← Chapters

ဂြိုဟ်ဆိုးမလေးလား

Vol. 1 Ch. 1

ဂြိုဟ်ဆိုးမလေးလား

Vol. 1 Ch. 1

"ငါတို့ ကျန်းမိသားစုတော့ ဒုက္ခရောက်ပြီ... ဒီလို ဂြိုဟ်ဆိုးမကို ကျွေးမွေးထားမိတာကိုး... နင့်ကို မွေးကတည်းက သေးအိုးထဲ ထည့်ပြီး နှစ်သတ်ပစ်ခဲ့သင့်တာ"

"ငါတို့က ဆင်းရဲခံပြီး နင့်ကို အဝတ်အစားလဲဆင်ပေးထားရ အစားလဲ ကျွေးမွေးထားရတယ်... နင်က ဘာလုပ်ပေးလဲ... နင့်ကြောင့် ငါ့ရဲ့သား လက်ကျိုးသွားပြီး စာမေးပွဲဖြေခွင့် လွဲသွားရတယ်... မဟုတ်ရင် ငါ့ရဲ့သားက အစိုးရစာမေးပွဲကို အောင်နေတာ ကြာလှပြီ... အခုလည်း နင့်ကြောင့် ငါ့ရဲ့မြေး ရေထဲကိုပြုတ်ကျရပြန်ပြီ"

"ကျေးဇူးကန်းတဲ့ကောင်မ... နင်က တစ်မိသားစုလုံးကို သေအောင် လုပ်ချင်နေတာလား... ငါသာ နင့်နေရာမှာဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာ ကြာပြီ... အသက်ဆက်ရှင်နေဖို့ မျက်နှာရှိသေးတယ်လား"

ကွမ်အန်းခရိုင် ချင်းရွှေရွာ၌...

ကျန်းမိသားစု၏ အကြီးအကဲဖြစ်သော အဖွားစိုင်သည် နံနက်စောစောစီးစီးတွင် ဖျားနာနေသော လေးနှစ်အရွယ် မြေးယောက်ျားလေးကို ပွေ့ချီကာ ခြံဝင်းထဲ၌ မတ်တတ်ရပ်ကာ ထင်းတဲဘက်သို့ လက်ညှိုးထိုး၍ ကျယ်လောင်စွာ ဆဲဆိုကြိမ်းမောင်းနေတော့သည်။

သူမ ဤမျှထိ ဆဲဆိုနေသောသူမှာ ရက်စက်ကြမ်းကြုတ်သော လူယုတ်မာတစ်ဦး မဟုတ်ဘဲ နျိုနျိုဟုခေါ်သော ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးပင်။

ထိုမိန်းကလေးငယ်သည် ထင်းတဲထဲရှိ ကောက်ရိုးပုံပေါ်တွင် လဲနေရှာသည်။ သူမ၏ခန္ဓာကိုယ်သည် ပူကျစ်နေပြီး သူမ၏မျက်နှာလေး နီမြန်းနေကာ မျက်လုံးစုံမှိတ်ပြီး သတိလစ်မေ့မြောနေလေပြီ။

ရွာသားတစ်စုသည် ကျန်းမိသားစုအိမ်၏အပြင်ဘက်တွင် စုရုံးကာ ထိုမြင်ကွင်းကို ကြည့်ရှုနေကြပြီး ကျန်းမိသားစုကို လက်ညှိုးထိုး၍ တီးတိုးပြောဆိုနေကြ၏။

"နျိုနျိုရဲ့အမေ ပြောပြတာတော့ ဒီကလေးက တကယ် ထူးဆန်းတယ်တဲ့... ဟိုတမြန်နှစ်က နျိုနျိုရဲ့အဖေက နျိုနျိုကို ရိုက်လိုက်မိတယ်... နောက်တစ်နေ့ကျတော့ သူ့ရဲ့အဖေ လက်ကျိုးပြီး အစိုးရစာမေးပွဲ ဖြေဖို့ လွဲသွားတယ်... သူ့ရဲ့သား ကျင်းပေါင်က နျိုနျိုကို ကုတ်လိုက်ပြန်တော့ နောက်တစ်နေ့ကျ ကျင်းပေါင်ရဲ့မျက်နှာတစ်ခုလုံး အဖုအပိမ့်တွေ ထွက်လာပြီး ယားလွန်းလို့ ငိုလိုက်ရတာ မတရားပဲတဲ့"

