အရည်အသွေးမြင့်မားလှသော ယင်နတ်ဘုရားများ
Vol. 23 Ch. 261
"ဘာ..."
"အမှောင်...အမှောင်နေမင်းတဲ့"
"လေ့မျိုးနွယ်စစ်သူကြီး လေးပါးဆိုတာကရော ဘာလဲ"
လမ်းစဥ်ရှာဖွေးရေးနန်းတော်ဗဟိုမှလာသော တမန်တော်၏ စကားကြောင့် ခန်းမထဲတွင် ရှိနေကြသော ယင်နတ်ဘုရားအားလုံးမှာ မျက်ခုံးပင့်သွားကြပြီး စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ဖြတ်ပြေးသွားကြ၏။
"အမှောင်နေမင်းလား... အဲ့ဒါက ဘာအကြောင်းလဲ"
ဝူကျွင်းက တမန်တော်ကိုချက်ချင်းမေးခွန်းထုတ်လိုက်သည်။
သူသည် မူလနတ်ဘုရားမျှဝေရေးအသင်း တည်ထောင်ခြင်းနှင့်ပတ်သက်၍ လမ်းစဥ်ရှာဖွေးရေးနန်းတော် ဗဟိုဌာနချုပ်ထံသို့ လွန်ခဲ့သော ရက်အနည်းငယ်ကပင် အကြောင်းကြားထားခဲ့ပြီးဖြစ်၏။
ယခုအခါ ဌာနချုပ်မှ တမန်တော်က ထိုကိစ္စကိုမဖြေဘဲ အမှောင်နေမင်းဟူသောအဖွဲ့ သူတိူ့အားတိုက်ခိုက်တော့မည်ဟု လာရောက်ပြောကြားနေသည်။
သူတင်ပြထားသောအရာနှင့် ယခုရောက်လာသောအဖြေက ခါးတောင်းကျိုတ်တခြား ဖင်တခြားဖြစ်နေ၏။
ယခုရောက်လာသော တမန်တော်ကလည်း သာမန်မဟုတ်ပါ ၊ ဝူကျွင်းကဲ့သို့ပင် မဟာအုပ်စိုးရှင်တစ်ဦးဖြစ်ပြီး အခြားဒေသကြီးတစ်ခု၏ နန်းတော်သခင်လည်း ဖြစ်သည်။ သူသည် ဖုန်းထျန်းနယ်မြေနှင့် နီးစပ်သောနေရာတွင် ရှိနေသောကြောင့် ဤအောင်ပွဲခံအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာခြင်းဖြစ်သည် ။
"ဒီသတင်းက ဌာနချုပ်ကနေ လာတာပါ"
တမန်တော်က စိတ်မကောင်းစွာဖြင့် ထပ်ပြောလိုက်၏။
"လေ့မျိုးနွယ်စုရဲ့ စစ်သူကြီးလေးဦး လာနေကြပြီ"
ရှိနေကြသော ယင်နတ်ဘုရားများသည် တစ်ဦးကိုတစ်ဦး နားမလည်စွာကြည့်လိုက်ကြသည်။ သာမန်ယင်နတ်ဘုရားများသည် အမှောင်နေမင်း အကြောင်းကို တစ်ခါမျှ မကြားဖူးကြသလို အဘယ်အရာဖြစ်သည်ကိုလည်း မသိကြချေ ။
သို့သော် ထိုအဖွဲ့က ကျိယွမ်ကို ဒုက္ခပေးရန် အစွမ်းထက်သူများကို စေလွှတ်လိုက်ပြီဖြစ်ကြောင်းကိုမူ သူတို့ နားလည်လိုက်ကြ၏ ။
အခြေအနေများက ရှုပ်ထွေးလာခဲ့လေပြီ ။
"အမှောင်နေမင်းက ငါ့ကို ဒုက္ခပေးဖို့ လူလွှတ်လိုက်တယ် ဟုတ်လား"
ကျိယွမ်လည်း အနည်းငယ် အံ့အားသင့်သွားပြီးမှ ပြန်မေးလိုက်သည်။
"အဲဒီ အမှောင်နေမင်းရဲ့ နောက်ခံက ဘာလဲ၊ သူတို့မှာ နည်းစနစ်တွေ ဘယ်လောက်တောင် ရှိလို့လဲ"
မကြာသေးမီကပင် အမှောင်နေမင်းလာနေပြီဖြစ်ကြောင်း သတိပေးစာတစ်စောင် သူရရှိခဲ့ဖူး၏။ ထိုစဉ်က သတိပေးခဲ့သူမှာ ယဉ်ကျေးမှုမရှိသဖြင့် ကျိယွမ်က ထိုကိစ္စကို ယနေ့တိုင် မှတ်မိနေသေးသည် ။
ယခုအခါ အမှောင်နေမင်းအကြောင်းကို သူ ထပ်မံကြားလိုက်ရပြန်လေပြီ။
