← Chapters

သတ္တဝါအားလုံးကို လောင်ကျွမ်းပစ်မည့် ' ပါ ' ( ၁ )

Vol. 9 Ch. 129

သတ္တဝါအားလုံးကို လောင်ကျွမ်းပစ်မည့် ' ပါ ' ( ၁ )

Vol. 9 Ch. 129

မနက်ခင်းလေပြေက ဆိပ်ကမ်းကို တဖြူးဖြူးတိုက်ခတ်နေသည်ဖြစ်၍ လှေရွက်များ တဖျပ်ဖျပ်လွင့်နေသည်။

သို့သော်လည်း လှေရွက်များလွင့်နေရုံမျှဖြင့် ကျေနပ်အားရဟန်မတူသော လေပြေတချို့က ပင်လယ်ရေမျက်နှာပြင်ပေါ်ကို တိုက်ခတ်လိုက်ပေရာ ရေလှိုင်းကလေးများ ထလာတော့သည်။ သို့သော်လည်း ပင်လယ်ရေက နက်ရှိင်းလှပေရာ ပင်လယ်ပြင်တစ်ခုလုံးကို လှိုင်းထန်အောင်တော့ မစွမ်းဆောင်နိုင်ချေ။ အမှန်စင်စစ် လေပြေသာ သတိမထားမိပါက ပင်လယ်၏ ဝါးမျိုခြင်းပင် ခံရနိုင်သည်။

ယင်းသည် သွေးနားထင်ရောက်နေသော ငါးတစ်ကောင်က ရန်မစသင့်သည့် ပြိုင်ဘက်တစ်ယောက်ကို သွား၍ ရန်စလိုက်သည်နှင့် ဆင်တူသည်။

တခြားတစ်ဖက်တွင် အရုဏ်ဦးရောင်ခြည်တန်းလေးများက လေပြေထက် အဆပေါင်းများစွာ စုစည်းကျစ်လျစ်သည်။ ၎င်းတွင် ဆန္ဒများစွာ ရှိမနေဘဲ မြောက်မြားစွာသော လှေကလေးများနှင့် တည်ငြိမ်စွာ ပြန်လာနေသော ရွှီချင်းအပေါ် တိတ်ဆိတ်စွာ ဖြာကျနေသည။

လူတစ်ယောက်ကို သတ်ဖြတ်ခြင်းဖြစ်စေ၊ ငါးတစ်ကောင်ကို သတ်ခြင်းဖြစ်စေ ရွှီချင်းအတွက် တစ်ဖက်သားက သတ်ဖြတ်လိုစိတ်ကို ပြသလာသည်နှင့် ရလဒ်ကို ဆုံးဖြတ်ပြီးသားဖြစ်ပေသည်။

သူ အသက်ရှင်ချင်သည်။ ထို့ကြောင့် သူ၏အသက်ကို ခြိမ်းခြောက်လာသည့် မည်သည့်ဖြစ်တည်မှုကိုမဆို သူ၏မျဉ်းနီကို ထိပါးလာခြင်း ဖြစ်သည်။

အသက်ရှင်နေစဉ် ဘဝများက ကွာခြားချက်ရှိသည်ကို သူ သိသည်။

ဆင်းရဲသားရပ်ကွက်မှ ဆရာက ရွှီချင်းအပါအဝင် ကလေးများကို အဆင့်အတန်းကွာခြားချက်အကြောင်း ပြောပြရင်း သူ့ကိုယ်သူ ရယ်မောခဲ့သည်။ ခေတ်ကောင်းတွင် အရှိန်အဝါကြီးမားသူများက ထိုကွာခြားချက်ကို ဖုံးကွယ်ထားကြမည်ဖြစ်ပါသော်လည်း ခေတ်ဆိုးတွင် ထိုကွာခြားချက်ကို ဖုံးကွယ်မထားကြတော့ပေ။

သို့သော်လည်း ဤလောကကြီးက အတိုင်းအတာတစ်ခုအထိ တရားမျှတကြောင်း သူ သိသည်။

အဘယ်ကြောင့်ဆိုရသော် သေလွန်ပြီးနောက် အရာအားလုံး ထားခဲ့ရသည်မဟုတ်ပါလား။ နောက်ဆုံးရလဒ်က အတူတူသာ ဖြစ်သည်။

