← Chapters

ကျိယွမ်၏ပို့စ် ဖျက်ချခံရခြင်း

Vol. 23 Ch. 256

ကျိယွမ်၏ပို့စ် ဖျက်ချခံရခြင်း

Vol. 23 Ch. 256

ယောင်ဒေသ အတွင်း၌ ဖြစ်သည်။

ရှင်းဟွာအဖွဲ့ကြီး၏ ဌာနခွဲခေါင်းဆောင်သည် မျက်ဝန်းထဲတွင် အပြုံးရိပ်များဖြင့် ဖိုရမ်ပေါ်မှ ပို့စ်တစ်ခုကို ကြည့်ရှုနေ၏။ ၎င်း၏ဘေးတွင် ယင်နတ်ဘုရားတစ်ပါးလည်း ရှိနေသည်။

ထိုယင်နတ်ဘုရားက ရယ်မောလျက် တာဝန်ခံအား မေးမြန်းလိုက်၏။

“အိုရှန်... ဒီသွေးဝတ်စုံဓားနတ်ဘုရား ပြောတာတွေက အမှန်တွေလို့ မင်းထင်လား”

ရှင်းဟွာ ဌာနခွဲခေါင်းဆောင်က ခေါင်းယမ်းပြသည်။

“ဒါက ဘယ်လိုလုပ် အမှန်ဖြစ်နိုင်မှာလဲ၊ ငါတို့ကျင့်ကြံတဲ့ နည်းစနစ်တွေမှာ ပြဿနာရှိနေရင် ငါတို့ကိုယ်တိုင် သတိမထားမိဘဲ နေပါ့မလား၊ သူက လူတွေကို ကြောက်လန့်အောင် လျှောက်ပြောနေတာ ”

“ဟုတ်တယ်၊ နည်းစနစ်တွေမှာ အဆိပ်ရှိတယ်ဆိုတဲ့ အယူအဆက လုံးဝကို ရယ်စရာကောင်းလွန်းတယ်”

“သူက အဆိပ်ရှိတဲ့နည်းစနစ်တွေနဲ့ မဟာကပ်ဘေးကြီးကို ဆက်စပ်ပြပြီး လုပ်ကြံဖန်တီးနေတာဟာ မူလနတ်ဘုရားမျှဝေခြင်းအသင်းကို ကြော်ငြာချင်လို့ရယ်၊ ပြီးတော့ တစ်လောကလုံးမှာရှိတဲ့ နည်းစနစ်တွေကို စုဆောင်းချင်လို့ရယ်ပဲ ၊ အသိသာကြီးကို "

ဌာနခွဲတာဝန်ခံသည် ကျိယွမ်ပြောသမျှကို လုံးဝမယုံကြည်ကြောင်း ထင်ရှားလှသည်။

သို့သော်လည်း ကျိယွမ်၏ ပို့စ်သည် နေရာတိုင်း၌ ဆွေးနွေးငြင်းခုံမှုများစွာကို ဖြစ်ပေါ်စေခဲ့ပြီး လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်ကတော့ ငြင်းမရပေ ။ ကျိယွမ်၏စကားများကို ယင်နတ်ဘုရား အများစုက သံသယဝင်ကာ မယုံကြည်ကြသော်လည်း အောက်ခြေကျင့်ကြံသူ အချို့ကမူ သွေးဝတ်စုံဓားနတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်ထူးမျိုးက သူတို့ကို လိမ်ညာနေစရာ အကြောင်းမရှိဟု ယူဆကာ ယုံကြည်နေကြ၏။

ဤသို့ဖြင့် ကျိယွမ်၏ပိုစ့်သည် ကန်းလန်နယ်မြေ​ကြီးတစ်ခုလုံး၌ လူသိများနေတော့သည်။

နောက်တစ်နေ့တွင် ကျိယွမ်သည် ပျင်းရိစွာ ဖြင့် ခြေလက်များကိုအားရပါးရဆန့်ထုတ်ကာ အိပ်ယာမှ နိုးထလာ၏။ တစ်ညလုံး ဂိမ်းဆော့စရာ မလိုတော့သဖြင့် ကောင်းမွန်စွာ အိပ်စက်ခဲ့ရပြီး ရှားရှားပါးပါး အိပ်ရာထနောက်ကျသွားခဲ့သည်။

ထိုစဥ် ဆိုးသွမ်းအင်မော်တယ်သည် ပြာပြာသလဲအော်ဟစ်ကာ အခန်းထဲသို့ ပြေးဝင်လာ၏။

“တစ်ခုခုတော့ မှားနေပြီ”

အပျင်းကြောဆန့်နေသော ကျိယွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“စောစောစီးစီး ဘာတွေဖြစ်နေလို့လဲ”

ဆိုးသွမ်းအင်မော်တယ်၏ အမူအရာက သိသိသာသာ စိတ်ပူနေဟန်ရှိနေသဖြင့် ကျိယွမ် နားလည်ရခက်သွား၏။

ဘာဖြစ်တာလဲ ဖုန်းနန်းတော်သခင် စိတ်ပြောင်းသွားပြီး လက်စားချေဖို့ ပြန်လာတာလား။

“မူလနတ်ဘုရား..မနေ့က ဖိုရမ်မှာ မင်းတင်ထားတဲ့ပိုစ့် အဖြတ်ခံလိုက်ရပြီ "

“ဘာ”

ကျိယွမ်သည် ရှင်းဟွာကျောက်စိမ်းပြားကိုထုတ်ကာ အတွင်းသို့ အမြန်ဝင်ရောက်ကြည့်ရှုလိုက်၏ ။ သူ မနေ့က တင်ခဲ့သော ပို့စ်သည် အမှန်တကယ်ပင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ မနေ့က မှတ်ချက်ပေါင်း ထောင်ချီ၍ ရရှိခဲ့သော်လည်း ယခုမူ တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ပင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် မီးလျှံဧကရာဇ် နှင့် ရေခဲတောင်သခင်မတို့လည်း အလောတကြီး ရောက်ရှိလာကြသဖြင့် သူတို့လည်း ထိုကိစ္စကို သိရှိပြီးဖြစ်ကြောင်း သိသာ၏။

