သတ္တဝါအားလုံးကို လောင်ကျွမ်းပစ်မည့် " ပါ " ( ၂ )
Vol. 9 Ch. 130
၎င်းသည် လက်တစ်ဝါးအရွယ် သံပြားလေးတစ်ခု ဖြစ်ပြီး သေတ္တာလေးတစ်လုံးပုံစံ ရှိပါသော်လည်း သေတ္တာမဟုတ်ချေ။
ရွှီချင်းက သံပြားလေးကို ကြည့်ရင်း သူ၏သိုလှောင်အိတ်ကို ဖွင့်၍ သံပြားလေးတစ်ခုကို ထုတ်လိုက်သည်။
သူ ထုတ်လိုက်သော သံပြားလေးသည် ရတနာမုဆိုးစခန်းရှိ မြင်းလေးထံမှ ရခဲ့သော သံပြားလေးဖြစ်သည်။ နောက်ပိုင်းတွင် ဖက်တီးရှန်က ထိုသံပြားလေးကို လောဘတက်ပြီး ရွှီချင်းအား လှုပ်ရှားရန် အခွင့်အရေးပေးခဲ့သော်လည်း နောင်တစိတ်ဖြင့် သူ သေသွားခဲ့ရသည်။
သံပြားလေးနှစ်ခုကို အတူယှဉ်တွဲထားကြည့်ပြီးနောက် ရွှီချင်းက ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး မည်သို့ပင်ကြည့်သည်ဖြစ်စေ ၎င်းတို့က တစ်ထပ်တည်း ဆင်တူနေသည်ကို တွေ့လိုက်ရသည်။
“ ဒါ ဘာကြီးလဲ ”
ရွှီချင်း သိချင်စိတ်ပြင်းပြသွားရပြီး မျက်လုံးများ တဖြည်းဖြည်း မှေးလာသည်။
ထိုအတောအတွင်း ဆိပ်ကမ်းရှိ ဆိုင်များစွာကို သူ သွားခဲ့ဖူးပါသော်လည်း ထိုကဲ့သို့ ပစ္စည်းမျိုး သူ တစ်ခါမှ မမြင်ခဲ့ချေ။ သို့သော်လည်း ယခင်က ဖက်တီးရှန်၏ လောဘကြောင့်ဖြစ်စေ၊ ယခု ရေသူထီးလူငယ်၏ သိုလှောင်အိတ်ထဲတွင် ရှိနေ၍ဖြစ်စေ ကြည့်ရသည်မှာ ထိုပစ္စည်းလေးက ထင်သလောက် ရိုးရှင်းပုံမရချေ။
“ ဒီပစ္စည်းကို ဘယ်လိုသုံးလဲ ငါ သိအောင် လုပ်ရမယ် ”
ရွှီချင်းက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက် အရာအားလုံးကို သိမ်းဆည်း၍ အပြင်ဘက်ရှိ ကောင်းကင်ကြီးကို ကြည့်လိုက်သည်။ ထို့နောက် ခုတင်လေးပေါ် လှဲချကာ အနားယူလိုက်သည်။
သူ ကြာကြာ အနားမယူလိုက်ပေ။ လေးနာရီကြာပြီးနောက် အပြင်ဘက်တွင် မွန်းတည့်ချိန် ရောက်သောအခါ ရွှီချင်းက မျက်လုံးများကို ဖွင့်၍ အကြောဆန့်လိုက်သည်။ သူ စိတ်ဓာတ်တက်ကြွနေပြီး သူ၏ခန္ဓာကိုယ်က အားအင်အပြည့်ဖြစ်နေသည်။
ယမန်နေ့ညက တိုက်ပွဲနှင့် အနားယူခဲ့ပြီးနောက် တောင်တန်းပင်လယ်ပညာရပ်၌ အဆင့်တက်ရန် အလွန် နီးကပ်နေပြီဖြစ်ကြောင်း သူ ပြင်းပြင်းထန်ထန် ခံစားမိနေသည်။
“ ငါ အဆင့်ခုနစ်အထွတ်အထိပ်ကို ရောက်နေပြီ။ အဆင့်ရှစ်ကို ငါ ရောက်သွားရင် ဘာဖြစ်မှာတုံး။ အဲဒီအခါကျ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ငါ သတ်နိုင်မလား မသိဘူး ”
ရွှီချင်း၏မျက်လုံးများထဲ မျှော်လင့်ချက်များဖြင့် ဝင်းလက်နေသည်။ တောင်တန်းပင်လယ်ပညာရပ်၏ အဆင့်ခုနစ်မှ အဆင့်ရှစ်သို့ ရောက်ရန် အချိန်အတော်ယူနေရသည်ဟု သူ ခံစားနေရသည်။