ဌာနချုပ်တမန်တော်၏ မျက်လုံးများက ဟိုဟိုဒီဒီ လှုပ်ရှားသွားပြီးမှ စိုးရွံ့စွာဖြေ၏။
"အမှောင်နေမင်းဆိုတာ...ကန်းလန်နယ်မြေမှာ ဘယ်သူမှထုတ်ဖော်မပြောရဲစရာ အင်အားစုတစ်ခုပဲ"
ထိုအချိန်တွင် ဒဏ်ရာခုနစ်ချက်အဖိုးအိုက လေးနက်သောလေသံဖြင့် သူ၏အတွေ့အကြုံကို ဝင်ပြောသည်။
"သားရဲနယ်မြေက မဟာအုပ်စိုးရှင် မီးလျှံနီ ဟာ လေ့မျိုးနွယ်စုရဲ့ စစ်သူကြီးလေးဦးလက်ချက်နဲ့ သေဆုံးခဲ့ရတာ"
"ဘာ... မဟာအုပ်စိုးရှင်မီးလျှံနီက လေ့မျိုးနွယ်စုရဲ့ စစ်သူကြီးလေးဦး သတ်တာကို ခံလိုက်ရတာလား"
"ဒါဆိုရင် လေ့မျိုးနွယ်စုရဲ့ စစ်သူကြီးလေးဦးဆိုတာ ဒဏ္ဍာရီလာအဆင့် ပုဂ္ဂိုလ်တွေများလား"
ယင်နတ်ဘုရားများ၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားကြကုန်သည် ။ ဒဏ္ဍာရီလာ ဖီးနစ်ငှက်မင်းကြီးပျက်သုဉ်းသွားပြီးနောက် နယ်မြေသုံးခုကို မဟာအရှင်မီးလျှံနီက ဦးဆောင်ခဲ့ခြင်းဖြစ်သည် ။ သူသည် ဒေသကြီးသုံးခုကို နှစ်ပေါင်းသိန်းချီ၍ ဖိနှိပ်အုပ်ချုပ်ခဲ့ပြီး အခြားမဟာအုပါစိုးရှင်များအားလုံး သူ့ကို မဆန့်ကျင်ရဲကြချေ ။
မဟာအုပ်စိုးရှင်မိုလီပင်လျှင် ဒဏ္ဍာရီလာ ရတနာကို ဆက်သရန်အတွက် မီးလျှံနီထံ ဦးညွှတ်ခဲ့ရဖူးသည် ။ မဟာအုပ်စိုးရှင် မီးလျှံနီသည် ကောင်းကင်ဘုံသို့ ခြေခြောက်လှမ်း၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသော အစွမ်းထက်ပုဂ္ဂိုလ်ကြီး တစ်ဦးပင်။
သို့သော် မမျှော်လင့်သောတစ်နေ့တွင် မဟာအရှင်မီးလျှံနီသည် ဟင်းလင်းပြင်နယ်မြေထဲ၌ ရုတ်တရက် ကျဆုံးသွားခဲ့သဖြင့် နယ်ပယ်သုံးခုလုံး တုန်လှုပ်သွားခဲ့ရသည် ။
သို့သော် မည်သို့ဖြစ်ပျက်ပြီး မည်သို့သေဆုံးခဲ့ရသည်ကို မည်သူမျှမသိခဲ့ကြရပါ ။
ယနေ့အချိန်ထိ မဟာအရှင်မီးလျှံနီ ကျဆုံးရခြင်းမှာ နယ်မြေကြီးသုံးခုအတွင်း၌ အဖြေမထွက်သော ပုစ္ဆာတစ်ပုဒ် ဖြစ်ခဲ့ပြီး ယခု နှစ်ပေါင်းတစ်သိန်းအကြာတွင် မဟာအရှင် မီးလျှံနီအကြောင်းကို သူတို့ ပြန်ကြားလိုက်ရခြင်းဖြစ်သည် ။
မဟာအရှင်မီးလျှံနီကို လေ့မျိုးနွယ်စု စစ်သူကြီးလေးဦးက သတ်ခဲ့ခြင်းဟု ဆိုနေလေပြီ။
ထို့သို့ဆိုလျှင် ဤအမှောင်နေမင်းဟူသောအဖွဲ့သည် အလွန်တရာ ကြောက်စရာကောင်းလှသည်မှာ သံသယရှိစရာမလိုတော့ပါ။
ယခုအခါ၌ ထိုအမှောင်နေမင်းအဖွဲ့က သွေးဝတ်စုံဓားနတ်ဘုရားကို ကိုင်တွယ်ရန် လေ့မျိုးနွယ်စု စစ်သူကြီးလေးဦးကို စေလွှတ်လိုက်ပြီဖြစ်သည် ။
ဤသည်မှာ စိတ်ကူးကြည့်ရုံနှင့်ပင် သေလမ်းနီးလှ၏။
