ဖုန်းနန်းတော်၏ ဖိတ်ကြားချက်
Vol. 23 Ch. 265
လမ်းစဥ်ရှာဖွေရေးနန်းတော်အတွင်း၌ဖြစ်သည်။
ရေခဲတောင်သခင်မသည် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ရုတ်တရက် ကြောင်အသွားသည်။
"ခုနက နေမင်းကြီး တုန်ခါသွားတာလား"
မီးလျှံဧကရာဇ်သည်လည်း ဇဝေဇဝါဖြစ်သွားပြီး နေမင်းကြီးကို မော့ကြည့်၏။
ကောင်းကင်ထက်က နေနှစ်စင်းမှာ မူလနတ်ဘုရား၏ အမြုတေများပင် ၊ ထို့သို့တုန်ခါသွားသည်က မည်သည့်အဓိပ္ပါယ်နည်း။
သို့သော် နေမင်းကြီးက တုန်ခါသွားသော်လည်း ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ ကန်းလန်ကမ္ဘာအတွင်းသို့ ကြွေကျမလာခဲ့ပါ။
အမြုတေနေနှစ်စင်းက ဘယ်နေရာကို ကျသွားလဲ။
"ဘာဖြစ်နေတာလဲဆိုတာ ကျွန်တော်လည်း သေချာမသိဘူး"
မီးလျှံဧကရာဇ်က ရေခဲတောင်သခင်မအားကြည့်ကာ ဇဝေဇဝါဖြေ၏။
"နေစမ်းပါဦး၊အရေးကြီးတဲ့အချိန်မှာ မင်းတို့အားလုံးက ကောင်းကင်က နေကို ဘာလို့ ဒီလောက်တောင် စိတ်ပူနေကြတာလဲ"
ဖုန်းကျွင်းက မကျေမနပ်ဖြစ်သံဖြင့် အငယ်များကို ငေါက်လိုက်သည်။
ယခုအချိန်တွင် သွေးဝတ်စုံဓားနတ်ဘုရားသည် လေ့မိသားစု၏ စစ်သူကြီးလေးဦးနှင့် ဟင်းလင်းပြင်နယ်မြေအတွင်း ပြင်းထန်စွာ အသက်လုတိုက်ခိုက်နေသည် မဟုတ်ပါလား။
သို့သော် ဤနေရာ၌ သူ၏မြေးဖြစ်သူက သူ၏သူငယ်ချင်းကို စိတ်မပူဘဲ ကောင်းကင်ပေါ်မှ နေမင်းကြီးတုန်ခါခြင်း ရှိ၊ မရှိကို စိတ်ပူနေ၏။
မည်မျှ အဓိပ္ပါယ်ကင်းမဲ့လှသနည်း။
မျိုးဆက်သစ်တွေရဲ့ တွေးခေါ်ပုံက ပေါ့ပျက်လွန်းတယ် ။
မီးလျှံဧကရာဇ်မှာ အဘိုးဖြစ်သူအား မည်သို့ပြန်ပြောရမှန်းမသိ ဖြစ်သွားရှာသည်။
ထိုနေမင်းကြီးများသည် သွေးဝတ်စုံဓားနတ်ဘုရား၏ အမြုတေများဖြစ်ကြောင်း သူ၏အဘိုးအား ပြောပြ၍ မရနိုင်ပါ။
ပြောလျှင်လည်း မည်သူမှ ယုံကြည်မည်မဟုတ်ပေ၊ သူ့အား ရူးသွားပြီဟုပင် ယူဆသွားနိုင်၏။
ထို့အပြင် မူလနတ်ဘုရား၏ စွမ်းအားကိုလည်း အပြင်သို့ မပေါက်ကြားစေသင့်ဟု သူယူဆသည်။
အဝေးတစ်နေရာတွင်ရှိနေသော ဒဏ်ရာခုနစ်ချက်အဖိုးအိုကလည်း အလွန်စိတ်ရှုပ်ထွေးကာ စိုးရိမ်စိတ်အပြည့်ဖြင့် ရှိနေ၏။
"တိုက်ပွဲက... မကြာခင် အနိုင်အရှုံးပေါ်တော့မယ်၊ ငါတို့ရဲ့ ကံကြမ္မာကိုလည်း ဆုံးဖြတ်တော့မှာပဲ"
ဤအခိုက်အတန့်တွင် သူသည် ကျောက်စိမ်းပြားကို ဆွဲယူပြီး ထွက်ပြေးလိုစိတ်များပင် ဖြစ်ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် ထိုကျောက်စိမ်းပြားထဲ၌ သူ၏အိုမင်းနေသော ခန္ဓာကိုယ်ကို ပြန်လည် နုပျိုစေနိုင်သည့် နတ်ဘုရားအဆင့် နည်းစနစ်တစ်ခု ပါဝင်နေသောကြောင့်ဖြစ်သည်။
သူလည်းသေပြီဆိုတော့ ငါသစ္စာဖောက်ရာလည်း မရောက်တော့ဘူးမှတ်လား။
ဤအချိန်တွင် ချင်းဟုန်မြို့တဝှမ်းမှ လူအများအပြား၏ အကြည့်များသည် လည်း လမ်းစဥ်ရှာဖွေရေးနန်းတော်ဘက်သို့ စူးစိုက်နေကြပြီး ရလဒ်ကို စောင့်မျှော်နေကြသည်။
ထိုအခိုက် ရုတ်တရက်ဆိုသလို ဟင်းလင်းပြင်တွင် လှိုင်းတွန့်တစ်ခု ဖြစ်ပေါ်လာ၏။
"ပြီးသွားပြီ.."
