← Chapters

ထိုက်ဟွမ်နန်းတော်

Vol. 23 Ch. 263

ထိုက်ဟွမ်နန်းတော်

Vol. 23 Ch. 263

ခန်းမကြီးအတွင်း၌ ကျိယွမ်သည် ကျောက်စိမ်းပြားအတွင်းရှိ အချက်အလက်များကို စိုက်ကြည့်နေသည်။

ထိုအခိုက်အတန့်တွင် အခြားသူများမမြင်နိုင်သည့် ဖုံးကွယ်နေသော အချက်အလက်များ သူ၏မျက်လုံးများတွင် စတင်ပေါ်ထွက်လာ၏။

၎င်းတွင် ယခုနည်းစနစ်၏ အားနည်းချက်များအပြင် တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန် အကြံပြုချက်များနှင့် အခြားအရာများကို အသေးစိတ် ဖော်ပြထားသည်။

ယခင်ကဆိုလျှင် ကျိယွမ်၌ ဤမျှအထိအသေးစိတ်ကျသော အချက်အလက်များကို မြင်နိုင်စွမ်း ရှိမည်မဟုတ်ပါ။

သူမြင်နိုင်လျှင်ပင် ၎င်းတို့ကို ဖြေရှင်းရန် ခက်ခဲနေပါလိမ့်မည်။

သို့သော် ယခုအခါတွင်မူ သုံးပါးတစ်ဆူနတ်မင်းကြီးများကို ပုံရိပ်ဖော်ကြည့်ပြီးဖြစ်သလို စိတ်ဝိညာဉ်ပေါင်း ၄,၇၅၂ ခုနှင့် ပေါင်းစပ်ပြီးနောက်တွင် ကျိယွမ်၏ ကျင့်ကြံအဆင့်နှင့် နားလည်သဘောပေါက်မှုသည် ထိတ်လန့်ဖွယ်ရာ အမြင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူသည် ကျောက်စိမ်းပြားကို ကြည့်နေရင်းမှ သူ၏အကြည့်များမှာ ပို၍ ပြင်းထန်လာသည်။

ရှန်းဝူရှန်းသည် ဘေးတွင် ရပ်နေပြီး ကျိယွမ်ကိုတစ်လှည့် ကျောက်စိမ်းပြားကိုတစ်လှည့်ကြည့်ကာ ဇဝေဇဝါဖြစ်နေ၏။

သူယူဆောင်လာသော တာဝန်များထဲတွင် ဟွာမြို့တော်၏မဟာအုပ်စိုးရှင် နှင့်ပတ်သက်သော တာဝန်မှာ အခက်ခဲဆုံးများထဲတွင် ပါဝင်လေသည်။

ဖုထူတောင်၏ အရှင်သခင်ပင်လျှင် ၎င်းကို လွယ်ကူစွာမဖြေရှင်းနိုင်ပါ။

ကျိယွမ်သည်လည်း မည်သို့ဖြေရှင်းနိုင်မည်နည်း။.

သို့သော် ကျိယွမ်၏ လေးနက်နေသောဟန်ပန်ကြောင့် သူ နားမလည်နိုင် ဖြစ်နေသည်။

"သူက ဒါကို တကယ်ပဲ အတည်လုပ်နေတာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား။ ငါ့ကို လိမ်မယ်ဆိုရင်တောင် ဘာလို့ အမွှေးတိုင်တစ်ဝက်ဆိုတဲ့ အချိန်ကန့်သတ်ချက်ကို ထည့်ထားရတာလဲ"

ရှန်းဝူရှန်းက သူ့ဘာသာ မသေမချာ တွေးနေသည်။

အမွှေးတိုင်ဝက်ဆိုသည်မှာ အချိန်ခဏအတွင်း ကုန်ဆုံးသွားမည်ဖြစ်ရာ လိမ်ညာရန်အတွက် အချိန်မလုံလောက်ပေ။

ဒါဆို သူက... တကယ်ပဲ အတည်လုပ်နေတာလား။

အကယ်၍ ထိုသို့သာဆိုလျှင်..။

ရှန်းဝူရှန်း မသိမသာဖြင့်တံတွေးမြိုချလိုက်သည်။

ထိုသို့ဆိုလျှင် ကျိယွမ်သည် အထက်ဘုံ၌ပင်လျှင် နှစ်ပေါင်းထောင်ချီကြာအောင် မမြင်တွေ့ခဲ့ရဖူးသော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်နေသည်ဟု ဆိုလိုရာ မရောက်ပေဘူးလား။

အမွှေးတိုင်ဝက်သည် ခဏအတွင်း ကုန်ဆုံးသွား၏။ ကျိယွမ်သည် ကျောက်စိမ်းပြားကို ကိုင်မြှောက်ကာ ရှန်းဝူရှန်းဆီသို့ ခပ်ပေါ့ပေါ့ပင် ပစ်ပေးလိုက်သည်။

"တာဝန်ပြီးပြီ၊ ဘာမှ သိပ်မခက်ခဲပါဘူး"

ရှန်းဝူရှန်းက ကျောက်စိမ်းပြားကို အမြန်ဖမ်းယူလိုက်ပြီး အလွန်စိတ်အားထက်သန်နေ၏။ သူ၏ နတ်ဘုရားအာရုံသည် ကျောက်စိမ်းပြားအတွင်းသို့ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။

ကျိယွမ်က သူ့အားမယုံသလိုလုပ်နေသော ရှန်းဝူရှန်းကို မဲ့၏။

"ပြဿနာကို ဖြေရှင်းပြီးပြီ၊ ပြီးတော့ နည်းစနစ်ကို မြှင့်တင်ဖို့အတွက် နည်းနည်း ပြန်ပြင်ပေးထားတယ်။

မဟုတ်ရင် ဒီပြဿနာကို ဖြေရှင်းလိုက်ရင်တောင် ဒီလူက ဒဏ္ဍာရီအဆင့်ကို ရောက်သွားတဲ့အခါ အားအနည်းဆုံး အမျိုးအစား ဖြစ်နေဦးမှာပဲ"

သူက အရေးမပါသလို ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

ရှန်းဝူရှန်းသည် ကျောက်စိမ်းပြားအတွင်းရှိ အချက်အလက်များကို ကြည့်ရင်း ကြည့်ရင်းမှ တုန်လှုပ်မှုလှိုင်းလုံးကြီးတစ်ခုကို ခံစားလိုက်ရသည်။

ဤတုန်လှုပ်မှုသည် ကျိယွမ်က သူ့ကို အလွယ်တကူ အနိုင်ယူစဉ်ကထက် ဆယ်ဆ၊ အဆတစ်ရာမက ပိုမိုပြင်းထန်သည်။