"ဒီတစ်ခါ ကျင်းပေါင် ရေထဲပြုတ်ကျတာကလည်း နျိုနျိုကြောင့်လို့ သူ့ရဲ့အမေက ပြောတာပဲ... အဲ့ဒီနေရာက ပုံမှန်ဆိုရင် အရမ်းစိတ်ချရတာ... ဒါပေမယ့် ကျင်းပေါင် ခြေချလိုက်တာနဲ့ ကျောက်တုံးက ပြိုကျသွားရောတဲ့"

"တကယ်ကြီး အဲ့လောက်တောင် ထူးဆန်းတာလား... ဒါပေမယ့် သေချာစဉ်းစားကြည့်ရင် ကျင်းပေါင် ရေထဲပြုတ်ကျတဲ့နေရာမှာ ငါ နေ့တိုင်း အဝတ်သွားလျှော်နေကျပါ... ပုံမှန်ဆိုရင် အရမ်းခိုင်တာ... ကျင်းပေါင် နင်းလိုက်မှ ဘယ်လိုလုပ်ပြီး ပြိုကျသွားရတာလဲ"

"မနေ့က ကျန်းမိသားစုက ကျင်းပေါင်ကို မြို့က ဆေးခန်းခေါ်သွားပြီး ကုပေးကြတယ်... အဖျားကြီးနေတဲ့ နျိုနျိုကိုကျတော့ လုံးဝ လျစ်လျူရှုထားကြတာ...သူတို့က နျိုနျိုကို အဖျားတက်ပြီး သေစေချင်နေကြတာ နေမှာ... ဒီလိုလုပ်မှပဲ ဂြိုဟ်ဆိုးမကို ရှင်းထုတ်နိုင်မယ်လို့ အဖွားစိုင်က ပြောနေတယ်လေ"

အဖွားစိုင်နှင့် အမြဲတစေ ရန်ဖြစ်လေ့ရှိသော အဒေါ်လျူက ဤစကားကို ကြားချိန်တွင် မထီမဲ့မြင်ပြုကာ ပြောဆိုလိုက်သည်။

"ကျန်းမိသားစု ပြောတဲ့ အဓိပ္ပာယ်မရှိတာတွေကို နားမထောင်ပါနဲ့... နျိုနျိုကသာ တကယ် ဂြိုဟ်ဆိုးမဆိုရင် ကျန်းမိသားစုက အခုလို ကောင်းကောင်းမွန်မွန် နေနိုင်မှာ မဟုတ်ဘူး"

"လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျန်းလောင်စန်းက အစိုးရစာမေးပွဲ ဖြေဖို့ပဲ စိတ်ရောက်နေတာ... လယ်တွေအကုန်ရောင်းလိုက်တာတောင် ဘာမှဖြစ်မလာဘူး... သူနဲ့သူ့မိန်းမ လက်ထပ်တာ ငါးနှစ်ရှိပြီ..ကလေးလည်း မရခဲ့ဘူးလေ"

"နျိုနျိုကို အိမ်ခေါ်လာတုန်းက ကျန်းလောင်စန်းက တောင်ပေါ်မှာ ဂျင်ဆင်းမြစ် တွေ့ဖူးတယ်... အဲ့ဒါနဲ့ အိမ်ဆောက်ဖို့ ပိုက်ဆံရလာတာ... ပြီးတော့ ပဏာမ စာမေးပွဲအောင်ပြီး ကျောင်းတော်သားဖြစ်လာတယ်... သူ့မိန်းမလည်း ကိုယ်ဝန်ရလာပြီး ဒီလောက်ထိ ကျန်းကျန်းမာမာ ဝဝကစ်ကစ်သားယောက်ျားလေး မွေးလာတာလေ... ငါ့အမြင်ပြောရရင် ဒီကလေးက ကျန်းမိသားစုအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးဖို့ ကံပါလာတဲ့ ကလေးပါ"