အမည်မသိတောင်ကြားလေးထဲတွင် သေဆုံးသွားရခြင်းနှင့် အဖိုးတန်ကျောက်များ စုပြုံထားသည့် သေရည်ကန်ထဲ သေခြင်းအကြား ကွာခြားချက် မရှိပေ။

“ ဒုတိယမင်းသမီးပြောတာမှန်တယ်။ အဲဒီကောင်က ပုပ်ပွနေတာပဲ ”

ရွှီချင်းက နေရောင်ခြည်တန်းလေးများဆီမှ အကြည့်လွှဲ၍ အခန်းလေးထဲ လျှောက်လာသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်လိုက်ပြီး ငါးညှီနံ့များ ပျောက်သွားသောအခါမှသာ လှဲချလိုက်သည်။

ယနေ့ သူ အလုပ်နားသည့်အတွက် လူဆိုးထိန်းဌာနကို သွားရန် မလိုအပ်ပေ။ ယခုလောလောဆယ် သူ၏နှလုံးသားထဲမှ ဆူးညှောက်အနည်းငယ်ကို ဖယ်ရှားပြီးပြီဖြစ်၍ သူ စိတ်သက်သာရာရနေသည်။ သူ ကောင်းကောင်းအိပ်နိုင်ပြီဟု ခံစားနေရသည်။

သို့သော်လည်း သူက မအိပ်ခင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ဝါးပေလွှာကလေးကို ထုတ်၍ ‘ ရေသူထီးလူငယ် ’ ဆိုသည့်နာမည်ပေါ်တွင် ကြက်ခြေခတ်ခြစ်လိုက်သည်။ ထို့နောက် ထိပ်ဆုံးတွင် ရှိနေသော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ကြည့်လိုက်ပြီး သူ့မျက်လုံးများ၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် သတ်ဖြတ်ချင်စိတ်များ မြင့်တက်လာသည်။

“ မကြာတော့ပါဘူး ”

သူက တီးတိုးရေရွတ်လိုက်ပြီးနောက် ရေသူထီးလူငယ်၏ သိုလှောင်အိတ်ကို ထုတ်ယူလိုက်သည်။

အထဲတွင် မည်သည့်ပစ္စည်းများ ရှိနေမည်ကို သူ အလွန် သိချင်နေသည်။

ခဏအကြာ သူ၏မျက်လုံးများ မှေးသွားပြီး တီးတိုးရေရွတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများ ချက်ချင်း ထွက်လာပြီး သိုလှောင်အိတ်ထဲသို့ စီးဝင်သွားသည်။ သူ ထင်ထားသလောက် မခက်ခဲပေ။ သိုလှောင်အိတ်ပိုင်ရှင်က သေဆုံးသွားပြီဖြစ်သည့်အတွက်ကြောင့် သိုလှောင်အိတ်ပေါ်မှ အမှတ်အသားသည်လည်း ပျောက်ကွယ်သွားခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။

ယင်းအတွက်ကြောင့် ရွှီချင်း၏ ဝိညာဉ်စွမ်းအားများက အထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်သွားပြီး ပစ္စည်းများကို စစ်ဆေးလိုက်သည်။

ခဏအကြာ ရွှီချင်းက အလိုလို သက်ပြင်းရှိုက်သွင်းလိုက်သည်။

“ ဒီလောက်တောင် ချမ်းသာတာလား ”

ရွှီချင်း တအံ့တသြ ရေရွတ်လိုက်သည်။ သိုလှောင်အိတ်ထဲ၌ ဝိညာဉ်ကျောက်တုံး တစ်ရာကျော်သာ ရှိပါသော်လည်း ဆဋ္ဌမမြောက်တောင်ထိပ်အမှတ်အသားနှင့် ဝိညာဉ်လက်မှတ် စုစုပေါင်းတစ်ဆယ့်နှစ်စောင် ရှိနေသည်။

ဝိညာဉ်လက်မှတ်တစ်စောင်စီက ဝိညာဉ်ကျောက်တုံးတစ်ရာ အဖိုးတန်သည်။

ထိုကဲ့သို့ ပွပေါက်ကြောင့် ရွှီချင်း၏နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။ ယင်းသည် ယခင်က သူ တစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးသည့် ကံကြမ္မာမျိုး ဖြစ်နေသည် မဟုတ်ပါလား။