ကျိယွမ်၏ပါရမီသည်... အထက်ဘုံ၌ပင်လျှင် အတိတ် ပစ္စုန်ပန် အနာဂတ်သုံးခုလုံး၌ ပြိုင်ဘက်ကင်းဖြစ်လိမ့်မည်ဟု သူအခိုင်အမာပြောနိင်လေပြီ။

ဤနည်းစနစ်၏ ပြဿနာမှာ အမှန်တကယ်ပင် ပြေလည်သွားပြီ မဟုတ်ပါလား။

သူ အားလုံးကိုနားမလည်နိုင်သော်လည်း တစ်ခေါက် ဖတ်ကြည့်လိုက်ရုံနှင့်ပင် အပြစ်ဆိုဖွယ်မရှိသလို ထင်ရသည်။

"အစ်ကိုကျိ... တပည့်တစ်ယောက် လက်ခံဖို့ မစဥ်းစားထားဘူးလား"

ရှန်းဝူရှန်းသည် သူ့ကိုယ်သူ အထက်ဘုံရှိ မြင့်မြတ်သောနေရာတစ်ခုတွင် မွေးဖွားလာသူဟူသော ဂုဏ်ယူဝံ့ကြွားမှုများအားလုံး ပျောက်ဆုံးသွားခဲ့သည်။

ကျိယွမ်၏ လက်ရှိကျွမ်းကျင်မှုအဆင့်သည် ဖုထူတောင်၏ အရှင်သခင်ကိုပင် ကျော်လွန်နေသည်ဟု သူ ခံစားရသည်။

ကျိယွမ်လို လူက သူ့ကိုအမြင့်ဆုံးသို့ရောက်အောင် လမ်းညွှန်ပေးရန်မှာ အလွန့် အလွန်ကို လွယ်ကူနေပေလိမ့်မည်။

၎င်းသည် သူ့အား ကောင်းကင်ဘုံသုံးခု ကြားတွင် အလတ်စားအဆင့်ရှိသော အထွတ်အထိပ် ပါရမီရှင်တစ်ဦး၏ အဆင့်အတန်းသို့ပင် မြှင့်တင်ပေးနိုင်၏။

"မစဥ်းစားဘူး"

ကျိယွမ်က မဆိုင်းမတွ ခေါင်းခါကာ တိုက်ရိုက်ငြင်းပယ်လိုက်သည်။

ဘာလို့တပည့်လက်ခံရမှာလဲ ၊ သပ်သပ် အလုပ်ပိုအောင် ။

သူ၏စကားကို ကြားရသောအခါ ရှန်းဝူရှန်းမှာ စိတ်ပျက်သွားသော်လည်း ဇွဲမလျော့သေးပါ။

"အစ်ကိုကျိ... ခင်ဗျားရဲ့ လမ်းစဉ်က ဆက်ခံသူမရှိဘဲ ဖြစ်သွားမှာကိုတော့ မလိုလားဘူး မဟုတ်လား"

"ဘာကို ဆိုလိုတာလဲ"

ကျိယွမ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

ယဉ်ယဉ်ကျေးကျေး ပြောရလျှင် ရှန်းဝူရှန်းမှာ အလွန်ပွင့်လင်းသူ ဖြစ်ပြီး၊ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူက အသေးအဖွဲကိစ္စများကို ပိုပြီး စိတ်ထဲထားသူဖြစ်သည်။

"အစ်ကိုကျိ...ကန်းလန်ဘုံမှာ မွေးဖွားလာရတာက ကံကြမ္မာအရ မှေးမှိန်ပျောက်ကွယ်သွားဖို့ သတ်မှတ်ထားတာပဲ။"

"ခင်ဗျားရဲ့ လမ်းစဉ်က ဒီမှာတင် အဆုံးသတ်သွားလိမ့်မယ်။အဲဒီတော့ ခင်ဗျားရဲ့ အသိပညာတွေကို အလကားပျောက်ကွယ်ခံမဲ့အစား ဘာလို့ ကျွန်တော့်ကို လက်ဆင့်မကမ်းပေးတာလဲ။ကျွန်တော် ရှန်းဝူရှန်းက ခင်ဗျားရဲ့ သွန်သင်ချက်တွေကို ဘုံအဆင့်ဆင့်ထိ ပျံ့နှံ့အောင် လုပ်ပေးမဲ့သူပဲ"

ရှန်းဝူရှန်းသည် ကျိယွမ်ကို ပြင်းထန်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။

ဒါက သူ့အတွက် အခွင့်အရေးပဲ။

ကန်းလန်ဘုံသည် ပိတ်ဆို့ခံထားရသော ကမ္ဘာတစ်ခုဖြစ်ပြီး တတိယကောင်းကင်ဘုံ၏ ယန်နတ်ဘုရားတစ်ပါးနှင့် ဆက်နွှယ်နေသည်ဟု ကောလာဟလများရှိ၏။

ကျိယွမ်ကဲ့သို့သော အထွဋ်အထိပ် ပါရမီရှင်တစ်ဦး ဤနေရာ၌ မွေးဖွားလာခြင်းမှာ ကံမကောင်းခြင်းပင်ဖြစ်ပြီး သူ့အတွက် အထက်ဘုံသို့ ရောက်ရှိရန် အခွင့်အရေး မရှိပါ။

ထို့ကြောင့် မသေဆုံးမီ သူသိသမျှအားလုံးကို ရှန်းဝူရှန်းအား သင်ကြားပေးခဲ့လျှင် ပိုကောင်းပေလိမ့်မည်။

ကန်းလန်ဘုံသည် လှောင်အိမ်တစ်ခု ဖြစ်သည်။ သူ၏အသိပညာများကို ရှန်းဝူရှန်းအား လွှဲပြောင်းပေးခြင်းဖြင့်သာ ကျိယွမ်၏လမ်းစဉ်သည် ဆက်လက် တည်တံ့နိုင်ပေလိမ့်မည်။

"ခင်ဗျားရဲ့လမ်းစဉ်က ဒီနေရာလေးမှာပဲ အဆုံးသတ်သွားမှာကို မလိုလားဘူး မဟုတ်လား"

ရှန်းဝူရှန်းက ဆက်လက်၍ သူကသာလျှင် တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်ကြောင်းနှင့် ကျိယွမ်၏လမ်းညွှန်မှုများ မရှိလျှင် ကောင်းကင်ဘုံကိုးထပ်ပင် ကြီးမားသော ဆုံးရှုံးမှုကို ခံစားရမည်ဖြစ်ကြောင်း အကျယ်ချဲ့ပြန်၏။