တောင်တန်းပင်လယ်ပညာရပ်က အနည်းငယ် အပြောင်းအလဲဖြစ်သွားခဲ့သည့်အလားပင်။ ယနေ့မှသာ သူ အဆင့်တက်တော့မည့်အငွေ့အသက်များကို ခံစားမိခြင်း ဖြစ်သည်။
သူ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး မှော်လှေကလေးပေါ်က ဝိညာဉ်စုစည်းမန္တန်အစီအရင်ကို အသက်သွင်းလိုက်သည်။ အစီအရင်ထဲသို့ ဝိညာဉ်ကျောက်တုံးများ အစားသွင်းပြီးနောက် မျက်လုံးများမှိတ်၍ စတင်ကျင့်ကြံလိုက်သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ ကျင့်ကြံခြင်းထဲ သူ အာရုံရောက်သွားသည်နှင့်အမျှ နေ့လယ်ခင်းအချိန်က ကုန်မှန်းမသိ ကုန်လာခဲ့သည်။ ညအချိန်ရောက်သောအခါ ထိုင်နေသော ရွှီချင်း၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါလာသည်။ ထိုအချိန်၌ သူ၏ခန္ဓာကိုယ်ရှိ အသွေးအသားများက ချုပ်နှောင်ခံထားရသည့်အလား တောင့်တင်းလာသည်။
သူ၏ခန္ဓာကိုယ်ထဲမှ အရိုးများ ကြီးထွားလာရာမှ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာပြီး သွေးကြောများသည်လည်း သန့်စင်သောခန္ဓာကိုယ်တစ်လျှောက် ဆန့်ကားလာသည်။ ရက်စက်ကြမ်းကြုတ်သော စပါးအုံးမြွေအများအပြား ပြန့်ကားလာသည့်အလားပင်။ ယင်းသည် တုန်လှုပ်ချောက်ချားဖွယ်ရာ မြင်ကွင်းတစ်ရပ်ဖြစ်ပါသော်လည်း တချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ထဲရှိ သွေးနှင့်ချီက နှလုံးတစ်ချက်ခုန်တိုင်း အဆက်မပြတ် အားဖြည့်ပေးနေသည်။
သွေးနှင့်ချီစွမ်းအားများက တစတစ သိပ်သည်းလာပြီး ရွှီချင်း၏ခေါင်းအထက်ရှိ ကွေအရိပ်သညလည်း အသွင်ပြောင်းလာသည်။ ၎င်းက ကောင်းကင်ကြီးကို မော့ကြည့်၍ ဟိန်းဟောက်နေ၏။ ၎င်း၏ပုံပန်းသွင်ပြင်က တွန့်လိမ်ရှုံ့တွနေပြီး နာကျင်မှုကို တောင့်ခံကာ အသွင်ပြောင်းတော့မည့်အလားပင်။
သာမန်လူတစ်ယောက်သာ တောင်တန်းပင်လယ်ပညာရပ်၏ အထွတ်အထိပ်ကို ရောက်သွားပါက ကွေအရိပ်အပြည့်အစုံ ဖြစ်ပေါ်လာမည်ဖြစ်သည်။ သို့သော်လည်း ရွှီချင်း၏ တောင်တန်းပင်လယ်ပညာရပ်သည် အဆင့်ခုနစ်တွင် ရှိစဉ်ကတည်းက အထွတ်အထိပ်အဆင့်ကို ရောက်နေပြီးဖြစ်သည်။ တောင်တန်းပင်လယ်ပညာရပ်အဆင့်ရှစ်ကို ရောက်သွားပါက မည်သို့ဖြစ်လာမည်ကို သူ မသိပေ။
သို့သော်လည်း ချီရွှဲ့ထုံဂိုဏ်း၌ ကျင့်ကြံနေစဉ်အတောအတွင်း သူ၏ခွန်အားများ ကြီးမားလာသည်ကို သူ အာရုံခံမိခဲ့သည်။ သို့ဖြစ်၍ ကွေအရိပ်သာ အဆုံးစွန်ထိ ရောက်သွားပါက မည်သို့ဖြစ်လာမည်ကိုလည်း သူ မြင်ချင်နေသည်။
အပြင်အားပညာရပ်များသည် ခွန်အား၊ အမြန်နှုန်းနှင့် ပြန်လည်ကုစားနိုင်စွမ်းတို့ကို တိုးတက်စေသော ပညာရပ်ဖြစ်သည်။
