထပြောဖို့ကြိုးစားသော်လည်း ချောင်းစစ်က သူ့ကို ပြန်ဆွဲထိုင်ခိုင်းလိုက်ပါသည်။
ထို့နောက် သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ “နေရာတကာ သူရဲကောင်းကြီးလုပ်ချင်တဲ့ နင့်အကျင့်ကို ဘယ်တော့မှ ပြင်မှာလဲ!”
အနီရောင်ရွေးဖို့ ဆုံးဖြတ်ထားသည့် ယင်းခိုင်လဲ့ကို ဝမ်ကျွင်းဟောင် မကြည့်ရက်တော့ဘဲ မျက်နှာလွှဲလိုက်ရပါသည်။
ယင်းခိုင်လဲ့ ကြွကြွရွရွဖြင့် လျှောက်သွားခဲ့ပြီး ယင်ဟောက်ကိုလည်း ရန်စဖို့ မမေ့ခဲ့ပါ။ “စိတ်မကောင်းပါဘူး အစ်ကိုကြီး ယင်ဟောက်၊ ငါမင်းနဲ့ အရောင်တူအောင် မရွေးနိုင်တော့ဘူး၊ မင်းရဲ့ အချစ်ဆုံးလေး ကွေ့ထုံကိုပဲ အရောင်တူအောင် ရွေးခိုင်းလိုက်ပါလား”
ယင်ဟောက် မျက်နှာလွှဲပစ်လိုက်သည်။ ယင်းခိုင်လဲ့၏ မျက်နှာကို သူ မကြည့်ချင်တော့ပါ။ ပြဿနာဖြစ်ပေါင်း များပြီဖြစ်သဖြင့် စတင် ငြီးငွေ့လာလေပြီ။
သိပ်မကြာလိုက်ဘဲ ယင်းခိုင်လဲ့ ပြန်တက်လာခဲ့သည်။ သူအမှန်တကယ် အနီရောင်ကို ရွေးချယ်ခဲ့ပါသည်။
နောက်ဆုံးတော့ ကျန်းကွေ့ထုံအလှည့်ကို ရောက်လေပြီ။ သူက အားလုံးထဲမှာ အမြန်ဆုံးဟု ဆိုနိုင်သည်။ အောက်ဆင်းသွားပြီး တစ်မိနစ်အတွင်း ပြန်တက်လာခဲ့သည်။ သူ အဖြူရောင်ကို ရွေးချယ်ခဲ့ပါသည်။
--- --- ---
ကစားသမားများအားလုံး အရောင်ရွေးပြီးကြသည်ကို မြင်ပြီးနောက် ယာဉ်မယ် အလယ်တည့်တည့်သို့ လျှောက်လာပြီး အပြုံးဖြင့် ကြေညာလိုက်သည်။
“ကစားသမားများအားလုံး အရောင်တွေကိုယ်စီ ရွေးခဲ့ကြပါပြီ။ အဲ့ဒီအရောင် ၈ ရောင်က ရှေ့လျှောက် ကစားရမယ့် ကစားပွဲတွေမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်လာနိုင်ပါတယ်နော်”
“နေပါဦး… ၈ ရောင် ဟုတ်လား”။ ချီရှင်းချန့် မေးလိုက်သည်။ “အရောင်က ၁၀ ရောင်ရှိတာ မဟုတ်ဘူးလား”
ယာဉ်မယ် အပြုံးမပျက်ဘဲ ရှင်းပြလိုက်သည်။
“ကစားပွဲမှာ ပေးထားတဲ့ Wu Du You Ou အရိပ်အမြွက်နဲ့ ကိုက်ညီတဲ့ အရောင် ၈ ရောင်ပဲရှိပါတယ်၊ ဆိုလိုတာက ကျန်အရောင် ၂ ရောင်ကို ရွေးချယ်မိတဲ့ ကစားသမားတွေက ဘတ်စ်ကားပေါ်ကနေ ဆင်းပေးရပါလိမ့်မယ်”
သောအာ မသိနားမလည်စွာ မေးလိုက်သည်။ “ဘတ်စ်ကားပေါ်က ဆင်းပြီးရင် သမီးတို့ ဘယ်ကိုသွားရမှာလဲဟင်”
ယာဉ်မယ်က ‘ပရော်ဖက်ရှင်နယ်’ဆန်သည့် အပြုံးဖြင့် နူးညံ့သိမ်မွေ့စွာ ဖြေလိုက်ပါသည်။ “သမီးလေး ဘတ်စ်ကားပေါ်က ဆင်းပြီးရင် သွားချင်တဲ့ နေရာသွားလို့ရတယ်၊ ဒီပေါ်မှာ ဆက်နေလို့ မရရုံပဲ”