ကျိယွမ်မှာ အမြှုပ်ထွက်မတတ်ပြောနေသော ရှန်းဝူရှန်းကိုကြည့်ကာ စကားမဲ့သွားလေသည်။

ဒီကောင်က ငါ့ကို စောစောစီးစီးသေစေချင်နေတာလား။

သူက ရှန်းဝူရှန်းကို ကြည့်လိုက်သည်။

"မင်းကို တစ်ယောက်ယောက်က အလုပ်များများလုပ်ပြီး စကားနည်းနည်းပြောဖို့များ မပြောဖူးဘူးလား"

ကျိယွမ်တွင် စိတ်ရှည်တတ်သည့် စိတ်ထားရှိပြီး စည်းမျဉ်းများကို လိုက်နာသောကြောင့်သာ ရှန်းဝူရှန်းကို ထိုနေရာ၌တင် မသတ်ခဲ့ခြင်း ပင်။

ဤလောကတွင် EQ နိမ့်သောသူများ အလွန်များပြားနေပြီး၊ သူကဲ့သို့ EQ မြင့်ကာ စကားကို ကောင်းမွန်စွာပြောဆိုတတ်သူများ အလွန်နည်းပါးနေခြင်းက သူ့အားစိတ်ဆင်းရဲစေ၏။

သူ၏ EQ ကမည်မျှမြင့်သနည်းဆိုလျှင် သူစကားအနည်းငယ် ပြောလိုက်ရုံဖြင့် သူ၏ဂျူနီယာညီမလေး ကျန်းလင်းစုကို ပျော်ရွှင်သွားစေနိုင်ပြီး သူမက သူ့ကို ဝိညာဉ်ကျောက်တုံးများနှင့် နည်းစနစ်များစွာ ပေးခဲ့သည်က သက်သေပင်။

ထိုအရာက EQ မြင့်ခြင်းနှင့် နိမ့်ခြင်းကြားက ခြားနားချက်ပင်။

ဤရှန်းဝူရှန်းကတော့ ...။

"အစ်​ကိုကျိ ..ကျွန်တော်က အမှန်တရားကိုပဲ ပြောတာပါ"

ရှန်းဝူရှန်းက အရှုံးမပေးလိုသေးပေ။

"ကန်းလန်ဘုံမှာ အထွဋ်အထိပ် ပါရမီရှင်တွေ အများကြီး ရှိခဲ့တယ်။ ကျွန်တော် မှတ်မိသလောက်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းလောက်တုန်းကလည်း ကန်းလန်ဘုံက တကယ့်ကြောက်စရာကောင်းတဲ့ပါရမီရှင်တစ်ယောက် ရှိခဲ့တယ်။"

"အဲ့ဒီ ပါရမီရှင်က သူ့ရဲ့ ကိုယ်ပိုင်နည်းစနစ်တွေကို ဖန်တီးခဲ့ပြီး ကပ်ဘေးဆိုးကြီးကို တွန်းလှန်ခဲ့တာ၊ ဆဌမမြောက်ကောင်းကင်ဘုံက ပုဂ္ဂိုလ်ရဲ့ အာရုံစိုက်မှုကိုတောင် ရခဲ့ပြီး အဲ့ဒီလူကိုယ်တိုင် သူ့ကို သတ်ဖို့ ဆင်းလာခဲ့ရတယ်"

ထိုပါရမီရှင်၏အကြောင်းပြောဆိုစဉ် ရှန်းဝူရှန်းမှာ အားကျအတုယူမှုများဖြင့် ပြည့်နှက်နေသည်။

မူလက ကန်းလန်ဘုံ၏ ကပ်ဘေးဆိုးကြီးသည် နှစ်ပေါင်းတစ်သန်းလျှင် တစ်ကြိမ် ဖြစ်ပွားလေ့ရှိသည်။

သို့သော် ထိုပါရမီရှင်က မည်သည့်နေရာမှန်းမသိ ပေါ်ထွက်လာပြီး နှစ်ပေါင်း သောင်းဂဏန်းအတွင်းမှာတင် ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့၏၊ သူ၏ အစွမ်းအထက်ဆုံး အချိန်ရောက်သောအခါ ယန်နတ်ဘုရား အဆင့်သို့ပင် တက်လှမ်းနိုင်ခဲ့သည်။

သူသည် ကပ်ဘေးကြီးကို တစ်ယောက်တည်းဖြင့် ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့ပြီး လောကတွင် ပြိုင်ဘက်ကင်းဖြစ်လာခဲ့ရာ ကောင်းကင်ဘုံများမှ ရန်သူများကို ဆွဲဆောင်သလိုဖြစ်သွားခဲ့သည်။ ဤသို့ဖြင့် ဆဋ္ဌမမြောက်ကောင်းကင်ဘုံမှ ယန်နတ်ဘုရားတစ်ပါးသည် သူ့ကို သတ်ရန် ကိုယ်တိုင် ဆင်းသက်လာခဲ့ရသည်။

သူ၏ ပါရမီမှာ အထက်ဘုံ၌ပင် အလွန်ရှားပါးလှ၏။

မည်သို့ပင်ဆိုစေကာမူ ကပ်ဘေးကြီး၏ နောက်ကွယ်မှ ကြိုးကိုင်နေသူများသည် ကန်းလန်ဘုံတွင် ယန်နတ်ဘုရားအဆင့်ကို နှစ်ပေါင်း တစ်သန်းမပြည့်မီ ရောက်ရှိနိုင်သည့် ဤကဲ့သို့ ထိတ်လန့်ဖွယ်ပါရမီရှင်မျိုး ပေါ်ထွက်လာလိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့ကြပါ။

ထိုပြဿနာကြောင့်ပင် သူတို့သည် မူလက နှစ်ပေါင်းတစ်သန်းပြည့်မှ တစ်ကြိမ် ဖြစ်ပွားသော ကပ်ဘေးဆိုးကြီးကို နှစ်ပေါင်း သုံးသိန်းလျှင် တစ်ကြိမ်သို့ ပြောင်းလဲခဲ့ကြသည်။ အနာဂတ်တွင် ထိုပြဿနာမျိုးထပ်မံ မပေါ်ပေါက်လာစေရန် ကာကွယ်ခဲ့ခြင်းပင်။

"အဲ့ဒီလို အထွဋ်အထိပ်အဆင့်ခွန်အားကြီးသူတောင် ကပ်ဘေးကြီးမှာ ကျဆုံးခဲ့ရတယ်။အစ်ကိုကျိ...ကပ်ဘေးကြီးကျရောက်ဖို့ နှစ်ပေါင်း ရာဂဏန်းပဲ ကျန်တော့တဲ့ အချိန်မှာ ခင်ဗျားအသက်ရှင်ဖို့ အခွင့်အရေး မရှိတော့ဘူး။ ဆရာ....ဆရာ့အတွက် တပည့်ကို အသက်ရှင်ခွင့်ပေးပါ"