တောင်တန်းပင်လယ်ပညာရပ်၏ တီထွင်သူသည်ပင် ရွှီချင်းကဲ့သို့ တောင်တန်းပင်လယ်ပညာရပ်ကို အဆင့်လွန်တတ်မြောက်နေသည့်လူတစ်ယောက် ရှိနေမည်ဟု တစ်ခါမှ တွေးခဲ့ဖူးမည်မဟုတ်၍ သူသည်လည်း မည်သည့်သတ္တဝါဖြစ်လာမည်ကို သိမည် မဟုတ်ချေ။
အမှန်စင်စစ် တောင်တန်းပင်လယ်ပညာရပ်ကဲ့သို့ အဆင့်နိမ့်ပညာရပ်များက ဓာတ်နှောများစွာ ရှိနေသည့် လူများအတွက် တီထွင်ထားခဲ့ခြင်း ဖြစ်သည်။ ရွှီချင်းကဲ့သို့ ဓာတ်နှောများစွာ မရှိသောလူများက တောင်တန်းပင်လယ်ပညာရပ်ကို မလေ့ကျင့်ကြချေ။
အချိန်များ တဖြည်းဖြည်း ကုန်လွန်လာသည်နှင့်အမျှ ရွှီချင်း၏ခန္ဓာကိုယ်ပေါ်မှ သွေးကြောများက ပို၍ ကြီးထွားလာပြီး သူ၏အရေပြားပေါ်တွင် အက်ကွဲကြောင်းများ တစတစ နေရာယူလာသည်။ သွေးအများအပြား စီးဆင်းလာပြီး သွေးနှင့်ချီက ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ချင်နေသည့်အလား ပို၍ပင် သိပ်သည်းလာသည်။
ထိုအချိန်၌ ရွှီချင်း၏ခန္ဓာကိုယ်က မြေအိုးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားသည့်အလားပင်။ သွေးနှင့်ချီ ပေါက်ကွဲထွက်လာသည်နှင့် မြေအိုးကြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲတော့မည့်သဖွယ် ဖြစ်နေသည်။
သို့သော်လည်း ပထမဆုံးအကြိမ်အဖြစ် ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။ ၎င်းက သူ၏ဝမ်းဗိုက်မှ ပျံ့နှံ့လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ၎င်းက ဒဏ်ရာများကို အလျင်အမြန် ကုသပေးနေပြီး အတတ်နိုင်ဆုံး ကျုံ့ဝင်သွားအောင် လုပ်နေသည်။
ယင်းကြောင့် သူ၏ခန္ဓာကိုယ်က ပို၍ သန့်စင်ကြည်လင်လာသည်။ တချိန်တည်းမှာပင် သူ၏အသိစိတ်နှင့် ခန္ဓာကိုယ်ထဲတွင် စကားလုံးများဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသော ပြင်းထန်သောနာကျင်မှုတစ်ခု ပျံ့နှံ့လာသည်။
သူ့အရိုးများ ကျိုးကြေလာနေပြီး သူ့အသွေးအသားများက တဖျစ်ဖျစ်မြည်နေကာ သူ့တစ်ကိုယ်လုံး ကြာကြာ တောင့်မခံနိုင်တော့ဟန်တူသည်။ သို့သော်လည်း ခရမ်းရောင်သလင်းကျောက်မှ အလင်းက သူ့ကို ဆက်လက်ကုသပေးနေ၏။
ထိုဖြစ်စဉ်က စဉ်ဆက်မပြတ် ထပ်ခါတလဲလဲ ဖြစ်နေပြီး သွေးနှင့်ချီက ပို၍ပင် အားကောင်းလာသည်။ အခန်းငယ်လေးထဲရှိ မန္တန်အစီအရင်သည်ပင် ၎င်းကို မဖုံးကွယ်နိုင်တော့ဘဲ သွေးနှင့်ချီစွမ်းအားများ အပြင်ဘက်သို့ လွင့်ပျံသွားသည်။ အဝေးမှကြည့်ပါက ရွှီချင်းနေသည့် မှော်လှေကလေးက နီစွေးနေသည်။