ကောင်းကင်ဘုံသို့ ခြေလှမ်းခြောက်လှမ်းရှိသော မဟာအရှင်မီးလျှံနီပင် ကျဆုံးခဲ့ရလျှင် သွေးဝတ်စုံဓားနတ်ဘုရားက မည်သို့ ခုခံနိုင်ပါအံ့နည်း ။
"တစ်စုံတစ်ရာ နားလည်မှုလွဲတာများ ရှိနေသလား၊ စီနီယာ သွေးဝတ်စုံဓားနတ်ဘုရားက အမှောင်နေမင်းကို ဘယ်လိုများ စော်ကားမိလို့လဲ"
ဝူကျွင်းက ဇဝေဇဝါဖြင့် မေးလိုက်သည် ။
အမှောင်နေမင်းအဖွဲ့က မဟာအရှင်မီးလျှံနီကို လိုက်လံသတ်ဖြတ်ခဲ့ခြင်း၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသော အကြောင်းရင်းတစ်ခုခု ရှိနိုင်သည် ။
ထို့အတူ သွေးဝတ်စုံဓားနတ်ဘုရားသည်လည်း သူတစ်ခါမှ မကြားဖူးသော ထိုအဖွဲ့ကို မည်သို့ ရန်စမိမည်နည်း ။
"အမှောင်နေမင်းအဖွဲ့က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ အကြောင်းပြချက်မရှိဘဲ နတ်ဘုရားတစ်ပါးကို အပြစ်ပေးလို့ မရပါဘူး"
ယင်နတ်ဘုရားတစ်ဦးက မခံရပ်နိုင်စွာပြောသည် ။
"ကန်းလန်နယ်မြေမှာ သူ့စည်းမျဉ်းနဲ့သူ ရှိပါတယ်၊ ကျင့်ကြံခြင်းလောကမှာတောင် အရာအားလုံးက ယုတ္တိရှိရမယ်မဟုတ်လား " (အကျိုးအကြောင်း သင့်ရမည်)
နောက်ထပ် ယင်နတ်ဘုရားတစ်ဦးကလည်း ကျိယွမ်ဘက်မှ မသိမသာဝင်နာပေးလိုက်သည်။
အင်အားကြီးအဖွဲ့အစည်းတစ်ခုက မဟာအုပ်စိုးရှင်တစ်ဦးက သူသတ်နိုင်သည်ဆိုတိုင်း မြင်မြင်သမျှလူများကို စိတ်အလိုမကျတိုင်း လိုက်လံသတ်ဖြတ်နေသည်ဆိုပါက အခြားသူများကိုလည်း သူကတစ်နေ့တွင် အလွယ်တကူ သတ်ဖြတ်လာမည်ဟု ဆိုလိုရာမရောက်ပါလား။
သူတို့က မတားဆီးနိုင်လျှင်ပင် စနစ်တကျရှိစေရန် ထုတ်ဖော်ပြောဆိုရမည်ဖြစ်သည် ။
အခြားယင်နတ်ဘုရားများကလည်း ထိုအယူအဆကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြကြ၏။
ကန်းလန်နယ်မြေတွင် အင်အားကြီးအဖွဲ့များပင် အခြားသူများကို သတ်ဖြတ်လိုပါက ခိုင်လုံသောအကြောင်းပြချက် လိုအပ်၏။
မဟာအုပ်စိုးရှင်မိုလီမှာမူ မျက်မှောင်ကြုတ်ကာ ဘာစကားမှမပြောဘဲ တည်ငြိမ်နေခဲ့သည် ။
ထိုအချိန်တွင် ဒဏ်ရာခုနစ်ချက်အဖိုးအိုက
သူ၏ အသံသြသြကြီးဖြင့် ထပ်မံဖော်ထုတ်၏။
"စုံစမ်းကြည့်ရသလောက်တော့ အမှောင်နေမင်းဆိုတာက... ကပ်ဘေးဆိုးကြီးနဲ့ ဆက်စပ်နေနိုင်တယ်"
သူ၏ အသံမှာ အက်ကွဲနေသော်လည်း လူတိုင်း၏နားထဲသို့ တစ်စုတစ်စည်းတည်းတိုးဝင်သွား၏ ။ ရှိနေသော ယင်နတ်ဘုရားများမှာ ထိုစကားကို ကြားလိုက်ရသောအခါ နှလုံးခုန်မြန်သွားကြပြီး တုန်လှုပ်ကုန်ကြသည် ။
အစပိုင်းတွင် သွေးဝတ်စုံဓားနတ်ဘုရားအတွက် စကားနာထိုးပေးရန် ပြင်ဆင်ထားသူများပင် ဘာမှမပြောနိုင်တော့ချေ ။
"ကပ်ဘေးကြီး..."
"ဒါဆို ကပ်ဘေးကြီးနဲ့ ပတ်သက်နေတာပေါ့..."