သို့သော်လည်း အသက်လုံခြုံရေးအတွက် အချိန်တိုအတွင်း ထိုလက်မှတ်များကို သွားမလဲလှယ်သင့်ကြောင်း သူ နားလည်ထားသည်။

ရွှီချင်းက စိတ်အေးအေးထားလိုက်ပြီး တခြားပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။ ဝိညာဉ်ကျောက်တုံးများအပြင် သိုလှောင်အိတ်ထဲ၌ တခြားရတနာလေး၊ငါးမျိုး ရှိနေသေးသည်။ သူ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အဆောင်နှစ်ခု သူ့ရှေ့သို့ ရောက်လာသည်။

တစ်ခုက အဝါရောင်ဖြစ်ပြီး တခြားတစ်ခုက အပြာရောင်ဖြစ်သည်။

ထိုအဆောင်နှစ်မျိုး၏ ပုံပန်းသွင်ပြင်က ရွှီချင်းကို တအံ့တသြဖြစ်သွားစေသည်။ အဆောင်များပေါ်မှ တံဆိပ်များကို ကြည့်ရသည်မှာ အသစ်ကျပ်ချွတ်ဖြစ်နေဆဲဖြစ်ပြီး ကြိမ်ဖန်များစွာ အသုံးမပြုရသေးသည်မှာ ထင်ရှားသည်။

ရွှီချင်းက အဆောင်များကို အာရုံခံကြည့်လိုက်ပြီး အပြာရောင်အဆောင်က ခုခံကာကွယ်ရေးအတွက်ဖြစ်ပြီး အဝါရောင်က တိုက်ခိုက်ရေးအတွက်ဖြစ်သည်ကို အတည်ပြုလိုက်သည်။

“ အဲဒီငါးသာ သိုလှောင်အိတ်ကို ဖွင့်ခွင့်ရသွားခဲ့ရင် … ”

ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ ထိုကဲ့သို့ အခြေအနေသာ အမှန်တကယ် ဖြစ်ပျက်လာခဲ့ပါက ထိုငါးကို သူ သတ်နိုင်ခဲ့မည်ဖြစ်ပါသော်လည်း ကြီးကြီးမားမား ပေးဆပ်လိုက်ရမည်သာဖြစ်သည်။

“ ဒီတော့ အရိပ်ကို အသုံးချတဲ့ပုံစံက ပိုစုံလာနိုင်တာပဲ ”

ရွှီချင်းက ခေါင်းငုံ့၍ သူ့အရိပ်ကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲရှိ အနက်ရှိုင်းဆုံးတစ်နေရာတွင် အလင်းဖျော့ဖျော့လက်သွားပြီး ရေသူထီးလူငယ်အား အရိပ်က ချုပ်နှောင်ထားသည့် မြင်ကွင်းကို ပြန်တွေးမိလိုက်သည်။ အရိပ်က ထိုအချိန်၌ အသက်ဝင်နေဟန်တူသည်။

“ အဲဒါက ပုံရိပ်ယောင်လား ”

ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး အရိပ်ကို စူးရှစွာ ကြည့်လိုက်သည်။ ထို့နောက် ခရမ်းရောင်သလင်းကျောက် မြှုပ်နှံထားသည့် သူ၏ဝမ်းဗိုက်ကို ထိကြည့်လိုက်ပြီး သူ၏မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ သလင်းကျောက်ကို သူ ကြိမ်ဖန်များစွာ အာရုံခံကြည့်ခဲ့ပြီး သလင်းကျောက်တွင် အရိပ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့်အစွမ်းရှိကြောင်း သူ သိခဲ့ပြီးဖြစ်သည်။

အရိပ်က အသက်ရှိသည်ဖြစ်စေ၊ အသက်မရှိသည်ဖြစ်စေ အရင်ဆုံး အရိပ်ကို ဖိနှိပ်ကြည့်သင့်သည်ဟု သူ ခံစားမိသည်။