သောအာ အပြင်ဘက်သို့ ငေးကြည့်လိုက်သည်။ “အပြင်မှာ မှောင်မဲနေတာပဲ၊ သမီးမသွားချင်ဘူး”
ယာဉ်မယ်က ပြုံးသာ ပြုံးပြပြီး ဘာမှ ပြန်မပြောခဲ့ပေ။
သူမက ပြုံးနေသော်လည်း ခရီးသည်များကတော့ စိတ်ချောက်ချားနေကြပါပြီ။
ကျန်းရှင်းဟိုင် စိတ်မရှည်စွာ မေးလိုက်သည်။ “ဘယ်အရောင်နှစ်ရောင်လဲ”
အရောင် ၁၀ ရောင်အနက် အချို့ကို တစ်ယောက်တည်းက ရွေးချယ်ထားကြပြီး အချို့ကိုတော့ နှစ်ယောက်၊ သုံးယောက် ရွေးချယ်ထားကြပါသည်။ အထုတ်ပယ်ခံရမည့်အုပ်စုက လူနည်းစုလား လူများစုလား သိချင်နေကြပါပြီ။
‘အဖြေမှန်’ကို သိရှိခဲ့ကြသည့် ကစားသမားများပင် မသေချာ မရေရာဖြစ်လာခဲ့ပါသည်။ ထိုအချိန် ငါးမိနစ်အတွင်း သူတို့ တစ်စုံတစ်ခု လစ်ဟာသွားခဲ့လျှင် ပြဿနာတက်နိုင်သည်။
“ကျေးဇူးပြုပြီး စိတ်မပူကြပါနဲ့”။ ယာဉ်မယ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါသည်။
“အဖြေမှန်တွေသာမကဘဲ ကစားသမားများရဲ့ အမှတ်တွေကိုပါ ကြေညာပေးသွားမှာပါ၊ လက်ပတ်နာရီတွေပေါ်က အမှတ်တွေ ပြောင်းလဲနေတာကို ကစားသမားအများစု သတိထာားမိလောက်ကောပေါ့။ ကစားပွဲတွေအတွင်း ကစားသမားတို့ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး အမှတ်တွေက အမြဲတမ်းပြောင်းလဲနေမှာပါ”
“ကစားပွဲအဆုံးသတ်သွားပြီဆိုတာနဲ့ ရမှတ်တွေကို ပေါင်းစည်းပြီး နောက်ဆုံးရလဒ်အနေနဲ့ ထုတ်ပြန်ကြေညာပေးပါ့မယ်၊ ပြီးတော့ ငွေကတ်တွေ စိန်ကတ်တွေကိုလည်း ကစားသမားတို့ရဲ့ ထူးချွန်မှုအပေါ် မူတည်ပြီး ချီးမြှင့်ပေးသွားမှာပါ၊ အချိန်တော့ အနည်းငယ်ယူရမှာမို့လို့ ကျေးဇူးပြုပြီး သည်းခံပေးကြပါရှင်”
“အမှတ်တွေဟုတ်လား…”။ ယာဉ်မယ်၏ စကားကိုကြားမှ အားလုံး လက်ပတ်နာရီများကို ငုံ့ကြည့်လိုက်ကြသည်။
လက်ပတ်နာရီကို စစ်ဆေးနေကြစဉ် ရှေ့ဆုံးရှိ ဖန်သားပြင်ကြီး မီးလင်းလာခဲ့သည်။ လင်းမူ ခေါင်းမော့ကြည့်လိုက်ရာ ‘အဖြေ’ဟူသည့် စာလုံးကြီးနှစ်လုံးကို ဖန်သားပြင်ပေါ်မှာ မြင်လိုက်ရပါသည်။ ထို့နောက် သားချော့တေးကဲ့သို့ သံစဉ်လေးတစ်ခု ထွက်လာခဲ့သည်။
အားလုံး အသက်ရှူအောင့်ထားလိုက်ကြသည်။
၅ စက္ကန့်ကြာပြီးနောက် လက်ပတ်နာရီများမှ ဒင်ခနဲ မြည်သံထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ဖန်သားပြင်ပေါ်၌ အရိပ်အမြွက်နှင့် ကိုက်ညီသည့် အရောင်မှန်များကို စတင်ပြသပေးပါသည်။