ယင်နတ်ဘုရားများအားလုံး ကြောက်ရွံ့မှုများဖြင့် မျက်နှာပျက်ကုန်ကြသည် ။ ကန်းလန်နယ်မြေတွင် ယင်နတ်ဘုရားများအားလုံး မခုခံနိုင်သော အကြီးမားဆုံး တားမြစ်ချက်မှာ ထိုကပ်ဘေးကြီးပင် ဖြစ်သည် ။
ကန်းလန်ကမ္ဘာတွင်နေထိုင်သူလုံး ကပ်ဘေးကြီးကို မကြောက်ရွံ့သူမရှိပေ။
အမှောင်နေမင်းသည် ထိုကပ်ဘေးကြီးနှင့် ပတ်သက်နေပါက အရာအားလုံးမှာ ရှင်းလင်းသွားပြီဖြစ်သည် ။
ထိုနေမင်းသည် ကပ်ဘေးကြီး၏ လက်ပါးစေပင်။
အကယ်၍ သူတို့ ရင်ဆိုင်နေရသည်မှာ သာမန်ဂိုဏ်းများဖြစ်ပါက သူတို့အားလုံးဓားနတ်ဘုရားဘက်မှ ကာကွယ်ပြောဆိုရဲကြသော်လည်း ယခုမူ ကပ်ဘေးကြီး၏ လက်ပါးစေများကို ရင်ဆိုင်နေရခြင်းဖြစ်သဖြင့် သူတို့ မပြောရဲတော့ချေ ။
ယင်နတ်ဘုရားအားလုံး တိတ်ဆိတ်သွားကြသည် ။ အချို့ဆိုလျှင် သွေးဝတ်စုံဓားနတ်ဘုရားနှင့် အမြန်ဆုံး အဆက်ဖြတ်ပြီး ထွက်ခွာသွားချင်နေကြလေပြီ။
အဘိုးအို၏စကားများကြောင့် ကျိယွမ်၏ အကြည့်များမှာ ပို၍နက်ရှိုင်းသွားသည်။
"အမှောင်နေမင်းက ကပ်ဘေးကြီးရဲ့ လက်ပါးစေလား"
ဒဏ်ရာခုနစ်ချက်အဖိုးအိုက ခေါင်းညိတ်ပြ၏ ။
"ဒါဆို ငါက ရှင်းဟွာအသင်းရဲ့ ဖိုရမ်မှာ ကျင့်ကြံခြင်းနည်းစနစ်တွေရဲ့ အဆိပ်အကြောင်း ဖော်ထုတ်လိုက်တော့ အမှောင်နေမင်းငါ့ကို ခြေရာခံမိသွားတာပေါ့၊ အသင်းခေါင်းဆောင်က ငါ့ကို နှုတ်ပိတ်လိုက်ပြီး... ငါ့ကိုသတ်ဖို့ လူတွေလွှတ်လိုက်တာပေါ့လေ"
ခဏချင်းတွင်ပင် ကျိယွမ်သည် အချက်အလက်အားလုံးကို ဆက်စပ်မိသွားလေသည် ။ သူ၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး ယင်နတ်ဘုရားများကို ကြည့်ကာ မေးလိုက်၏။
"မင်းတို့ ကျင့်ကြံနေတဲ့ နည်းစနစ်တွေမှာ အဆိပ်ရှိတယ်ဆိုတာ အခု ယုံပြီလား"
ဤယင်နတ်ဘုရား တစ်ဦးချင်းစီသည် နှစ်ပေါင်းသောင်းချီ အသက်ရှင်ခဲ့သူများ ဖြစ်ကြသည် ။ သွေးဝတ်စုံဓားနတ်ဘုရား ပြောခဲ့သည့် နည်းစနစ်များတွင် အဆိပ်ရှိသည်ဆိုသော စကားမှာ အမှန်ဖြစ်နိုင်ကြောင်း သူတို့ နားလည်လိုက်ကြပြီဖြစ်သည် ။
အစပိုင်းတွင် မယုံနိုင်စရာ ဖြစ်ခဲ့သော်လည်း ကပ်ဘေးကြီးနှင့် ပတ်သက်နေသော အမှောင်နေမင်းက သူ့ကိုသတ်ရန် လူလွှတ်ခြင်း၊ ဖိုရမ်တွင် နှုတ်ပိတ်ခံရခြင်းတို့က အရာအားလုံးမှာ အမှန်တကယ်ဖြစ်ကြောင်း သက်သေပြနေသည် မဟုတ်ပါလား။
"ငါတို့ရဲ့ နည်းစနစ်တွေမှာ တကယ်ပဲ ပြဿနာရှိနေတာပဲ"
ယင်နတ်ဘုရားတစ်ဦးက မိမိ၏ နည်းစနစ်ကို ပြန်လည်စစ်ဆေးရင်း ငိုင်တိုင်တိုင်ဖြင့် ပြောလိုက်သည် ။
"ငါတို့ နှစ်ပေါင်းသောင်းချီ ကျင့်ကြံလာတဲ့ နည်းစနစ်တွေက... အကုန်မှားနေတာလား"
ယခုအခါတွင် ယင်နတ်ဘုရားများသည် ကျိယွမ်၏သတိပေးချက်ကို လုံးဝယုံကြည်သွားကြပြီး သူတို့၏ စိတ်ထဲတွင် အကြီးအကျယ် ဟာလာဟင်းလင်း ဖြစ်သွားကြသည် ။
ငါတို့ နှစ်ပေါင်းသောင်းချီပြီး အပင်ပန်းခံကျင့်ကြံလာတာက သူများအစားခံဖို့လား။
ငါအသက်နဲ့ရင်းပြီး ရယူခဲ့ရတဲ့ ဒီနည်းစနစ်တွေက အစာအဖြစ်ခံဖို့တဲ့။