ကျိယွမ်က သူ၏ကျောက်စိမ်းပြားကို ကြည့်ရင်းမှ နက်ရှိုင်းစွာတွေးတော မျက်မှောင်ကြုတ်နေသည်။

တစ်ခုခု ထူးဆန်းနေပြီ ။

သူက ခဏမျှ စဥ်းစားပြီးနောက် ရှင်းဟွာဖိုရမ်၏ အရှေ့ပိုင်းဒေသ ဌာနခွဲခေါင်းဆောင်ထံ မက်ဆေ့ခ်ျ ပို့လိုက်၏။

“မနေ့က ငါတင်တဲ့ပို့စ်ကို မြင်သေးလား၊ ဘာလို့ ဖျက်လိုက်တာလဲ၊ ဘယ်သူ ဖျက်တာလဲ”

မကြာမီတွင် ဌာနခွဲခေါင်းဆောင်ထံမှ တုံ့ပြန်မှု ရရှိလာသည်။

“စီနီယာ... ကျွန်တော်လည်း သေချာမသိပါဘူး၊ ဒါပေမဲ့ တစ်ခုသေချာတာကတော့... ဗဟိုအသင်းချုပ်ရဲ့အကြီးအကဲက ဖျက်လိုက်တာ ဖြစ်နိုင်ပါတယ်”

“ဗဟိုအသင်းချုပ် အကြီးအကဲ ဟုတ်လား၊ ငါက သူ့ကို စော်ကားမိလို့လား၊ ဘာလို့ ငါ့ပို့စ်ကို ဖျက်ရတာလဲ၊ ဒီသေးနုပ်တဲ့ ရှင်းဟွာအသင်းက သူ့အဖွဲ့ဝင်တွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်တောင် မပေးဘူးလား၊ သူ့ဖုန်းနံပါတ် ( ဆက်သွယ်ရန် တစ်ခုခု) ငါ့ကိုပေး၊ ငါ သူ့ကို တိုက်ရိုက်မေးမယ်”

ကျိယွမ် ဒေါသထွက်သွားသည်။ ၂၁ ရာစုကမ္ဘာမြေပေါ်တွင် ပို့စ်ဖျက်ခံရသည်ကို သည်းခံနိုင်သော်လည်း ကျင့်ကြံခြင်းလောကတွင် ပို့စ်ဖျက်ခံရခြင်းကိုမူ သူ မခံမရပ်နိုင် ဖြစ်မိသည်။ သူသည် ဗဟိုအသင်းချုပ် အကြီးအကဲနှင့် သေချာပေါက် စကားပြောရမည်။

“ကျွန်တော် မကူညီနိုင်လို့ စိတ်မကောင်းပါဘူး စီနီယာ၊ ကျွန်တော်လည်း ဗဟိုအကြီးအကဲကို ဆက်သွယ်လို့ မရပါဘူး”

ဌာနခွဲခေါင်းဆောင်က ထမင်းရည်ပူလျှာလွှဲ ပြန်ဖြေသည်။သူ၏စကားက အမှန်ဖြစ်နိုင်သလို ၊ အလိမ်အညာလည်းဖြစ်နိုင်၏။

ကျိယွမ်၏ မျက်ဝန်းများက စူးခနဲဖြစ်သွားသည်။

“ဒါဆို ငါ့ပို့စ်ကို ပြန်တင်လို့ မရဘူးလား”

“မရပါဘူး”

“တောက်..ဘာလို့မရရမှာလဲ၊ . ငါ နောက်တစ်ခါ ထပ်တင်မယ်”

ကျိယွမ်သည် သွေးဝတ်စုံဓားနတ်ဘုရား အကောင့်ကို အသုံးပြုကာ ပို့စ်တင်ရန် ထပ်မံကြိုးစားသည်။ သို့သော် သူသည် မည်သည့်အရာကိုမျှ တင်၍မရတော့ကြောင်း သတိပြုမိသွားသည်။

“ငါ အကောင့်ပိတ် (Ban) ခံလိုက်ရပြီ”

ကျိယွမ် အကြီးအကျယ် ဒေါသထွက်သွားသည်။ ၎င်းမှာ လုံးဝအဓိပ္ပာယ်မရှိသော ကိစ္စပင် ။ သူလုံးဝ သည်းမခံနိုင်ပါ ၊ သည်းခံနိုင်စရာ မရှိသောစော်ကားမှုဖြစ်သည်။

အရှေ့ပိုင်းဒေသ ဌာနခွဲခေါင်းဆောင်က လေပြေထိုး၏။

“စီနီယာ... ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး”

“အဲဒီ ဗဟိုအသင်းချုပ်အကြီးအကဲက ဘယ်မှာလဲ”

ကျိယွမ်က နောက်တစ်မျိုးမေးလိုက်သည်။

ဆက်သွယ်စရာ ဖုန်းနံပါတ်မရှိရင် သူနေတဲ့နေရာအထိ သွားမယ်။

“သူက လူသူမသိတဲ့နေရာမှာ နေတာမို့ ဘယ်သူမှ မသိပါဘူး”

"တော်လိုက်တော့.."