ရှန်းဝူရှန်းက အရှက်မရှိ ပြောလိုက်သည်။

"လစ်လိုက်တော့"

ကျိယွမ်သည် ရှန်းဝူရှန်းအား ဖုန်းခနဲ ကန်ထုတ်လိုက်ရာ ခန်းမအပြင်ဘက်သို့ လွင့်ထွက်သွားသည်။

စကားကို အဆင်ပြေအောင် မပြောတတ်သူတစ်ယောက်နှင့် ဆက်သွယ်ရသည်မှာ အမှန်တကယ်ပင်ပင်ပန်းလှသည်။

EQ နိမ့်သောသူများသည် ပါးစပ်ပိတ်ထားသင့်၏။

အကယ်၍ သူသာ စကားပြောတိုင်း အမှန်တကယ် ဖြစ်လာစေနိုင်သော စွမ်းအားကို ရရှိခဲ့မည်ဆိုလျှင် "EQ နိမ့်သူအားလုံး ဆွံ့အသူများ ဖြစ်ရမည်" ဟူသော ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းတစ်ခုကို ဖန်တီးမည်ဟု ကျိယွမ် ဆုံးဖြတ်လိုက်သည်။

..........

လမ်းစဥ်ရှာဖွေရေးနန်းတော်အတွင်း၌ ဒဏ်ရာခုနှစ်ချက်အကြီးအကဲသည် လိပ်အိုကြီးတစ်ကောင်ကဲ့သို့ ပျင်းရိစွာ လှဲလျောင်းနေသည်။

လုံချန်း၏ တစ္ဆေပုံရိပ်သည် သူ့ဘေးတွင် ရပ်နေပြီး မျက်လုံးများက ရှုပ်ထွေးနေပုံရ၏။

"သွေးဝတ်စုံဓားနတ်ဘုရားက တကယ်ပဲ မထွက်သွားဘူးလား"

ပြီးခဲ့သည့်အကြိမ်က လုံချန်းသည် သူ၏ နည်းစနစ်များကို လွှဲပြောင်းပေးပြီးနောက် အခြားသော ယင်နတ်ဘုရားများကဲ့သို့ပင် ထွက်ခွာသွားရန် ရွေးချယ်ခဲ့သည်။ သို့သော် အခြားသူများနှင့်မတူသည်မှာ သူသည် သူ၏ကျောက်စိမ်းပြားကို မူလနတ်ဘုရား မျှဝေခြင်းအသင်းသို့ ပြန်မပေးခဲ့သလို ၎င်းတို့နှင့် ဆက်ဆံရေးကိုလည်း ဖြတ်တောက်ခြင်း မရှိခဲ့ပါ။

"ငါလို လူအိုကြီးကတော့ ဓားနတ်ဘုရား နေနေ၊ သွားသွား ဂရုမစိုက်ပါဘူး"

ဒဏ်ရာခုနှစ်ချက်အကြီးအကဲက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

သူ၏ သက်တမ်းမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီး မျှော်လင့်ချက်လည်း မရှိတော့ရာ သေခြင်းတရားက သူ့ကိုမခြိမ်းချောက်နိုင်တော့ပေ။

"အိုး...သွေးဝတ်စုံဓားနတ်ဘုရားက ကျောက်စိမ်းပြားထဲကို နည်းစနစ်တချို့ အခုလေးတင် ထပ်တင်ပေးလိုက်တယ်။ အသုံးဝင်တာ ရှိမလား ကြည့်လိုက်ဦးမယ်"

လုံချန်း ကျောက်စိမ်းပြားပေါ်မှ ပြောင်းလဲမှုကို သတိပြုမိသွားပြီး

သူ၏ စစ်မှန်သောကိုယ်ထည်၏ နတ်ဘုရားအာရုံသည် ကျောက်စိမ်းပြားအတွင်းသို့ ဝင်ရောက်သွားသည်။

လုံချန်းသည် ယင်နတ်ဘုရားတစ်ပါးဖြစ်ပြီး သူကျင့်ကြံသော နည်းစနစ်မှာ အလယ်အလတ်အဆင့် ကောင်းကင်အဆင့်နည်းစနစ် ဖြစ်သည်။

မူလနတ်ဘုရားမျှဝေခြင်းကျောက်စိမ်းပြားတွင် အဆင့်မြင့် ကောင်းကင်ဘုံနည်းစနစ် အချို့ကို တွေ့လိုက်စဥ်က

သူ၏ အဓိကနည်းစနစ်ကို ပြောင်းလဲ၍ မရသော်လည်း၊ ကိုးကားရန်အတွက် သူနှင့် လမ်းစဥ်တူသော နည်းစနစ်အချို့နှင့် လဲလှယ်ခြင်းသည် သူ့အတွက် တိုးတက်မှုတစ်ခုဟု သူကယူဆထား၏။

ဒဏ်ရာခုနှစ်ချက်အကြီးအကဲက ရယ်မောလိုက်သည်။

"ငါလည်း မင်းလို နှစ်နည်းနည်းလောက်ပိုငယ်ဦးမယ်ဆိုရင် မင်းလို ဖြစ်နေမှာပဲ"

ယခုမူ သူသည် ကြိုးစားရန် လက်လျှော့လိုက်လေပြီ။

ဖိုရမ်အတွင်းရှိ နည်းစနစ်အချို့မှာ အလွန်ကောင်းမွန်သော်လည်း သူ့အတွက်မူ အရေးမပါတော့ပါ။

ထိုအခိုက်မှာပင် လုံချန်း၏ အပြုံးသည် ရုတ်တရက် အေးခဲသွား၏။

သူက ဒဏ်ရာခုနှစ်ချက်အကြီးအကဲကို ကြည့်လိုက်ပြီး အလောတကြီးတိုက်တွန်းလိုက်သည်။

"ခင်ဗျား ကျောက်စိမ်းပြားထဲက နည်းစနစ်တွေကို တကယ် ကြည့်သင့်တယ်"

အကြီးအကဲက လုချန်းအား လှောင်သလိုပြုံး၏။

" ဘာစိတ်ဝင်စားဖို့ကောင်းတဲ့ နည်းစနစ်တွေများ ရှိလို့လဲကွာ ၊ အသုံးမှ မဝင်တော့တာ"