သူတို့အားလုံးသည် တစ်ရွာတည်းသားများ ဖြစ်ကြသည်။ သေချာပြန်လည်စဉ်းစားကြည့်လိုက်ရာ နျိုနျို ကျန်းမိသားစုထံ ရောက်လာပြီး ကျင်းပေါင် မမွေးခင် အချိန်၌ ကျန်းမိသားစု၏ ကံကြမ္မာ ရုတ်တရက် ကောင်းမွန်လာခဲ့သည်ကို သတိရလိုက်ကြ၏။

ဤသဘောတရားအရဆိုလျှင် ကျန်းမိသားစုက မျှော်လင့်တကြီး စောင့်မျှော်ခဲ့ရသော မြေးဖြစ်သူ ကျင်းပေါင်သည် နျိုနျိုထက်ပင် ပို၍ ဂြိုဟ်ဆိုး ဖြစ်နေသည်ဟု သူတို့ မတွေးဘဲ မနေနိုင်ကြတော့ပေ။ ကျင်းပေါင် မွေးလာပြီးမှသာ ကျန်းမိသားစု၌ ဤကဲ့သို့ ရှုပ်ထွေးသော ကိစ္စရပ်များ ဖြစ်ပေါ်လာခဲ့ခြင်းပင်။

တချို့လူများက ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး ပြောလိုက်ကြသည်။

"နျိုနျိုကသာ တကယ် ကံကောင်းစေတဲ့ကလေးဆိုရင် သူ့ကို မွေးစားတဲ့သူက ကံကောင်းမှာပေါ့... ဒါဆို ငါ..."

သို့ရာတွင် အနားတွင် ရပ်နေသော အဒေါ်ကူက ချက်ချင်းကြားဖြတ်ပြောလိုက်သည်။

"တော်စမ်းပါ... လူတစ်ယောက် သေခါနီးဖြစ်နေတာကို နင်က ဒီစကား ပြောထွက်သေးတယ်... သူ့ကို ပြန်ခေါ်သွားပြီးရင် နင်က သမားတော် ခေါ်ပေးမှာမို့လို့လား"

ထိုသူက ခေါင်းကို အမြန်ခါယမ်းလိုက်ပြီး ပြောလိုက်၏။

"သမားတော်ခေါ်ပေးရမယ်... ငါ့ရဲ့အိမ်မှာ ပိုက်ဆံမရှိဘူး... ထားလိုက်ပါတော့"

အဒေါ်ကူက စိတ်ကျေနပ်စွာဖြင့် ပြောလိုက်၏။

"အေးလေ... ငါတို့က ပိုက်ဆံကုန်ခံပြီး သမားတော် ခေါ်ပေးလိုက်လို့မှ ဒီကလေး အသက်မရှင်ရင် ကံဆိုးတာပဲ မဟုတ်လား... သူက တကယ်သာ ကံကောင်းရင် အခုလို သေခါနီး ဖြစ်နေမှာ မဟုတ်ဘူး... ငါ့အမြင်တော့ နျိုနျိုရဲ့အမေ ပြောတာမှန်တယ်... နျိုနျိုက ဂြိုဟ်ဆိုးမပဲ"

ထိုအချိန်တွင် ကျန်းယွင်နန်သည် လူအုပ်ကြားမှ တိုးဝင်လာခဲ့သည်။ သူမသည် တူမဖြစ်သူ နျိုနျို ရေထဲပြုတ်ကျပြီး အဖျားကြီးနေသည်ဟူသော သတင်းကို ကြားသည်နှင့် ကြက်ဥနှစ်လုံးကို အိတ်ကပ်ထဲထည့်ကာ အပြေးအလွှား ရောက်ရှိလာခြင်းပင်။

အိမ်ထဲသို့ ဝင်လာပြီးနောက် အဖွားစိုင်က ဆဲဆိုနေခြင်းကို ရပ်တန့်လိုက်သော်လည်း ဖျားနာနေသော သူမ၏မြေး ကျင်းပေါင်ကမူ ဒေါသတကြီးဖြင့် သောင်းကျန်းနေပေ၏။