ဆက်မေးနေလည်း အကြောင်းမထူးတော့ပြီမှန်း သူသိလိုက်ရသည်။

ကျိယွမ်သည် ကျောက်စိမ်းပြားအတွင်းမှ ထွက်လာပြီး ဖြစ်ပျက်သမျှကို မီးလျှံဧကရာဇ်နှင့် အခြားသူတို့အား ပြောပြလိုက်၏။

ထိုစကားကို ကြားသောအခါ သူတို့၏ မျက်နှာများ တည်ကြည်သွားကြသည်။

“ဒီကိစ္စက နောက်ကွယ်မှာ တစ်ခုခု ပိုနက်နဲနေပုံရတယ်”

ကျိယွမ်၏ မျက်ဝန်းများ ဒေါသကြောင့် အေးစက်နေ၏။

“ဘယ်လောက်ပဲ နက်နဲနေပါစေ၊ ဒီလို အာဏာရှင်ဆန်တဲ့ ကောင်ရဲ့ ခေါင်းကို ငါ့ဓားနဲ့ ဖြတ်ပစ်မယ်”

"မူလနတ်ဘုရား သတိထားတာကောင်းမယ် ၊ တစ်ခုခုက နင့်ဆီကို ဦးတည်လာနေပုံရတယ် ၊ နင့်ကို ပစ်မှတ်ထားနေတာပဲ ”

ရေခဲတောင်ဘုရင်မက သတိပေးသည်။ ကျိယွမ်၏အကောင့်ကို အကြောင်းမဲ့ အပိတ်ခံရခြင်းသည် နိမိတ်မကောင်းဘဲ အန္တရာယ်တစ်ခုခု နီးကပ်လာနေသည်ဟု သူမ ယူဆနေမိ၏။

ကျိယွမ်က ဂရုမစိုက်ဟန်ဖြင့် နှာခေါင်းရှုံ့သည်

“ဟမ့်... ဘယ်သူက သတိထားရမှာလဲ ကြည့်ကြသေးတာပေါ့၊ ဘာပဲပြောပြော ခုလိုဖြစ်တာလည်း ကောင်းပါတယ်၊ အရင်က ရန်သူက ဘယ်သူလဲဆိုတာ ငါမသိခဲ့ဘူး၊ရန်သူမရှိဘူး ထင်ခဲ့တာ ၊ အခုတော့ ရန်သူက ဘယ်သူလဲဆိုတာ သိသွားပြီ”

“ဒီကိစ္စကို ခဏထားလိုက်ပါ၊ ဒီနေ့ အကြီးအကဲဖုန်းကျွင်းဆီကို သွားဖို့ ချိန်းထားတာ ရှိတယ်၊ ဝမ်ဖုန်းတောင် ကို သွားကြစို့”

ကျိယွမ် ဒေါသထွက်ပါသည် ၊ သို့သော် ကြောက်ရွံ့တုန်လှုပ်ခြင်းတော့ မရှိပါ ၊ မိမိ၏ ခွန်အားအပေါ် ယုံကြည်မှု အပြည့်ရှိနေသည်။

........

အမည်မသိ နေရာတစ်ခုတွင် ဖြစ်သည်။

မိုးကြိုးပင်လယ်ကြီးက အမျက်ဒေါသထွက်နေသကဲ့သို့ တဂျိန်းဂျိန်း မြည်ဟည်းနေပြီး မသေမျိုး စွမ်းအင်တိမ်တိုက်များကလည်း ပင်လယ်အတွင်း တလိပ်လိပ်တက်နေ၏။

ရှေ့ဘက်တွင် မြူများ ဖုံးလွှမ်းနေသော ဧရိယာရှိပြီး အတွင်းပိုင်းကို မမြင်ရသော်လည်း အရိပ်အချို့ လှုပ်ရှားနေသည်ကို တွေ့ရသည်။

ရုတ်တရက် အလင်းတန်းတစ်ခု ပျံသန်းဝင်ရောက်လာပြီး အဆိုပါ အမည်မသိနယ်မြေသို့ ကျရောက်လာခဲ့သည်။ ထိူ့နောက် အမိန့်ပြန်တမ်းတစ်ခုကို ပွင့်ထွက်လာရာ ကြီးမားလှသော ဖိအားများ ထွက်ပေါ်လာသည်။

ထိုအမိန့်ပြန်တမ်းသည် ကြောက်မက်ဖွယ်ကောင်းလှပြီး ယင်နတ်ဘုရား တစ်ပါးကိုပင် အလွယ်တကူ နှိမ်နင်းနိုင်စွမ်း ရှိလေ၏။

ရွှေရောင်အလင်းများက နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး ရွှေရောင်စာလုံးပေါင်း ရာချီ၍ လေထဲတွင် ကခုန်နေကြကာ ထည်ဝါလှသော အသံကြီး တစ်ခု ထွက်ပေါ်လာသည်။

“လေ့မျိုးနွယ်စုရဲ့စစ်သူကြီးလေးပါး... ငါ့အမိန့်ကို နာခံကြ”

မိုးကြိုးပင်လယ်ထဲမှ ရင်ဘတ်ဟောင်းလောင်းဖြင့် အမျိုးသား လေးဦး ထွက်လာကြသည်။ ၎င်းတို့၏ ကိုယ်ပေါ်တွင် ဓားဒဏ်ရာ၊ လှံဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အတိတ်က ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့ဖူးကြောင်း သက်သေပြနေသည့် အလားပင်။

သူတိူ့တစ်ဦးချင်းစီတွင် ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအင်များ ရှိနေကြသည်။ မည်သည့် နယ်မြေတွင်မဆို ပြိုင်ဘက်ကင်း အစွမ်းထက်သူများ ဖြစ်ကြသော်လည်း ယခုအခါတွင်မူ ၎င်းတို့သည် သေမင်းကဲ့သို့ အေးစက်ငြိမ်သက်ကာ နာခံနေကြ၏။

“ဖုန်းထျန်းနယ်မြေ၊ ချင်းဟုန်မြို့က သွေးဝတ်စုံ ဓားနတ်ဘုရားဟာ တားမြစ်မိန့်ကို ချိုးဖောက်ခဲ့တယ်၊ သူ့ကို ညှာတာမှုမရှိဘဲ ကွပ်မျက်ရမယ်”

အသံကြီးသည် အာဏာစက်နှင့် သွေးဆာမှုများ ပြည့်နှက်နေ၏။

လေ့မျိုးနွယ်စစ်သူကြီးလေးပါးတို့က ဒူးတစ်ဖက် ထောက်လိုက်ကြပြီး..