သိပ်သည်းထူထပ်သော သွေးနှင့်ချီများ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်နှင့်အမျှ ဆိပ်ကမ်းအမှတ်ခုနစ်ဆယ့်ကိုးမှ ဂိုဏ်းသားများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ သူတို့ တအံ့တသြ ဖြစ်နေကြစဉ် ရွှီချင်း၏ နီမြန်းနေသော မျက်လုံးများ ပွင့်လာသည်။
သူ မျက်လုံးဖွင့်လိုက်သည့်အခိုက် စကားတစ်ခွန်း ပါဝင်နေသော မိုးမြည်တုန်ဟီးစေသည့်မြည်ဟည်းသံကြီးက သူ့စိတ်ထဲ မိုးခြိမ်းသံအလား မြည်ဟည်းသံသွားသည်။ ထိုအသံကြောင့် ရွှီချင်း၏တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ရီလာသည်။ ထိုအခါ သူ့ခေါင်းအထက်ရှိ ကွေအရိပ်က စူးရှကျယ်လောင်စွာ အော်ဟစ်နေပြီး ၎င်း၏ပုံရိပ်ယောင်ခန္ဓာကိုယ် စုတ်ပြတ်သွားကာ ခန္ဓာအသစ်ဖြစ်တည်လာသည်။
၎င်း၏ရှည်လျားသောခန္ဓာကိုယ်က စိမ်းဖန့်နေပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များနှင့် ထူးဆန်းသော ခံစားချက်တစ်မျိုးကို ထုတ်လွှတ်နေသည်။ ၎င်း၏မြင်ရသောအသားအရေက ခြောက်ကပ်နေပြီး ကန္တာရတစ်ခုအလား အက်ကြောင်းများစွာ ရှိနေသည်။ ၎င်း၏ခေါင်းတွင် ပခုံးနှစ်ဖက်အပေါ် ဝဲကျနေသည့် ရှုပ်ယှက်ခတ်နေသော ခြောက်ကပ်ကပ်ဆံပင်ရှည်များ ရှိနေပြီး ကြက်သွေးရောင်မျက်ဝန်းတစ်စုံ၌ ရူးသွပ်ခြင်းများ ပြည့်နှက်နေသည်။
၎င်း၏ပါးစပ်တွင် အစွယ်များ ဖွေးဖွေးလှုပ်မျှ ရှိနေပြီး ဦးခေါင်းပေါ်ရှိ မည်းနက်တောက်ပြောင်နေသော ဦးချိုတွင် လျှပ်စီးများ ဝင်းလက်နေသည်။ အရာအားလုံးက ၎င်း၏ ရက်စက်ကြမ်းတမ်းသောစရိုက်ကို လှစ်ဟပြနေသည်။ ၎င်းက ဟိန်းဟောက်လိုက်သည့်အခါ သက်ရှိသတ္တဝါအားလုံးကို အုပ်မိုးထားသည့် ကောင်းကင်ကြီးအား စုတ်ဖြဲချင်နေသည့်အလား …
၎င်း၏ပတ်လည်တွင် ရေခိုးရေငွေ့များ ရှိမနေတော့ဘဲ အရာအားလုံးကို လောင်ကျွမ်းနိုင်သည့်အလား မည်းနက်နေသော မီးတောက်များ ရှိနေသည်။
တိတိကျကျဆိုရပါက ၎င်းသည် မီးတောက်မဟုတ်ဘဲ အစိုဓာတ်ကုန်းခမ်းသွားပြီးနောက် အရာအားလုံး ခြောက်ကပ်သွားသည့်အခြေအနေဖြစ်ပေသည်။
“ ပါ ”
ရွှီချင်း၏မျက်လုံးများ တဖိတ်ဖိတ်လက်နေပြီး တီးတိုးရေရွတ်လိုက်သည်။ ယင်းစကားလုံးသည် အစောပိုင်းက သူ့စိတ်ထဲ ပဲ့တင်ထပ်နေသည့်စကားဖြစ်သည်။ ၎င်းသည် တောင်တန်းပင်လယ်ပညာရပ်က မူလအဆင့်ကို ကျော်လွန်သွားခဲ့ပြီးနောက် သွေးနှင့်ချီပေါင်းစည်း၍ ဖြစ်တည်လာခဲ့သော ပုံရိပ်လည်း ဖြစ်သည်။
၎င်းက ကွေအရိပ်ထက် သာလွန်သည်။