ခရမ်းရောင်သလင်းကျောက်ထဲ သူ ဝိညာဉ်စွမ်းအားများ လောင်းထည့်ကြည့်လိုက်သည်။ ထိုသို့လုပ်ရသည်မှာ အနည်းငယ် ခက်ခဲပါသော်လည်း ကြိမ်ဖန်များစွာ ကြိုးစားကြည့်ပြီးနောက် အောင်မြင်သွားသည်။ သူ အောင်မြင်သွားသည်နှင့် သူ့တစ်ကိုယ်လုံးမှ ခရမ်းရောင်အလင်းများ ဖြာထွက်လာပြီး မြေပြင်ပေါ်ရှိ အရိပ်အပေါ်သို့ ဖိအားတစ်ခု သက်ရောက်သွားသည်။

အရိပ်သည် ချက်ချင်း တွန့်ကွေးသွားပြီး အနည်းငယ် မှိန်ဖျော့သွားသည်။

ရွှီချင်းက အနီးကပ်ကြည့်လိုက်ပြီး ကျေနပ်သွားသည်။

အရိပ် အသက်ရှိနေသလား၊ မရှိသလား ဆိုသည်ကို ခန့်မှန်းနေခြင်းဖြင့် သူ၏ခွန်အားကို သူ မဖြုန်းတီးချင်ပေ။ သူ၏ခန့်မှန်းချက် မှားနေခဲ့ပြီး အရိပ်က အသက်မရှိဘူးဆိုသည့်တိုင်အောင် ယခုလိုလုပ်ကြည့်ခြင်းက ဝိညာဉ်စွမ်းအားအနည်းငယ် ဖြုန်းတီးခြင်းသာ ဖြစ်ပေလိမ့်မည်။ သူက အကြိမ်အနည်းငယ် ထပ်ခါထပ်ခါ စမ်းကြည့်လိုက်ပြီး အရိပ်ကို ထိန်းချုပ်ကြည့်ပြီးနောက် ရပ်လိုက်သည်။

နောက်ဆုံး၌ သူသည် အကြည့်လွဲကာ ဘာမှမဖြစ်ခဲ့သည့်အလား ခေါင်းကိုမော့လိုက်သည်။ ထို့နောက် အဆောင်နှစ်ခုကို သူ သိမ်းဆည်းလိုက်သည်။

ထို့နောက် သိုလှောင်အိတ်ကို သူ ထပ်မံ စစ်ဆေးကြည့်လိုက်ပြီး ပစ္စည်းနှစ်မျိုးကို ထုတ်လိုက်သည်။ ပထမတစ်မျိုးက ရေကြောင်းပြမြေပုံဖြစ်ပြီး မြေပုံပေါ်ရှိ အမှတ်အသားများက အလွန် အသေးစိတ်ကျပြီး သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားများ၏ စံသတ်မှတ်ထားသော ရေကြောင်းပြမြေပုံနှင့် ယှဉ်ကြည့်ပါက ပို၍ နားလည်ရလွယ်ကူသည်။

ထိုရေကြောင်းပြမြေပုံပေါ်၌ ရေသူမကျွန်း၏ တည်နေရာကိုပါ မှတ်သားထားသည်။ ရွှီချင်းက ကြည့်ရှုပြီးနောက် ထိုပစ္စည်း၏ တန်ဖိုးက အဆောင်တစ်ခုထက် မနိမ့်ကြောင်း ခံစားလိုက်ရသည်။

ပင်လယ်ကို ကျင့်ကြံသော ဂိုဏ်းသားတစ်ယောက်အတွက် ရေကြောင်းပြမြေပုံကို ပို၍ နားလည်ထားလေလေ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရနိုင်ချေ နည်းပါးလေ မဟုတ်ပါလား။

တစ်ခါတရံ သတင်းအချက်အလက် ဝိညာဉ်ကျောက်တုံးများထက် ပို၍ အဖိုးတန်သည်။

နောက်ဆုံးပစ္စည်းက အဆောင်များထက် သူ၏စိတ်ဝင်စားမှုကို သိမ်းကြုံးယူဆောင်သွားသည်။ မည်သည့်အတွက်ကြောင့်ဆိုရသော် ထိုကဲ့သို့ ပစ္စည်းမျိုး ယခင်ကလည်း သူ မြင်ခဲ့ဖူးပြီး သူ့မှာလည်း ရှိနေသည် မဟုတ်ပါလား။

All Chapters