"ဘာလို့ နျိုနျို့ကို ပေးမထတာလဲ... သားက သူ့ကို ထပြီး ခွေးလို ဟောင်ခိုင်းချင်တာ... သူက ဒီအတိုင်း အိပ်ပြီး သေချင်ယောင်ဆောင်နေလို့ မရဘူး"

အဖွားစိုင်က အလျင်အမြန် ချော့မော့လိုက်သည်။

"ကျင်းပေါင်... လိမ္မာတယ်နော်... နျိုနျိုက သေတော့မှာ... သားက အခု နေမကောင်းဖြစ်နေတာလေ... သူ့ကို သွားမထိနဲ့... ကံဆိုးတတ်တယ်... အဖွားက သားအတွက် ခွေးလို ဟောင်ပြမယ်လေ... ဝုတ်... ဝုတ်... ဝုတ်"

ကျင်းပေါင်က ငြင်းဆန်လိုက်၏။

"သားက အဖွားဟောင်တာကို မလိုချင်ပါဘူး... အဖွားအသံက နားထောင်လို့မကောင်းဘူး... သားက နျိုနျိုကိုပဲ လိုချင်တာ... အမေ ပြောတယ်... နျိုနျိုက သားရဲ့ အိမ်ဖော်လုပ်ရမှာတဲ့... သူက သားနဲ့ ကုတင်တစ်ခုတည်း အတူတူ အိပ်ရမှာ... သား သူ့ကို အခုပဲ သွားရှာတော့မယ်"

ဤစကားကို ကြားချိန်၌ အဖွားစိုင်က အော်လိုက်သည်။

"ငါ့မြေးလေးရယ်... မြေး အဲ့လို လုပ်လို့မရဘူးလေ... သူ့ကို သွားရှာလို့မရဘူး... မနေ့က ရေထဲပြုတ်ကျထားတာတောင် မသက်သာသေးဘူး... အဲ့ဒီသေနာမလေးကို သွားမထိနဲ့... သားက အိမ်ဖော် လိုချင်ရင် အဖွား ပိုက်ဆံစုပြီး နောက်ထပ်တစ်ယောက် ဝယ်ပေးမယ်နော်"

ဤစကားများကို ကြားလိုက်ရချိန်၌ ကျန်းယွင်နန် ချက်ချင်း ဒေါသထွက်သွားတော့သည်။ သူမ က အိမ်ထဲသို့ ပြေးဝင်သွားပြီး ပြောဆိုလိုက်သည်။

"အမေ... ကျင်းပေါင်က လေးနှစ်ပဲ ရှိသေးတာ... ဘာလို့ ယဉ်ကျေးမှုကို နားမလည်ရတာလဲ... နျိုနျိုက မွေးစားထားတဲ့ ကလေးဆိုရင်တောင် သူ့ရဲ့အစ်မပဲလေ... ကျွန်မတို့လို တောသူတောင်သား မိသားစုက ဘာလို့ အိမ်ဖော်တွေအကြောင်းတွေပဲ ပြောနေရတာလဲ"

ကျန်းယွင်နန်သည် အသက် ၁၂ နှစ် အရွယ်ကတည်းက မိထွေးဖြစ်သူအတွက် အလုပ်လုပ်ပေးခဲ့ရသည်။ မိသားစုသံယောဇဉ်ကြောင့် သူမသည် မောင်ဖြစ်သူ မွေးစားထားသော သမီးလေး နျိုနျိုကို အမြဲတစေ သနားဂရုဏာ သက်မိလေ၏။

ဤစကားကို ကြားချိန်၌ အဖွားစိုင်က သူမကို ချက်ချင်း စူးစိုက်ကြည့်ပြီး ပြောလိုက်သည်။

"နင်က ဘယ်လိုလုပ်ပြီး အဲ့ဒီလို ပြောရဲတာလဲ... နင့်ရဲ့မောင်က အစိုးရစာမေးပွဲဖြေပြီး အရာရှိကြီး ဖြစ်လာတော့မှာ... နင့်ရဲ့တူက အိမ်အပြည့် အိမ်ဖော်တွေ ထားလို့ရတယ်... ဒါပေမယ့် နင်ကတော့..."