[အဝါ၊ အစိမ်း၊ အပြာ၊ ခရမ်း၊ ပန်းရောင်၊ အဖြူ၊ အနက်၊ မီးခိုးရောင်]
လင်းမူထင်ထားသည့်အတိုင်း အတိအကျပင်။
သို့သော် သူမ စိတ်မအေးနိုင်ခဲ့ပါ။ အနီရောင်နှင့် အဝါရောင်တို့က ‘Du’ အရောင်များ ဖြစ်ကြသည်။ ထိုအရောင်များအကြောင်း သူမ သိခဲ့ရခြင်းက အခန်းထဲတွင် အနီရောင်ကို ဦးစွာရှာဖွေဖို့ တိုက်တိုက်ဆိုင်ဆိုင် ဆုံးဖြတ်ခဲ့ခြင်းကြောင့်သာ…။
အခြားအရောင်တစ်ခုခုကိုသာ သူမ အရင်ရှာဖွေခဲ့လျှင် အချိန်မလုံလောက်မှာ သေချာသည်။
ဘတ်စ်ကားပေါ်တွင် အချို့က ပျော်ရွှင်ဝမ်းမြောက်သွားကြပြီး အချို့ကတော့ သွေးပျက်ချောက်ချားနေကြပါပြီ။
ဒီလောက်ထိ ကံနိမ့်သွားလိမ့်မည်ဟု လင်မယားနှစ်ယောက် ထင်မထားခဲ့ကြပေ။ ထို့ကြောင့် နှစ်ယောက်သား ရလဒ်ကို လက်မခံနိုင် ဖြစ်သွားခဲ့ကြပါသည်။
“မဖြစ်နိုင်ဘူး! လုံးဝ မဖြစ်နိုင်ဘူး! ဘာလို့ အနီနဲ့ လိမ္မော်ဖြစ်နေရတာလဲ!”
“မင်းတို့ထဲကတစ်ယောက်ယောက် ညစ်ပတ်ခဲ့တာ သေချာတယ်! မဆင်းနိုင်ဘူး ဘတ်စ်ကားပေါ်က ငါဆင်းမပေးနိုင်ဘူး!”
ယင်းခိုင်လဲ့၏ ခြိမ်းခြောက်မှုများကြောင့် တစ်ချိန်လုံး စိတ်ဓာတ်ကျနေခဲ့ရသည့် ယင်ဟောက်တစ်ယောက် ရုတ်တရက် အားအင်များ ပြန်ပြည့်ဝသွားပြီး မှင်သက်နေသည့် ယင်းခိုင်လဲ့ကို လှည့်လှောင်ပြောင်လိုက်ပါသည်။
“ဟားဟားဟား ကြည့်စမ်းပါဦး! မင်းက အနီရောင်နဲ့လိုက်သားပဲ!”
ကျူးဖေအာတစ်ယောက် တုန်လှုပ်လွန်းသဖြင့် ယင်းခိုင်လဲ့ကို မျက်လုံး ပြူးလျက်သား ကြည့်နေမိပါသည်။
“ငါသတိမဲ့သွားတယ်”။ ယင်းခိုင်လဲ့ အံ့အားသင့်ဖို့ကောင်းလောက်အောင် တည်ငြိမ်စွာ ပြောလိုက်သည်။ “တကယ် အနီဖြစ်နေမယ် ထင်မထားဘူး၊ ကဲပါလေ ငါကိုယ်တိုင် ရွေးချယ်ခဲ့တာဆိုတော့လည်း လက်ခံလိုက်ရုံပေါ့၊ ဘာတတ်နိုင်မှာလဲ”
ယင်းခိုင်လဲ့၏ တုန့်ပြန်ပုံကြောင့် အားလုံး အံ့အားသင့်သွားခဲ့ကြသည်။ အပြင်ဘက်က ဧရာမ မျက်လုံးကြီးကိုသာ မမြင်ခဲ့ကြလျှင် ဘတ်စ်ကားပေါ်မှ ဆင်းရခြင်းက ကောင်းမွန်သည့်အရာဖြစ်သည်ဟု တွေးထင်မိကြလောက်သည်။
ယင်ဟောက်ကတော့ ယင်းခိုင်လဲ့ ဟန်ဆောင်နေသည်ဟုသာ ထင်မိသည်။ “အေးပါ သတ္တိခဲကြီး ဆက်လုပ်နေလိုက်စမ်းပါ၊ ဘတ်စ်ကားအောက်ကို ရောက်ရင် အဲ့လောက် သတ္တိရှိနိုင်ဦးမလား ကြည့်ကြသေးတာပေါ့!”