သူက ရယ်မောရင်းမှ ခေါင်းခါပြီး ဝင်ကြည့်ရန်ပင် ပျင်းရိနေသည်။

ဒီအရွယ်ကြီးရောက်မှတော့ ကောင်းကင်အဆင့်ထိပ်တန်းနည်းစနစ်တွေကလည်း အသုံးမဝင်တော့ဘူး။

"ကြည့်သာ ကြည့်လိုက်စမ်းပါ၊ ခင်ဗျား သိပါလိမ့်မယ်

လုံချန်း၏မျက်လုံးများမှာ ပြင်းထန်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။ သူ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သတိထပ်ပေးလိုက်သည်။

"ဒါကို မြင်ပြီးရင် ခင်ဗျား... အထူးသဖြင့် နာကျင်ရလိမ့်မယ်"

"ငါက သေရမှာကို မကြောက်ဘူးဆိုမှတော့ နာကျင်ရမှာကိုလည်း မကြောက်တော့ပါဘူး"

အကြီးအကဲက ရယ်မောရင်း သူ၏ နတ်ဘုရားအာရုံကို ကျောက်စိမ်းပြားအတွင်းသို့ ပို့လွှတ်လိုက်သည်။

"ဘာများ စိတ်ဝင်စားဖို့ကောင်းလဲ ကြည့်ကြသေးတာပေါ့..."

ထိုသို့ပြောနေရင်း သူ၏ အမူအရာမှာ အေးခဲသွားပြီး မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

"နတ်ဘုရားအဆင့်... နည်းစနစ်လား"

ဒဏ်ရာခုနှစ်ချက်အကြီးအကဲ၏ မုတ်ဆိတ်မွေးများ တုန်ခါသွားပြီး လှဲလျောင်းနေရာမှ ဝုန်းခနဲထထိုင်လိုက်၏။

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီလောကမှာ နတ်ဘုရားအဆင့်နည်းစနစ်တစ်ခု ဘယ်လိုရှိနိုင်မှာလဲ"

နတ်ဘုရားအဆင့်နည်းစနစ်ဆိုသည်မှာ ယန်နတ်ဘုရားတစ်ပါးမှ ဖန်တီးထားသော နည်းလမ်းဖြစ်သည်။

ကန်းလန်ဘုံတွင် ယန်နတ်ဘုရားမရှိပါ ၊ ထို့ကြောင့် နတ်ဘုရားနည်းစနစ်များလည်း မရှိခဲ့ပါ။

နတ်ဘုရားနည်းစနစ်နှင့် ကောင်းကင်အဆင့်နည်းစနစ်တို့ကြား ခြားနားချက်မှာ အလွန်ကြီးမားလှ၏။

နတ်ဘုရားနည်းစနစ်၏ ပထမဆုံးအပိုင်းကို မြင်လိုက်ရရုံဖြင့် ဒဏ်ရာခုနှစ်ချက်အကြီးအကဲသည် သူ၏ ကျောင်းသားဘဝမှ အိပ်မက်ချစ်သူကို ပြန်တွေ့လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားခြင်း၊ ဝမ်းသာခြင်းနှင့် တောင့်တခြင်းများဖြင့် ပြည့်နှက်သွားသည်။

"ဒါ တကယ်ပဲ နတ်ဘုရားနည်းစနစ်ပဲ"

သူ၏ လက်များပင် တဆတ်ဆတ်တုန်လှုပ်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။

ယခုလိုတုန်လှုပ်ခြင်းမျိုးနှင့် တစ်ခုခုကို အလွန်အမင်း လိုချင်တပ်မက်သည့် ခံစားချက်မျိုး မရရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမဟုတ်ပါလား။

ထုတ်ဖော်ပြသထားသော အပိုင်းလေးကပင် သူ့ကို ထိန်းချုပ်မှု ကင်းမဲ့သွားစေရန် လုံလောက်လှသည်။

"မင်းပြောတာ မှန်တယ်။ ငါ ဒီ နန်းတော်ကနေ ရုတ်တရက် ထွက်သွားချင်လာပြီ... ပြီးတော့ လူသူကင်းဝေးတဲ့ နေရာတစ်ခုကို ရှာချင်တယ်..."

အကြီးအကဲက သူ့ဘာသာရေရွတ်နေသလိုလို လုံချန်းအားပြောနေသလိုလို တိုးတိုးလေးရေရွတ်နေ၏။

ဒါက နတ်ဘုရားနည်းစနစ်တစ်ခုလေ ၊ နတ်ဘုရားအဆင့်...

အကယ်၍ သူသာ ၎င်းကို အောင်မြင်စွာလဲလှယ်ပြီး စိတ်ဝင်တစား လေ့လာနိုင်မည်ဆိုလျှင် ကြီးမားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးမှာ သေချာသည်။

ထိုခဏအတွင်း သူသည် ပြန်လည်စိမ်းစိုရှင်သန်လာသော သစ်ပင်ခြောက်ကြီး ကဲ့သို့ အမှန်တကယ် ခံစားလိုက်ရ၏။

လုံချန်း၏ အမူအရာသည်လည်း တည်ကြည်သွားသည်။

"အခု လေ့မိသားစုရဲ့စစ်သူကြီး လေးယောက် မရောက်လာသေးခင်မှာ ကျုပ်တို့ ထွက်သွားမယ်ဆိုရင် အချိန်မှီသေးတယ်။ကျုပ်တို့ရဲ့ အရင်းအမြစ်တွေကို အတူတူစုပြီး ဒီနတ်ဘုရားနည်းစနစ်ကို လဲလှယ်ကြရအောင်"

"ဒါက..."

ဒဏ်ရာခုနှစ်ချက်အကြီးအကဲ ဝေခွဲမရ ဖြစ်သွားရသည်။

အကယ်၍ သူ ထိုသို့လုပ်ဆောင်မည်ဆိုလျှင် ၎င်းသည် သွေးဝတ်စုံဓားနတ်ဘုရားကို သစ္စာဖောက်ခြင်း ဖြစ်သွားပါလိမ့်မည်။

သို့သော် ဤနတ်ဘုရားနည်းစနစ်သည်... သူ့အား ဘဝသစ်တစ်ခု ရရှိသကဲ့သို့ အမှန်တကယ်ပင် ဆွဲဆောင်နေ၏။

သို့သော် ခဏတွေဝေပြီးနောက် သူ တစ်ခုခုကို စဉ်းစားမိသွားပြီး အကြည့်များက ပြတ်သားသွားသည်။

"ငါတို့က တစ်ဖက်သတ်တွေးနေမိတာပဲ ၊ သွေးဝတ်စုံဓားနတ်ဘုရားက လေ့မိသားစုရဲ့ စစ်သူကြီး လေးယောက်ကို ကိုင်တွယ်နိုင်တာမျိုးရော မဖြစ်နိုင်ဘူးလား"