ထိုအခြေအနေကို မြင်သောအခါ ကျိယွမ်က ဆက်ပြောသည် ။
"ငါက ကပ်ဘေးကြီးကို ပြင်ဆင်ဖို့အတွက် မူလနတ်ဘုရားမျှဝေခြင်းအသင်းကို တည်ထောင်ခဲ့တာပဲ ။ ငါတင်ထားတဲ့ နည်းစနစ်တွေထဲမှာ အဆိပ်မရှိဘဲ ဘေးကင်းကင်း ကျင့်ကြံနိုင်တာတွေ ပါတယ် ။ မင်းတို့တွေ အသင်းကို လာရောက်ထောက်ခံပေးကြတာကို ငါ အရမ်းဝမ်းသာတယ် ။ အခု အမှောင်နေမင်းရဲ့ လက်ပါးစေ၊ ကပ်ဘေးကြီးရဲ့ကျွန် လေ့မျိုးနွယ်စု စစ်သူကြီးလေးဦးဆိုတဲ့ကောင်တွေ လာနေပြီ ။ ငါတို့တွေ စုစည်းပြီး ဒီကပ်ဘေးလက်ပါးစေတွေကို အတူတူ ရှင်းထုတ်ရမယ်"
သူက အလွန်စိတ်အားထက်သန်စွာ ပြောလိုက်၏။ သူ၏ဘက်တွင် တရားမျှတမှုရှိပြီး လူထု၏ ယုံကြည်မှုကိုလည်း ရရှိထားသည်ဟု ယူဆထားသည် ။
ယင်နတ်ဘုရားများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏ ။ သူတို့က သွေးဝတ်စုံဓားနတ်ဘုရားသည် နည်းစနစ်များ စုဆောင်းရန်အတွက်သာ ဤအသင်းကို ဖွဲ့စည်းခဲ့သည်ဟု ထင်ခဲ့ကြခြင်းဖြစ်သည် ။
ကပ်ဘေးကြီးကို ရင်ဆိုင်ရန်သည်ဆိုသည်မှာ အပြောသက်သက် မဟုတ်ပါလား ။
"သူ အတည်ပြောနေတာလား၊ တကယ်ပဲ ကပ်ဘေးကြီးကို ရင်ဆိုင်တော့မလို့လား"
သူတို့အားလုံး ထိုသို့တွေးနေကြသော်လည်း ကျိယွမ်၏ ဖိတ်ခေါ်မှုကို ယင်နတ်ဘုရားများအားလုံး တွန့်ဆုတ်နေကြ၏ ။
ထိုအချိန်တွင် ပထမဆုံး စကားပြောလိုက်သူမှာ မဟာအုပ်စိုးရှင်မိုလီ ပင်။
"သွေးဝတ်စုံဓားနတ်ဘုရား၊ ကျွန်မ ဖုန်းနန်းတော်မှာ လုပ်စရာကိစ္စတွေ ရှိနေလို့ ပြန်ခွင့်ပြုပါဦး"
အခြားယင်နတ်ဘုရားများကလည်း ထိုအခြေအနေကို မြင်သောအခါ ဆင်ခြေအမျိုးမျိုးပေး၍ ထွက်ခွာရန် ပြင်ကြတော့သည် ။
"စီနီယာ၊ ဒီနေ့ ကျွန်တော့်မြေးလေး မွေးတဲ့နေ့မို့ ပြန်ကြည့်ရပါဦးမယ်"
"စီနီယာ... ကျွန်တော်လည်း..."
ရှိနေသော ယင်နတ်ဘုရားအားလုံးနီးပါး သူ့ထက်ငါ မတ်တပ်ရပ်ကာ နှုတ်ဆက်ကြ၏ ။
ကျိယွမ်သည် ထိုအခြင်းအရာကို မြင်သော်လည်း မျက်နှာအမူအရာ မပျက်ချေ ။
သူ၏ ဘေးရှိ မဟာအုပ်စိုးရှင်ဝူကျွင်းမှာမူ အလွန်အမင်း ဒေါသထွက်သွား၏။
"ကပ်ဘေးဆိုးကြီးဆိုတာ ငါတို့အားလုံးရဲ့ ဘုံရန်သူပဲ ။ ငါတို့ရဲ့ သေခြင်းရှင်ခြင်းက ကပ်ဘေးကြီးရဲ့ လက်ထဲမှာ ရှိနေတာ ။ အခု ကပ်ဘေးရဲ့ လက်ပါးစေတွေကို အတူတူ တိုက်ထုတ်သင့်တာ မဟုတ်ဘူးလား"
သူက ကျယ်လောင်စွာငေါက်ငမ်းလိုက်သည် ။
ယင်နတ်ဘုရားတစ်ဦးက ရှေ့သို့တက်လာပြီး ရိုသေစွာ အကြောင်းပြသည်။
"စီနီယာ၊ ကျွန်တော်တို့ မရဲလို့ မဟုတ်ပါဘူး၊ ဒါပေမဲ့... လေ့မျိုးနွယ်စု စစ်သူကြီးလေးဦးက မဟာအရှင်မီးလျှံနီကိုတောင် သတ်နိုင်တာ ။ ကျွန်တော်တို့ သွားရင် အသက်ကို အလကား စတေးလိုက်တာနဲ့ တူတူပဲ ဖြစ်မှာပါ"
သူက ခက်ခဲစွာ ပြောလိုက်သည် ။
"ကပ်ဘေးဆိုးကြီးက နီးနေပြီ၊ ကျွန်တော်တို့ ဘာမှ မပြင်ဆင်ရသေးဘူး ။ အခုချိန်မှာ ကပ်ဘေးကို ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုတာ..."
"စီနီယာ၊ ကျွန်တော်တို့ရဲ့ အစွမ်းက အားနည်းလွန်းပါတယ်..."