မဟာအုပ်စိုးရှင်အားလုံးက ခံစားချက်မျိုးစုံဖြင့် အခင်းနေရာသို့ စိတ်လှုပ်ရှားစွာ လှမ်းကြည့်လိုက်ကြသည်။
ကောင်းကင်ယံတွင် အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး သွေးနီရောင်ဝတ်ရုံကိုဝတ်ထားသော ချောမောသည့် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်ကို အားလုံးမြင်လိုက်ရသည်။ သူ၏မျက်လုံးများမှာ တောက်ပသော အပြုံးတစ်ခုနှင့်အတူ ဝင်းလက်နေ၏။
ထိုပုံရိပ်ကို မြင်လိုက်ရသည့်ခဏ၌ လူတိုင်း၏ အကြည့်များမှာ တောင့်တင်းသွားကြသည်။
"ဒီတစ်ခါလည်း တကယ်ကြီး သူပဲလား"
"သွေးဝတ်စုံဓားနတ်ဘုရား ထွက်လာပြီ"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ လေ့မိသားစုရဲ့ စစ်သူကြီးလေးယောက်က မဟာအရှင်မီးလျှံနီကိုတောင် သတ်ခဲ့တဲ့သူတွေလေ"
ယင်နတ်ဘုရားတိုင်း၏ နှလုံးသားထဲတွင် ကြီးမားသော ကြောက်ရွံ့တုန်လှုပ်မှုများ ဖြစ်ပေါ်သွားသည်။
သူတို့အနေဖြင့် မည်သို့မအံ့သြဘဲ နေနိုင်မည်နည်း။
လေမိသားစု၏ စစ်သူကြီးလေးဦးမှာ တစ်ဦးချင်းစီတိုင်း ကောင်းကင်ဘုံသို့ ခြေလှမ်းခြောက်လှမ်းအဆင့်တွင် ရှိကြသည်။
ခြေလှမ်းလေးလှမ်းသာရှိသေးသော သွေးဝတ်စုံဓားနတ်ဘုရားက သူတို့လေးယောက်ကို တစ်ယောက်တည်းရင်ဆိုင်ပြီး အနိုင်ယူလိုက်သည်ဆိုသည်မှာ သူတို့၏ စိတ်ကူးထက် ကျော်လွန်နေသော အရာမဟုတ်ပါလား ။
အားမနာတမ်းပြောရလျှင် ဖြစ်ကိုမဖြစ်နိုင်သော အရာပင်။
ဒဏ်ရာခုနစ်ချက်အဖိုးအိုက ကောင်းကင်ပေါ်မှ ခန့်ညားသောပုံရိပ်ကို မျက်မှောင်ကြုတ်ကာ ကြည့်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်သည်။
"ငါ ထွက်မပြေးမိတာ ကံကောင်းသွားတယ်"
မိုင်ပေါင်းထောင်ချီအကွာတွင်ရှိနေသော မဟာအုပ်စိုးရှင်မိုလီ၏ မျက်လုံးများထဲ၌လည်း စူးစမ်းလိုစိတ်များနှင့်အတူ နားမလည်နိုင်ခြင်းများ ပြည့်နေ၏။
"သူ ဘယ်လိုနိုင်သွားတာလဲ"
ရှေးဟောင်းမှန်ချပ်ထဲမှ ပုံရိပ်က မှတ်ချက်ချသည်။
"တိုက်ပွဲက အသက်ရှူကြိမ် ငါးရာလောက်ထိကြာပြီးမှ ပြီးသွားတယ်၊ သူ့ရဲ့ အစွမ်းက သာမန်ပါပဲ"
အကယ်၍ ကျိယွမ်ကသာ ဒဏ္ဍာရီလာအဆင့်တစ်ဦး ဖြစ်ခဲ့လျှင် တိုက်ပွဲကို အသက်ရှူကြိမ် သုံးဆယ်အောက်အတွင်း အဆုံးသတ်နိုင်ပေလိမ့်မည်။
"ဒါပေမဲ့..."
မှန်ထဲမှပုံရိပ်၏အသံက အနည်းငယ် ပြောင်းလဲသွားသည်။
"သူ့ရဲ့ ခန္ဓာကိုယ်က... တော်တော်လေး ဆွဲဆောင်မှုရှိတယ်၊ သူ့ရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ငါ လိုချင်တယ်"
"သခင်က သူ့ရဲ့ အလောင်းကို ဘယ်တော့ရမှာလဲ၊ သူ့ခန္ဓာကိုယ်နဲ့ ကစားရတာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းမှာပဲ"
မိုလီက သူမ၏ နှုတ်ခမ်းကို လျှာဖြင့် လျက်ရင်း တပ်မက်စွာပြောလိုက်သည်။
အများအမြင်တွင် လှပပြီးမြင့်မြတ်သော မိုလီ၏စရိုက်မှာ အချိန်ကြာမြင့်စွာကပင် လူမသိသူမသိပျက်စီးနေခဲ့လေပြီ။
"ငါ့ကို ရက်နည်းနည်းလောက် အချိန်ပေး..."
မှန်ထဲမှ ပုံရိပ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
မိုလီ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်လာ၏။
"သခင်ရဲ့ ဝိညာဉ်က သွေးဝတ်စုံဓားနတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲမှာ.....ဟင်း ဟင်း.. ဘယ်လောက်တောင် သာယာဖို့ ကောင်းလိုက်မလဲ"
ကံမကောင်းစွာဖြင့် ကျိယွမ်သည် သူမ၏ အတွေးများကို မသိနိုင်ခဲ့ပါ။