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ မဟာအရှင် မီးလျှံနီတောင် လေ့မိသားစုရဲ့ စစ်သူကြီးလေးယောက် လက်ချက်နဲ့ အသတ်ခံခဲ့ရတာ။ သွေးဝတ်စုံဓားနတ်ဘုရားက သူတို့ကို ဘယ်လိုလုပ် ခုခံနိုင်မှာလဲ"

လုံချန်းက ထိုအကြံကို ချက်ချင်း ပယ်ချလိုက်သည်။

"ဒါပေမဲ့ မဟာအရှင်မီးလျှံနီက နတ်ဘုရားနည်းစနစ်တစ်ခုကို မထုတ်ပေးနိုင်ခဲ့ဘူးလေ... မင်း နတ်ဘုရားနည်းစနစ်ရှိတဲ့ တစ်ယောက်ယောက်ကို တွေ့ဖူးလို့လား"

ဒဏ်ရာခုနှစ်ချက်အကြီးအကဲက ချက်ကျလက်ကျ ပြန်ပြောလိုက်သည်။

"ဒါဆိုရင်..."

ရုတ်တရက်၊ ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု လုံချန်း၏ စိတ်ထဲသို့ ဝင်လာ၏။

ကပ်ဘေးဆိုးကြီးကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သော တားမြစ်ပုဂ္ဂိုလ်တစ်ဦးကို သူ သတိရသွားသည်။

သွေးဝတ်စုံဓားနတ်ဘုရားသည် ထိုပုဂ္ဂိုလ်နှင့် ဆက်နွှယ်နေခြင်းများ ရှိနေမလား...။

"ဒါဆို... သွေးဝတ်စုံဓားနတ်ဘုရားကလည်း ချွင်းချက်တစ်ခု ဖြစ်နေနိုင်မလား။လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းလောက်တုန်းက ကန်းလန်ဘုံမှာ ချွင်းချက်တစ်ခု ပေါ်ခဲ့ဖူးတယ်၊ အဲ့ဒီလူက နောက်ဆုံးမှာ ကျရှုံးသွားခဲ့ပေမဲ့ပေါ့။"

"အခုလည်း...ကန်းလန်ဘုံမှာ နောက်ထပ် ချွင်းချက်တစ်ခု ထပ်ပေါ်လာတာလား"

ဒဏ်ရာခုနှစ်ချက် အကြီးအကဲကလည်း ထိုသို့ တွေးတောနေသည်။

လုံချန်းမှာလည်း ခဏမျှ မှင်တက်သွားပြီး သူ၏ အတွေးများက ပို၍ မြန်ဆန်လာသည်။

"ပြီးခဲ့တဲ့ အကြိမ်တုန်းက ကန်းလန်ဘုံက ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ခံစားခဲ့ရတယ်။ အခုတစ်ကြိမ်... ငါတို့သာ ကပ်ဘေးဆိုးကြီးကို မခုခံနိုင်ဘူးဆိုရင် ကန်းလန်ဘုံအတွက် တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူး"

ဒဏ်ရာခုနှစ်ချက်အကြီးအကဲက ဆွေးမြေ့စွာမြည်တမ်းလိုက်သည်။

သူသည် နန်းတော်မှမထွက်ခွာရန်နှင့် မူလနတ်ဘုရားမျှဝေခြင်းအသင်းမှာပင် နေထိုင်ရန် ဆုံးဖြတ်လိုက်၏။

"အချိန်ရှိတုန်း မင်းသွားတော့ ၊ ငါကတော့ ကပ်ဘေးဆိုးကြီးကို တိုက်ခိုက်ဖို့ ငါ့ရဲ့အဖိုးမတန်တဲ့အသက်ကို လွှင့်ပစ်ထားလိုက်ပြီ"

လုံချန်းက တစ်ခုခုပြန်ပြောရန်ပြင်လိုက်စဥ်မှာပင် အကြီးအကဲ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် ချင်းဟုန်မြို့အထက်ရှိ ကောင်းကင်ယံက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။

ခရမ်းရောင် လျှပ်စီးတန်းများက ကောင်းကင်တစ်ခုလုံးကို တစ်ခဏချင်းအတွင်း ဖုံးလွှမ်းလိုက်ခြင်းပင်။

ကောင်းကင်မှ အရိပ်ဟပ်ခြင်းကြောင့် ချင်းဟုန်တစ်မြို့လုံး၏ မြေပြင်မှာလည်း ခရမ်းရောင်ပြန်လင်းတန်းများ ဖြစ်ပေါ်လာ၏။

ခန့်ညားထည်ဝါပြီး ထစ်ချုန်းနေသော အသံတစ်ခုကို အားလုံးကြားကြိုက်ရသည်။

"သွေးဝတ်စုံ ဓားနတ်ဘုရား၊ မင်းရဲ့ သေခြင်းတရားကို လာပြီး ရင်ဆိုင်စမ်း"

အသံသည် ချင်းဟုန်မြို့တစ်ခွင် ပျံ့နှံ့သွားပြီး ကြားရသော သာမန်ကျင့်ကြံသူများမှာ နေစရာမရှိအောင် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

"နတ်ဘုရားစစ်ပွဲ... စတော့မှာလား"

"ယင်နတ်ဘုရားတစ်ပါးက သွေးဝတ်စုံဓားနတ်ဘုရားကို လာပြီး စိန်ခေါ်နေတာပဲ"

"ဘယ်သူဖြစ်မလဲ"

သာမန်ကျင့်ကြံသူများသည် အပေါ်သို့ မော့ကြည့်လိုက်ကြပြီး၊ စကားပင်ကျယ်ကျယ်မပြောရဲတော့ဘဲ ၎င်းတို့၏ စွမ်းအင်များကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေကြ၏။

ယင်နတ်ဘုရားများသည် သာမန်ကျင့်ကြံသူများနှင့် လုံးဝ မတူညီသော အဆင့်အတန်းတွင် ရှိကြသည်။

အကယ်၍ ယင်နတ်ဘုရားတစ်ပါးက အလိုရှိလျှင် တိုက်ကွက်တစ်ခုတည်းဖြင့် ချင်းဟုန်မြို့ကို ချောက်ကမ်းပါးကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်ပြီး မည်သည့်ကျင့်ကြံသူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပါ။

တစ်ချိန်တည်းမှာပင်၊ မိုင်ပေါင်းထောင်ချီအကွာတွင်ရှိနေသော မဟာအုပ်စိုးရှင်မိုလီ၏ မျက်လုံးများတွင် ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာသည်။

"နှမြောစရာပဲ၊ လေ့မိသားစုရဲ့ စစ်သူကြီး လေးယောက် ရောက်လာပြီ"