အဖွားစိုင်ထံတွင် သူမအား မှိုချိုးမျှစ်ချိုးပြောဆိုရန် ရိုင်းစိုင်းသော စကားလုံးများစွာ ရှိနေသည်။သို့ရာတွင် သူမ မကြည်ဖြူသော သမီးဖြစ်သူ၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည့် ကြက်ဥများကို မြင်လိုက်ရချိန်၌ ဆဲဆိုမည့်စကားများကို မျိုချလိုက်ပြီး မျက်နှာထား ပြောင်းလိုက်သည်။ သူမက လေသံကို ပျော့ပျောင်းအောင် ပြုလုပ်ပြီး ပြောဆိုလိုက်၏။

"ယွင်နန်... နင်က ကျင်းပေါင်ကို လာကြည့်တာပဲ... ကြက်ဥတွေတောင် ယူလာသေးတယ်ပေါ့...အားနာဖို့ကောင်းလိုက်တာ..."

ပါးစပ်က ငြင်းနေသော်လည်း အဖွားစိုင်၏လက်မှာမူ ကြက်ဥများကိုယူရန် လှမ်းနေလေပြီ။

ကျန်းယွင်နန်၏ မျက်နှာထား အေးစက်သွားပြီး သူမ၏လက်ကို ပြန်ရုတ်ကာ ပြောလိုက်သည်။

"ကျွန်မ နျိုနျို့ကို အရင်သွားကြည့်ချင်တယ်"

အဖွားစိုင်က မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။

"သူက သေခါနီးနေပြီ... ဘာသွားကြည့်စရာ ရှိလို့လဲ... ကံဆိုးတယ်... လာ... ငါ့ကို ကြက်ဥတွေ ပေး... ငါ ကျင်းပေါင်အတွက် ကြက်ဥဟင်းချို လုပ်ပေးရအုံးမယ်"

သို့သော် ကျန်းယွင်နန်က ပုံမှန်မဟုတ်ဘဲ ခေါင်းမာနေကာ ကြက်ဥများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး မိထွေးဖြစ်သူ အဖွားစိုင်ကို ပေးရန် ငြင်းဆန်နေသည်။

အချိန်အတော်ကြာပြီးနောက် ကြက်ဥနှစ်လုံးကို မရနိုင်မှန်း သိလိုက်ချိန်၌ အဖွားစိုင်သည် ဆက်လက်၍ ဟန်ဆောင်မနေနိုင်တော့ချေ။ သူမသည် ကျန်းယွင်နန်၏နှာခေါင်းကို လက်ညှိုးထိုးကာ ဆဲဆိုတော့သည်။

"ကျေးဇူးကန်းတဲ့ကောင်မ... နင်က ကိုယ့်တူအရင်းထက် မွေးစားတူမကို ပိုပြီးတန်ဖိုးထားတယ်ပေါ့... ငါက ဘယ်လိုလုပ်ပြီး ဒီလို အသုံးမကျတဲ့ကောင်မကို ကျွေးမွေးခဲ့မိပါလိမ့်"

ကျန်းယွင်နန်သည် ငယ်စဉ်ကတည်းက ဤဆဲဆိုသံများကို ကြားခဲ့ရသဖြင့် ရိုးအီနေလေပြီ။ သူမသည် ဘာမှမကြားရသကဲ့သို့ ပြုမူနေလိုက်သည်။

သို့သော် လေးနှစ်အရွယ် ကျင်းပေါင်ကမူ လူကြီးများကြားမှ ပဋိပက္ခကို နားမလည်ချေ။ သူ၏ လောဘကြီးသော မျက်လုံးလေးများသည် ကျန်းယွင်နန်၏လက်ထဲရှိ ကြက်ဥများကို စိုက်ကြည့်နေပြီး အဖွားစိုင်၏ အဝတ်အစားများကို ဆွဲကာ ဂျီကျတော့သည်။

"သား ကြက်ဥဟင်းချို သောက်ချင်တယ်... ကြက်ဥဟင်းချို"

မြေးဖြစ်သူ ဂျီကျနေသည်ကို ရင်ဆိုင်ရချိန်၌ အဖွားစိုင်သည် တားဆီးခြင်း မပြုသည့်အပြင် ခနဲ့တဲ့တဲ့ပင် ပြောလိုက်သေးသည်။