ကျိယွမ်သည် အင်တာနက်မှတစ်ဆင့် လူများကို ခြေရာခံနိုင်သော်လည်း အရာရာကို သိမြင်နိုင်သူတော့ မဟုတ်ပါ၊ သို့မဟုတ်ပါက မိုလီ ဘာတွေးနေသည်ကို သိလျှင် ဤကဲ့သို့ စိတ်ဖောက်ပြန်နေသော မိန်းမကို ထိုနေရာ၌ပင် သေချာပေါက် အစဖျောက်လိုက်ပေလိမ့်မည်။
ထိုအချိန်တွင် ကျိယွမ်က လမ်းစဥ်ရှာဖွေရေးနန်းတော်မှ လူများကို ညွှန်ကြားချက်အချို့ ပေးနေ၏။
"လေ့မိသားစုရဲ့ စစ်သူကြီးလေးယောက်ကို ရှင်းပစ်ပြီ၊ ဝူကျွင်းနန်းတော်ရဲ့ တခြားဌာနခွဲတွေကို ဆက်သွယ်ပေးပြီး ပြောပေးပါ ၊မူလနတ်ဘုရားမျှဝေခြင်းအသင်းက လောကက သူရဲကောင်းအားလုံးကို စုစည်းပြီး လောကရဲ့ နည်းစနစ်အားလုံးကို စုဆောင်းမယ်၊ အမှောင်နေမင်းကို ဖယ်ရှားပြီး ကပ်ဘေးကြီးကို ဖျက်ဆီးပစ်မယ်လို့ "
မည်သို့ပင်ဖြစ်စေ နည်းစနစ်များကို စုဆောင်းရန်ကတော့ လိုအပ်သည်။
အနည်းငယ်မျှပင် ဖြစ်ပါစေ၊ ကျိယွမ်သည် မည်သည့် အကျိုးကျေးဇူးကိုမဆို ငြင်းပယ်မည်မဟုတ်ပါ။
ကျိယွမ်၏ ညွှန်ကြားချက်ကိုကြားသောအခါ ဝူကျွင်း၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
ဤတိုက်ပွဲ၏ ရလဒ်မှာ သူ့အတွက် အလွန်အကျူး အံ့သြစရာ မဟုတ်ပါ။
သွေးဝတ်စုံဓားနတ်ဘုရားမှာ ဒဏ္ဍာရီအဆင့်နှင့် ယှဉ်နိုင်သော စွမ်းအား ရှိပြီးသားဖြစ်သောကြောင့် လေ့မိသားစု စစ်သူကြီးလေးဦးကို အနိုင်ယူခြင်းမှာ မဖြစ်နိုင်သော အရာတော့မဟုတ်ချေ။
"ကောင်းပါပြီ"
ဝူကျွင်းက ရိုသေစွာ တုန့်ပြန်လိုက်သည်။
သွေးဝတ်စုံဓားနတ်ဘုရား ပြသခဲ့သောစွမ်းဆောင်ရည်ကြောင့် လမ်းစဥ်ရှာဖွေရေးဗဟိုနန်းတော်သည် ၎င်း၏ ရပ်တည်ချက်ကို ပြောင်းလဲပြီး မူလနတ်ဘုရားမျှဝေခြင်းအသင်းကို ထောက်ခံလာနိုင်၏။
ဒဏ်ရာခုနစ်ချက်အဖိုးအိုနှင့် ဖုန်းကျွင်းတို့မှာ တိတ်ဆိတ်စွာအတူတူ ရပ်နေကြပြီး အတွေးနက်နေကြပုံရသည်။
သူတို့သည် ကျိယွမ်ကို ယခင်နှင့်မတူသော အမြင်ဖြင့် ကြည့်နေ၏။
ကျိယွမ်က ရေခဲတောင်သခင်မနှင့် မီးလျှံဧကရာဇ်တို့ဘက်သို့ လှည့်ကာ သက်ပြင်းချလိုက်သည်။
"ကန်းလန်နယ်မြေရဲ့ ပတ်ဝန်းကျင်တင်မကဘဲ အထက်ဘုံရဲ့ ပတ်ဝန်းကျင်ကိုပါ ပြုပြင်ဖို့ လိုအပ်နေပြီဆိုတာ ငါ သိလိုက်ရတယ်"
"ဟင်"
မီးလျှံဧကရာဇ်မှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
ကျိယွမ်က အခြားသူများ ချက်ချင်းနားမလည်နိုင်သော စကားများကို အဘယ့်ကြောင့်ပြောတတ်သနည်း။
ဒဏ်ရာခုနစ်ချက်အဖိုးအိုလည်း အလွန်ရှုပ်ထွေးသွားသည်၊
သူက ဘာလို့ အထက်ဘုံကို ထည့်ပြောရတာလဲ။
ကန်းလန်နယ်မြေမှ လူများအတွက် အထက်ဘုံဆိုသည်မှာ ဒဏ္ဍာရီတစ်ခုသာဖြစ်၏။
ကန်းလန်နယ်မြေမှ မည်သည့် ယင်နတ်ဘုရားမျှ အထက်ဘုံသို့ တက်လှမ်းနိုင်ခြင်း မရှိခဲ့ဖူးပါ။
ထိုအခိုက် ရှန်းဝူရှန်းက အလေးအနက် ခေါင်းညိတ်ပြီး ဝင်ပြောသည် ။
"အထက်ဘုံရဲ့ ပတ်ဝန်းကျင်က တကယ်ကို ဆိုးရွားပါတယ်၊ အဲဒီက ကျင့်ကြံသူတွေက အရမ်း ရန်လိုကြတယ်၊ တစ်ခါတလေ ကျွန်တော်က တစ်ခုခုကို အမှတ်တမဲ့လေပြောလိုက်မိရင်တောင် တစ်ယောက်ယောက်က အဲ့ဒီစကားကို အထအနကောက်ပြီး ကျွန်တော့်ကို အသေအလဲ စိန်ခေါ်ချင်နေကြတာမျိုး"
ရှိနေသောကျင့်ကြံသူများမှာ ကြောင်အ သွားကြသည်၊ အထူးသဖြင့် ဒဏ်ရာခုနစ်ချက်အဖိုးအိုက ရှန်ဝူရှန်းကို ဇဝေဇဝါဖြင့် ကြည့်မိ၏။
ကျိယွမ်မှာလည်း အံ့သြသွားသည်။
"ငါတို့ ကြုံတွေ့ရတာချင်း တူနေသလိုပဲ၊ ဒါနဲ့ မင်းက ဘာပြောလိုက်လို့လဲ"
"လွန်ခဲ့တဲ့ နှစ်တွေက စီနီယာအစ်ကိုတစ်ယောက်ရဲ့ ကျင့်ကြံဖော်က ကလေးမွေးတော့ ကျွန်တော်က 'ခင်ဗျားသားက ခင်ဗျားနဲ့ မတူဘူး၊ ကျွန်တော်နဲ့ နည်းနည်းတူနေတယ်' လို့ ပြောလိုက်မိတယ်၊ အကျိုးဆက်ကတော့... ဟင်း..."