ရှေးဟောင်းမှန်အတွင်းမှ ပုံရိပ်ပုံက လည်း စကားဆို၏။

"သွေးဝတ်စုံဓားနတ်ဘုရား အနိုင်ရပါစေလို့ ငါ ရုတ်တရက် မျှော်လင့်မိသွားတယ်"

"အို"

မိုလီအနည်းငယ် အံ့အားသင့်သွားပြီး သူမ၏နှုတ်ခမ်းလေးများပင် ဝိုင်းသွားသည်။

"အဲဒါက နတ်ဘုရားနည်းစနစ်တစ်ခုလေ... ဒီဘုံထဲက ဘယ်နည်းစနစ်နဲ့မှ မတူဘူး။ သူက အထက်ဘုံက လာတာ ဖြစ်နိုင်သလို သူကျင့်ကြံတဲ့ နည်းစနစ်ကလည်း ဒီဘုံက မဟုတ်တာ ဖြစ်နိုင်တယ်။"

"တကယ်လို့ ငါသာ သူ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်မယ်ဆိုရင်... ငါ မင်းကို အထက်ဘုံဆီ ခေါ်သွားနိုင်မှာ"

ရှေးဟောင်းမှန်ထဲမှ အမျိုးသား၏ အသံမှာ ပထမဦးဆုံးအကြိမ်အဖြစ် အနည်းငယ် တုန်ခါနေသည်။

အံသြနေသောမိုလီ၏ မျက်လုံးများမှာလည်း ထက်မြက်သော အလင်းတန်းတစ်ခုဖြင့် လက်ခနဲ ဖြစ်သွား၏။

"အဒီလိုလား.."

တစ်ချိန်တည်းမှာပင် ချင်းဟုန်မြို့တွင်ရှိနေသော ကျိယွမ်သည် သူလေ့လာနေသော ကျောက်စိမ်းပြားကို ချလိုက်ပြီး ကောင်းကင်ယံသို့ လှမ်းကြည့်သည်။

သူက အလွန်ပျင်းရိနေသော အသံဖြင့် အပြစ်တင်၏။

"လေ့မိသားစုရဲ့စစ်သူကြီး လေးယောက်၊ မင်းတို့ အတော်လေး နှေးတာပဲ ၊ ငါ့ကို သပ်သပ်စောင့်ခိုင်းထားတယ်"

ကျိယွမ်သည် ကောင်းကင်သို့ ပျံတက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်လေးခု အနားသို့ရောက်မှ ရပ်တနိ့သည်။

လေ့မျိုးနွယ်စစ်သူကြီးလေးယောက်လုံးသည် ဆံပင်များမှာ ဖားလျားချထားပြီး မျက်လုံးများက မည်သည့်အရာကိုမှ မြင်ပုံမရဘဲ အာရုံစူးစိုက်မှုကင်းမဲ့ကာ နက်မှောင်သော ရေကန်များကဲ့သို့ ခံစားချက်ဗလာဖြစ်နေ၏။

သူတို့၏ ရင်ဘတ်များမှာ ဗလာဖြစ်နေပြီး၊ ဓားဒဏ်ရာများ၊ လှံဒဏ်ရာများဖြင့် ပြည့်နှက်နေကာ ပြင်းထန်သော တိုက်ပွဲများကို ဖြတ်ကျော်လာရသူများအလား ဒဏ်ရာများစွာ ရှိသည်။

တစ်ဦးချင်းစီမှာ ကောင်းကင်ဘုံသို့ခြေခြောက်လှမ်း၏အထွဋ်အထိပ်တွင်နေပြီး ပြင်းထန်သောစွမ်းအင်များ ထွက်ပေါ်နေကာ ဒဏ္ဍာရီလာအဆင့်ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။

(ကောင်းကင်ဘုံသို့ ခြေခုနှစ်လှမ်းအဆင့်ကို ဒဏ္ဍာရီလာအဆင့်ဟု ခေါ်သည်)

ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသောသူများသည် အထက်ဘုံ၌ပင် ပထမတန်းစား အင်အားကြီးသူများအဖြစ် သတ်မှတ်ခြင်း ခံရမည်ဖြစ်၏။

【 ယခင်က ဒဏ္ဍာရီအဆင့် ခွန်အားကြီးသူ ဖြစ်ခဲ့သော လေ့ရှန်းယွီ၏ ကိုယ်ထည် - ၎င်း၏ အခြေခံစွမ်းအင်များ အလုခံရပြီး ရုပ်သေးအဖြစ် အသွင်ပြောင်းခံခဲ့ရကာ အမှောင်နေမင်း၏ အသုံးချခံ နယ်ရုပ်တစ်ခု ဖြစ်လာခဲ့သည်။ 】

ကျိယွမ်သည် သူ၏ မျက်စိရှေ့မှ အချက်အလက်ကို မြင်လိုက်ရသောအခါ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကာ တစ်စုံတစ်ခုကို ဖော်ပြမရနိုင်အောင် ခံစားလိုက်ရသည်။

သူ့ရှေ့တွင် ရှိနေသော လေ့မိသားစုမှ စစ်သူကြီးလေးယောက်မှာ ကျဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်ကာ သူတို့၏ခန္ဓာကိုယ်များကို အမှောင်နေမင်းက အသုံးချကာ စစ်လက်နက်ရုပ်သေးများအဖြစ် ပြောင်းလဲထားခြင်းပင်။

တစ်ချိန်က ဒဏ္ဍာရီအဆင့် ခွန်အားကြီးသူများ ဖြစ်ခဲ့သော်လည်း အသက်ရှင်စဉ်က အခြားသူအတွက်အရင်းအမြစ်များ ဖြစ်ခဲ့ရပြီး၊ သေဆုံးပြီးနောက်တွင်လည်းသူတို့၏ခန္ဓာများကို ရုပ်သေးများအဖြစ် အသွင်ပြောင်းကာ ကပ်ဘေးကြီး၏ နယ်ရုပ်များအဖြစ် အသုံးချခြင်း ခံနေရ၏။

မည်မျှ ဝမ်းနည်းစရာ ကောင်းလှသနည်း။

"အမှောင်နေမင်းရဲ့အမိန့်အရ သွေးဝတ်စုံဓားနတ်ဘုရားဟာ သက်ရှိတွေကို အန္တရာယ်ပြုခဲ့တယ်။ မင်းကို ကွပ်မျက်ရမယ်"

လေ့မိသားစု၏ စစ်သူကြီး လေးယောက်ထဲမှ ခေါင်းဆောင်ဖြစ်သူက မိုးခြိမ်းသကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကျိယွမ်၏ ပတ်ဝန်းကျင်မှာလည်း စတင်ပြောင်းလဲလာ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သည် ဟင်းလင်းပြင်နယ်မြေလွတ် ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။