ထိုယင်နတ်ဘုရားများ၏ မျက်နှာတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေပြီး အမြန်ဆုံး ထွက်ခွာချင်နေကြသည် ။ သူတို့သည် ကပ်ဘေးဆိုးကြီး၏ လက်ပါးစေများကို မဆန့်ကျင်ရဲကြချေ ။
ထိုစဉ် မဟာအုပ်စိုးရှင်မိုလီက သူမ၏ လှပသောဆံနွယ်များကို သပ်တင်လိုက်ပြီး အခြားသူများကို ဝေ့ကြည့်လိုက်သည်။
"သွေးဝတ်စုံဓားနတ်ဘုရား၊ ဒီယင်နတ်ဘုရားတွေကို ဘာလို့ အခက်တွေ့အောင် လုပ်နေတာလဲ၊ သူတို့မှာလည်း သူတို့ အကြောင်းပြချက်နဲ့သူ ရှိတာပဲလေ"
သူမက ကိုယ်ချင်းစာစိတ်ပြည့်ဝစွာ ပြောလိုက်၏ ။
သို့သော် ကျိယွမ် မည်သည့်စကားမှ ပြန်မပြောရသေးခင်မှာပင် ဝူကျွင်းက တုန့်ပြန်သည်။
"ကပ်ဘေးဆိုးကြီးဆိုတာ သွေးဝတ်စုံဓားနတ်ဘုရားတစ်ယောက်တည်းရဲ့ ကိစ္စမဟုတ်ဘူးလေ၊ ငါတို့အားလုံးရဲ့ အသက်နဲ့ ဆိုင်တာ"
အခြားယင်နတ်ဘုရားများမှာ ခေါင်းငုံ့ထားကြပြီး မဟာအုပ်စိုးရှင် ဝူကျွင်းကို မကြည့်ရဲကြချေ ။
ထိုအခါ ကျိယွမ်က မျက်မှောင်ကြုတ်သွားပြီးမှ ပြုံးရွှင်သော မျက်နှာဖြင့် ခွင့်လွှတ်ပေးလိုက်၏။
"ဝူကျွင်း၊ သူတို့က ကျူပ်တို့ရဲ့ ဧည့်သည်တွေလေ၊ နေတာ သွားတာက သူတို့ သဘောပဲ ၊ ဖိအားမပေးသင့်ဘူး"
ကျိယွမ်သည် မိမိကိုယ်ကိုယ် တရားဥပဒေကို လိုက်နာပြီး ကြင်နာတတ်သူဟု ယူဆထားသည် ။သူက စည်းမျဉ်းများကို အလွန်လိုက်နာသကဲ့သို့ စိတ်သဘောထားလည်း ကောင်းမွန်လွန်းသည်ဟု ယုံကြည်၏။
ထိုစကားကြောင့် ယင်နတ်ဘုရားများအားလုံး သက်ပြင်းချနိုင်သွားကြသည် ။
သို့သော် သူတို့သည် ချက်ချင်း မရွေ့ရဲကြသေးချေ ။ သွေးဝတ်စုံဓားနတ်ဘုရားနှင့် မဟာအုပ်စိုးရှင် ဝူကျွင်းတို့မှာ တစ်ယောက်က အကောင်းပြောပြီး တစ်ယောက်က အဆိုးပြောကာ ကစားနေခြင်းလားဟု သူတို့ သံသယဝင်နေကြသည် ။
သွေးဝတ်စုံဓားနတ်ဘုရားသည် နတ်ဘုရားများကို သတ်ဖြတ်ခြင်း၊ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများကိုပင် မညှာမတာ သုတ်သင်ခြင်းတို့ကြောင့် နာမည်ကျော်သည်မဟုတ်ပါလား ။
တစ်ခါကဆိုလျှင် အခြေတည်အဆင့်မျှသာရှိသော ကျင့်ကြံသူတစ်ဦးကို သတ်ရန် မိုင်ပေါင်းထောင်ချီ ခရီးနှင်ခဲ့ဖူးသည်ဟု ဆိူကြ၏ ။
သူသည် မည်သည့်နည်းနှင့်မှ ကြင်နာတတ်သူ မဟုတ်နိုင်ဟု သူတို့ ယူဆသည် ။
ယခုစကားများ၌ တစ်စုံတစ်ရာ လှည့်ကွက်ရှိရမည်။
ထိုစဉ် ယင်နတ်ဘုရားတစ်ဦးက တုန်တုန်ရင်ရင်ဖြင့် ရှေ့ထွက်လာ၏။
"စီနီယာရဲ့ တရားမျှတမှုအတွက် ကျေးဇူးတင်ပါတယ် ။ ကျွန်တော်မျိုး ကပ်ဘေးဆိုးကြီးကို ရင်ဆိုင်ရာမှာ စီနီယာကို မကူညီနိုင်ပေမဲ့၊ ကျွန်တော့်ရဲ့ နည်းစနစ်တွေကိုတော့ မူလနတ်ဘုရားမျှဝေခြင်းအသင်းကို လှူဒါန်းခဲ့ပါမယ်"
ထိုသို့ပြောကာ သူ၏ နည်းစနစ်များကို ကျောက်စိမ်းပြား ထဲသို့ အမြန်ထည့်၍ စားပွဲပေါ် တင်လိုက်သည် ။