ရှန်းဝူရှန်းက စိတ်ပျက်စွာ သက်ပြင်းချလိုက်၏။ သူက ထိုကိစ္စတွင် မတရားအနိုင်ကျင့်ခံရသည်ဟု တွေးကာ စိတ်မကောင်းဖြစ်ခဲ့ရသည်။
၎င်းကို ကြားလိုက်ရသောအခါ ခန်းမအတွင်းရှိလူများအားလုံး ဆွံ့အသွားကြကုန်၏။
ဒီကောင် ဦးနှောက်မှပါရဲ့လား။
အတန်ကြာမှ ဒဏ်ရာခုနစ်ချက်အဖိုးအိုက မှတ်ချက်ပေးလိုက်သည်။
"မင်းခံရတာ တန်ပါတယ်"
ကျိယွမ်က လေးနက်စွာပြော၏။
"တကယ်ပဲ၊ အဲဒီမှာ ရန်လိုမှုတွေ အရမ်းများနေတာကိုး၊ သူက သူ့ရဲ့ ကျင့်ကြံဖော်ကို လုံလုံလောက်လောက် မယုံကြည်ဘူးပဲ၊ ဒါနဲ့ မင်းက သူ့ကျင့်ကြံဖော်နဲ့ ရင်းနှီးလို့လား"
"အရမ်းရင်းနှီးတာပေါ့၊ သူက ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းလေ၊ မဟုတ်ရင် သူမကလေးမွေးတဲ့အချိန် ကျွန်တော်က ဘာလို့ အဲဒီမှာ ရှိနေမှာလဲ"
ရှန်းဝူရှန်းက ရိုးသားစွာ ပြန်ပြောသည်။
ကျိယွမ်သည်လည်း ဘာမှဆက်မပြောနိုင်ဖြစ်သွားရရှာ၏။
ထိုအရာက ယုံကြည်မှုနှင့်တိုင်းတာနိုင်သော ကိစ္စမဟုတ်တော့ပေ။
ဒါကြောင့် EQ နည်းတဲ့လူတွေက... ပါးစပ်ပိတ်ထားသင့်တာပဲ။
မည်သို့ဆိုစေကာမူ ရှန်းဝူရှန်း ပြောပြသည့် အချက်များကို ခဏဖယ်ထားလျှင်တောင် အထက်ဘုံ၏ ပတ်ဝန်းကျင်မှာ အမှန်တကယ်ပင် ရန်လိုမှုများပြားနေ၏။
"ငါသာ အထက်ဘုံကို ရောက်သွားရင် အဲဒီက ပတ်ဝန်းကျင်ကို သေချာပေါက် ပြုပြင်ရမယ်"
ကျိယွမ်က အလေးအနက်ဆိုသည်။
"အစ်ကိုကျိ.. ခင်ဗျားက အထက်ဘုံကို သွားလို့မရဘူးလေ၊ ခင်ဗျားရဲ့ အဆုံးအမတွေကို ကျွန်တော့်ကို ဘာလို့ လက်ဆင့်မကမ်းပေးတာလဲ၊ ကျွန်တော် ရှန်းဝူရှန်းက သေချာပေါက် အထက်ဘုံကို တက်လှမ်းပြီး အဲဒီက ပတ်ဝန်းကျင်ကို ပြုပြင်ပေးမယ်ဆိုတဲ့ ခင်ဗျားရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်"
အခွင့်သာခိုက် ရှန်းဝူရှန်းက မျှော်လင့်ချက်အပြည့်ဖြင့် စိတ်အားထက်သန်စွာ တောင်းဆိုမိပြန်သည်။
"ပါးစပ်ပိတ်ထားစမ်း"
ငေါက်ငမ်းရုံသာမက ကျိယွမ်က တစ်ခါတည်းပိတ်ပင်လိုက်တော့သည်။
ဂါထာတစ်ခုကြောင့် ရှန်းဝူရှန်း၏ ပါးစပ်မှာ ချက်ချင်းပင် အသံတိတ်သွားလေ၏။
ရှေးက ဆရာသခင်ကြီးတွေ လူတွေရဲ့ ပါးစပ်ကို ပိတ်ရတာ ဘာလို့ ဝါသနာပါသလဲဆိုတာ မဆန်းတော့ဘူး၊ တစ်ယောက်ယောက်ကို ပါးစပ်ပိတ်ခိုင်းလိုက်ရတာက တော်တော်လေး ခံစားလို့ကောင်းတာပဲ။
"ငါ အထက်ဘုံကို သွားပြီး ပတ်ဝန်းကျင်ကို မပြုပြင်နိုင်ဘူးလို့ ဘယ်သူပြောလဲ။"
"ဒီနေ့ပဲ ကြည့်လေ ၊ ထိုက်ဟွမ်နန်းတော်က တပည့်တစ်ယောက် မောက်မာနေလို့ ဘာဖြစ်သွားလဲ၊ ငါ့ရဲ့ အမြုတေနှစ်ခုနဲ့ အစိမ်းလိုက် ရိုက်သတ်တာ ခံလိုက်ရတယ် မဟုတ်လား"
ကျိယွမ်က ရှန်းဝူရှန်းကို ဆူပူလိုက်သည်။
အမြဲတမ်းချောင်ကပ်ကာ တိတ်ဆိတ်နေခဲ့သော ဆိုးသွမ်းအင်မော်တယ်မျက်လုံးများ ပြူးသွား၏။
"အမြုတေနဲ့ ရိုက်သတ်လိုက်တာလား"
တိုက်ပွဲအတွင်း ကောင်းကင်ယံ၌ အလင်းတစ်ချက် ဖျတ်ခနဲ ပေါ်လာသည်ကို သူ ရုတ်တရက် သတိရသွားသည်။
မူလနတ်ဘုရားက လူတွေကို မကျေနပ်တိုင်း သူ့အမြုတေနဲ့ ထုရိုက်နေတာပေါ့။
"အခုလေးတင် ဖြစ်သွားတာလား"
ရေခဲတောင်သခင်မက ကောင်းကင်သို့ မသိမသာ မော့ကြည့်လိုက်သည်။
"နင်က အထက်ဘုံကို တကယ်ကြီး လှမ်းရိုက်နိုင်တယ်ပေါ့"
ဖုန်းကျွင်းနှင့် ဒဏ်ရာခုနစ်ချက်အဖိုးအိုတို့မှာ ၎င်းကို ကြားလိုက်ရသောအခါ ဘာတွေပြောနေကြမှန်း မသိဘဲ မှင်တက်သွားကြ၏။
"ငါ့ရဲ့ အမြုတေတွေက ကောင်းကင်ဘုံအားလုံးကို ထင်ဟပ်နိုင်တယ်၊ ဒါကြောင့် အထက်ဘုံကို လှမ်းရိုက်နိုင်တာက သဘာဝပါပဲ "
ကျိယွမ်က မထူးဆန်းသလို ဖြေလိုက်သည်။
"သဘာဝတဲ့လား.."