ကန်းလန်ဘုံ၏ ကောင်းကင်ဘုံတာအို မှာ အစွမ်းထက်လှ၏။မည်သူမဆို ယင်နတ်ဘုရားအဆင့်ခွန်အားနှင့် ထိုအထက်ကျော်လွန်သောခွန်အားကို အသုံးပြုမည်ဆိုလျှင် ၎င်းတို့သည် ဟင်းလင်းပြင်ထဲသို့ ဆွဲသွင်းခြင်း ခံရမည်သာ။

ကျိယွမ်သည် သူ၏ရှေ့ရှိ လေ့မိသားစုစစ်သူကြီး လေးယောက်ကို လေးနက်​စွာ ကြည့်လိုက်သည် ။

"မင်းတို့ ရုပ်သေး လေးကောင်မှာ ကိုယ့်အသိစိတ်နဲ့ကိုယ် ရှိကြလား။ ရှိတယ်ဆိုရင် အမှောင်နေမင်းရဲ့ ဌာနချုပ် ဘယ်မှာလဲဆိုတာ ငါ့ကို ပြောပြ"။

" ငါ့ရဲ့ အချစ်ဦးက (မျှော်လင့်ခြင်းလမင်းက )အဲ့ဒီမှာ ရှိနေတယ်၊ ငါ သူ့ကို တွေ့ဖို့ လိုတယ်"

အစွမ်းထက်သော လေ့မိသားစုစစ်သူကြီးလေးယောက်နှင့် ရင်ဆိုင်နေရသော်လည်း ကျိယွမ်မှာ အလွန်စိတ်အေးလက်အေး ရှိ၏။

သို့သော် လေ့မိသားစုစစ်သူကြီး လေးယောက်၏ မျက်လုံးများမှာ မည်သည့်တုန့်ပြန်မှုမှမရှိဘဲ ပတ်ဝန်းကျင်၌ လျှပ်စီးပင်လယ်ကြီး ဖြစ်ပေါ်လာသည်။

ထိုအခိုက်အတန့်တွင် ရုတ်တရက် လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။

"သူတို့မှာ အသိစိတ် မရှိဘူး"

သဘာဝမကျသောအသံနှင့်အတူ သံချေးတတ်နေသော စက်ရုပ်ငှက်တစ်ကောင် ပေါ်လာ၏။

၎င်းမှာ ကျိယွမ်နှင့် ဝူကျွင်းတို့၏ တိုက်ပွဲနယ်မြေထဲတွင်​ ပေါ်လာခဲ့ဖူးသော စက်ရုပ်ငှက်ပင် ဖြစ်သည်။

"စက်ရုပ်လိုလို ဘာလိုလိုပဲ"

ကျိယွမ်၏ အကြည့်မှာ သံချေးတက်နေသော စက်ရုပ်ငှက်ပေါ်သို့ ကျရောက်သွား၏။

【၄င်းသည် အံ့ဖွယ်ဖန်တီးမှုတစ်ခု ဖြစ်ပြီး အထက်ဘုံရှိ ထိုက်ဟွမ်နန်းတော် မှ စစ်မှန်တပည့်လီချိုးရှန်က ထိန်းချုပ်ထားသည်။ 】

သူ၏ မျက်လုံးများကို ကျဉ်းမြောင်းသွားလေသည်။

ဒါဆို ကပ်ဘေးကြီးက ထိုက်ဟွမ်နန်းတော်နဲ့ ဆက်နွှယ်နေတာလား။

အထက်ဘုံက ထိုက်ဟွမ်နန်းတော်ပေါ့လေ။

စက်ရုပ်ငှက်သည် လေ့မိသားစု စစ်သူကြီး လေးယောက်ထဲမှ ခေါင်းဆောင်ဖြစ်သူ၏ ပုခုံးပေါ်သို့ နားလိုက်ပြီး ၎င်း၏ မျက်လုံးများမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။

"မင်းလို ခွန်အားကြီးသူမျိုးကို အထက်ဘုံမှာသာ ငါတွေ့မယ်ဆိုရင် ငါ အသက်တောင် ဝဝမရှူရဲလောက်ဘူး။ ကံမကောင်းတာက... ဒီနေရာက ဝက်ခြံတစ်ခုပဲ"

ငှက်ရုပ်မှတစ်ဆင့်ထွက်ပေါ်လာသော လီချိုးရှန်း၏ အသံမှာ လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေ၏။

ထိုက်ဟွမ်နန်းတော်၏ စစ်မှန်တပည့်တစ်ဦးအနေဖြင့် ကန်းလန်ဘုံသည် သူတို့အတွက် အမြဲတမ်း ဝက်ခြံတစ်ခုသာ ဖြစ်ခဲ့သည်။

ဤနေရာရှိ သက်ရှိအားလုံးသည် နောက်ဆုံးတွင် ကပ်ဘေးကြီးအတွက် အစာကျွေးခြင်း ခံရမည့်သတ္တဝါများသာဖြစ်ကြ၏။

စစ်မှန်တပည့်များသည် ရံဖန်ရံခါတွင် အောက်ဘုံသို့ ဆင်းသက်လာကြပြီး သူတို့၏ အံ့ဖွယ်ဖန်တီးမှုများကို အသုံးပြုကာ မဟာအုပ်စိုးရှင်အချို့ကို အပျော်တမ်း သတ်ဖြတ်လေ့ ရှိကြသည်။

သို့သော်လည်း အထက်ဘုံတွင်မူ သူတို့သည် ခရမ်းရောင်နန်းတော် အဆင့် သို့မဟုတ် ယင်နတ်ဘုရား အဆင့်ကို စတင်ရရှိရုံသာ ရှိကြ၏။

သို့သော် သူတို့ အောက်ဘုံသို့ ဆင်းလာပြီး သူတို့၏ အံ့ဖွယ်ဖန်တီးမှုများကို ထိန်းချုပ်လိုက်သောအခါတွင်မူ၊ သူတို့ တစ်ချိန်က အထင်ကြီး လေးစားခဲ့ရသော မဟာအုပ်စိုးရှင်များ၏ သေခြင်းတရားကို လွယ်ကူစွာ ဆုံးဖြတ်နိုင်သူများ ဖြစ်လာကြသည်။

ထိုသို့ ဘုံနှစ်ခု၏ အဆင့်တန်းကွာခြားမှုကိုသုံးကာ အနိုင်ကျင့်ရခြင်းမှာ အလွန်အရသာရှိလှ၏။

ဒီကောင့်ကိုလည်း လှလှပပအဆုံးသတ်ပေးရမယ်။

------------------

All Chapters