"ကျွန်တော့်ရဲ့ မျက်စိတွေက သိပ်မကောင်းတော့လို့ မျှဝေခြင်းအသင်းက နည်းစနစ်တွေကိုတော့ မကျင့်ကြံတော့ပါဘူး"
သူက အသင်းနှင့် အဆက်ဖြတ်လိုကြောင်းကိုပါ အရိပ်အမြွတ် ပြောနေခြင်းဖြစ်သည် ။
မဟာအုပ်စိုးရှင်ဝူကျွင်းသည် ထိုစကားကို ကြားသောအခါ အလွန်ဒေါသထွက်သွား၏ ။
သို့သော် ကျိယွမ်ကမူ "အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်" ဟု ဝမ်းသာအားရ ပြောလိုက်သည် ။
ထိုအခါ အခြားယင်နတ်ဘုရားများလည်း ထိုအဘိုးအိုကာ အတုယူကာ သူတို့၏ နည်းစနစ်များကို စတင်လှူဒါန်းကြတော့သည် ။ သေရမည့်ဘေးနှင့် ယှဉ်လျှင် နည်းစနစ်များကို လှူဒါန်းလိုက်ရခြင်းမှာ ဘာမှမဟုတ်ချေ ။
ခဏချင်းတွင်ပင် ကျိယွမ်၏ ကျောက်စိမ်းပြားထဲ၌ နည်းစနစ်အသစ် အခု ၂၀ ခန့် ရောက်ရှိလာသည် ။
ကျိယွမ်က ယင်နတ်ဘုရားတစ်ဦးကို ကြည့်ကာ ချီးကျူးလိုက်၏။
"မင်းက တော်သားပဲ၊ 'ကောင်းကင်အဆင့်' နည်းစနစ် ၃ ခုတောင် တင်ပေးတယ်"
ထိုယင်နတ်ဘုရားက နှိမ့်ချစွာ ပြုံးပြ၏ ။
အခြားယင်နတ်ဘုရားများမှာမူ စိုးရိမ်ကုန်ကြသည် ။ သွေးဝတ်စုံဓားနတ်ဘုရားက သူတို့ကို နည်းစနစ်တစ်ခုစီသာ ပေးရသလားဟု မသိမသာ မေးငေါ့နေခြင်းလားဟု တွေးတောမိကြသောကြောင့် ဖြစ်သည်။
"ကျွန်တော့်မှာ နည်းစနစ်တွေ အများကြီးရှိပါသေးတယ်၊ အကုန်လှူပါရစေ"
"ကျွန်တော့်မှာလည်း ကျန်နေသေးတယ်.."
"ကျွန်တော်ရော.."
ရှိသမျှ နည်းစနစ်အားလုံးကို ထုတ်ပေးကြတော့သည် ။ နည်းစနစ် နည်းပါးပါကို နှမြောနေပါက အသတ်ခံရမည်ကို သူတို့ ကြောက်ရွံ့နေကြ၏ ။
ကျိယွမ်၏ ကျောက်စိမ်းပြားထဲသို့ နည်းစနစ်များ အလုံးအရင်းနှင့် ဝင်ရောက်လာသည် ။
သူက ကျောက်စိမ်းပြားကို စစ်ဆေးကြည့်နေရင်းမှ အလွန်ဝမ်းသာသွား၏။
ဒါက ငါ့ရဲ့ ဆွဲဆောင်မှုကြောင့်ပဲ ဖြစ်မယ်။
မဟာအုပ်စိုးရှင်မိုလီကိုသာမက ဤယင်နတ်ဘုရားများကိုပါ သူ သိမ်းသွင်းနိုင်ခဲ့လေပြီ။
ထို့နောက် သူသည် အားတက်သွားပြီး မိုလီကို ကြည့်မိပြန်သည်။
"ဒီလူတွေက ငါနဲ့ ခဏလေးပဲ ဆုံဖူးတာတောင် ငါ့ရဲ့ လုပ်ငန်းစတင်မှုကို ကူညီကြတယ် ။ မင်းက ငါ့ကို အရမ်းချစ်တာကို၊ ဒဏ္ဍာရီလာ ရတနာကိုပါ လှူပြီး မကူညီချင်ဘူးလား"
မိုလီသည် ထိုကိစ္စအား ခဏခဏအစပြန်ဖော်နေသောကြောင့် စိတ်ပျက်လာသော်လည်း အပြင်သို့ မထုတ်ဖော်ပါ။
"ရတနာရဲ့ ကံကြမ္မာကို ကျွန်မတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး ။ ဒီတစ်ခါတော့ ကောင်းကင်အဆင့် နည်းစနစ် ၃ ခုပဲ လှူနိုင်မယ်"
သူမက အတတ်နိုင်ဆုံးလေသံလျှော့ကာပြောလိုက်သည် ။ မည်သို့ပင်ဖြစ်စေ သူမသည်လည်း ဓားနတ်ဘုရားကို ရန်စရန် မသင့်ဟု ယူဆထားသောကြောင့်ဖြစ်၏ ။
ကျိယွမ်က သက်ပြင်းချလိုက်သည်။
"မင်းက လက်မထပ်ခင်ကတည်းက ဒီလောက် ကပ်စေးနှဲနေတာပဲ ။ ငါ မင်းရဲ့ အချစ်ကို လက်မခံခဲ့တာ တော်သေးတယ်... ဟင်း..."