ရေခဲတောင်သခင်မမှာ ဘာဆက်ပြောရမှန်းမသိဖြစ်သွားရှာသည်။
ကောင်းကင်ဘုံများအား ထင်ဟပ်နိုင်ခြင်းဆိုသည်မှာ တင်စားချက်တစ်ခုသက်သက်သာဖြစ်ကြောင်း အဘိုးပြောပြသည်ကို သူမ ကြားဖူးခဲ့ပါသည်။
ကြယ်တစ်လုံးကို ယူပြီး လူတွေကို ဒီအတိုင်း ပေါက်ထည့်လို့ရတာက သဘာဝတဲ့လား ။
သေချာသည်ကတော့ လူသားတို့သိထားသော သဘာဝမဟုတ်တန်ရာ။
"ငါ့ကို လိပ်စာတစ်ခုပေးရင် ကွန်ရက်ကနေတစ်ဆင့် ငါ လှမ်းရိုက်နိုင်တယ်"
ကျိယွမ်က ထိုကိစ္စကို ဆက်မပြောတော့ဘဲ သူ့အားကြောင်တောင်တောင်ကြည့်နေသူများကို ဖြည်းညှင်းစွာ ပြောလိုက်သည်။
"နောက်သုံးရက်နေရင် ငါ ယူထျန်းနယ်မြေကိုသွားပြီး အမှောင်နေမင်းကို ကိုယ်တိုင်ဖျက်ဆီးမယ်"
"ဘာ..."
ကျိယွမ်သည် နောက်ထပ် ထိတ်လန့်ဖွယ် သတင်းတစ်ခုကို ကြေညာလိုက်ခြင်းပင်။
ဒဏ်ရာခုနစ်ချက်အဖိုးအို၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။
"ဓားနတ်ဘုရား..အမှောင်နေမင်းဆီကို သွားတာက... မစဉ်းစားသင့်ဘူး၊ အဲဒီမှာ သေချာပေါက် ဒဏ္ဍာရီအဆင့် ပညာရှင်တွေ ရှိနေလိမ့်မယ်"
သွေးဝတ်စုံဓားနတ်ဘုရားသည် လေ့မိသားစု စစ်သူကြီးလေးဦးကို အနိုင်ရပြီးနောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသွားမည်ကို သူ စိုးရိမ်နေသည်။
ထို့ကြောင့် အမှောင်နေမင်း၏ စွမ်းအားကို သူ အလျင်အမြန် ထောက်ပြလိုက်ရ၏။
"အဲဒါကြောင့်ပဲ ငါ သုံးရက်အတွင်း သွားမှာလေ"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။သူ့အတွက် လက်ရှိ အရေးအကြီးဆုံးအရာမှာ ရှန်းဝူရှန်း၏ တာဝန်များကို အပြီးသတ်ရန်ပင်။
အထက်ဘုံမှ နည်းစနစ်များကသာ အဖိုးတန်ဆုံးဖြစ်ပြီး အမှောင်နေမင်းက ဘာမှအရေးမပါပေ။
အမှောင်နေမင်းနှင့် အခြားကန်းလန်နယ်မြေ အင်အားစုများ၏ နည်းစနစ်များမှာ ဒုတိယဦးစားပေးအဆင့်သာရှိ၏။
ဤသို့ ပြောပြီးနောက် ကျိယွမ်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားသည်။
"ရှန်းဝူရှန်း လိုက်ခဲ့စမ်း..."
.........
ထိုအချိန်တွင် ဖုန်းထျန်းနယ်မြေရှိ ယင်နတ်ဘုရားအားလုံးမှာ နေမထိထိုင်မသာဖြစ်နေကြသည်။
ပထမအချက်မှာ သူတို့ထင်သလိုဖြစ်မလာခဲ့ဘဲ သွေးဝတ်စုံဓားနတ်ဘုရားက လေ့မိသားစု စစ်သူကြီးလေးဦးကို အလွယ်တကူ အနိုင်ယူလိုက်ခြင်းဖြစ်၏။
ဒုတိယအချက်မှာ မူလနတ်ဘုရား မျှဝေခြင်းအသင်း၌ နတ်ဘုရားအဆင့် နည်းစနစ်ကြီး ပေါ်ထွက်လာခြင်းပင်။
ဒဏ္ဍာရီထဲတွင်ပင် မမြင်ဖူးသော နတ်ဘုရားအဆင့် နည်းစနစ်။
မည်သည့်ယင်နတ်ဘုရားက မမက်မောဘဲ နေနိုင်မည်နည်း။
နတ်ဘုရားအဆင့်နည်းစနစ်တစ်ခုကို ရရှိခြင်းက သူတို့၏ စွမ်းအားကို လုံးဝပြောင်းလဲသွားအောင် မြှင့်တင်ပေးနိုင်မည်မဟုတ်ပါလား။
ထိုအခါ ကပ်ဘေးဆိုးကြီးနှင့် ရင်ဆိုင်ရာတွင်လည်း အသက်ရှင်သန်နိုင်ခြေ ပိုများလာမည်ဖြစ်သည်။
"နှမြောစရာပဲ၊ နတ်ဘုရားအဆင့် နည်းစနစ်က အရမ်းစျေးကြီးလွန်းတယ်၊ ငါတို့ ဝယ်နိုင်မှာ မဟုတ်ဘူး"
"ဝယ်နိုင်ရင်တောင် ၊ ငါတို့ဆီမှာ အသင်းကျောက်စိမ်းပြားမှ မရှိတော့တာ"
"ငါတို့ ကျောက်စိမ်းပြားတွေကို မူလနတ်ဘုရား မျှဝေခြင်းအသင်းဆီ ပြန်အပ်ခဲ့တာကို တကယ် နောင်တရမိတယ်"
ယင်နတ်ဘုရားများမှာ နောင်တများဖြင့် ပြည့်နှက်နေပြီး တသသဖြစ်နေကြ၏။
"သွေးဝတ်စုံဓားနတ်ဘုရားက အမှောင်နေမင်းကို ဖျက်ဆီးဖို့ ကြေညာလိုက်ပြီ၊ မင်းတို့ ဘယ်လိုထင်သလဲ"
ယင်နတ်ဘုရားများသည် မိမိတို့အချင်းချင်းသာ တိုးတိုးတိတ်တိတ် ဆွေးနွေးဝံ့ကြပြီး သွေးဝတ်စုံဓားနတ်ဘုရားကို တိုက်ရိုက်ရင်ဆိုင်ရန်တော့ မည်သူမျှ မဝံ့ရဲကြပါ။
သွေးဝတ်စုံဓားနတ်ဘုရားသည် လေ့မိသားစုစစ်သူကြီးလေးဦးကိုပင် သတ်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ်ကောင်းသော၊ သွေးအေးလူသတ်သမားဖြစ်သည်။ ယခုအချိန်မှ သူတို့ပြန်သွားကြလျှင် သွေးဝတ်စုံဓားနတ်ဘုရားကို သေချာဒေါသထွက်သွားစေပြီး သူ့တို့အား သတ်ဖြတ်ပစ်နိုင်၏။
"တကယ်လို့ သွေးဝတ်စုံဓားနတ်ဘုရားသာ အမှောင်နေမင်းဆီမှာ သေသွားရင်... အဲဒါက အကောင်းဆုံးပဲ"
ယင်နတ်ဘုရားတစ်ဦးက မည်သူမှမထင်မှတ်ထားသောစကားကို စပြောသည်။
အကယ်၍ ထိုသို့ဖြစ်လာလျှင် သူတို့အနေဖြင့် မူလနတ်ဘုရား မျှဝေခြင်းအသင်းကို ဖျက်ဆီးပြီး အတွင်းရှိ နတ်ဘုရားအဆင့်နည်းစနစ်များကို သိမ်းယူနိုင်မည်မဟုတ်ပါလား။
"ဒါက.."