"ကျင်းပေါင်... လိမ္မာပါတယ်... အဖွားက မြေးလေးကို မကူညီနိုင်ဘူး... မြေးလေးရဲ့အဒေါ်က သားကို မချစ်ဘူးလေ... သူက မြေးလေးကို ကြက်ဥမကျွေးဘူး... သူက ဟိုအသက်တိုမယ့်ကောင်မလေးကိုပဲ တွေးနေတာ"

ကျန်းယွင်နန်သည် အဖွားစိုင်ကို လျစ်လျူရှုလိုက်ပြီး ကြက်ဥများကို အင်္ကျီထဲ ထိုးထည့်ကာ နျိုနျိုနေသော ထင်းတဲဆီသို့ ပြေးသွားလေသည်။

အဖွားစိုင်က သူမကို တားရန် ကြိုးစားသော်လည်း သူမ၏ အသည်းကျော်မြေး ကျင်းပေါင်က အဝတ်ကို မလွှတ်ဘဲ မြေကြီးပေါ်တွင် လူးလှိမ့်ကာ ကြက်ဥစားချင်ကြောင်း အော်ဟစ်နေတော့သည်။

အဖွားစိုင်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး ကျန်းယွင်နန်ကို ကပ်စေးနည်းသည်ဟု အပြစ်တင်လေ၏။ သူမသည် ကြက်ဥယူလာပြီးမှ မပေးသဖြင့် ကျင်းပေါင်ကို သွားရည်ယိုစေသည့် အတွက်ကြောင့်ပင်။

ကျင်းပေါင်၏အော်ဟစ်ငိုယိုသံများမှာ နားကွဲလုမတတ် ဖြစ်နေသည်။ အချစ်တော်မြေးကို အလိုလိုက်သော အဖွားစိုင်မှာ မတတ်သာတော့ဘဲ ပြောလိုက်ရတော့သည်။

"ကဲပါ... ကဲပါ... အဖွားက မြေးလေးအတွက် ကြက်ဥဟင်းချို လုပ်ပေးပါ့မယ်... မြေး စိတ်ပြေရုံ တစ်လုံးပဲနော်... အဖွားတို့က ကြက်ဥတွေကို ရောင်းဖို့ လိုသေးတယ်"

အဖွားစိုင်သည် မြေးဖြစ်သူကို မီးဖိုချောင်ထဲသို့ ခေါ်သွားပြီး ဗီရိုထဲမှ ကြက်ဥတစ်လုံးကို ယူကာ ပန်းကန်လုံးထဲသို့ ဖောက်ထည့်လိုက်သည်။ သူမသည် နှမြောတသဖြစ်ဖြင့် ဆားအနည်းငယ် ဖြူးလိုက်ပြီးနောက် ကျိုထားပြီးစရေနွေးကို ကြက်ဥပေါ် လောင်းထည့်လိုက်လေသည်။ ကျင်းပေါင်၏ မျက်လုံးများသည် ဟိုဟိုဒီဒီ ကစားနေပြီး ဗီရိုကို တစ်ချက် မီးဖိုပေါ်မှ ရေနွေးအိုးကို တစ်ချက် ကြည့်နေသည်။

အဖွားစိုင်က ရိုးရှင်းသော ကြက်ဥဟင်းချိုကို လုပ်ပြီးသည်နှင့် ကျင်းပေါင်သည် ဆာလောင်နေသော ကျားတစ်ကောင်အလား အလုအယက် စားသောက်လေ၏။

ထိုအချိန်တွင် မှိန်ဖျော့ဖျော့လင်းနေသော ထင်းတဲထောင့်ရှိ စုတ်ပြဲနေသော အဝတ်အစားများဖြင့် ပြုလုပ်ထားသည့် အိပ်ရာပေါ်တွင် ငါးနှစ်အရွယ် နျိုနျိုလေး လှဲနေရှာသည်။ သူမသည် အဖျားတက်နေခြင်းကြောင့် ပါးပြင်လေးများ နီမြန်းနေပေ၏။ တစ်စုံတစ်ယောက် ဝင်လာသည်ကို ကြားလိုက်ရသဖြင့် သူမ၏မျက်လုံးများကို အားယူဖွင့်ကြည့်လိုက်ရာ ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

မိန်းကလေးငယ်လေးက တီးတိုးရေရွတ်လိုက်သည်။

"အဒေါ်... အဒေါ်..."