“အမိန့်အတိုင်းပါ”

ငရဲတွင်းမှ ထွက်လာသည့်အလား အက်ကွဲသောအသံဖြင့် ခေါင်းညိတ်လိုက်ကြသည်။

တစ်ချိန်တည်းတွင် ဖုန်းနန်းတော်၌ ဖြစ်သည်။

မဟာအုပ်စိုးရှင် မိုလီ(စံပယ်)သည် သူမ၏ ခုတင်ပေါ်တွင် ဖရိုဖရဲပုံစံဖြင့်လဲလျောင်းနေသည်။ သူမ၏ ပုခုံးများနှင့် ခြေထောက်များပေါ်တွင် အနမ်းရာများ ရှိနေပြီး သူမ၏ မျက်ဝန်းများတွင် တပ်မက်မှုများပြည့်နှက်နေ၏။

(စံပယ်ဟူသော အမည်အစား မိုလီဟု ပြောင်းလဲသွားပါမည် ၊)

နန်းတော်ဆောင်တစ်ခုလုံးတွင်လည်း သွေးနံ့များနှင့် ကာမရာဂအငွေ့အသက်များ ပြင်းထန်စွာလွှမ်းမိုးနေ၏။

သူမသည် ကုတင်ပေါ်တွင် ပစ်စလက်ခတ်လှဲနေရင်းမှ အခန်းထဲမှရှေးဟောင်းမှန်တစ်ချပ်ကို ကြည့်ကာ အတွေးပေါက်နေသည်။

“အားနည်းတဲ့ ယောက်ျားတွေက တကယ်ကို ပျင်းဖို့ကောင်းတာပဲ”

သူမသည် နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ မနေ့ကတွေ့ခဲ့သော သွေးဝတ်စုံဓားနတ်ဘုရားကို သတိရသွား၏။

“နှမြောစရာပဲ၊ အဲ့ဒီလို လူမျိုးက ငါ့အလိုကျ ကစားလို့ရမယ့်သူ မဟုတ်ဘူး၊ တကယ်လို့ သူကသာ ငါ့ကို ချစ်ပြီး ရိုသေမယ်ဆိုရင် ငါ သူ့ကို လင်ယောက်ျားအဖြစ် လက်ခံဖို့တောင် စဥ်းစားမိမှာပဲ”

မိုလီ၏ လှပသောမျက်ဝန်းများတွင် လောဘရိပ်နှင့်အတူ သွေးဆာသတ်ဖြတ်လိုစိတ်များ ယှက်ပြေးသွားသည်။

သူမသည် အစွမ်းထက်သော အမျိုးသားများကို ထိန်းချုပ်ရသည်ကို ဝါသနာပါ၏။ မနေ့က ကျိယွမ်သည် သူမ၏ရှေ့တွင် သူမ၏လူများကိုသတ်ခဲ့သဖြင့် မကျေနပ်သော်လည်း သူ၏ ချောမောလှပသောရုပ်ရည်ကြောင့် သည်းခံခဲ့ခြင်း ဖြစ်သည်။

“သူ့ကို တစ်ညလောက်ပိုင်ဆိုင်အောင် မလုပ်ထားရင် နောင်မှာ နင်ဘယ်တော့မှ အခွင့်အရေးရတော့မှာ မဟုတ်ဘူး”

ရုတ်တရက် ရှေးဟောင်းမှန်ချပ်ထဲမှ အက်ကွဲသောအသံ တစ်ခု ထွက်ပေါ်လာသည်။တပြိုင်နက်တည်းမှာပင် မှန်ထဲတွင် ဝတ်စုံဖြူဝတ်အမျိုးသားတစ်ဦး၏ ပုံရိပ် ပေါ်လာသော်လည်း နန်းတော်ထဲတွင်မူ မည်သူမျှ မရှိပေ။၄င်းက မှန်ထဲမှ ပုံရိပ်သပ်သပ်သာ ဖြစ်၏။

“အို... ဘာလို့လဲ ၊ တစ်ခြားလူတွေကလည်း သူ့ကို မျက်စိကျနေကြတာလား”

မိုလီက စိတ်ဝင်တစား မေးလိုက်သည်။

သူမ၏ချစ်ခြင်းသည် ထူးဆန်းသည်ဟု ဆိုနိုင်၏။ သူမသည် ရုပ်ချောသော အမျိုးသားတိုင်းကို စိတ်ဝင်စားတတ်သော်လည်း သူတို့နှင့်တစ်ညတာ ကုန်ဆုံးပြီးနောက် ထိုအမျိုးသား ထွက်သွားမည်ကို မလိုလားသဖြင့် သတ်ဖြတ်ကာ သွေးကိုသောက်ပြီး ဦးခေါင်းခွံကို ဝိုင်ခွက်လုပ်ပစ်တတ်လေသည်။

သူမအတွက် သွေးဝတ်စုံဓားနတ်ဘုရား၏ ဦးခေါင်းခွံသည် တန်ဖိုးအရှိဆုံး အမှတ်တရ ဖြစ်လာပေလိမ့်မည်။

“အမှောင်နေမင်းက သူ့ကို ပစ်မှတ်ထားနေပြီ”

မှန်ထဲမှပုံရိပ်က ထိတ်လန့်နေသောအသံဖြင့် ပြောသည်။

“အမှောင်နေမင်းလား...”