ကျန်သော ယင်နတ်ဘုရားများတိတ်ဆိတ်သွားကြပြီး အတွေးမျိုးစုံပေါ်လာကြ၏။
အကယ်၍ သွေးဝတ်စုံဓားနတ်ဘုရားကသာ သူတို့လိုသာမန်ယင်နတ်ဘုရားတစ်ဦး ဖြစ်ခဲ့လျှင် ထိုနတ်ဘုရားအဆင့်နည်းစနစ်ကို လုယူရန် သူတို့စုပေါင်းပြီးသားဖြစ်ခဲ့မည်မှာ သေချာလေသည်။
သို့သော် သွေးဝတ်စုံဓားနတ်ဘုရား၏ စွမ်းအားမှာ အလွန်ပင် ကြီးမားနေသဖြင့် မည်သူမှ လုရန်မကြံစည်ဝံ့ကြပေ။
ဤသို့ဖြင့် တစ်ရက်ကုန်လွန်သွားပြီး လမ်းစဥ်ရှာဖွေးရေးနန်းတော်မှာလည်း ပုံမှန်အတိုင်းပင် ရှိ၏။
ရှန်းဝူရှန်းကတော့ ပုံမှန်မဟုတ်ရှာပါ။
သူ့ခမျာ တစ်ချိန်လုံး ပါးစပ်ပိတ်ခံထားရသဖြင့် ဝမ်းနည်းပူဆွေးနေရသည်။
ဝူကျွင်းကတော့ နန်းတော်၏ အခွဲအသီးသီးကို ဆက်သွယ်ရန် အလုပ်များနေခဲ့၏။
ဒဏ်ရာခုနစ်ချက်အဖိုးအိုကတော့ မိတ်ဆွေဟောင်းများနှင့် အဆက်မပြတ် ဆက်သွယ်နေပြီး နတ်ဘုရားအဆင့်နည်းစနစ်နှင့် လဲလှယ်ရန် နည်းစနစ်များကို အားကြိုးမာန်တက်စုဆောင်းနေသည်။
အလုပ်ရှုပ်နေသော ဒဏ်ရာခုနစ်ချက်အဘိုးအိုထံသို့ လုံချန်း ထပ်မံရောက်လာခဲ့သည်။
သူက ဒဏ်ရာခုနစ်ချက်အဖိုးအိုကို ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်ကာ မေး၏။
"ခင်ဗျား ဖုန်းနန်းတော်ရဲ့ ဖိတ်ကြားချက်အကြောင်း ကြားပြီးပြီလား"
"အင်း..."
ဒဏ်ရာခုနစ်ချက်အဖိုးအိုက မျက်မှောင်ကြုတ်လိုက်သည်။
သွေးဝတ်စုံဓားနတ်ဘုရားက လေ့မိသားစုစစ်သူကြီးလေးဦးကို အနိုင်ယူပြီးနောက် ဖုန်းထျန်းနယ်မြေတွင် လှုပ်ခတ်မှုများစွာ ဖြစ်ပေါ်လာ၏။
ဖုန်းနန်းတော်သခင်မမိုလီက ယင်နတ်ဘုရားအားလုံးကို သူမ၏နန်းတော်တွင် စုဝေးရန် ရုတ်တရက် ဖိတ်ကြားခဲ့၏။
ဒဏ်ရာခုနစ်ချက်အဖိုးအို ရရှိထားသော သတင်းအရ ထိုလူများသည် စုပေါင်းပြီး သွေးဝတ်စုံဓားနတ်ဘုရားကို နတ်ဘုရားနည်းစနစ်များအပ်နှံရန် "ဖိအားပေး" ရန် စီစဉ်နေပုံရသည်။
"သူတို့က တော်တော် သတ္တိရှိတာပဲ၊ သူတို့ကို ဘယ်သူက အဲဒီလို သတ္တိမျိုး ပေးလိုက်တာလဲဆိုတာ ငါ တကယ် သိချင်မိတယ်"
ဒဏ်ရာခုနစ်ချက်အဖိုးအိုက ထိုအဖွဲ့ကို ရူးများရူးသွားကြသလားဟုပင် ထင်မိ၏။
ကောင်းကင်ဘုံသို့ ခြေခြောက်လှမ်းအဆင့်ရှိတဲ့သူ လေးယောက်ကို တစ်ယောက်တည်းနဲ့ သတ်ပစ်တဲ့သူကို သူတို့က ဘာအားကိုးနဲ့ ရန်ဘက်လုပ်ချင်နေတာလဲ။
သူ တွေးမရပါ။
ဖုန်းနန်းတော်၏ ဖိတ်ကြားချက်နှင့် ပတ်သက်၍ မူလနတ်ဘုရား မျှဝေခြင်းအသင်းမှ ယင်နတ်ဘုရားများကတော့ သေချာပေါက် တက်ရောက်မည်မဟုတ်ပေ။
"ကျုပ်လည်း ဒီစုဝေးပွဲကို မသွားချင်ဘူး"
လုံချန်းကလည်း မတတ်ရောက်ချင်ကြောင်း ဆို၏။
ဖုန်းထျန်းနယ်မြေတွင် ရှိနေသူဖြစ်သောကြောင့် သူသည်လည်း ဖိတ်ကြားချက်ကို ရရှိထားသည်။
သို့သော် သူ၏ လက်ရှိအစီအစဉ်မှာ ဒဏ်ရာခုနစ်ချက်အဖိုးအိုနှင့် ပူးပေါင်းကာ အမှတ်များများရအောင်လုပ်ပြီး နတ်ဘုရားအဆင့်နည်းစနစ်နှင့် လဲလှယ်ရန်သာဖြစ်၏။