ထိုစဉ် လင်မယားနှစ်ယောက်ကတော့ ယာဉ်မယ်ကို အကူအညီ ပြေးတောင်းနေကြပါပြီ။
“ယာဉ်မယ်ညီမလေး၊ အစ်မတို့ဒီပေါ်မှာပဲ ဆက်နေလို့မရဘူးလား၊ အစ်မတို့မှာ ကလေးနှစ်ယောက် ပါလာလို့ပါ!”
ကျန်းရှင်းဟိုင် ခေါင်းငုံ့ကာ တောင်းပန်လိုက်သည်။ “ခုနက ကျွန်တော့် အပြုအမူတွေအတွက် တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကလေးတွေက ငယ်ငယ်လေးပဲရှိသေးတာ၊ မိဘတွေမရှိဘဲ အဆင်ပြေမှာ မဟုတ်ဘူး”
ထို့နောက် သောအာကို သူပွေ့ဖက်လိုက်သည်။ “သောအာလေး ဖေဖေတို့ကို မသွားစေချင်ဘူးမလားဟင်”
သောအာ မေးလိုက်သည်။ “ဘယ်သွားမလို့လဲ”
“မေ…မေမေတို့ ဘယ်မှမသွားပါဘူး”။ ဝမ်ချိုးယွဲ့ပြောလိုက်ပြီး သောအာကို သက်ကယ်လှေတစ်စင်းကဲ့သို့ ပွေ့ဖက်ထားလိုက်ပါသည်။
ကျန်းရှင်းဟိုင် ယာဉ်မယ်ကို ကြည့်ရင်း ဆက်တောင်းဆိုလိုက်လေသည်။ “ဒီတစ်ခါပဲ ခြွင်းချက်ထားပေးလိုက်လို့ မရဘူးလားဟင်၊ ကလေးတွေက ကျွန်တော်တို့ကို လိုအပ်လို့ပါ”
“ခြွင်းချက်ဟုတ်လား”
ယာဉ်မယ် ရုတ်ရက် ခေါင်းစောင်းသွားပြီး မျက်နှာပေါ်က အပြုံးလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
“ဒါကစားပွဲတစ်ခုလေ၊ ကစားပွဲထဲကို ရောက်ပြီဆိုတာနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာပဲ၊ ရှင်တို့အတွက် စည်းကမ်းချိုးဖောက်လိုက်ရင် ကျွန်မ အပြစ်ထပ်ပေးခံရမှာပေါ့၊ ကျွန်မ အပြစ်ထပ်ပေးခံရမှာကို တကယ် မြင်ချင်နေကြတာလား”
နောက်ဆုံးစကားလုံးများကို သူမ လေးလံစွာ ပြောလိုက်ခြင်းဖြစ်သည်။ မျက်နှာတစ်ခုလုံးလည်း မှောင်မိုက်နေခဲ့ပါသည်။ ခရီးသည်များအားလုံး အသက်ပင်ဝဝမရှူရဲတော့ဘဲ တိတ်ဆိတ်သွားခဲ့ကြသည်။
ထို့နောက် ရုတ်တရက်ဆိုသလို ယာဉ်မယ် ဖော်ဖော်ရွေရွေ ပြန်ပြုံးကာ ပြောလိုက်သည်။
“ဒါပေမယ့် ဒီကစားပွဲက သွေးပူကစားပွဲအဆင့်ရဲ့ ပထမဆုံးပွဲဆိုတော့ အထူးအခွင့်အရေးတစ်ခု ပေးမှာပါ၊ ရှုံးနိမ့်သွားတဲ့ ကစားသမားတို့ကိုယ်စား ဘတ်စ်ကားပေါ်ကနေ လိုလိုလားလား ဆင်းပေးမယ့်လူကို ရှာနိုင်ရင် လက်ပတ်နာရီချင်း လဲလှယ်နိုင်တယ်၊ အဲ့ဒီအခါကျရင် သူတို့နေရာမှာ ကစားသမားတို့ ဆက်နေနိုင်ပါလိမ့်မယ်”