ထိုအမည်ကို ကြားလိုက်ရုံဖြင့် မိုလီမှာ ချက်ချင်း ကျောချမ်းသွားလေ၏။

“ဆယ်ရက်အတွင်း အမှောင်နေမင်းရဲ့ အင်အားစုတွေ ချင်းဟုန်မြို့ကို ရောက်လာလိမ့်မယ်၊ ဒါကြောင့် ငါလည်း နောက်ရက်တွေမှာ ခဏခဏပေါ်လာမှာ မဟုတ်ဘူး”

မှန်ထဲမှအသံက သတိပေးသည်။

မိုလီက သူမ၏နှုတ်ခမ်းဖျား၌ ပေနေသောသွေးစအနည်းငယ်ကို လက်ချောင်းလေးများဖြင့် သုတ်ကာ ပွတ်ကြည့်ရင်းမှ ဝမ်းနည်းဟန်ဖြင့် ဆိုသည်။

“ချောမောတဲ့ အမျိုးသားတွေက သက်တမ်းတိုကြတာပဲ၊ နှမြောစရာကောင်းလိုက်တာ၊ ငါ့လက်နဲ့ မသေရဘဲ သူများလက်နဲ့ သေရတော့မယ်ပေါ့”

သူမက နှမြောတသစွာ သက်ပြင်းချလိုက်သည်။

ဝမ်ဖုန်းတောင်သည် ချင်းဟုန်မြို့မှ မိုင်ပေါင်း ၃,၀၀၀ ခန့် ဝေးကွာ၏။ ယခုတစ်ခါတွင်မူ ကျိယွမ်သည် ဝိညာဥ်လှေကို မသုံးဘဲ သူ၏စွမ်းအားဖြင့် ဆိုးသွမ်းအင်မော်တယ် ၊ မီးလျှံဧကရာဇ်နှင့် ရေခဲတောင်သခင်မတို့ကို ခေါ်ဆောင်လာခဲ့သည်။

ဝမ်ဖုန်းတောင်သည် ဝိညာဥ်ကြောကြီးတစ်ခုပေါ်တွင် တည်ရှိသဖြင့် ထိုနေရာသို့ ကျိယွမ်တို့ရောက်ရှိသွားသည်နှင့် ထူထပ်လှသော ကောင်းကင်နှင့်မြေကြီးဝိညာဥ်စွမ်းအင်များကို ခံစားလိုက်ရသည်။ ထိုသို့သော နေရာမျိုးတွင် သာမန်လူများပင် ရောဂါဘယ ကင်းဝေးကာ အသက် ၁၂၀ အထိ နေထိုင်နိုင်ကြ၏။

မီးလျှံဧကရာဇ်က ကျိယွမ်တို့အား ဝမ်ဖုန်းတောင်၏ အမြင့်ဆုံးတောင်ထိပ်သို့ ခေါ်ဆောင်သွားလေသည်။ လမ်းတွင် တွေ့သမျှ ကျင့်ကြံသူတိုင်းက မီးလျှံဧကရာဇ် (သို့မဟုတ် ဖုန်းရှဲ့ ) ကို ရိုသေစွာ နှုတ်ဆက်ကြ၏။

ဖုန်းရှဲ့သည် ဖုန်းကျွင်း၏ မြေးဖြစ်ပြီး တစ်ဦးတည်းသော မျိုးဆက်လည်း ဖြစ်သည်။ ဖုန်းရှဲ့၏ ဖခင်မှာ လွန်ခဲ့သော နှစ်ပေါင်း ၇၀၀ ကပင် နားလည်ရခက်စွာ သေဆုံးသွားခဲ့၏။

တောင်ထိပ်သို့ ရောက်သောအခါ အရပ်ရှည်ရှည်အမျိုးသားတစ်ဦး ထွက်လာပြီး သူတို့အား သတိပေးလာသည်။

“ညီလေး ဖုန်းရှဲ့... ဆရာက အခု ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက်နဲ့ တွေ့နေတယ်၊ ခဏလောက် စောင့်ပေးပါဦး”

“အဖိုးမှာ ဧည့်သည်ရှိနေတာလား၊ ဘယ်သူလဲ”

မီးလျှံဧကရာဇ်က တောင်ထိပ်သို့ လှမ်းကြည့်ရင်း အံ့သြစွာ မေးသည်။

“အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့ ယင်နတ်ဘုရား တစ်ပါးပဲ၊ သူ့ကိုယ်သူ ဘယ်သူလဲဆိုတာ မပြောဘူး”

အမျိုးသားကလည်း ထိုသူအား စိတ်ဝင်စားနေပုံရသည်။

ထိုအမျိုးသား၏ အဖြေကြောင့် မီးလျှံဧကရာဇ်သည် ကျိယွမ်ဘက်သို့လှည့်၍ အားနာဟန် ဆိုသည်။

"တောင်းပန်ပါတယ်၊ ငါတို့ ခဏလောက်စောင့်ဖို့ လိုပါလိမ့်မယ်"

ကျိယွမ်က က်စ္စမရှိကြောင်း လက်ကာပြလိုက်၏။သူက ထိုမျှ သဘောထားသေးသိမ်သူ မဟုတ်ပါ။

အရပ်ရှည်ရှည်နှင့်အမျိုးသားက ရေခဲတောင်သခင်မနှင့် ကျိယွမ်တို့ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်သည်‌။ဆိုးသွမ်းအင်မော်ဆယ်ကိုတော့ လုံးဝလျစ်လျူရှူထားလေ၏။

သူတို့အုပ်စုသည် တောင်ခြေ၌ အချိန်အတော်ကြာကြာထိ စောင့်ဆိုင်းနေပြီးနောက် တောင်ထိပ်မှ "ထွက်သွားစမ်း" ဟူသောအော်သံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာသည်‌။

ထိုအသံကြောင့် တောင်ထိပ်ပေါ်ရှိ တိမ်တိုက်များပင် ဝဲကယက်ထကာ လွင့်စင်သွားကြ၏။ အလွန်ဒေါသထွက်နေမှန်း သိသာသည်။

ထို့နောက် ဝတ်ရုံနက်ဝတ်ထားသော လူတစ်ယောက်သည် အနည်းငယ် လက်လျှော့လိုက်ရသည့်ပုံစံဖြင့် တောင်ထိပ်ပေါ်မှ ငိုက်စိုက်ငိုက်စိုက်ဆင်းလာလေသည်‌။

ဝတ်ရုံနက်နှင့်လူသည် မီးလျှံဧကရာဇ်ကို မြင်သောအခါ အနားသို့ကပ်လာပြီး တိုးညင်းစွာ တိုက်တွန်း၏။

"ဖုန်းရှဲ့၊ မင်းအဘိုးကို ဖျောင်းဖျကြည့်ပါဦး။ ဒဏ္ဍာရီလာ အမွေအနှစ်ဆိုတာ သူနဲ့လည်းဆိုင်တာပဲ၊ အဲ့ဒီမိန်းမရဲ့ ထိန်းချုပ်မှုကို မခံသင့်ဘူး"