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်၌ ကျန်းယွင်နန်သည် မျက်ရည်များကို မထိန်းနိုင်တော့ဘဲ ပါးပြင်ပေါ် စီးကျလာတော့သည်။

"နျိုနျို... သမီး နေမကောင်းဘူးလား... အဒေါ် သမီးကို သမားတော်ဆီ ခေါ်သွားပေးမယ်နော်... ခဏလောက် သည်းခံထားပါ"

ကျန်းယွင်နန်က ထိုသို့ ပြောဆိုရင်း ကလေးမလေးကို ပွေ့ချီကာ အပြင်သို့ သယ်ထုတ်လာခဲ့လေသည်။

ကြက်ဥဟင်းချို လုပ်ပေးပြီးသော အဖွားစိုင်သည် ထင်းတဲဆီသို့ အပြေးအလွှား လိုက်လာခဲ့ပေ၏။

သူမ၏နောက်တွင် ကျင်းပေါင် စားသောက်နေသည်ကို လုံးဝသတိမထားမိချေ။ အဖွားဖြစ်သူ အာရုံစိုက်မနေသည်ကို အခွင့်ကောင်းယူ၍ ကျင်းပေါင်သည် ဗီရိုထဲမှ နောက်ထပ် ကြက်ဥတစ်လုံးကို ယူလိုက်ပြီး နောက်ထပ် ဟင်းချိုတစ်ပွဲ လုပ်စားရန် ဘေးနားရှိ ပူလောင်နေသော ရေနွေးအိုးဆီသို့ အကြည့်ရောက်သွားသည်။

"နင် သူ့ကို ဘယ်ခေါ်သွားမလို့လဲ"

အဖွားစိုင်က စူးစူးဝါးဝါးအော်ဟစ်၍ မေးမြန်းလိုက်သည်။

ကျန်းယွင်နန်က လှည့်မကြည့်ဘဲ ပြောဆိုလိုက်၏။

"အမေက ကလေးအတွက် သမားတော် ခေါ်မပေးနိုင်ရင် ကျွန်မ ခေါ်ပေးမယ်"

အဖွားစိုင်က ထိတ်လန့်တကြားဖြင့် ခုန်ဆွခုန်ဆွ ဖြစ်သွားပြီး ပြောဆိုသည်။

"သူက ဂြိုဟ်ဆိုးမလေ... ပိုက်ဆံဖြုန်းတဲ့ ကလေးက သေသင့်တာပဲ... သူက ဘာလို့ သမားတော် ပြရမှာလဲ... ငါ ခွင့်မပြုဘူး"

ကျန်းယွင်နန်က သူမကို လျစ်လျူရှုပြီး ကလေးကို ပွေ့ချီကာ ထွက်သွားလေသည်။

သူမ၏နောက်သို့ လိုက်ရန် ဟန်ပြင်လိုက်သော အဖွားစိုင်သည် တံခါးခုံကို တိုက်မိကာ ခေါင်းနှင့် ကြမ်းပြင် ဆောင့်မိသွားပြီး နာကျင်စွာဖြင့် စူးခနဲ အော်ဟစ်လိုက်သည်။

သူမ၏မျက်နှာပေါ်မှ သွေးများပင် မသုတ်ရသေးခင်မှာပင် မီးဖိုချောင်ထဲမှ ကလေးတစ်ယောက်၏ စူးရှသော အော်ငိုသံ ထွက်ပေါ်လာသည်။ ခိုးစားနေသော ကျင်းပေါင်သည် မတော်တဆ မီးဖိုပေါ်မှ ရေနွေးအိုးကို တိုက်မိပြီး ရေနွေးပူများ ခန္ဓာကိုယ်ပေါ်သို့ ကျသွားခြင်းပင်။ သူသည် နာကျင်မှုကြောင့် ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ပြီး အော်ဟစ်ငိုယိုနေတော့သည်။

"ပူတယ်... အား..."

All Chapters