“ ရှောင်က တောင်တွေကို ရွှေ့နိုင်တယ်။ ကွေက ပင်လယ်ပြင်ကို လှန်ပစ်နိုင်တယ်။ ပါကတော့ သတ္တဝါအားလုံးကို လောင်ကျွမ်းနိုင်တယ် … ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ ယခင်ကထက် များစွာ ရွှင်လန်းသော စွမ်းအင်စီးကြောင်းတစ်ခု တဟုန်ထိုး ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။
ရွှီချင်းက ခေါင်းမော့၍ ဆတ်ခနဲ မတ်တတ်ရပ်လိုက်သည်။ သူ၏ကျစ်လျစ်တောင့်တင်းသော ခန္ဓာကိုယ်ထဲရှိ ခွန်အားက အတားအဆီးများကို ကျော်ဖြတ်ကာ ချီစုစည်းခြင်းအဆင့်ထက် သာလွန်သော အဆင့်တစ်ခုသို့ ရောက်သွားပြီဖြစ်သည်။
ထိုအချိန်၌ မှော်လှေကလေး၏ အကာအကွယ်အလွှာသည် ဆက်လက်တောင့်မခံနိုင်တော့ဘဲ ပျက်စီးသွားသည်။ အခန်းငယ်လေးသည်ပင် များစွာ ပျက်စီးသွားသည်။
ထိုအခြင်းအရာကြောင့် ထိုဖြစ်ရပ်ကို အာရုံစိုက်နေကြသည့် ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးမှ ဂိုဏ်းသားများ၏ မျက်နှာအမူအရာများကို လုံးလုံးလျားလျား ပြောင်းလဲသွားစေသည်။ သူတို့မျက်လုံးများ ပြူးကျယ်သွားပြီး နှလုံးသားထဲတွင် ကြောက်လန့်စိတ်များ ကြီးစိုးလာသည်။ သူတို့စိတ်ထဲ တဝုန်းဝုန်းမြည်ဟည်းသံ ပဲ့တင်ထပ်နေပြီး ရွှီချင်းကို ပြိုင်တူကြည့်လိုက်ကြသည်။
ရွှီချင်းသည် ငြိမ်သက်နေ၏။ တောင်တန်းပင်လယ်ပညာရပ်တွင် သူ အဆင့်တက်ခြင်းကြောင့် ထိုကဲ့သို့ အုတ်အော်သောင်းနင်း ဖြစ်သွားမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ တောင်တန်းပင်လယ်ပညာရပ် ဖောက်ထွက်ခြင်းနှင့်အတူ ပင်လယ်အသွင်ပြောင်းပညာရပ်သည်လည်း သူ့ခန္ဓာကိုယ်ထဲ လှည့်ပတ်နေသည်ကို သူအာရုံခံမိလိုက်သည်။ ထိုပညာရပ်၌လည်း သူ အဆင့်တက်တော့မည့်ဟန်တူသည်။
“ ဂုဏ်ယူပါတယ် ဂိုဏ်းတူအစ်ကို ရွှီချင်း ”
“ ဂုဏ်ယူပါတယ် ဂိုဏ်းတူအစ်ကို ”
ရွှီချင်း ငြိမ်သက်နေစဉ် မှော်လှေကလေးပတ်လည်ရှိ ဂိုဏ်းသားများက အသက်ဝဝရှိုက်သွင်းလိုက်ကြပြီး ရွှီချင်းကို လေးစားစွာ လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်ကြသည်။
ရိုသေလေးစားခြင်းသည် လူတစ်ယောက်၏ တန်ခိုးစွမ်းအားအပေါ် မူတည်ပေသည်။
“ ဂိုဏ်းတူအစ်ကို ” ဆိုသည့်် ဂုဏ်ပုဒ်သည်လည်း တန်ခိုးစွမ်းအားအပေါ် အခြေခံပေသည်။
ကျင့်ကြံနေစဉ်အတောအတွင်း ထိုကဲ့သို့ အုတ်အော်သောင်းနင်းဖြစ်သွားရန်နှင့် အဆင့်ခြောက်မှော်လှေကလေး၏ အကာအကွယ်ကို ပျက်စီးအောင် လုပ်နိုင်သည်မှာ ရွှီချင်း မည်မျှ အစွမ်းထက်သည်ကို ဖော်ပြနေသည်။ ဂိုဏ်းသားများ၏ အမြင်တွင် သူ့ထံမှ ထွက်ပေါ်နေသည့် ဖိအားက ပြင်းထန်လွန်း၍ သူတို့ခန္ဓာကိုယ်များနှင့် စိတ်ဝိညာဉ်များပင် တုန်ရီနေရသည်။
ယင်းသည် အဆင့်လွန်ပညာရှင်တစ်ယောက်ထံမှသာ လာတတ်သည့် ဖိအားမျိုး ဖြစ်သည်။