ထိုသို့ပြောပြီးနောက် ဝတ်ရုံနက်နှင့်လူသည် မီးခိုးငွေ့အဖြစ်သို့ ပြောင်းလဲကာ ချက်ချင်း ပျောက်ကွယ်သွားသည်‌။

မီးလျှံဧကရာဇ်၏ မျက်နှာသည် အလိုမကျသလို မှောင်ကျသွားသော်လည်း သူ ဘာမှမပြောဘဲ တိတ်တဆိတ်သာ သက်ပြင်းချလိုက်၏။

ထိုအချိန်တွင် ကြော့ရှင်းသောဝတ်ရုံဖြူဝတ်အဖိုးအိုတစ်ဦး သူတို့အနီးတွင် ပေါ်လာခဲ့လေသည်‌။ သူ၏ဆံပင်များမှာ တစ်ခြမ်းဖြူ၍ တစ်ခြမ်းကနက်နေသဖြင့် ထူးဆန်းသောအသွင်အပြင်ဟု ထင်ရစေသည်။

"ဂုဏ်သရေရှိဧည့်သည်တော်တွေ အဝေးကနေ ရောက်လာကြတာပဲ။ စောစောစီးစီး မကြိုဆိုနိုင်ခဲ့တာကို တောင်းပန်ပါတယ်။ ကျွန်တော်က ဖုန်းကျွင်းပါ"

အဘိုးအိုက ရိုသေစွာနှုတ်ဆက်၏။ထိုရိုသေမှုက မည်သူထံမှ ဆင်းသက်လာသည်ကို အားလုံးသိကြ၏။ သွေးဝတ်စုံဓားနတ်ဘုရားကြောင့်ပင် မဟုတ်ပါလား။

"ကျွန်တော်က သွေးဝတ်စုံဓားနတ်ဘုရားပါ၊ ဒါမှမဟုတ် မူလနတ်ဘုရားလို့လည်း ခေါ်နိုင်ပါတယ်"

ကျိယွမ်ကလည်း သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်‌။

"ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"

ဖုန်းကျွင်းက လက်ဝှေ့ယမ်းကာ ပြောလိုက်ရာ ချက်ချင်းပင် သူတို့ပတ်ဝန်းကျင်ရှိ မြင်ကွင်းသည် ပြောင်းလဲသွားပြီး ရိုးရှင်းသော်လည်း ကျော့ရှင်းသောဂူအိမ်တစ်ခုအတွင်းသို့ ရောက်ရှိသွားကြသည်‌။

အပိုတန်ဆာများ မသွယ်ဝိုက်တတ်သော ကျိယွမ်က လိုရင်းကို တိုက်ရိုက်ပြောလိုက်၏။

"ကျွန်တော်တို့ လေးယောက်က 'မူလနတ်ဘုရားမျှဝေရေးအသင်း' ကို တည်ထောင်ဖို့ စီစဉ်ထားပြီး အဲ့ဒါကို စီမံခန့်ခွဲပေးမယ့်သူ လိုအပ်နေပါတယ်။ ဖုန်းရှဲ့က အကြီးအကဲကို အကြံပြုထားပါတယ်။ အကြီးအကဲအနေနဲ့ စိတ်ပါဝင်စားမှုများ ရှိပါသလား"

ဖုန်းကျွင်းသည် ယမန်နေ့ညကပင် ဖုန်းရှဲ့၏ အသိပေးမှုကို ရရှိထားပြီးဖြစ်သဖြင့် ချက်ချင်းခေါင်းညိတ်ပြ၏။

"အဲ့ဒါက ပြဿနာမရှိပါဘူး"

"ကျေးဇူးတင်ပါတယ် အကြီးအကဲ။ တကယ်လို့ မူလနတ်ဘုရားမျှဝေရေးအသင်းမှာ ပြဿနာတစ်စုံတစ်ရာ ရှိခဲ့ရင် ကျွန်တော့်ကို အားမနာတမ်း ဆက်သွယ်လို့ရပါတယ်"

ကျိယွမ်က ဖုန်းကျွင်းအား ရိုသေမှုအနေဖြင့် အကြီးအကဲ ဟု သုံးနှုန်းကာ လေးစားစွာ ပြောသည်‌။

"ဒါတွေကတော့ မူလနတ်ဘုရားမျှဝေရေးအသင်းအတွက် အရင်းအမြစ်တွေအဖြစ် အများပြည်သူကို ချပြနိုင်ဖို့ ကျွန်တော် စုဆောင်းထားတဲ့ ကျင့်စဉ်နည်းစနစ်တချို့ပါ။ အဲ့ဒီထဲမှာ ကောင်းကင်အဆင့် ကျင့်စဉ် ဆယ့်လေးခုနဲ့ နက်နဲသောအဆင့် ကျင့်စဉ် သုံးခု ပါဝင်ပါတယ်။ ဒါတွေက အဆိပ်အတောက်မရှိတဲ့အတွက် သူတို့ရဲ့ လဲလှယ်နှုန်းကို ပိုမြင့်အောင်တော့ သတ်မှတ်ထားသင့်ပါတယ်"

ကျိယွမ်က အရေးကြီးသောတောင်းဆိုချက်ကို ထပ်လောင်းပြောကြားလိုက်ခြင်းပင် ဖြစ်သည်‌။

အဆိပ်အတောက်မရှိသော ကျင့်စဉ်များသည် ဂိုဏ်းများအကြားတွင် ဝယ်လိုအား အလွန်မြင့်မားမည်မှာ သေချာပြီး လဲလှယ်ရန်အတွက် လူအများဆုံးကို ဆွဲဆောင်နိုင်မည်ဖြစ်သည်‌။ ထို့ကြောင့် ဈေးနှုန်းသည်လည်း ထိုအချက်ကို ထင်ဟပ်နေရန်လို၏။ဝယ်လိုအားများသော ကုန်စည်က စျေးတက်လာမည်မှာ သဘာဝပင်။