မဟာအုပ်စိုးရှင်မိုလီ၏ မျက်နှာပေါ်မှ အပြုံးမှာ တောင့်ခဲသွားသည် ။ သူမသည် စိတ်ထဲတွင် အလွန်ဒေါသထွက်နေသော်လည်း ကျိယွမ်၏ အစွမ်းကို ကြောက်သဖြင့် အောင့်ထားရ၏ ။
ဒီလိုမှန်းသိရင် ငါဒီဇာတ်လမ်းကို မစပါဘူး။သူက အရမ်းကြောင်တောင်တောင် နိုင်လွန်းတယ်။
ယင်နတ်ဘုရားများအားလုံးကတော့ နည်းစနစ်များ တင်ပြီးသွားပြီမို့ အမြန်ဆုံး ထွက်ခွာချင်နေကြပြီဖြစ်သည် ။
"အားလုံးက အရမ်းရက်ရောကြတာပဲ ။ မင်းတို့ရဲ့ ကျေးဇူးကို ငါ မှတ်ထားမှာပါ ။ မပြန်ခင် ထမင်းလေးဘာလေး စားသွားကြပါဦးလား"
သူက အလိုက်ကမ်းဆိုးမသိစွာ ထမင်းစားရန်ပင် ဖိတ်ခေါ်လိုက်သေးသည် ။
"မစားတော့ပါဘူး၊ ကျေးဇူးပါပဲ"
အားလုံးက ပြာပြာသလဲ လက်ကာပြကြ၏ ။
ခုလိုအချိန်မှာ ဘယ်သူကစားရဲမှာလဲ။
အမှောင်နေမင်း၏အဖွဲ့ ရောက်လာလျှင် သူတို့ပါ ပတ်သက်သွားမည်ကို ကြောက်နေကြရသည် မဟုတ်ပါလား။
"ဒါပေမဲ့ ဟင်းတွေက အဆင်သင့်ဖြစ်နေပြီလေ ။ မစားရင် နှမြောစရာကြီး ။ တစ်ယောက်ယောက်... ဒီယင်နတ်ဘုရားတွေအတွက် ဟင်းတွေ ထုပ်ပေးလိုက်ကြပါ ။ အထူးဧည့်သည်တွေဆိုတော့ အသားတွေ အများကြီး ထည့်ပေးလိုက်နော်"
ကျိယွမ်က ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများကို ညွှန်ကြားလိုက်သည် ။
အားလုံး ကြောင်တောင်တောင် ဖြစ်သွားကြသည် ။ ယင်နတ်ဘုရားများအတွက် ထမင်းထုပ်ပေးရသည်မှာ သူတို့ဘဝတွင် ပထမဆုံးအကြိမ်ပင် ။ သို့သော်လည်း မလုပ်ဘဲလည်း မနေရဲသဖြင့် ထမင်းထုပ်များကို တစ်ယောက်စီဝေရန် ပြင်ဆင်ရတော့သည်။
"ခဏလေးစောင့်ပေးကြပါဦး"
ယင်နတ်ဘုရားများမှာ ပြန်ကလည်းပြန်ချင် ပြန်၍လည်းမရဖြစ်နေပြီး မအီမလည်မျက်နှာကြီးများဖြင့် ထမင်းထုပ်များကို စောင့်နေရရှာ၏။
ဘာပြောလို့ပြောရမှန်းတောင် မသိတော့ပါဘူးကွာ။
သူတို့သာ စိတ်ကြိုက်ပြောခွင့်ရလျှင် ယခုအချိန်၌ တစ်ခွန်းတည်း အော်ဟစ်မိကြမှာ သေချာသည်။
"ဒီလူက အရူးကြီးပါဗျ "
မကြာမီ ယင်နတ်ဘုရား တစ်ဦးချင်းစီ၏ လက်ထဲတွင် အစားအသောက် အထုပ်ကြီးများ ရောက်ရှိသွားသည် ။
"သိပ်ကောင်းတာပဲ၊ ထမင်းထုပ်နဲ့ဆိုတော့ ပိုပြီး ခင်ခင်မင်မင် ရှိသွားတာပေါ့ ။ စည်းမဲ့ကမ်းမဲ့လည်း လုမယူကြဘူး ၊ ယင်နတ်ဘုရားတွေက တကယ်ပဲ အရည်အသွေးမြင့်မားတဲ့ လူတွေပဲ"
ကျိယွမ်က ချီးကျူးလိုက်သည် ။
"ကဲ... အားလုံး ပြန်နိုင်ကြပါပြီ"
ထိုစကားကို ကြားရသောအခါမှ ယင်နတ်ဘုရားများသည် သက်ပြင်းချနိုင်ကြတော့သည် ။
သူတို့သည် သွေးဝတ်စုံဓားနတ်ဘုရား၏ ထိုစကားကို ကြားရန်အတွက်သာ ဟင်းထုပ်ကြီးများကို ကိုင်ကာ စောင့်နေခဲ့ကြခြင်းမဟုတ်ပါလား။
-------------