ဖုန်းနန်းတော် ကိစ္စအတွက်မူ သူ ပါဝင်ပတ်သက်လိုခြင်း မရှိပါ။
"မိုလီက ဒဏ္ဍာရီလာ ရတနာတစ်ခုကို ထုတ်ပြပြီး တခြားယင်နတ်ဘုရားတွေကို စုစည်းမယ်ထင်တယ် ၊ သူက နတ်ဘုရားအဆင့်နည်းစနစ်နဲ့ လဲလှယ်ဖို့အတွက် ကြီးမားတဲ့ ပေးဆပ်မှုတစ်ခုခု လုပ်ချင်တာလည်း ဖြစ်နိုင်တာပဲ"
ဒဏ်ရာခုနစ်ချက်အဖိုးအိုက တစ်ခုခုကို တွေးမိသလို ရေရွတ်လိုက်ပြီးနောက် ထိုကိစ္စကို ဘာမှဆက်မပြောတော့ပါ။
"ထားလိုက်တော့ .မင်းဆီမှာ အခုနည်းစနစ်ဘယ်လောက်ပါလဲ"
သုံးရက်ဆိုသောအချိန်က လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
ကျိယွမ်က သူ၏ ခန္ဓာကိုယ်ကို ပျင်းရိစွာ ဆန့်ထုတ်လိုက်၏။ ယနေ့မှာတော့ ရှန်းဝူရှန်း ယူလာသော တာဝန်များအားလုံး ပြီးဆုံးသွားခဲ့လေပြီ။
အသက်ရှူအကြိမ် အနည်းငယ်အကြာတွင် ရှန်းဝူရှန်းသည် ကျိယွမ်၏ ဘေး၌ ပေါ်လာ၏။
"တာဝန်တွေအားလုံး ပြီးပြီ၊ အထက်ဘုံကို မြန်မြန်ပြန်ပြီး ငါ့အတွက် နတ်ဘုရားအဆင့်နည်းစနစ်နဲ့ လဲပေးချေ"
ကျိယွမ်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
သူ့အတွက် နတ်ဘုရားအဆင့်နည်းစနစ်တစ်ခု ရရှိခြင်းသည် အနည်းဆုံး ကြယ်တာရာအမြုတေ သုံးခုကို ပေါင်းစည်းခြင်းနှင့် ညီမျှ၏။
ပြောရလျှင် ကျိယွမ်ကျမ်း၏အမြုတေအခန်းကို နတ်ဘုရားနည်းစနစ်တစ်ခုဖြင့် မြှင့်တင်ခြင်းက အနည်းဆုံး ကြယ်တာရာအမြုတေ သုံးခုကို ထွက်ပေါ်စေမည်ဟု ဆိုလိုသည်။
ထို့ကြောင့် ၎င်းမှာ ကျင့်စဉ်များ စုဆောင်းရုံသာမကဘဲ အမြုတေများကို ပေါင်းစည်းနေခြင်းဟုပင် ဆိုနိုင်သည်။
ကျိယွမ်က ထိုသို့တွေးမိရင်းမှ ရှနိးဝူရှန်းအား ကြည့်၏။ ရှန်းဝူရှန်းက ယခုထိ တိတ်ဆိတ်နေပြီး သူ့အားကြောင်တောင်တောင် ကြည့်နေလေသည်။
"မင်း ဘာလို့ ဘာမှမပြောတာလဲ၊ ငါနဲ့ မလဲချင်တော့ဘူးလား"
ကျိယွမ်က ဇဝေဇဝါဖြင့် မေးလိုက်၏။
"ငါက မင်းရဲ့ ကျင့်စဉ်တွေကို ပြုပြင်ပေးဖို့ အချိန်အများကြီးပေးခဲ့ရတာ ၊ မင်းက ငါ့အလှည့်ကျတော့ ကပ်သပ်တယ်ပေါ့"
သို့သော် ရှန်းဝူရှန်းက ခေါင်းကိုသာခါပြနေပြီး အသံထွက်မလာပေ ။
"မင်း..ဒါက ဘာအချိုး..အဲ"
ကျိယွမ် စပ်ဖြီးဖြီးဖြစ်သွား၏။
"မင်းကို ပါးစပ်ပိတ်ထားတာ မေ့သွားတယ်"
ကျိယွမ်က အနေခက်စွာ ပြုံးပြလိုက်၏။
သူသည် ရှန်းဝူရှန်းကို ၃ရက်တိတိ ပါးစပ်ပိတ်ထားမိခဲ့လေ၏။
နည်းနည်းတောင် သနားသွားပြီ။
သူ၏ လက်ကို တစ်ချက် ဝေ့ယမ်းလိုက်သောအခါ ရှန်းဝူရှန်းသည် နောက်ဆုံးတွင် စကားပြောနိုင်စွမ်း ပြန်လည်ရရှိသွားသည်။
"အစ်ကိုကျိ..ကျွန်တော် အထက်ဘုံကို ပြန်တော့မယ်၊ ခင်ဗျားက အမှောင်နေမင်းရဲ့ ဌာနချုပ်ကို သွားတော့မှာဆိုတော့ သေမလား ရှင်မလား မသေချာဘူး၊ အဲဒါကြောင့် ခင်ဗျားရဲ့လမ်းစဥ်တွေကို အခုအချိန်မှာ ကျွန်တော့်ကို ပေးခဲ့တာက ..."