အဘ်ုးအိုဖုန်းကျွင်းက ခေါင်းညိတ်ပြသော်လည်း တုံ့ဆိုင်းနေပြီး စိတ်မချသလို မေးလိုက်သည်။

"ကျင့်စဉ်တွေက တကယ်ပဲ အဆိပ်အတောက် ရှိနေတာလား"

သူက ထိုအယူအဆကို လက်မခံနိုင်သေးဟန်တူ၏။

"အမှန်ပါပဲ"

ကျိယွမ်က ပခုံးတွန့်ရင်း ဖြေလိုက်သည်‌။လူအများလက်ခံထားကြရုံဖြင့် အကြောင်းအရာတစ်ခုကို အမှန်တရားဖြစ်သည်ဟု မယူဆသင့်ပေ ၊ အမှန်တရားကို လူအများလက်ခံခြင်း ၊ လက်မခံခြင်းနှင့် ဆုံးဖြတ်၍ မရပါ။

ထိုစဉ် မီးလျှံဧကရာဇ်က ဝင်ပြောသည်‌။

"အဘိုး... မနေ့က သွေးဝတ်စုံဓားနတ်ဘုရားက အဲဒီကိစ္စကို ဖိုရမ်မှာ စာတိုတစ်ခု တင်ခဲ့သေးတယ်... ဒါပေမဲ့ အဲ့ဒါက မကြာခင်မှာပဲ အဖျက်ခံလိုက်ရတယ်"

ထို့နောက် သူသည် အခြေအနေအရပ်ရပ်ကို ဖုန်းကျွင်းအား အသေးစိတ် ရှင်းပြလိုက်၏။

ဖုန်းကျွင်းသည် အစအဆုံးနားထောင်ပြီးနောက် မျက်မှောင်ကြုတ်ကာ အတန်ကြာအောင် တိတ်ဆိတ်နေသည်‌။

ခဏအကြာမှ သူက လေးနက်စွာမှတ်ချက်ချ၏။

"ဒီကိစ္စက ငါတို့ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးပုံရတယ်"

သူသည် စဉ်းစားဆင်ခြင်ရင်း သူ၏ကျင့်စဉ်များကို စတင်အသက်သွင်းကာ စမ်းသပ်ကြည့်လေသည်‌။

သို့သော် သူကိုယ်တိုင်ပင်လျှင် သူ၏ကျင့်စဉ်နည်းစနစ်များတွင် မည်သည့်ပြဿနာမျှ ရှာမတွေ့ပေ‌။

ဤသည်မှာ ကျိယွမ်၏ ပြောကြားချက်များကို အခြားသော ယင်နတ်ဘုရားများသည်လည်း လက်မခံဘဲ ပယ်ချကြလိမ့်မည်ဟူသော အဓိပ္ပာယ်ပင် ။၄င်းတို့ကလည်း လက်တွေ့စမ်းသပ်ကြည့်မှာ သေချာ၏။ရလဒ်ကတော့ ဖုန်းကျွင်းလိုပင် သာမန်ဟုသာ တွေ့ရှိကြပေလိမ့်မည်။

"ဒီကိစ္စက မဟာကပ်ဘေးကြီးနဲ့ ဆက်စပ်နေတာဆိုတော့ နဂ်ုကတည်းက ရှုပ်ထွေးနေတာပါ"

ကျိယွမ်က မထူးဆန်းသလို တုန့်ပြန်သည်‌။

"ဒါကို လူတွေ ယုံကြည်အောင် လုပ်ဖို့က ခက်ခဲလိမ့်မယ်။ မူလနတ်ဘုရားမျှဝေရေးအသင်းရဲ့ အစပိုင်းက နှေးကွေးနိုင်တယ်"

ဖုန်းကျွင်းက ပွင့်ပွင့်လင်းလင်း ဖွင့်ပြောထားလိုက်သည်။ အဆငိ့နိမ့်ကျင့်ကြံသူများကတော့ ယုံချင်ယုံပေလိမ့်မည် ၊ သို့သော် အသင်း၏ရည်ရွယ်ချက် အောင်မြင်ရန် အဆင့်မြင့်နည်းစနစ်ပိုင်ရှင်များယုံကြည်ရန် လိုအပ်၏။ ချီအဆင့်ကျင့်ကြံသူများ ၊ အမြုတေအဆင့်ကျင့်ကြံသူများထံမှ အဆင့်မြင့်နည်းစနစ်များ မရရှိနိုင်ပေ။

"လူတွေ ယုံကြည်လာအောင် ဘယ်လိုလုပ်ရမလဲ"

ကျိယွမ်က တီးတိုးရေရွတ်ကာ တွေးတောသော်လည်း အဖြေရှာမရ ဖြစ်နေသည်‌။

ဧကရာဇ်လေးပါးထဲမှ ကျန်အဖွဲ့ဝင် သုံးဦးသည်လည်း သူလိုပင် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြ၏။

နောက်ဆုံးတွင် ကျိယွမ်က လက်တွေ့ကျကျသာ လုပ်ရန်ဆုံးဖြတ်လိုက်သည်။

"လောလောဆယ်တော့ ကျွန်တော်တို့ တတ်နိုင်သလောက် လုပ်ကြတာပေါ့၊ ကျင့်စဉ်နည်းစနစ်တွေကို များနိုင်သမျှများအောင် စုဆောင်းထားကြမယ်"

"ဟုတ်တယ်၊ သွေးဝတ်စုံဓားနတ်ဘုရား ပြောတာ မှန်တယ်။ သူ အခု ပေးထားတဲ့ ကျင့်စဉ်တွေနဲ့တင် တချို့ဂိုဏ်းတွေက သူတို့ရဲ့ ကျင့်စဉ်တွေကို လဲလှယ်ဖို့ သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်"