"ပါးစပ်ပိတ်စမ်း"
ကျိယွမ်က သူ့အား ချက်ချင်း ပါးစပ်ပြန်ပိတ်လိုက်တော့သည်။
ဒီကောင် အခုချိန်ထိ အသက်ရှင်နေသေးတာ တော်တော် အံသြဖို့ကောင်းနေပြီ။
"ဒီဂါထာက နောက်ထပ် သုံးရက်ပဲ ကြာလိမ့်မယ်၊ အဲဒီနောက်မှာ သူ့ဘာသာ ပြေလျော့သွားလိမ့်မယ်၊ ကျောက်စိမ်းပြားတွေ အားလုံး ဒီမှာပဲ၊ အခု အထက်ဘုံကို အမြန်ပြန်တော့"
ကျိယွမ်က သနားမိသည်ကိုပင် နောင်တရသွားသည်။
ရှန်းဝူရှန်းက ကျောက်စိမ်းပြားများကို ယူလိုက်ပြီး ကျိယွမ်ကို တစ်ခုခုပြောချင်သလို ဝမ်းနည်းစွာ ကြည့်၏။
"ကြည့်မနေနဲ့ လစ်.."
ကျိယွမ်က ရှန်းဝူရှန်းအား အခန်းအပြင်သို့ ဖုန်းခနဲ ကန်ထုတ်ပေးလိုက်သည်။
ထို့နောက် သူက ကောင်းကင်ကို ကြည့်လိုက်ပြီး သက်ပြင်းချ၏။
"အင်း၊ အမှောင်နေမင်းဆီကို သွားဖို့ အချိန်တန်ပြီ"
သို့သော် ထိုအချိန်မှာပင် ဒဏ်ရာခုနစ်ချက်အဖိုးအိုထံမှ အသံလှိုင်းဖြင့် သတင်းပို့ချက် ရောက်လာသည်။
"စီနီယာ..ဖုန်းနန်းတော်သခင်မ မိုလီက သူဖိတ်ထားတဲ့အတိုင်း ဒီနေ့ ယင်နတ်ဘုရားတွေကို နန်းတော်မှာ လက်ခံကျင်းပနေပြီး ၊ ခင်ဗျားကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်၊ သူမက အခု လမ်းစဥ်ရှာဖွေရေးနန်းတော်မှာ စောင့်နေပါတယ်"
"ဟမ်.."
ကျိယွမ်မှာ ခဏမျှ ကြောင်အသွားပြီးနောက် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"သူက ငါ့ကို အခမ်းအနားနဲ့ ချစ်ရေးဆိုဖို့ ပြင်နေတာလား"
"သတိထားပါ စီနီယာ ၊ ဒါက ထောင်ချောက်တစ်ခုလည်း ဖြစ်နိုင်တယ်"
ဒဏ်ရာခုနစ်ချက်အဖိုးအိုက ရိုးသားစွာ သတိပေးသည်။
ကျိယွမ်က ခေါင်းခါ၏။
"ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ၊ ကျုပ်ရဲ့ ဘယ်ဘက်မျက်ခုံးက တလှုပ်လှုပ် ဖြစ်နေတာ၊ ဒါက လာဘ်ကောင်းမယ့် နိမိတ်ပဲ။ဆိုလိုတာက သူက ငါ့ကို ချစ်ရေးဆိုပြီး ဒဏ္ဍာရီလာ ရတနာကို ပေးတော့မယ်ထင်တယ်"
"အင်း.. ငါ သူ့ကို အထင်လွဲခဲ့တာပဲ၊ သူက မိန်းမကောင်းလေးတစ်ယောက်ပါလား"
ကျိယွမ် သက်ပြင်းချလိုက်သည်။
"ဘယ်ဘက်ကလှုပ်ရင် လာဘ်ရတယ်၊ ညာဘက်က လှုပ်ရင် ဘေးတွေ့တယ်" ဆိုသည့် စကားပုံရှိသည်မဟုတ်ပါလား။သေချာပေါက် လာဘ်ရမည့် ဖိတ်ကြားချက်ပင်။
"ဒါနဲ့ ခင်ဗျား ဘယ်လိုထင်သလဲ၊ တကယ်လို့ မိုလီက ကျုပ်ကို ချစ်ရေးဆိုလာရင် လက်ခံသင့်လား"
ကျိယွမ်က ဒဏ်ရာခုနစ်ချက်အဖိုးအိုကို မေးလိုက်သည်။
သူ ဝေခွဲမရ ဖြစ်နေ၏။ အမှန်ဆိုရလျှင် သူလက်မခံချင်ပါ ။ မိုလီက လှပသော်လည်း သူမအပေါ် မည်သည့်ခံစားချက်မှ မရှိပေ။
သို့သော်လည်း ပြဿနာက သူသည် မိုလီအား သူ့ကို ချစ်ရေးဆိုရန် ခဏခဏတိုက်တွန်းမိခဲ့၏။
အခုမှ ငြင်းလိုက်ရင် ငါကပလေးဘွိုင်းလို ဖြစ်မသွားပေဘူးလား။
ဒဏ်ရာခုနစ်ချက်အဖိုးအိုမှာ ဘာပြန်ပြောရမှန်း မသိဖြစ်သွား၏။
ထိုစဉ်မှာပင် ဆွဲဆောင်မှုရှိသော အသံတစ်ခု လွင့်ပျံလာသည်။
"သွေးဝတ်စုံဓားနတ်ဘုရား၊ ရှင် အချိန်ဆိုရင် ရှင်နဲ့ စကားပြောဖို့ ကျွန်မက ဖုန်းနန်းတော်ကို ဖိတ်ကြားချင်ပါတယ်"
မိုလီသည် နန်းတော်ရှေ့တွင် ရပ်နေပြီး ရွှေရောင်ဇာဂါဝန်ကို ဝတ်ဆင်ထား၏။ သူမ၏ သွယ်လျသော ခါးလေးမှာ ပါးလွှာသော အထည်သားမှတစ်ဆင့် ပေါ်လွင်နေပြီး သူမ၏ ဝမ်းဗိုက်သားမှာ အဖြူရောင်တွင် ပန်းရောင်သန်းနေကာ လျှို့ဝှက်ဆန်းကြယ်သော တက်တူးများဖြင့် တန်ဆာဆင်ထား၏။ ထို့အပြင် သူမ၏ ချက်အထက်တွင် အလှဆင်ပစ္စည်းတစ်ခုရှိနေပြီး သူမကို ပို၍ပင် ဆွဲဆောင်မှုရှိစေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျိယွမ်သည် မိုလီ၏ရှေ့တွင် ပေါ်လာ၏။
"မင်း နောက်ဆုံးတော့ ငါ့ကို ဒဏ္ဍာရီလာ ရတနာ ပေးတော့မှာပေါ့လေ"
------------------