အတွေ့အကြုံရင့်ကျတ်သော ဖုန်းကျွင်းကလည်း ထောက်ခံသည်‌။

မူလနတ်ဘုရားမျှဝေရေးအသင်း၏ ကြွေးကြော်သံသည်နှေးကွေးစွာ ပျံ့နှံ့နိုင်သော်လည်း အကျိုးအမြတ်၏ ဆွဲဆောင်မှုသည် ကျင့်စဉ်နည်းစနစ်များစွာကို ဆွဲဆောင်နိုင်မှာကတော့ သေချာ၏။

"တကယ်လို့ ကျွန်တော် နောက်ပိုင်းမှာ နတ်ဘုရားအဆင့်နည်းစနစ်တစ်ခုကို ထုတ်ပေးလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ တကယ့်ကို အကြီးကြီး အောင်မြင်သွားနိုင်တယ်"

ကျိယွမ်က ရှန်းဝူရှန် ထံမှ နတ်ဘုရားအဆင့် ကျင့်စဉ်တစ်ခု ရလာမည့်အချိန်ကို မျှော်လင့်ရင်း ဟောကိန်းထုတ်လိုက်သည်‌။

ကျိယွမ် ပေါ့ပေါ့ပါးပါး ပြောလိုက်သောစကားမှာ အဘိုးကြီးဖုန်းကျွင်းအား မျက်လုံးပြူးသွားစေလေသည်။

သူက မယုံမရဲဖြင့် တီးတိုးမေး၏။

"မင်းဆီမှာ နတ်ဘုရားအဆင့် ကျင့်စဉ်တွေ ရှိတာလား"

"ရှိပါတယ်။ ဒါပေမဲ့ အခု ကျွန်တော့်ဆီမှာရှိနေတဲ့ တစ်ခုကိုတော့ ထုတ်မပြနိုင်သေးဘူး။ နောက်မှ နောက်ထပ်အသစ်တစ်ခု ရလာရင်တော့ မျှဝေဖို့ အဆင်ပြေမှာပါ။ အဲ့ဒါကို မူလနတ်ဘုရားမျှဝေရေးအသင်းထဲ ထည့်ထားပေးမယ်၊ အကြီးအကဲအနေနဲ့ အချိန်မရွေး ကြည့်လို့ရပါတယ်"

ကျိယွမ်က သဘောထားကြီးစွာ ပြောသည်‌။

အကြောင်းမှာ သူကိုယ်တိုင် မူလနတ်ဘုရားမျှဝေရေးအသင်းကို မစီမံချင်ပါ ၊ သူက သက်သက်သာသာရှိသောခေါင်းဆောင်တစ်ဦးအဖြစ်သာ နေချင်သည်‌။ အကယ်၍ ဖုန်းကျွင်းက အသင်းကိစ္စများကို စီမံခန့်ခွဲပေးရန် ဆန္ဒရှိပါက ကျင့်စဉ်များကို ကြည့်ခွင့်ပေးခြင်းမှာ ဘာမှနစ်နာစရာ မရှိပေ‌။မတရားလုပ်သလိုလည်း မခံစားရတော့ ။

သူ၏ ကမ်းလှမ်းချက်ကြောင့် ဖုန်းကျွင်းမှာ ခံစားချက်ပေါင်းစုံဖြင့် တိတ်ဆိတ်သွားသည်‌။

"လူတွေကတော့..."

သူက တိတ်တဆိတ်ရေရွတ်ရင်း

သူ့ထံသို့ စောစောက လာရောက်ခဲ့သော ဝတ်ရုံနက်နှင့်လူကို ရုတ်တရက် သတိရသွား၏။

ထိုလူသည် ဖုန်းနန်းတော်ကို ဆန့်ကျင်တိုက်ခိုက်ရန် ပူးပေါင်းလာစေရန်အတွက် ဒဏ္ဍာရီလာအမွေအနှစ်ဖြင့် သူ့ကို ဆွဲဆောင်ရန် ကြိုးစားနေခြင်းပင်။

ဒဏ္ဍာရီလာအမွေအနှစ်တွင် ကောင်းကင်အဆင့် အထွတ်အထိပ်ကျင့်စဉ်တစ်ခုနှင့် ရှားပါးဆေးဖက်ဝင်အပင်တချို့ ပါဝင်သောကြောင့် ဖုန်းထျန်းနယ်မြေတွင် ယင်နတ်ဘုရားများစွာက ၎င်းကို ရယူရန် အဆုံးမဲ့ သွေးထွက်သံယိုမှုများကို ဖြစ်စေခဲ့သည်‌။

သို့သော် ယခုအခါ ကျိယွမ်က နတ်ဘုရားအဆင့် ကျင့်စဉ်များရှိကြောင်း ပြောသည်ကို ကြားရသဖြင့် ဖုန်းကျွင်း စိတ်ရှုပ်ထွေးသွားရတော့သည်။

ဒဏ္ဍာရီလာ နတ်ဘုရားအဆင့် ကျင့်စဉ်များနှင့် နှိုင်းယှဉ်ပါက ကောင်းကင်အဆင့် ကျင့်စဉ်များမှာ စကားထဲထည့်ပြောနေစရာပင် မရှိတော့ပေ‌။

အကယ်၍ ကျိယွမ်တွင် နတ်ဘုရားအဆင့် ကျင့်စဉ်များ တကယ်ရှိပါက မူလနတ်ဘုရားမျှဝေရေးအသင်းသည် ကန်းလန်လောကတစ်ခုလုံးတွင် ပြိုင်ဘက်မရှိ လျင်မြန်စွာ ကျော်ကြားလာလိမ့်မည် ဖြစ်သည်‌။

နတ်ဘုရားအဆင့်ကျင့်စဉ်များဆိုသည်မှာ ကန်းလန်လောကတွင် တစ်ခါမှ မကြားဖူးခဲ့သည့် အရာများဖြစ်ပြီး တကယ်ရှိနေလျှင်ပင် တစ်ခုတစ်လေသာ ရှိကောင်းရှိနိုင်သည်‌။

သို့သော် ကျိယွမ်တွင်တော့ တစ်ခု ရှိနေလေပြီ။

---------

All Chapters